News @ M-Media

Blog

  • အစ္စလာမ်အပေါ် မဟုတ်မတရား ၀ါဒဖြန့်မှုကို မွတ်စလင်ကမ္ဘာက ညီညွှတ်စွာ တုန့်ပြန်ရမည်ဟု ပါကစ္စတန်သမ္မတ ပြော

    အစ္စလာမ်အပေါ် မဟုတ်မတရား ၀ါဒဖြန့်မှုကို မွတ်စလင်ကမ္ဘာက ညီညွှတ်စွာ တုန့်ပြန်ရမည်ဟု ပါကစ္စတန်သမ္မတ ပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    wml

    – အစ္စလာမ်၊ မွတ်စလင်တို့နှင့် ပတ်သက်၍ မဟုတ်မတရား ၀ါဒဖြန့်မှုများကို တွန်းလှန်းရန်အတွက် ကမ္ဘာတစ်ဝှမ်းမှ မွတ်စလင်များမှာ ညီညွတ်စွာ၊ အပြန်အလှန် နားလည်မှုရှိစွာဖြင့် အလုပ်လုပ်သင့်သည်ဟု ပါကစ္စတန်သမ္မတ မန်နွန်ဟူစိန်က ပြောကြားလိုက်သည်။

    ကမ္ဘာ့မွတ်စလင်လိဂ် MWL မှ အထွေထွေအတွင်းရေးမှူး ဒေါက်တာ အဘ်ဒူလာ အလ်-တာကီအား တွေ့ဆုံသည့် ယမန်နေ့ အခမ်းအနားတွင် သမ္မတ ဟူစိန်က ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မွတ်စလင်များအတွင်း အချို့သော ကိစ္စများတွင် အမြင်မတူမှုများ ရှိနိုင်သော်လည်း တစ်ဦးတစ်ယောက်၏ အမြင်ကို အခြားသူတစ်ဦးက လက်ခံရမည်ဟု သတ်မှတ်မှုကို အစ္စလာမ်က လက်မခံဟု ၎င်းက ဆိုသည်။

    ထို့ပြင် ကမ္ဘာ့မွတ်စလင်လိဂ်မှာ ကမ္ဘာတစ်ဝှမ်းရှိ မွတ်စလင်များအကြား သဟဇာတဖြစ်မှုကို ဖန်တီးပေးရာတွင် အပြုသဘောဆောင်သည့် အခန်းကဏ္ဍက ပါဝင်နိုင်သည်ဟု ပါကစ္စတန်သမ္မတက ထည့်သွင်း ပြောကြားခဲ့သည်။

    အကြမ်းဖက်ဝါဒကြောင့် ပါကစ္စတန်နိုင်ငံတွင် ယခုအချိန်အထိ လူပေါင်း ၆၀၀၀၀ မှာ အသက်စွန့်ခဲ့ရပြီး ထိုဝါဒကို တိုက်ဖျက်ရန်အတွက် မိမိတို့မှာ စိတ်အားထက်သန်စွာ အလုပ်လုပ်နေသည်ဟု ဟူစိန်က ဆိုသည်။

    ထို့ပြင် အကြမ်းဖက်ဝါဒ အဆုံးသတ်ရေးအတွက် အင်အားသုံးဖြေရှင်းမှုကို လုပ်ဆောင်သကဲ့သို့ အခြားသော နည်းလမ်းများကို ရှာဖွေအသုံးပြုရန်အတွက်လည်း ၎င်းက တိုက်တွန်းခဲ့သည်။ သို့မှသာ ပြည်သူများမှာ အစွန်းရောက်ဝါဒအတွင်းသို့ တိမ်းညွှတ်မှုမှ ရပ်တန့်သွားမည်ဟု ဆိုသည်။

    မွတ်စလင်နိုင်ငံများအနေဖြင့် ကုန်သွယ်ရေး၊ ပညာရေး၊ အထူးသဖြင့် သိပ္ပံနှင့် နည်းပညာ ကဏ္ဍများတွင် အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မှသာ မွတ်စလင်ကမ္ဘာတွင် ကြာရှည်ခံသော တိုးတက်မှုနှင့် သာယာဝပြောမှုတို့ကို ရရှိနိုင်လိမ့်မည်ဟု ပါကစ္စတန်သမ္မတက မီးမောင်းထိုးပြခဲ့သည်။

    ဒေါက်တာ အလ်-တာကီကလည်း မိမိတို့ ကမ္ဘာ့မွတ်စလင်လိဂ်မှာ အစွန်းရောက်ဝါဒ အဆုံးသတ်ရေးနှင့် မွတ်စလင်ကမ္ဘာတွင် အသိပညာနည်းပါးမှုတို့ကို အဆုံးသတ်ရန် အစွမ်းကုန် ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: IINA News

  • ဧရာဝဏ်နတ်ကွန်း ဗုံးကွဲမှုအတွက် လူ ၂ ဦးကို ထိုင်း တရားစွဲ

    ဧရာဝဏ်နတ်ကွန်း ဗုံးကွဲမှုအတွက် လူ ၂ ဦးကို ထိုင်း တရားစွဲ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    thai

    – သြဂုတ်လက ဘန်ကောက်မြို့ရှိ ဧရာဝဏ်နတ်ကွန်းတွင် ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်သည့် လူ ၂ ဦးကို ထိုင်းစစ်ဖက်ဆိုင်ရာ တရားရုံးက ယနေ့တွင် တရားစွဲဆိုလိုက်သည်ဟု သိရသည်။

    ၎င်းတို့နှစ်ဦးမှာ ဘီလာလ် မိုဟာမက်နှင့် ယူဆူဖူ မီရိုင်လီတို့ဖြစ်ပြီး လူပေါင်း ၂၀ သေဆုံးခဲ့သည့် သြဂုတ် ၁၇ ရက် ဗုံးပေါက်ကွဲမှုအတွက် စွဲချက် ၁၀ ခုဖြင့် တရားစွဲဆို ခံခဲ့ရခြင်း ဖြစ်သည်။ ထိုစွဲချက်များတွင် ဗုံးဖောက်ခွဲရန် ကြံစည်မှု၊ ကြိုတင်ကြံစည် လူသတ်မှုတို့လည်း ပါဝင်သည်။

    ၎င်းတို့နှစ်ဦးစလုံးမှာ တရုတ်နိုင်ငံအေနောက်ပိုင်း ဇင်ကျန်းဒေသမှ ၀ီဂါလူမျိုးများ ဖြစ်သည်ဟု ဆိုသည်။ ထိုင်းတာဝန်ရှိသူများကမူ အဆိုပါ ဖောက်ခွဲမှုမှာ ၎င်းတို့၏ လူကုန်ကူးမှု နှိမ်နှင်းသည့် စစ်ဆင်ရေးများကို လက်စားချေရန်အတွက် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဒဏ်ရာရသော်လည်း ကစားအားလျော့မည်မဟုတ်ဟု အဂူရိုပြော

    ဒဏ်ရာရသော်လည်း ကစားအားလျော့မည်မဟုတ်ဟု အဂူရိုပြော

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    man

    – အကင်းမသေသေးသော ဒဏ်ရာအားများ ပျောက်ကင်းရန်အတွက် မိမိ၏ ကစားပုံကို ပြောင်းလဲသွားမည်မဟုတ်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။

    အဂူရိုမှာ မန်စီးတီးသို့ ရောက်ရှိလာကတည်းက ဒူးနှင့် တံကောက်ကြောဒဏ်များကြောင့် ရာသီတိုင်းတွင် အနားယူရလေ့ရှိသည်။ သို့သော်လည်း အဂူရိုကမူ မိမိ၏ အင်တိုက်အားတိုက်ကစားပုံကို လျော့သွားမည်မဟုတ်ဟု ဆိုသည်။

    “တွန်းတွန်းတိုက်တိုက် ကစားပုံကို ကြည့်ပြီးတော့ တိုင်းတာလို့ မရပါဘူး။ ကျွန်တော်ဟာ အမြဲတမ်း အမြင့်ဆုံး အင်အားနဲ့ပဲ ကစားပါတယ်။ အခြားနည်းလမ်းနဲ့ကစားဖို့ ကျွန်တော် မစဉ်းစားဖူးပါဘူး။ တစ်ခါတစ်ရံမှာ ကံမကောင်းတာတွေ ဖြစ်တတ်ပါတယ်။ ဒါပေမယ့် အဆုံးစွန်ဆုံး ဆုလာဘ်က အကောင်းဆုံးပေးဆပ်မှ ရတာပါ။ ဒဏ်ရာရတာကတော့ ကျွန်တော့အတွက် ရှက်စရာပါပဲ။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော် ကြွက်သားဒဏ်ရာ မရတာ တစ်နှစ်လောက်ရှိပါပြီ။ ဒါပေမယ့် ဖြစ်ရင်လည်းဖြစ်ပါစေ ကျွန်တော်တို့ရဲ့ ကစားအားကိုတော့ မလျော့ပါဘူး” ဟု အဂူရိုက ပြောကြားခဲ့သည်။

    Ref: Goal

  • ရုရှားလေယာဉ်ကို ဆီးရီးယားနယ်စပ်တွင် တူရကီပစ်ချ

    ရုရှားလေယာဉ်ကို ဆီးရီးယားနယ်စပ်တွင် တူရကီပစ်ချ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    turkey

    – ဆီးရီးယားနယ်စပ်အနီးရှိ ရုရှားတိုက်လေယာဉ်တစ်စီးကို မိမိတို့က ယနေ့တွင် ပစ်ချလိုက်သည်ဟု တူရကီ အကြီးတန်း တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်သည်။

    မိမိတို့၏ လေပိုင်နက်ကို ယနေ့မနက်ပိုင်းက ချိုးဖောက်ဝင်ရောက်မှုကြောင့် ဆောင်ရွက်ရမည့် ဥပဒေများနှင့်အညီ ဆောင်ရွက်ပြီး ပစ်ချလိုက်ခြင်းဖြစ်ကာ သမ္မတရုံးကလည်း ရုရှားတိုက်လေယာဉ်ဟု အတည်ပြုခဲ့သည်။ ထို့ပြင် ပစ်မချခင် မိမိတို့မှာ သတိပေးမှုများ ပြုလုပ်ခဲ့သည်ဟု ဆိုသည်။

    သတင်းများ၏ ဖော်ပြချက်အရ အဆိုပါလေယာဉ်မှာ ဆီးရီးယားနိုင်ငံ လာတာကီယာမြို့ရှိ ယာမာဒီရွာတွင် ပျက်ကျသွားခြင်းဖြစ်သည်ဟု သိရသည်။ တူရကီစစ်တပ်မှ ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ရုရှားတိုက်လေယာဉ်မှာ ဟာတေပြည်နယ်ရှိ တူရကီလေပိုင်နက်အတွင်းသို့ ၀င်ရောက်လာခြင်းဖြစ်ပြီး ၅ မိနစ်အတွင်း ၁၀ ကြိမ် သတိပေးခဲ့သည်ဟု ဖော်ပြခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးဌာနကလည်း Su-24 တိုက်လေယာဉ်တစ်စင်းမှာ မြေပြင်မှ တိုက်ခိုက်မှုကြောင့် ဆီးရီးယားတွင် ပျက်ကျသွားသည်ဟု အတည်ပြုခဲ့သည်။ ထို့ပြင် ထိုပျက်ကျမှုအတွက် စုံစမ်းစစ်ဆေးမှုများကို ပြုလုပ်နေသည်ဟု ဆိုကာ မိမိတို့လေယာဉ်မှာ ဆီးရီးယား လေပိုင်နက်အတွင်းသာ ရှိနေပြီး တိုက်ရိုက်စောင့်ကြည့်သည့် အချက်အလက်များက ထိုအချက်ကို အတည်ပြုနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါသွားသည့် လေယာဉ်မှူး ၂ ဦးမှာ လေထီးဖြင့် ခုန်ထွက်လွတ်မြောက်သွားသည်ဟု မျက်မြင်သက်သေများ၏ ပြောကြားမှုများအရ သိရသည်။

    Ref: Aljazeera

  • ဒီမာရီယာ၏ Facebook ပေ့ခ်ျ ဖယ်ရှားခံရ

    ဒီမာရီယာ၏ Facebook ပေ့ခ်ျ ဖယ်ရှားခံရ

    နိုဝင်ဘာ ၂၄၊ ၂၀၁၅
    M-Media

    psg

    – ပီအက်စ်ဂျီအသင်းတွင် ရော်နယ်ဒိုနှင့် ပြန်လည် တွဲကစားရတော့မည်ဟူသော မှတ်ချက်ရေးသားမှုကြောင့် ပီအက်စ်ဂျီကွင်းလယ်လူ ဒီမာရီယာ၏ အမည်ဖြင့် Facebook အကောင့်တစ်ခုမှာ ဖယ်ရှားခံလိုက်ရသည်ဟု သိရသည်။

    ဒီမာရီယာအမည်ဖြင့် အဆိုပါအကောင့်တွင် ၎င်းနှင့် ရိုနယ်ဒိုတို့၏ နှစ်ဦးပုံကို လွှင့်တင်ထားပြီး “ခရစ္စယာနို ရော်နယ်ဒိုရေ – မကြာမီဆုံရတော့မယ် သူငယ်ချင်း” ဟု ရေးသားထားသည်။

    ရော်နယ်ဒို၏ ရီးယဲလ်နှင့် အနာဂတ်မှာ မသေချာဟု သတင်းများ ထွက်ပေါ်နေပြီး ပြီးခဲ့သည့် ရီးယဲလ်နှင့် ပီအက်စ်ဂျီတို့၏ ချန်ပီယံလိဂ်ပွဲတွင်လည်း ရော်နယ်ဒိုမှာ ပီအက်စ်ဂျီနည်းပြနှင့် လက်ဆွဲနှုတ်ဆက်ခဲ့သောကြောင့် အသင်းပြောင်းတော့မည်ဆိုသည့် ကောလဟာလများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်လာခဲ့သည်။

    သို့သော်လည်း ထိုစာမျက်နှာမှာ ဒီမာရီယာ ကိုယ်တိုင်သုံးသည့် အကောင့်မဟုတ်ဘဲ မည်သူက ကိုင်တွယ်အသုံးပြုနေသည်ကိုလည်း ရှင်းရှင်းလင်းလင်း မသိရှိရပေ။ ဒီမာရီယာ၏ဇနီး ဂျော်ဂျီလီနာ ကာဒိုဆိုကလည်း ထိုပို့စ်ကို ၎င်း၏ခင်ပွန်းက တင်ခဲ့ခြင်းမဟုတ်ဟု Instagram တွင် ပြန်လည် ရှင်းလင်းခဲ့သည်။

    “အိန်ဂျဲလ် (ဒီမာရီယာ) ဟာ Facebook မသုံးပါဘူး။ Twitter လည်း မသုံးပါဘူး”

    ထိုဓာတ်ပုံနှင့် ပို့စ်တင်မှုကို သတင်းမီဒီယာများက ကိုးကားကာ ရော်နယ်ဒိုမှာ ပီအက်စ်ဂျီသို့ ရောက်ရှိတော့မည်ဟု ဖော်ပြမှုများ ရှိခဲ့သောကြာင့် ထိုစာမျက်နှာကို Facebook က နောက်ပိုင်းတွင် ဖယ်ရှားခဲ့သည်။

    Ref: Goal