News @ M-Media

Blog

  • မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်ကို ပြင်သစ်ပြည်ထဲရေးဝန်ကြီး ရှုတ်ချ၊ နိုင်ငံသားတိုင်း ညီညွတ်ကြရန် သမ္မတ တိုက်တွန်း

    မွတ်စလင်ဆန့်ကျင်ရေး လုပ်ရပ်ကို ပြင်သစ်ပြည်ထဲရေးဝန်ကြီး ရှုတ်ချ၊ နိုင်ငံသားတိုင်း ညီညွတ်ကြရန် သမ္မတ တိုက်တွန်း

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    france

    – ပြင်သစ်နိုင်ငံမြောက်ပိုင်းတွင် မွတ်စလင်များနှင့် ဂျူးများအပေါ် ပစ်မှတ်ထားခဲ့သည့် လူမျိုးရေးတိုက်ခိုက်မှုများကို ပြည်ထဲရေးဝန်ကြီး ဘားနတ် ကာဇန်နျူဗီက ကြာသာပတေးနေ့တွင် ရှုတ်ချ ပြောဆိုလိုက်သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း မာဆေးလ်မြို့ရှိ မြေအောက်ရထားလိုင်းတစ်ခုတွင် ဟီဂျဘ်ဝတ်ဆင်ထားသည့် မွတ်စလင်အမျိုးသမီးတစ်ဦးမှာ လူအုပ်စုတစ်ခု၏ ရန်ပြုခံရကာ၊ ထိုးကြိတ်ကန်ကျောက်ခြင်း ခံခဲ့ရသည်။ နောက်ပိုင်းတွင် သူမကို ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ရပြီး အသက်အန္တရာယ် စိုးရိမ်ရခြင်း မရှိချေ။

    ကာဇန်နျူဗီကမူ ထိုတိုက်ခိုက်မှုအတွင်း တာဝန်ရှိသူများကို တွေ့အောင်ရှာဖွေကာ တရားစွဲဆိုသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဗုဒ္ဓဟူးနေ့ကလည်း ပြင်သစ်သမ္မတ ဖရန်ကိုအစ် ဟော်လန်ဒေးက အကြမ်းဖက်ဝါဒအား တိုက်ဖျက်ရာတွင် ပြည်သူများအနေဖြင့် စည်းလုံးညီညွှတ်ကြရန် လိုအပ်ပြီး ထိုအကြမ်းဖက်ဝါဒ၏ ပစ်မှတ်မှာ ပြည်သူများအကြား သွေးကွဲရန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “နိုင်ငံခြားသားကြောက်၊ ဂျူးဆန့်ကျင်ရေးတိုက်ခိုက်မှု ဒါမှမဟုတ် မွတ်စလင်ဆန့်ကျင်ရေး တိုက်ခိုက်မှုတွေ အားလုံးကို သည်းခံသွားမှာ မဟုတ်ပါဘူး” ဟု ပြင်သစ်ရှိ မြို့တော်ဝန်များသို့ ပြောကြားသည့် မိန့်ခွန်းတွင် ဟော်လန်ဒေးက ထည့်သွင်းပြောဆိုခဲ့သည်။

    ကာဇန်နျူဗီကလည်း “တိုက်ခိုက်ခံရသူတွေကို အားပေးထောက်ခံသလိုပဲ မာဆေးလ်မှာရှိတဲ့ ဂျူးတွေ၊ မွတ်စလင်တွေရဲ့ ဘာသာတရားကိုလည်း အားပေးကာကွယ်သွားမှာပါ။ ဖော်ပြလို့မရတဲ့ ဒီ လုပ်ရပ်တွေ ကျူးလွန်သူကို ရှာဖွေဖမ်းဆီးဖို့ အားလုံးကို ဆောင်ရွက်သွားမှာပါ။ သူတို့ တရားရုံးမှာ အဖြေပေးရပါလိမ့်မယ်”

    Ref: IINA News

  • တရုတ်မိုင်းတွင်း မီးလောင်မှု လူ ၂၁ ဦး သေဆုံး

    တရုတ်မိုင်းတွင်း မီးလောင်မှု လူ ၂၁ ဦး သေဆုံး

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    – တရုတ်နိုင်ငံအရှေ့မြောက်ပိုင်း ဟေလိုဂျီယန်းပြည်နယ်ရှိ ကျောက်မီးသွေး မိုင်းတွင်းတစ်ခုတွင် ယမန်နေ့ ညပိုင်းက မီးလောင်မှု ဖြစ်ပွားခဲ့သောကြောင့် လူ ၂၁ ဦး သေဆုံးခဲ့ပြီး ၁ ဦး ပျောက်ဆုံးနေသည်ဟု သိရသည်။

    မီးလောင်သည့်အချိန်တွင် မိုင်းတွင်းမြေအောက်၌ အလုပ်သမား ၃၈ ဦး အလုပ်လုပ်နေပြီး ၁၆ ဦးကို ကယ်ဆယ်နိုင်ခဲ့ကာ သေဆုံးသူစာရင်းကိုလည်း တာဝန်ရှိသူများက အတည်ပြုခဲ့သည်။ ပျောက်ဆုံးနေသူ တစ်ဦးကို မိမိတို့က ရှာဖွေမှုများ ပြုလုပ်နေသည်ဟု ၎င်းတို့က ထည့်သွင်းပြောကြားခဲ့သည်။

    တရုတ်နိုင်ငံရှိ မိုင်းတွင်းများမှာ ကမ္ဘာပေါ်တွင် အသေအပျောက်အများဆုံး မိုင်းတွင်းများဖြစ်ပြီး ပြီးခဲ့သည့်နှစ်အတွင်း မိုင်းတွင်မတော်တဆမှုများကြောင့် သေဆုံးသူအရေအတွက်မှာ ၉၃၁ ဦး ရှိခဲ့သည်။ မိုင်းတွင်းပိုင်ရှင်များမှာ ၎င်းတို့လုပ်ငန်းအတွက် ဘေးအန္တရာယ်ကင်းရှင်းရေး စနစ်များကို စနစ်တကျ ဆောင်ရွက်ထားမှု မရှိချေ။ တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကျောက်မီးသွေးထုတ်လုပ်မှု အမြင့်ဆုံး နိုင်ငံလည်းဖြစ်သည်။

    Ref: Aljazeera

  • ဘလတ္တာနှင့် ပလာတီနီတို့ ဘောလုံးလောကမှ အပြီး ထွက်ရဖွယ်ရှိနေ

    ဘလတ္တာနှင့် ပလာတီနီတို့ ဘောလုံးလောကမှ အပြီး ထွက်ရဖွယ်ရှိနေ

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၁၁ ခုနှစ်က ယူအီးအက်ဖ်အေဥက္ကဌ ပလာတီနီထံ ဖီဖာဥက္ကဌ ဘလတ္တာမှ ကန်ဒေါ်လာ ၁.၃ သန်း ပေးချေခဲ့မှုတွင် မသမာမှုများရှိခဲ့သည်ဆိုသည်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ အဆုံးသတ်ပြီးနောက် ၎င်းတို့နှစ်ဦးအား ပိတ်ဆို့မှုများ ပြုလုပ်ရန် ဖီဖာက တောင်းဆိုခဲ့သည်ဟု သိရသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဆွဇ်ဇာလန် တရားသူကြီးများက စွပ်စွဲခဲ့ပြီးနောက်ပိုင်း ၎င်းတို့ ၂ ဦးအား ဖီဖာက ရက်ပေါင်း ၉၀ ရာထူးမှ ယာယီအနားပေးခဲ့ပြီး ကျင့်ဝတ်ကော်မတီကလည်း စုံစမ်းစစ်ဆးမှုများ ပြုလုပ်ခဲ့သည်။ ဘလတ္တာနှင့် ပလာတီနီတို့မှာ အယူခံများ ၀င်ထားပြီး ၎င်းတို့အား ရာထူးမှ ရပ်ဆိုင်းထားမှုကို ရုပ်သိမ်းရန် တောင်းမှုအား ပြီးခဲ့သည့် ဗုဒ္ဓဟူးနေ့က ဖီဖာမှ ပယ်ချခဲ့သည်။

    ယနေ့တွင် ဖီဖာက ထိုစုံစမ်းစစ်ဆေးမှုနှင့် ပတ်သက်၍ အဆုံးသတ်ပြီး နောက်ဆုံးအစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် ဘလတ္တာနှင့် ပလာတီနီတို့မှာ နှစ်ရှည်ပြစ်ဒဏ်များ ချမှတ်ခံရဖွယ် ရှိနေသည်။ ဘလတ္တာမှာ ဖီဖာဥက္ကဌရာထူးမှ နှုတ်ထွက်တော့မည်ဟု ပြီးခဲ့သည့်မေလက ကြေငြာခဲ့ပြီး ပလာတီနီက ထိုနေရာကို ရယူရန် ရေးပန်းစားသော်လည်း ယခုကိစ္စကြောင့် ဖြစ်မလာတော့ပေ။

    Ref: Goal

  • မာလီနိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာ

    မာလီနိုင်ငံကို အရေးပေါ်အခြေအနေ ကြေငြာ

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    mali

    – မြို့တော် ဘာမာကိုရှိ ကြယ် ၅ ပွင့်ဟိုတယ်တွင် လူ ၂၁ ဦး သေဆုံးခဲ့သော သေနတ်သမားများက တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီးနောက် မာလီနိုင်ငံကို ယနေ့တွင် အရေးပေါ်အခြေအနေ ကြောငြာခဲ့သည်ဟု သိရသည်။

    ထိုတိုက်ခိုက်မှုကို မတည်မငြိမ်ဖြစ်ပွားနေသော နိုင်ငံမြောက်ပိုင်းရှိ အလ်ကိုင်းဒါး အဖွဲ့ကို သစ္စာခံသော အဖွဲ့တစ်ခုက ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများတွင် သေနတ်သမား ၃ ဦးလည်း ပါဝင်ခဲ့သည်။ မာလီသမ္မတ အီဗရာဟင် ဘူဘာကာ ကီတာကမူ နိုင်ငံတော် ၀မ်းနည်းဖွယ်နေ့ကို ၃ ရက်အဖြစ် ကြေငြာခဲ့သည်။

    တိုက်ခိုက်မှုကြောင့် ချဒ်နိုင်ငံသို့ သွားရောက်မည့် သမ္မတ၏ ခရီးစဉ်ကိုလည်း ဖျက်သိမ်းခဲ့သည်။ စစ်သွေးကြွများအား နှိမ်နင်းနေရသည့် မာလီနိုင်ငံတွင် စီးနင်းတိုက်ခိုက်မှုများမှာ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ဟိုတယ်အား စီးနင်းမှုအတွင်း မာလီ၊ ပြင်သစ်နှင့် အမေရိကန် အထူးတပ်ဖွဲ့ဝင်များက ၀င်ရောက်ရှင်းလင်းခဲ့ပြီး ဓားစာခံ ၁၇၀ ခန့်ကို ကယ်ထုတ်နိုင်ခဲ့သည်။

    Ref: Aljazeera

  • အိန္ဒိယရှိ မသန်စွမ်းအမျိုးသားတစ်ဦး ဒေါက်တာဘွဲ့ရ

    အိန္ဒိယရှိ မသန်စွမ်းအမျိုးသားတစ်ဦး ဒေါက်တာဘွဲ့ရ

    နိုဝင်ဘာ ၂၁၊ ၂၀၁၅
    M-Media

    syco

    – အိန္ဒိယနိုင်ငံမှ ၉၅ ရာခိုင်နှုန်း မသန်စွမ်းဖြစ်နေသော သုတေသနပညာရှင် အမျိုးသားတစ်ဦးမှာ ကွန်ပျူတာသိပ္ပံ ဘာသာရပ်တွင် ဒေါက်တာဘွဲ့ရရှိခဲ့သည်ဟု သိရသည်။

    အက်စ်ဟန်ရှ် ဂွပ်တာဆိုသူဖြစ်ပြီး Brain Coumputer Interface စာတမ်းဖြင့် ဒေါက်တာဘွဲ့ ရရှိခဲ့ခြင်းဖြစ်ကာ ဂျဝါဟာလာ နေရူးတက္ကသိုလ်၌ အထူးအခမ်းအနားဖြင့် ၎င်းအား ဂုဏ်ပြုခဲ့သည်။ ပါမောက္ခဘွဲ့ ချီးမြှင့်ခြင်းအခမ်းအနားကို လာမည့်နှစ်တွင် ပြုလုပ်မည်ဖြစ်သည်။

    ဦးနှောက်အစိတ်အပိုင်းတစ်ခု ချို့ယွင်းမှုကြောင့် ခန္ဓာကိုယ်ကို ပုံမှန်အလုပ်လုပ်၍ မရသည့် ရောဂါဖြင့် ကြီးပြင်းလာခဲ့သော အသက် ၃၂ နှစ်အရွယ် အက်စ်ဟန်ရှ်ကမူ အဆိုပါ ဂုဏ်ပြုပွဲအခမ်းအနားတွင် ၎င်း၏ မိခင်၊ ဆရာတို့အား မိမိ ကံကြမ္မာကို ထုဆစ်ပေးခဲ့သည့်အတွက် ကျေဇူးတင်ကြောင်း ပြောကြားခဲ့သည်။

    ထို့ပြင် ဂျာအန်ပူးရ်ရှိ Umanath Singh အင်ဂျင်နီယာတက္ကသိုလ်သို့ နေ့စဉ် ဆိုက်ကားဖြင့် လိုက်ပို့ပေးသော ဆိုက်ကားစရာ မီရာ ဆာဟူကိုလည်း ကျေးဇူးတင်သည်ဟု ၎င်းက ထည်သွင်းပြောကြားခဲ့သည်။

    အက်စ်ဟန်ရှ်မှာ ဂျဝါဟာလာ နေရူးတက္ကသိုလ်၌ အလုပ်လုပ်ကိုင်သွားမည်ဖြစ်ပြီး တက္ကသိုလ်ကလည်း ၎င်းအား လက်ခံရန် အဆင်သင့်ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    Ref: Siasat