News @ M-Media

Blog

  • အိန္ဒိယနှင့် သီရိလင်္ကာတွင် ရေကြီး၍ လူ ၇၀ ကျော် သေဆုံး

    အိန္ဒိယနှင့် သီရိလင်္ကာတွင် ရေကြီး၍ လူ ၇၀ ကျော် သေဆုံး

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယတောင်ပိုင်းနှင့် သီရိလင်္ကာတို့တွင် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့သောကြောင့် လူ ၇၀ ကျော်ေ\ သေဆုံးခဲ့ကာ နေအိမ်များ၊ လယ်ယာမြေများ၊ အဝေးပြေးလမ်းများ ရေလွှမ်းကာ ကျောင်းများကိုလည်း ပိတ်ထားရသည်ဟု သိရသည်။

    လွန်ခဲ့သည့် ၇ ရက်မှစ၍ မိုးများ အဆက်မပြတ် ရွာသွန်းမှုကြောင့် ထိုကဲ့သို့ ရေကြီးရေလျှံခဲ့ခြင်း ဖြစ်ပြီး အိန္ဒိယတွင်တမီလ်နာဒူ ပြည်နယ်၌ သေဆုံးမှု၊ ပျက်ဆီးဆုံးရှုံးမှု အများဆုံး ဖြစ်ခဲ့သည်။ ထို့ပြင် ကာရ်နာတာကာ၊ အန်ဒရာပရာဒက်ရှ်နှင့် အိမ်နီးချင်း သီရိလင်္ကာနိုင်ငံများတွင်လည်း ပျက်ဆီးဆုံးရှုံးမှုများ ရှိခဲ့သည။

    အိန္ဒိယစစ်တပ်မှာ ကယ်ဆယ်ရေးလုပ်ငန်များကို ဆောင်ရွက်နေသော်လည်း ဒေသခံများကမူ မိမိတို့မှာ လုံလောက်သည် အကူအညီကို ရရှိခြင်းမရှိဟု စောဒက တက်ခဲ့ကြသည်။ သိရီလင်္ကာမြောက်ပိုင်းတွင်မူ အဆိုပါ ရေကြီးရေလျှံမှုမှာ လူပေါင်း ၅၈၀၀၀ ကို ထိခိုက်ခဲ့သည်။

    Ref: Aljazeera

  • အကူအညီပေးရေးသင်္ဘောကို တိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ်နှင့် အပေါင်းအပါ ၆ ဦးကို စပိန်က ဖမ်းဝရမ်းထုတ်

    အကူအညီပေးရေးသင်္ဘောကို တိုက်ခိုက်မှုအတွက် အစ္စရေးဝန်ကြီးချုပ်နှင့် အပေါင်းအပါ ၆ ဦးကို စပိန်က ဖမ်းဝရမ်းထုတ်

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    naytan

    – ၂၀၁၀ ခုနစ်က ဂါဇာကမ်းမြှောင်ရှိ ပါလက်စတိုင်းပြည်သူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရန် သွားရောက်သည့် ပရဟိတအဖွဲ့များ လိုက်ပါစီးနင်းသော သင်္ဘောအုပ်စုကို အစ္စရေးကွန်မန်ဒိုများက ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့မှုအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် အပေါင်းအပါ ၆ ဦးအား စပိန်တရားရုံးက ဖမ်းဝရမ်းထုတ်လိုက်သည်ဟု သိရသည်။

    အခြား ၆ ဦးတွင် ယခင် ကာကွယ်ရေးဝန်ကြီးဟောင်း အီဟွဒ်ဘာရက်၊ နိုင်ငံခြားရေးဝန်ကြီးဟောင်း အေဗစ်ဂ်ဒေါ်ရ် လီဘာမန်၊ မဟာဗျူဟာရေးရာ ၀န်ကြီးဟောင်း မိုရှေး ယာလွန်၊ ပြည်ထဲရေးဝန်ကြီးဟောင်း အီလီ ယီရှာအီ၊ လက်ရှိ ဌာနလက်မဲ့ ၀န်ကြီး ဘန်နီဘီဂင်နှင့် လက်ထောက် ရေတပ်ဗိုလ်မှူးချုပ် မာရွန် အီလီဇာတို့ ဖြစ်ကြသည်။

    Latin American Herald Tribune သတင်းစာကမူ ၂၀၁၀ ခုနှစ်က Freedom Flotilla ဟုခေါ်သည့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးရန် လာရောက်သည့် သင်္ဘောအုပ်စုကို အစ္စရေးက စီးနင်းတိုက်ခိုက်မှုနှင့် ပတ်သက်၍ စပိန်အမျိုးသားတရားရုံးက ပြန်လည် စုံစမ်းစစ်ဆေးခဲ့ပြီးနောက် တရားသူကြီး ဂျိုဆေး ဒီ လာ မာတာက ဖမ်းဝရမ်းထုတ်ခဲ့ခြင်းဖြစ်ပြီး ၎င်းတို့ နိုင်ငံအတွင်း ၀င်ရောက်လာပါက မိမိအား အကြောင်းကြားရန် ရဲတပ်ဖွဲ့နှင့် ပြည်သူ့စစ်များကို အမိန့်ပေးခဲ့သည်။

    သင်္ဘော ၆ စီးပါဝင်သည့် အဆိုပါအုပ်စုမှာ လူပေါင်း ၅၀၀၊ အကူအညီများနှင့် ဆောက်လုပ်ရေးပစ္စည်းများကို တင်ဆောင်ကာ အစ္စရေး၏ ပိတ်ဆို့မှုကြောင့် အတိဒုက္ခရောက်နေကြသော ဂါဇာပြည်သူများအား ကူညီရန် လာရောက်ခဲ့ခြင်းဖြစ်သည်။

    သို့သော်လည်း အစ္စရေး၏ တိုက်ခိုက်မှုကြောင့် သင်္ဘောပေါ်ရှိ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူ ၉ ဦး နေရာတွင် သေဆုံးခဲ့ပြီး အခြားတစ်ဦးမှာ ထိုအဖြစ်အပျက်တွင် ရရှိသည့် ဒဏ်ရာကြောင့် နောက်ပိုင်းတွင် သေဆုံးခဲ့သည်။

    အစ္စရေးနိုင်ငံခြားရေးဝနကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အီမန်နျူယဲလ် နက်ခ်ျရှန်ကမူ စပိန်၏ ထိုလုပ်ရပ်မှာ မိမိတို့အား ရန်စခြင်းဟု မှတ်ယူမည်ဖြစ်ပြီး ဖမ်းဝရမ်းအား ဖယ်ရှားရန်အတွက် စပိန်အာဏာပိုင်များနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။

    Ref: Idependent

  • ရာထူးအတွက် စိုးရိမ်မှုမရှိဟု ဘရာဇီးနည်းပြပြော

    ရာထူးအတွက် စိုးရိမ်မှုမရှိဟု ဘရာဇီးနည်းပြပြော

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    dunga

    – ကမ္ဘာ့ဖလားခြေစစ်ပွဲများတွင် ရလဒ်ကောင်းအောင် ဆောင်ရွက်နိုင်ခြင်း မရှိသော်လည်း မိမိ၏ ရာထူးအတွက် မစိုးရိမ်ဟု ဘရာဇီးလ်နည်းပြ ဒွန်ဂါက ပြောကြားလိုက်သည်။

    ကမ္ဘာဖလားခြေစစ်ပွဲ အဖွင့်ပွဲတွင် ဘရာဇီးလ်မှာ ချီလီအသင်းအား ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး၊ ဒုတိယပွဲတွင် ဗင်နီဇွဲလားအသင်းအား အနိုင်ရရှိခဲ့သော်လည်း သောကြာနေ့က အာဂျင်တီးနာနှင့်ပွဲတွင် ၁ ဂိုးစီ သရေကျခဲ့သည်။

    “ကျွန်တော်တို့ အစပဲ ရှိပါသေးတယ်။ ကမ္ဘာဖလားပြိုင်ပွဲဟာ ရှည်ကြာပြီး အမြဲတမ်း ရှုပ်ထွေးပါတယ်။ အရင်က ခြေစစ်ပွဲသမိုင်းတွေကို ပြန်လေ့လာလိုက်တဲ့အခါ အစပိုင်းမှာ ကျွန်တော်တို့ဟာ ပြဿနာတွေရှိခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။ ဘရာဇီးလ်ဟာ ယှဉ်ပြိုင်နိုင်စွမ်းရှိတဲ့ အသင်းပါ။ ကျွန်တော်တို့ဟာ တောင့်တင်းတဲ့ အသင်းတွေနဲ့ ရင်ဆိုင်နေရပြီး ခြေစစ်ပွဲအောင်ဖို့ စဉ်းစားရင်း အမှတ်တွေကို မြန်မြန်ရဖို့ လိုပါတယ်” ဟု ဒွန်ဂါက ပြောကြားခဲ့သည်။

    တောင်အမေရိကဇုန် ခြေစစ်ပွဲဇယားတွင် အဆင့် ၄ ရာ၌ ရှိနေသည့် ဘရာဇီးလ်မှာ ယနေ့ညတွင် ပီရူးအသင်းအား အိမ်ကွင်း၌ ဧည့်ခံကစားရမည်ဖြစ်သည်။

    Ref: Goal

  • အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုမိုတိုးမြှင့်ရန် G20 ခေါင်းဆောင်များ သဘောတူ

    အကြမ်းဖက်မှုတိုက်ဖျက်ရေး ပိုမိုတိုးမြှင့်ရန် G20 ခေါင်းဆောင်များ သဘောတူ

    နိုဝင်ဘာ ၁၇၊ ၂၀၁၅
    M-Media

    g20

    – IS အဖွဲ့ကို တိုက်ဖျက်ရေးအတွက် နယ်စပ်ဒေသများ ပိုမိုထိန်းချုပ်ရေး၊ ထောက်လှမ်းရေးသတင်းများ မျှဝေရေးနှင့် အကြမ်းဖက်မှုအတွက် ငွေကြေးထောက်ပံ့မှုများကို ဖြတ်တောက်ရေးတို့အတွက် တူရကီ G20 ထိပ်သီးအစည်းအဝေးတွင် ကမ္ဘာ့ခေါင်းဆောင်များက သဘောတူညီခဲ့သည်ဟု သိရသည်။

    ကမ်းရိုးတမ်းပြည်နယ်ဖြစ်သော အန်တာလ်ယာတွင် ၂ ရက်ကြာ ပြုလုပ်ခဲ့သည့် အဆိုပါ ထိပ်သီးအစည်းဝေးသို့ အမေရိကန်သမ္မတ ဘာရက်အိုဘားမား၊ ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်တို့ အပါအ၀င် ထိပ်တန်းခေါင်းဆောင်များ တက်ရောက်ခဲ့ကြပြီး သောကြာနေ့က ဖြစ်ပွားခဲ့သည့် ပဲရစ်အကြမ်းဖက်တိုက်ခိုက်မှုကိစ္စက ထိုအစည်းအဝေးတွင် လွှမ်းမိုးခဲ့သည်။

    “နိုင်ငံခြား တိုက်ခိုက်ရေးသမားတွေ တိုးတက်လာတာနဲ့ မူရင်းနိုင်ငံ၊ နောက်ဆုံးရောက်ရှိတဲ့နိုင်ငံ၊ ဖြတ်သွားဖြတ်လာလုပ်တဲ့ နိုင်ငံတွေအပေါ်မှာရှိတဲ့ သူတို့ရဲ့ ခြိမ်းခြောက်မှုတွေအတွက် ကျွန်တော်တို့ စိုးရိမ်မိပါတယ်။ ဒီခြိမ်းခြောက်မှုကို ဖြေရှင်းဖို့ ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ခြင်း၊ သတင်းအချက်အလက်မျှဝေတာ၊ ခရီးသွားလာမှုကို သိရှိဖို့ နယ်စပ်ရေးရာ စီမံခန့်ခွဲမှုတွေလုပ်တာ၊ ကာကွယ်ရေး ဆောင်ရွက်မှုတွေ၊ သင့်လျော်တဲ့ တရားရေးဆိုင်ရာ တုန့်ပြန်မှုတွေ ဆောင်ရွက်တာတွေ အပါအ၀င် အခြေအနေကို
    တားဆီးတွန်းလှန်ဖို့ ကျွန်တော်တို့ ဆုံးဖြတ်ထားပါတယ်။ ” ဟု အစည်းအဝေးမှ ပူးတွဲထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    တနင်္လာနေ့က ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် အိုဘားမားက မဟာမိတ်တပ်ဖွဲ့များမှာ IS အဖွဲ့အပေါ် တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်နေပြီး အဖွဲ့ခေါင်းဆောင်ကို ပစ်မှတ်ထားနေသော်လည်း ဆီးရီးယားနှင့် အီရတ်တို့ကသာ IS ၏ ခြိမ်းခြောက်မှုကို ခံနေရသည်မဟုတ်ဟု ပြောကြားခဲ့သည်။

    ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းကမူ G20ေါင်းဆောင်များမှာ အကြမ်းဖက်များ မှီခိုနေရသည့် ဘဏ္ဍာရေးအထောက်အပံ့များကို ဖြတ်တောက်သွားရန် သဘောတူညီခဲ့ကြသည်ဟု ပြောကြားခဲ့သည်။

    တူရကီသမ္မတ ရီဆက်ပ် တိုင်ယစ်ပ် အာဒိုဂန်က ထောက်လှမ်းရေးသတင်းများ မျှဝေခြင်းကို ပိုမိုနက်ရှိုင်းအောင် ဆောင်ရွက်ရန် တိုက်တွန်းခဲ့ပြီး အကြမ်းဖက်ဝါဒမှာ အစ္စလာမ်နှင့် ပတ်သက်နေသည်ဆိုသည့် အမြင်များကို ချေဖျက်ရန်အတွက် မွတ်စလင်ကမ္ဘာမှာ ပိုမို၍ ဆောင်ရွက်ရည်မည်ဟုလည်း ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လူမျိုး/ဘာသာမခွဲခြားတဲ့ ပညာဒါန တက္ကသိုလ်ဝင်တန်း ကျူရှင် ဒလ မှာ ဖွင့်

    လူမျိုး/ဘာသာမခွဲခြားတဲ့ ပညာဒါန တက္ကသိုလ်ဝင်တန်း ကျူရှင် ဒလ မှာ ဖွင့်

    နိုဝင်ဘာ ၁၇ ၊ ၂၀၁၅
    M-Media
    မိုးစက်

    PCN dala copy
    Image Credit-Jefrey Tin Ohn FB

    ရန်ကုန်။    ။ တက္ကသိုလ်ဝင်တန်း အောင်ချက်မြင့်မားဖို့အတွက် လာမည့်နှစ် ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ပညာဒါနသင်တန်းကို ငြိမ်းချမ်းရေးတည်ဆောက်မှုကွန်ယက် (PCN) မှ ကြီးမှူးပြီး ဒလမြို့နယ် ကမာကဆစ် အနောက်ကျောင်းတိုက်တွင် ဖွင့်လှစ်သွားမှာ ဖြစ်ပါတယ်။

    အဆိုပါ အခမဲ့သင်တန်းကျောင်းကို ဖွင့်လှစ်ရခြင်းရည်ရွယ်ချက်နှင့် ပတ်သတ်ပြီး” မြန်မာနိုင်ငံသားတွေ လူငယ်တွေအနေနဲ့ ပညာတတ်တွေ ပေါများလာမယ်ဆိုရင် တိုင်းပြည်အကျိုးရှိလာမယ်၊ တိုင်းပြည်အနာဂတ် လှပလာမယ်၊ လူငယ်တွေ တွေးခေါ်စဉ်းစား တတ်လာမယ်။ ခေါင်းဆောင်ကောင်းတွေ ပေါ်ထွန်းလာမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ မျှော်မှန်းချက်တွေနဲ့ သင်တန်းတွေကို ဖွင့်ပေးတာ ဖြစ်တယ်”  လို့ PCN မှ အတွင်းရေးမှူးဖြစ်သူ ဦးအုန်းမောင်က M-Media ကို ပြောပါတယ်။

    ဒလမြို့နယ်တွင် ဖွင့်ရခြင်းနှင့် ပတ်သက်ပြီး ရန်ကုန်မြို့တွင် အများစုက ပညာသင်ကြားနိုင်ကြသည့်  ကျောင်းသားများ များပြားသည်ဖြစ်ကာ ဆင်ခြေဖုံးနေရာများ၊ လက်လုပ်လက်စား မိသားစုများရှိ ကျောင်းသားများတွင် ပညာသင်ကြားရန်အတွက် အခက်အခဲရှိနေသောကြောင့် ထိုနေရာတွင် အခြေခံလူတန်းစားများ တက်ရောက်နိုင်ရန်အတွက် ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း သိရပါတယ်။

    တက္ကသိုလ်ဝင်တန်း ဘာသာရပ်များကို ပညာဒါနဖြင့် ဆရာ/ ဆရာမများက သင်ကြားပေးသွားမည်ဖြစ်ပြီး တက်ရောက်သည့် ကျောင်းသား ကျောင်းသူများအနေဖြင့်လည်း အခကြေးငွေ ပေးစရာ မလိုအပ်ဘဲ တက်ရောက်နိုင်မည်ဖြစ်သည်။ ကျောင်းသား ကျောင်းသူများ အဆင်ပြေချောမွေ့စွာ တက်ရောက်နိုင်ရန်အတွက်လည်း ယင်းသင်တန်းကို ကျောင်းချိန်နှင့် လွတ်ကင်းအောင် စီစဉ်ပေးထားတယ်လို့ သိရပါတယ်။

    ဦးဆောင်သင်ကြားပေးမယ့် ဘာသာရပ်ဆိုင်ရာ ဆရာ/ဆရာမများမှာ ပညာရေးလောကမှ ဝါရင့်သင်ကြားရေးအတွေ့အကြုံရင့် သူများဖြစ်ကြပြီး ပရဟိတ ပညာဒါန ပို့ချပေးမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

    ထိုသင်တန်းကို နိုဝင်ဘာလ ၁၅ ရက်နေ့မှစတင်ကာ ကျောင်းအပ်လက်ခံနေပြီဖြစ်ပြီး ကျောင်းသား ကျောင်းသူများကိုလည်း အကန့်အသတ်မရှိ လက်ခံသွားမည်ဖြစ်ကြောင်း  သိရပါတယ်။

    PCN မှ ရှေ့ဆက်လုပ်ငန်းစဉ်များအနေဖြင့်လည်း ထိုကဲ့သို့ အခမဲ့သင်တန်းများကို အခြားနေရာဒေသများတွင်ပါ ဖွင့်လှစ်နိုင်အောင် ကြိုးပမ်းသွားမည်ဖြစ်ပြီး လူမျိုးဘာသာ မခွဲခြားဘဲ ပညာရေး၊ ကျန်းမာရေး၊ အတွေးအခေါ်တွေ မြှင့်မားဖို့အတွက် Capacity building သင်တန်းများ၊ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေကြောင်း သိရပါတယ်