News @ M-Media

Blog

  • အာဆင်နယ်မှ ထုတ်ပါက အင်္ဂလန်တွင် နည်းပြမလုပ်ဟု ၀င်းဂါးပြော

    အာဆင်နယ်မှ ထုတ်ပါက အင်္ဂလန်တွင် နည်းပြမလုပ်ဟု ၀င်းဂါးပြော

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    winger

    – အကယ်၍ မိမိအား အာဆင်နယ်က ထုတ်ပယ်လိုက်ပါက အခြား ပရီးမီးယားလိဂ် ကလပ်အသင်းတစ်ခုကို နည်းပြနိုင်မည်မဟုတ်ဘဲ နိုင်ငံခြားသို့ သွားရောက်မည်ဟု အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ၁၉၉၆ ခုနှစ်ကတည်းက အသင်းအား ကိုင်တွယ်လာခဲ့သည့် ၀င်းဂါးမှာ ၁၉ နှစ်တာ ကာလအတွင်း ပရီးမီးယားလိဂ်ဖလား ၃ ကြိမ်၊ FA ဖလား ၆ ကြိမ် ရရှိအောင် စွမ်းဆောင်ပေးထားနိုင်သည်။ ၀င်းဂါး၏ လက်ရှိစာချုပ်မှာ ၂၀၁၇ ခုနှစ်မှ သက်တမ်းကုန်ဆုံးမည်ဖြစ်သည်။

    “တကယ်လို့ မနက်ဖြန်မနက် ကျွန်တော့်ကို “ဂွဒ်ဘိုင်ပါပဲ။ အာဆင်နယ်က ခင်ဗျားကို ကျေးဇူးတင်ပါတယ်” လို့ပြောရင် ကျွန်တော်ဟာ နည်းပြအလုပ်ကို ဆက်မလုပ်သွားဘူးလို့ ကတိမပေးနိုင်ပါဘူး။ ဒါပေမယ့် သံယဖြစ်စရာမလိုတာက အင်္ဂလန်မှာ နည်းပြဆက်လုပ်မှာ မဟုတ်ဘူး ဆိုတာပါပဲ။ နောက်ထပ် သေချာတာတစ်ခုက အာဆင်နယ်အပေါ်ထားတဲ့ သံယောဇဉ်ဟာ ကျွန်တော့်ရဲ့ နောက်ဆုံးအချိန်အထိ ဆက်ရှိသွားမှာပါ” ဟု အာဆင်ဝင်ဂါးက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဆွဇ်နာမည်ကြီး နာရီကုမ္ပဏီက စမတ်နာရီတစ်လုံးကို ပထမဆုံး မိတ်ဆက်

    ဆွဇ်နာမည်ကြီး နာရီကုမ္ပဏီက စမတ်နာရီတစ်လုံးကို ပထမဆုံး မိတ်ဆက်

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    watch 1

    – တန်ဖိုးကြီး လက်ပတ်နာရီများကို လွန်ခဲ့သည့် နှစ်ပေါင်း ၁၅၅ နှစ်ကတည်းက ထုတ်လုပ်လာခဲ့သည့် ဆွစ်ဇာလန်အခြေစိုက် TAG Heuer ကုမ္ပဏီက ၎င်းတို့၏ ပထမဆုံး စမတ်နာရီကို ယမန်နေ့တွင် မိတ်ဆက်ပြသခဲ့သည်ဟု သိရသည်။

    Connected ဟုအမည်ပေးထားသည့် အဆိုပါနာရီမှာ ဂူးဂဲလ်၏ အန်ဒရွိုက်နည်းပညာကို အသုံးပြုထားပြီး အာရုံခံနစ်နှင့် စက်ပိုင်းဆိုင်ရာကို Intel ၏ နည်းပညာများဖြင့် ထုတ်လုပ်ထားခြင်း ဖြစ်သည်။ နာရီ၏ အရွယ်အစားမှာ ၄၆.၂ မီလီမီတာရှိပြီး အထူမှာ ၁၂.၈ မီလီမီတာ ရှိသည်။

    သာမန်ကြည့်ပါက ယခင် ဒိုင်ခွက်နာရီကဲ့သို့ မျက်နှာပြင်ရှိနေသော်လည်း လက်ဖြင့် ပွတ်ရုံမျှဖြင့် ဒစ်ဂျစ်တယ်နာရီ မျက်နှာပြင်၊ အက်ပလီကေးရှင်များပါဝင်သည့် မျက်နှာပြင်တို့ကို ပြောင်းလဲနိုင်မည်ဖြစ်သည်။ အက်ပလီကေးရှင်းများကို အခြားသာ အန်ဒရွိုက် နာရီများအတိုင်း သုံးစွဲနိုင်မည်ဖြစ်ပြီး Connected တွင် အသံဖြင့် အမိန့်ပေးခိုင်စေနိုင်သည့် လုပ်ဆောင်ချက်ကိုလည်း ထည့်သွင်းထားသည်။

    လက်ရှိအချိန်တွင် အမျိုးသားများအတွက်သာ ထုတ်လုပ်ထားပြီး ဆွစ်ဇာလန်နိုင်ငံတစ်ဝှမ်းရှိ ကုမ္ပဏီ၏ ဆိုင်ပေါင်း ၂၀ တွင် ၀ယ်ယူရရှိနိုင်မည် ဖြစ်သည်။ တန်ဖိုးမှာ ကန်ဒေါ်လာ ၁၅၀၀ ဖြစ်ကာ သားရေလက်ပတ်ကြိုးကို အရောင် ၇ မျိုး ရွေးချယ်နိုင်မည်ဖြစ်သည်။ အမျိုးသမီးများအတွက်နာရီကိုမူ ထုတ်လုပ်နေဆဲဖြစ်သည်ဟု ကုမ္ပဏီက ပြောကြားခဲ့သည်။

    Ref: BBC, engadget

  • ထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်ခဲ့ပြီး မန်ယူနည်းပြဟောင်း မိုယက်စ် ဇာတ်သိမ်းခဲ့ရပြန်တဲ့ လာလီဂါပွဲစဉ် ၁၁

    ထိပ်ဆုံးနေရာ အပြောင်းအလဲဖြစ်ခဲ့ပြီး မန်ယူနည်းပြဟောင်း မိုယက်စ် ဇာတ်သိမ်းခဲ့ရပြန်တဲ့ လာလီဂါပွဲစဉ် ၁၁

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    laliga

    – ဒီတစ်ပတ်လာလီဂါမှာတော့ ရီးယဲလ်မက်ဒရစ် ရှုံးနိမ့်သွားမှုနဲ့အတူ ထိပ်ဆုံးနေရာလည်း အပြောင်းအလဲ ဖြစ်သွားခဲ့ပါတယ်။

    အဝေးကွင်းမှာ သွားကစားခဲ့ရပေမယ့် ပွဲအစမှာ ရီးယဲလ်တို့ ကစားပုံကောင်းခဲ့ပြီး ရာမို့စ်က ၂၂ မိနစ်မှာ ဦးဆောင်ဂိုး သွင်းနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ၃၂ မိနစ် ရာမို့စ်နာပြီး ထွက်သွားတဲ့အချိန် ဘင်နီတက်ဇ်ရဲ့ နည်းဗျူဟာ အပြောင်းအလဲက ရီးယဲလ်တို့ကို အထိနာစေခဲ့ပြီး အိမ်ကွင်းနောက်ဆုံး ၃ ပွဲမှာ ၁၀ ဂိုး သွင်းထားတဲ့ ဆီးဗီးလားကို ၃ ဂိုး ဆက်တိုက် ပေးလိုက်ရပါတယ်။ အိမ်ရှင်အတွက် ဂိုးတွေကိုတော့ အင်မိုဘိုင်း၊ ဘန်နီဂါနဲ့ လော်ရန်တေးတို့က ၃၆၊ ၆၁နဲ့ ၇၄ မိနစ်တွေမှာ အသီးသီး သွင်းပေးခဲ့တာပါ။ ရီးရဲလ်အတွက် ဒုတိယ နှစ်သိမ့်ဂိုးတော့ နာကျင်အချိန်မှ ရော်ဒရီဂက်စ်က သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    ဘာစီလိုနာကတော့ အိမ်ကွင်းမှာ ဗီလာရီးယဲလ်ကို အခက်အခဲမရှိဘဲ နေးမာရဲ့ အဆင့်မြင့်ဂိုး ၂ ဂိုး၊ ဆွာရက်ဇ်ရဲ့ ပင်နယ်တီ ၁ ဂိုးနဲ့ ၃ ဂိုးပြတ်ခဲ့ပြီး ထိပ်ဆုံးနေရာကို ၃ မှတ်ဖြတ်ကာ ရယူနိုင်ခဲ့ပါတယ်။ အဝေးကွင်းဆို ခြေပျက်တက်တဲ့ ဗလင်စီယာက ဒီတစ်ပတ်မှာ ဇ, ရှိတဲ့ ဆလ်တာဗီဂိုကို ပထမပိုင်း ၃ ဂိုး ဒုတိယပိုင်း ၂ ဂိုးနဲ့ ဂိုးပြတ် နှိပ်ကွပ်ပြခဲ့ပါတယ်။

    အက်သလက်ကီကလည်း စပို့တင်းဂီဂျွန်ကို အသာနဲ့ ကစားနိုင်ခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ ဒုတိယပိုင်း နာဂျင်အချိန်ပိုမှာမှ ရရှိခဲ့တာဖြစ်ပြီး ထိပ်ဆုံး ၂ သင်းကို ဆက်လက် ဖိအားပေးနေဆဲပါပဲ။ အနိုင်ဂိုးကိုတော့ဂရီဇ်မန်က ခေါင်းတိုက် သွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

    မန်ယူနည်းပြဟောင်း မိုယက်စ်ရဲ့ ဆိုစီဒက်က ၅ ပွဲဆက်တိုက် နိုင်ပွဲပျောက်ထားတဲ့ ဇယားအောက်ခြေက လက်စ်ပါးလ်မက်စ်ကို ၂ ဂိုးပြတ်နဲ့ရှုံးပြီး နောက်ဆက်တွဲအဖြစ် မိုယက်စ်လည်း ရာထူး စွန့်ခဲ့ရပါတယ်။

    လာလီဂါ ပွဲစဉ် ၁၁ ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။

    laliga 2လက်စ်ပါးလ်မက်စ် ၂-၀ ဆိုဆီဒက်
    ဆဲလ်တာဗီဂို ၁-၅ ဗလင်စီယာ
    လီဗန်တေး ၁-၁ ဒီပို့တီဗို
    ဗယ်လက်ကာနို ၂-၁ ဂရန်နာဒါ
    အိုက်ဘာ ၃-၁ ဂီတာဖေး
    မာလာဂါ ၀-၁ ရီးယဲလ်ဘက်တစ်
    ဘီဘာအို ၂-၁ အက်စပန်ညို
    ဘာစီလိုနာ ၃-၀ ဗီလာရီးယဲလ်
    အက်သလက်တီကို ၁-၀ စပို့တင်းဂီဂျွန်
    ဆီးဗီးလား ၃-၂ ရီးယဲလ်

  • ရွေးကောက်ပွဲအတွက် မြန်မာပြည်သူများကို ကုလအတွင်းရေးမှူးချုပ် ချီးကျူး

    ရွေးကောက်ပွဲအတွက် မြန်မာပြည်သူများကို ကုလအတွင်းရေးမှူးချုပ် ချီးကျူး

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    UN
    ရွေးကောက်ပွဲတွင် မဲပေးခဲ့ကြသည့် မြန်မာနိုင်ငံက ကုလ ၀န်ထန်းများ

    – သမိုင်းဝင်ရွေးကောက်ပွဲ၌ မြန်မာပြည်သူများ၏ “သည်းခံမှု၊ ဂုဏ်သိက္ခာရှိမှုနှင့် စိတ်အားထက်သန်မှု” တို့အတွက် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ချီးကျူးပြောဆိုလိုက်ပြီး ရွေးကောက်ပွဲ လုပ်ငန်းစဉ် ပြီးစီးသည်အထိ ဂုဏ်သိက္ခာရှိသည့် စိတ်ဓာတ်ကို ထိန်းသိမ်းရန်၊ တည်တည်ငြိမ်ငြိမ်နှင့် လေးစားမှုရှိရန်လည်း ရွေးကောက်ပွဲတွင် ပါဝင်သူအားလုံးကို တိုက်တွန်းခဲ့သည်။

    ကုလရုံးချုပ်၌ ပြုလုပ်ခဲ့သည့် ပုံမှန်အစည်းအဝေးတွင် မစ္စတာ ဘန်ကီမွန်က ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ထိုအရေးပါသော ရွေးကောက်ပွဲတွင် စွမ်းစွမ်းတမံ ကြိုးစားအားထုတ်ခဲ့ကြသည့် ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၊ ပြည်ထောင်စု အစိုးရ၊ ပြည်နယ်နှင့် တိုင်းဒေသကြီး အစိုးရနှင့် ဒေသတွင်း အဖွဲ့အစည်းများကိုလည်း ဘန်က ထည့်သွင်းချီးကျူးခဲ့သည်။

    တနင်္ဂနွေနေ့က ပြုလုပ်ခဲ့သည့် ရွေးကောက်ပွဲ ရလဒ်နှင့် ပတ်သက်၍ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အနည်းငယ်သာ ကြေငြာရသေးပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD က အသာရနေကာ တစ်နိုင်ငံလုံး အတိုင်းအတာတွင်လည်း NLD ကသာ အနိုင်ရဖွယ်ရှိသည်ဟု ခန့်မှန်း မှုများ ရှိနေသည်။

    Ref: UN website

  • တူရကီရှိ ဆီးရီးယားဒုက္ခသည် ကလေးအများစု ပညာရေးမရ

    တူရကီရှိ ဆီးရီးယားဒုက္ခသည် ကလေးအများစု ပညာရေးမရ

    နိုဝင်ဘာ ၁၀၊ ၂၀၁၅
    M-Media

    syria

    – တူရကီနိုင်ငံတွင် ခိုလှုံနေရသည့် ဆီးရီးယား ဒုက္ခသည် ကလေးငယ်များထဲမှ ၃ ပုံ ၂ ပုံမှာ ပညာသင်ကြားခွင့် မရရှိဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch က တနင်္ဂနွေနေ့တွင် ထုတ်ပြန်သော အစီရင်ခံစာ၌ ဖော်ပြထားသည်။

    ၆၂ မျက်နှာရှိသည့် အဆိုပါအစီရင်ခံစာတွင် ဒုက္ခသည်ကလေးများ၏ ပညာရေးအခက်အခဲ၌ ဘဏ္ဏာရေးပြဿနာနှင့် ဘာသာစကား အဟန့်အတားများလည်း ပါဝင်သည်ဟု ဆိုသည်။

    “ဆီးရီးယားကလေးငယ်တွေကို ပညာရေး မပေးနိုင်ခြင်းဟာ မျိုးဆက်တစ်ခုလုံးကို အန္တရာယ်တွင်းထဲ ပို့လိုက်တာပါပဲ” ဟု Human Rights Watch ဒုက္ခသည်များဆိုင်ရာ အစီအစဉ်တွင် ပါဝင်သူ စတီဖာနီဂီးက ပြောကြားခဲ့သည်။

    တူရကီနိုင်ငံမှာ ဆီးရီးယားဒုက္ခသည် ၂ သန်းကျော်ကို လက်ခံထားပြီး ထိုအထဲတွင် ကျောင်းနေအရွယ် ကလေးငယ် ၇၀၈၀၀၀ ပါဝင်သည်။ ၎င်းတို့ထဲမှ လေးသိန်းကျော်မှာ ပုံမှန် ပညာရေးကို မရရှိဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့က ဆိုသည်။

    တူရကီအစိုးရမှာ ဒုက္ခသည်ကလေးများ ပုဂ္ဂလိက ကျောင်းများသို့ တက်ရောက်ခွင့်ကို ၂၀၁၄ ခုနှစ် စက်တင်ဘာလကတည်းက တရားဝင် ခွင့်ပြုပေးခဲ့သော်လည်း ဘာသာစကားအခက်အခဲ၊ လူမှုပေါင်းစည်းရေး၊ စီးပွားရေးပြဿနာနှင့် ထိုပေါ်လစီအတွက် သတင်းအချက်အလက် ကျယ်ကျယ်ပြန့်ပြန့် မရရှိခြင်းတို့ အပါအ၀င် အခက်အခဲမြောက်များစွာ ရှိနေသည်။

    ၂၀၁၄-၁၅ ခုနှစ်တွင် မူလတန်းနှင့် အလယ်တန်းအဆင့်များ၌ ကျောင်းအပ်နှံသူ ဆီးရီးယားဒုက္ခသည်များမှာ အနည်းဆုံး ၂၁၂၀၀၀ ရှိခဲ့သည်ဟု တူရကီ ပညာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။ ဒုက္ခသည်စခန်းများတွင် နေထိုင်သူ ကလေးငယ်များ၏ ကျောင်းအပ်နှံမှုမှာ ၉၀ ရာခိုင်နှုန်း ရှိနေသော်လည်း၊ စခန်းအပြင်ဘက်တွင် နေထိုင်သူများမှ ကျောင်းအပ်နှံမှုမှာ ၂၅ ရာခိုင်နှုန်းသာ ရှိနေသည်။

    ကလေးများအား ပညားရေးရရှိအောင် ဆောင်ရွက်ပေးခြင်းမှာ အရွယ်မတိုင်ခင် လက်ထပ်ခြင်း၊ လက်နက်ကိုင်များက ကလေးများအား လူသစ်စုဆောင်းခြင်းတို့ကို လျော့ချနိုင်မည်ဖြစ်ပြီး ၎င်းတို့၏ အနာဂတ်ကို တည်ငြိမ်စေလိမ့်မည်ဟု အဆိုပါ အစီရင်ခံစာတွင် ထည့်သွင်းဖော်ပြထားသည်။

    တူရကီကမူ မိမိတို့မှာ ဆီးရီးယားဒုက္ခသည်များအတွက် ကန်ဒေါ်လာ ၇ ဘီလီယံကျော်ကို အသုံးပြုထားပြီး ၂၀၁၄-၁၅ ခုနှစ်တွင် ဒုက္ခသည်များ ပညာရေးအတွက် ၂၅၂ သန်း အသုံးပြုထားသည်ဟု သတင်းထုတ်ပြန်ထားသည်။

    Ref: Aljazeera