News @ M-Media

Blog

  • တင်းနစ်လောကတွင် တာမြစ်ဆေးတိုက်ဖျက်ရေးကို ပိုမိုလုပ်ဆောင်ရန် အန်ဒီမာရေး တိုက်တွန်း

    တင်းနစ်လောကတွင် တာမြစ်ဆေးတိုက်ဖျက်ရေးကို ပိုမိုလုပ်ဆောင်ရန် အန်ဒီမာရေး တိုက်တွန်း

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    ande

    – တင်းနင်းကစားသမားများတွင် တားမြစ်ဆေးပြဿနာများ မရှိရေးအတွက် ပိုမိုအားထုတ်လုပ်ဆောင်ရန် တင်းနစ်အဖွဲ့အစည်းများကို ကမ္ဘာ့ နံပါတ် ၂ ဗြိတိန်တင်းနစ်အကျော်အမော် အန်ဒီမာရေးက တိုက်တွန်း ပြောကြားလိုက်သည်။

    ယခုရက်ပိုင်းအတွင်း ရုရှားအားကစားလောကမှာ တားမြစ်ဆေးပြဿနာကို အကြီးအကျယ် ရင်ဆိုင်နေရပြီး ကမ္ဘာတစ်ဝှမ်းမှ အားကစား လောကတွင်လည်း ထိုပြဿနာများ ရှိမလာစေရေး တင်းတင်းကြပ်ကြပ်ဆောင်ရွက်ရန် တိုက်တွန်းဆော်သြမှုများ မြင့်တက်လာခဲ့သည်။ မာရေးကမူ တင်းနစ်ပြိုင်ပွဲများတွင် ဆုကြေး အဆမတန် များပြားခြင်းက ကစားသမားများအား တားမြစ်ထားသည့် ဆေးဝါးများ သုံးစွဲကာ စွမ်းဆောင်ရည်မြင့်တက်အောင် လုပ်ဆောင်မှုကို ဖြစ်စေလိမ့်မည်ဟု ထောက်ပြခဲ့သည်။

    “ကျွန်တော်က အမြဲတမ်း စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပါတယ်။ ရုရှားမှာဖြစ်သွားတာက တော်တော်ဆိုးပါတယ်။ ဒါပေမယ့် ဒါဟာ ရုရှားရဲ့ ပြဿနာ ဒါမှမဟုတ် အားကစားသမားတွေရဲ့ ပြဿနာပဲလို့ ကျွန်တော်မထင်ပါဘူး။ ဒါကို ဘယ်လိုတွန်းလှန်မလဲဆိုတာ တာဝန်ရှိတဲ့ အားကစားအဖွဲ့တွေပေါ်မှာလည်း မူတည်ပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ အားကစားမှာ ငွေကြေးတွေ၊ အကျိုးအမြတ်တွေကို သုံးစွဲနေသလိုပဲ၊ တားမြစ်ဆေး ပပျောက်ရေးကိစ္စမှာလည်း ငွေကြေးတွေကို လုံလုံလောက်လောက် သုံးစွဲဖို့လိုပါတယ်။ တင်းနစ်က
    ဆုကြေးဟာ အလွန့်အလွန်ကို မြင့်မားနေပါတယ်။ ပြီးတော့ တားမြစ်ဆေးကိစ္စမှာ ကျွန်တော်တို့ ငွေကြေး ဘယ်လောက်သုံးစွဲလဲဆိုတာကိုလည်း ကြည့်ဖို့ လိုအပ်ပါတယ်” ဟု မာရေးက ပြောကြားခဲ့သည်။

    Ref: Dailymail

  • IS ပါးကွပ်သား ဂျီဟာဒီဂျွန် သေဆုံးပြီ

    IS ပါးကွပ်သား ဂျီဟာဒီဂျွန် သေဆုံးပြီ

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    jhon

    – IS အကြမ်းဖက်အဖွဲ့က ဓားစားခံများအား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဂျီဟာဒီဂျွန်မှာ ဆီးရီးယားနိုင်ငံ ရက်ကာ၌ အမေရိကန်က ယမန်နေ့တွင် ပြုလုပ်သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဟု သိရသည်။

    ဆီးရီးယား IS ၏ ဌာနချုပ်မြို့ဖြစ်သော ရက်ကာရှိ အဆောက်အဦးတစ်ခုမှ ကားပေါ်သို့တက်စဉ် အမေရိကန် ဒရုန်းလေယာဉ်က ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပင်တဂွန်တာဝန်ရှိသူများကမူ ဂျီဟာဒီဂျွန် သေဆုံးသည်မှာ ၉၉ ရာခိုင်နှုန်းသေချာနေကာ အတည်ပြုမှုကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။

    ကာကွယ်ရေးတာဝန်ရှိသူ တစ်ဦးကလည်း ထိုတိုက်ခိုက်မှုတွင် ကူဝိတ်၌မွေးဖွားပြီး ဗြိတိန်တွင်ကြီးပြင်းခဲ့သည့် ဂျွန်အား တိတိကျကျ ထိမှန်ခဲ့သည်ဟု ABC သတင်းဌာသို့ ပြောကြားခဲ့သည်။ ထို့ပြင် ဂျီဟာဒီဂျွန်နှင့်အတူ အခြား စစ်သွေးကြွတစ်ဦးလည်း သေဆုံးခဲ့သည်။

    Ref: Dailymail

  • ရုရှားရုပ်သံလိုင်း အစိုးရ၏ ထိပ်တန်းလျှို့ဝှက်ချက်ကို မှားယွင်းထုတ်လွှင့်မိ

    ရုရှားရုပ်သံလိုင်း အစိုးရ၏ ထိပ်တန်းလျှို့ဝှက်ချက်ကို မှားယွင်းထုတ်လွှင့်မိ

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    russia

    – ရုရှားသမ္မတ ဗလာဒီမီရ်ပူတင်က ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့သည့် ကာကွယ်ရေးကိစ္စများ ထိပ်တန်လျှို့ဝှက်ဆွေးနွေးမှု အစည်းအဝေးမှ မှတ်တမ်းကို တင်းတင်းကြပ်ကြပ် ချုပ်ကိုင်ထားသော အစိုးရ ရုပ်သံဌာနနှစ်ခုက မှားယွင်းထုတ်လွှင့်မိခဲ့သည်ဟု ရုရှားသတင်းဌာန Tass က ယမန်နေ့တွင် ဖော်ပြခဲ့သည်။

    “တစ်ချို့သော လျှို့ဝှက်မှတ်တမ်းတွေဟာ ကင်မရာမှာ မှတ်တမ်းတင်မိခဲ့ပါတယ်။ ဒါ့ကြောင့် နောက်ပိုင်းမှာ ပြန်ဖျက်ခဲ့ပါတယ်။ ဒါမျိုး နောက်ထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်” ရုရှားသမ္မတရုံးမှ ပြန်ကြားရေးအရာရှိ ဒီမီထရီ ပက်စ်ကော့ဗ်က ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ တာဝန်ရှိသူများကို မည်ကဲ့သို့ အရေးယူမည်ဆိုခြင်းနှင့် ပတ်သက်၍ မိမိအနေဖြင့် မသိသော်လည်း အနာဂတ်တွင် ထိုကဲ့သို့ မဖြစ်စေရန် ကာကွယ်ရေးလုပ်ငန်းများကို လုပ်ဆောင်သွားမည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: CNN

  • လက်ရွေးစင်နေရာအတွက် စိန်ခေါ်မှုရှိနေပြီဟု ရူနီဝန်ခံ

    လက်ရွေးစင်နေရာအတွက် စိန်ခေါ်မှုရှိနေပြီဟု ရူနီဝန်ခံ

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    rooney

    – အင်္ဂလန်လက်ရွေးစင်အသင်းတွင် ပုံမှန်နေရာရရှိရေးအတွက် မိမိတွင် “ကြီးမားသည့် စိန်ခေါ်မှု” ရှိနေသည်ဟု မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပထမဆုံးအကြိမ် ၀န်ခံပြောကြားလိုက်သည်။

    အသက် ၃၀ အရွယ် ရှိပြီဖြစ်သည့် ရူနီမှာ အင်္ဂလန် ဂန္တ၀င်ကစားသမား ဘော်ဘီချာလ်တန် တင်ထားသည့် သွင်းဂိုးအများဆုံးစံချိန်ကို ပြီးခဲ့သည့်လက ချိုးဖျက်နိုင်ခဲ့သည်။ သို့သော်လည်း ယနေ့တွင် စပိန်အသင်းနှင့် ကစားမည့် ခြေစမ်းပွဲအတွက် အင်္ဂလန်အသင်း၏ လူစာရင်းမှ ချန်လှပ်ခံခဲ့ရပြီး ၎င်း၏နေရာကို စပါးအသင်းတွင် ခြေစွမ်းပြနေသည့် တိုက်စစ်မှူး ဟယ်ရီကိန်းက ၀င်ယူဖွယ်ရှိနေသည်။

    အင်္ဂလန်နည်းပြ ရွိုင်ဟဒ်ဆန်ကလည်း တိုက်စစ်ပိုင်းတွင် စမ်းသပ်မှုများ ပြုလုပ်သွားမည်ဟု ပြောကြားထားသည်။

    “တကယ်လို့ နည်းပြက နိုင်ငံတကာအဆင့်မှာ ဘာလုပ်နိုင်လဲဆိုတာကို စမ်းသပ်ဖို့ လိုအပ်တယ်ဆိုရင် ဒါကို ကျွန်တော်တို့က နားလည်ပေးရပါမယ်။ အသင်းမှာ နေရာရဖို့အတွက် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်နေပြီး ဒါမျိုးကို ကျွန်တော်လိုချင်တာပါ။ ကျွန်တော် သက်သေပြချင်ပါတယ်။ ရွိုင် နည်းပြအဖြစ် တာဝန်ယူကတည်းက အဲဒီအခြေအနေ ဖြစ်လာမယ်လို့ ကျွန်တော် ခံစားရပါတယ်။ ကျွန်တော့်ရဲ့ လက်ရွေးစင် ခြေစွမ်းက သိပ်ကောင်းနေပါတယ်။ ဂိုးတွေအများကြီး သွင်းထားနိုင်ပြီး နောက်ထပ်လည်း ဆက်သွင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref: Goal

  • ဘူရန်ဒီ သတ်ဖြတ်မှုများကို ကုလ ရှုတ်ချ

    ဘူရန်ဒီ သတ်ဖြတ်မှုများကို ကုလ ရှုတ်ချ

    နိုဝင်ဘာ ၁၃၊ ၂၀၁၅
    M-Media

    burundi

    – ဘူရန်ဒီနိုင်ငံတွင် ဖြစ်ပွားနေသည့် သတ်ဖြတ်မှုများ၊ ငြှင်းပန်းနှိပ်စက်မှုများနှင့် လူ့အခွင့်အရေး ချိုးဖောက်မှုများအတွက် ပြင်းထန်စွာ ရှုတ်ချသည့် ဆုံးဖြတ်ချက်တစ်ခုကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ယမန်နေ့တွင် တညီတညွတ်တည်း အတည်ပြုလိုက်ပြီး ထိုတိုက်ခိုက်မှုများတွင် ပါဝင်သူများကို ပိတ်ဆို့မှုများ ပြုလုပ်သွားမည်ဟုလည်း သတိပေး ပြောဆိုလိုက်သည်။

    ဘူရန်ဒီသမ္မတ ပီရာရီ အန်ကူရွန်ဇီဇာက ပြီးခဲ့သည့်မတ်လတွင် အခြေခံဥပဒေနှင့်ဆန့်ကျင်ကာ တတိယအကြိမ်မြောက် သမ္မတတာဝန် ထမ်းဆောင်ရန် ကြိုးပမ်းမှုမှ စတင်ခဲ့သည့် နိုင်ငံအတွင်း မငြိမ်မသက်မှုများကြောင့် ယခုအချိန်အထိ အနည်းဆုံး လူ ၂၄၀ သေဆုံးခဲ့သည်။ ထို့ပြင် ပြီးခဲ့သည့် သီတင်းပတ်ကစ၍ အစိုးရက နှိမ်နှင်းမှုများကို တိုးမြှင့်ပြုလုပ်နေသောကြောင့် အခြေအနေမှာ ပိုမို ဆိုးရွားလာခဲ့သည်။

    ယခု ဆုံးဖြတ်ချက်တွင် ဘူရန်ဒီနိုင်ငံအတွင်း ဖြစ်ပွားနေသာ နိုင်ငံရေးနှင့် လုံခြုံရေး ပြဿနာများကို ဖြေရှင်းရန်အတွက် ဘူရန်ဒီအစိုးရ၊ အာဖရိကသမဂ္ဂ၊ အခြားသော မိတ်ဖက်များနှင့် အလုပ်တွဲလုပ်နိုင်ရေး အဖွဲ့တစ်ခု စေလွှတ်ပေးရန် ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်အား တောင်းဆိုထားသည်။

    ထို့ပြင် ကုလ၊ ဥရောပသမဂ္ဂနှင့် အာဖရိကသမဂ္ဂတို့ကလည်း ယမန်နေ့တွင် ပူးတွဲကြေငြာချက်တစ်ခု ထုတ်ပြန်ခဲ့ပြီး ဘူရန်ဒီအစိုးနှင့် အတိုက်အခံဘက်မှ ကိုယ်စားလှယ်များမှာ အာဖရိကသမဂ္ဂ၏ အစီအစဉ်ဖြင့် တွေ့ဆုံဆွေးနွေးရန် တိုက်တွန်းခဲ့သည်။

    Ref: Aljazeera