နိုဝင်ဘာ ၁၃၊ ၂၀၁၅
M-Media
– IS အကြမ်းဖက်အဖွဲ့က ဓားစားခံများအား ခေါင်းဖြတ်သတ်သည့် ဗီဒီယိုများတွင် ပါဝင်သရုပ်ဆောင်ခဲ့သော ဂျီဟာဒီဂျွန်မှာ ဆီးရီးယားနိုင်ငံ ရက်ကာ၌ အမေရိကန်က ယမန်နေ့တွင် ပြုလုပ်သော ဒရုန်းလေယာဉ်ဖြင့် တိုက်ခိုက်မှုတွင် သေဆုံးခဲ့သည်ဟု သိရသည်။
ဆီးရီးယား IS ၏ ဌာနချုပ်မြို့ဖြစ်သော ရက်ကာရှိ အဆောက်အဦးတစ်ခုမှ ကားပေါ်သို့တက်စဉ် အမေရိကန် ဒရုန်းလေယာဉ်က ဒုံးကျည်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ပြီး ပင်တဂွန်တာဝန်ရှိသူများကမူ ဂျီဟာဒီဂျွန် သေဆုံးသည်မှာ ၉၉ ရာခိုင်နှုန်းသေချာနေကာ အတည်ပြုမှုကို ပြုလုပ်နေသည်ဟု ပြောကြားခဲ့သည်။
ကာကွယ်ရေးတာဝန်ရှိသူ တစ်ဦးကလည်း ထိုတိုက်ခိုက်မှုတွင် ကူဝိတ်၌မွေးဖွားပြီး ဗြိတိန်တွင်ကြီးပြင်းခဲ့သည့် ဂျွန်အား တိတိကျကျ ထိမှန်ခဲ့သည်ဟု ABC သတင်းဌာသို့ ပြောကြားခဲ့သည်။ ထို့ပြင် ဂျီဟာဒီဂျွန်နှင့်အတူ အခြား စစ်သွေးကြွတစ်ဦးလည်း သေဆုံးခဲ့သည်။
Ref: Dailymail


Leave a Reply
You must be logged in to post a comment.