News @ M-Media
Blog
  • ကလော့ပ်ရှုံးပွဲတွေ့၊ လန်ဒန်ဒါဘီ အဖြေမပေါ်ဘဲ၊ ချယ်ဆီးတို့ ၃ ပွဲဆက်ရှုံးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂
    ကလော့ပ်ရှုံးပွဲတွေ့၊ လန်ဒန်ဒါဘီ အဖြေမပေါ်ဘဲ၊ ချယ်ဆီးတို့ ၃ ပွဲဆက်ရှုံးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂
    နိုဝင်ဘာ ၉၊ ၂၀၁
    M-Media
    EPL
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လန်ဒန်ဒါဘီ အာဆင်နယ်နဲ့ စပါးတို့ပွဲမှာ အိမ်ရှင်အာဆင်နယ်တို့ နောက်ကလိုက်ကစားခဲ့ရပြီး ၁ ဂိုးစီသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
    နောက်ဆုံး ၁၀ ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ စပါးအသင်း ပထမပိုင်းမှာ အဆင်နယ်ကို ပိုပြီး ဖိအားပေးနိုင်ခဲ့ကာ နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက် တွေ့လာတဲ့ ဟယ်ရီကိန်းက ၃၂ မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်က တင်ကစားလာခဲ့တာကြောင့် အသာရလာခဲ့ပေမယ့် ချေပဂိုးကိုတော့ ၇၃ မိနစ်မှ နောက်ခံလူ ကီရန် ဂစ်ဘ်က သွင်းယူပေးခဲ့တာပါ။ ဒါဟာ တစ်နှစ်ကျော်ကြာအတွင်းမှာ သူ့ရဲ့ ပထမဆုံး ဂိုးလည်း ဖြစ်ပါတယ်။
    epl 2
    မော်ရင်ဟို ကွင်းအတွင်းဝင်ခွင့်မရတဲ့ ချယ်ဆီးကတော့ စတုတ်စီးတီးကွင်းမှာ ၃ ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
    နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ အနိုင်ရထားတဲ့ စတုတ်ကို ချယ်ဆီးတို့ လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။ တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၃ မိနစ်မှာ မာကို အာရ်နျူတိုဗစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စတုတ်ဟာ လိဂ်ဖလားပွဲကနေလည်း ချယ်ဆီးကို အနိုင်ကစားပြီး ထွက်စေခဲ့သူဖြစ်ပါတယ်။
    epl 3
    လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ အသင်းသစ်နဲ့ ပထမဆုံး အရှုံးကို ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးလ်က ကစားပုံကောင်းခဲ့ပေမယ့် ပါဂျူးရဲ့ ခရစ္စတယ်ပဲလေ့စ်က ရရှိတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ အဖိုးတန် အနိုင် ၃ မှတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဧည်သည့်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ၂၁ မိနစ်မှာ ဘိုလာစီနဲ့ ၈၂ မိနစ်မှာ စကော့ဒန်းက သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ်အတွက် ချေပဂိုးကို ၄၂ မိနစ်မှာ ဖိလစ် ကော်တင်ဟိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူ့အသင်းဟာ အရှုံးနဲ့မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။
    မန်စီးတီးepl 4က အဝေးကွင်းမှာ တိုက်စစ်ပျောက်ခဲ့ပြီး ဇယားအောက်ဆုံးက အက်စတွန်ဗီလာကို ဂိုးမရှိသရေကျခဲ့ကာ လန်ဒန်ဒါဘီအခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။ မန်ယူက အိမ်ကွင်းမှာ ဘောလုံးပိုင်းဆိုင်မှုကို အသားပေးခဲ့ပြီး ခံစစ်နဲ့ရင်ဆိုင်တဲ့ ၀က်စ်ဘရွန်းကို လင်ဂါ့ဒ်ရဲ့ ၅၂ မိနစ်ဂိုး၊ မာတာရဲ့ ဒုတိယပိုင်း နာကျင်အချိန်ပို ပင်နယ်တီတွေနဲ့ အနိုင်ရခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဘုန်းမောက် ၀-၁ နယူးကာဆယ်
    လက်စတာ ၂-၁ ၀က်ဖို့ဒ်
    မန်ယူ ၂-၀ ၀က်စ်ဘရွန်း
    နော်ဝစ်ခ်ျ ၁-၀ ဆွမ်ဆီး
    ဆန်းဒါးလန်း ၀-၁ ဆောက်သက်တမ်
    စတုတ် ၁-၀ ချယ်ဆီး
    အက်စတွန်ဗီလာ ၀-၀ မန်စီးတီး
    အာဆင်နယ် ၁-၁ စပါး
    လီဗာပူးလ် ၁-၂ ခရစ္စတယ်ပဲလေ့စ်
  • ကလေးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်သူများကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး
    ကလေးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်သူများကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး
    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media
    bang
    အဓိကတရားခံ ကမ်ရူ အစ္စလာမ် (အလယ်ပုံ)
    – အသက် ၁၃ နှစ်အရွယ် လူငယ်အား ရိုက်နှက်သတ်ဖြတ်ခဲ့မှုနှင့် ထိုအဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းတင်ကာ အင်တာနက်ပေါ်တွင် ဖြန့်ဝေခဲ့မှုအတွက် လူလေးဦးကို ဘင်္ဂလားဒေ့ရှ်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
    လွန်ခဲ့သည့်လေးလက ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆီလ်ဟတ်မြို့ တရားရုံးတွင် ယမန်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူများမှ အဓိကတရားခံမှာ ကမ်ရူလ် အစ္စလာမ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ဆော်ဒီသို့ ထွက်ပြေးခဲ့သော်လည်း ဆော်ဒီက ၎င်းအား ပြန်လည် နှင်ထုတ်ခဲ့သည်။
    အသတ်ခံရသူမှာ ရှိခ် မိုဟာမက် ဆမီအူလ် အလမ် ရာဂျွန်ဖြစ်ပြီး ဆိုင်ကယ်ခိုးသည်ဟု စွပ်စွဲဟာ ဆီလ်ဟတ်မြို့တွင် ဇူလိုင်လ ၈ ရက်နေ့က လူအုပ်စုတစ်ခု၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အလောင်းအား စစ်ဆေးမှုများအရ ရာဂျွန်မှာ ဦးခေါင်းနှင့် ရင်ဘတ်တို့အပါအ၀င် ဒဏ်ရာများစွာ ရရှိခဲ့ပြီး ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဖြေထွက်ခဲ့သည်။
    ထိုအဖြစ်ပျက်အား ရိုက်ကူးခဲ့သည့် ၂၈ မိနစ်ကြာ ဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့သွားခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ဗီဒီယိုရိုက်သူ နူရ်အဟ်မဒ်ကို တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တိုက်ခိုက်မှုတွင် ပါဝင်သည့် အခြားသူများကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
    ထိုကဲ့သို့ တရားခံများကို တရားဥပဒေအတိုင်း အပြစ်ပေးနိုင်ခဲ့သည့်အတွက် ကျေနပ်မိသည်ဟု ရာဂျွန်၏ ဖခင် ရှိခ် အဇီဇူရ် ရဟ်မန်က ပြောကြားခဲ့သည်။
    “ရာဂျွန်ကို သတ်တဲ့ကိစ္စဟာ တော်တော်လေးကို နှလုံးနာစရာကောင်းတဲ့ ကိစ္စပါ။ ရာဂျွန်ကို သတ်တဲ့သူတွေကိုတော့ ၄ လကြာပြီးမှ အပြစ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ တစ်နေ့မှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဥပမာတစ်ခုပါပဲ”
    Ref: Aljazeera
  • မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် ချီးကျူး၊ ဒီမိုကရေစီအတွက် အဟန့်အတားများ ရှိနေသည်ဟု ဆို
    မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် ချီးကျူး၊ ဒီမိုကရေစီအတွက် အဟန့်အတားများ ရှိနေသည်ဟု ဆို
    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media
    jhon
    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲကို အမေရိကန်က ကြိုဆိုလိုက်ပြီး ပြည့်ဝသည့် ဒီမိုကရေစီဖော်ဆောင်ရေးအား ကဖျက်ယဖျက်လုပ်ရန် စနစ်တကျ ဖန်တီးထားသည့် အဟန့်အတားများနှင့် ပတ်သက်၍လည်း သတိပေးပြောကြားလိုက်သည်။
    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာရယူနိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆနေကြသည့် အဆိုပါ ရွေးကောက်ပွဲမှာ “ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူများ ပြသခဲ့သော ရဲစွမ်းသတ္တိနှင့် အနစ်နာခံမှုများ၏ ပဋိဥာဏ်” ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆိုသည်။
    “ရှေ့ဆက်ဖို့အတွက် ဒီရွေးကောက်ပွဲဟာ အရေးကြီးပေမယ့် ဒါဟာ မပြည့်စုံဘူးဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ပြည်ဝတဲ့ ဒီမိုကရေစီကျင့်သုံးရေးနဲ့ အရပ်သားအစိုးရ ပေါ်ထွက်လာဖို့နေရာမှာ သေသေချာချာ၊ စနစ်တကျ ဆောင်ရွက်ထားတဲ့ ခလုတ်တံသင်းတွေလည်း ရှိနေပါသေးတယ်” ဟု ဆိုပြီး လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့် စစ်တပ်ကိုယ်စားလှယ်များ ရှိနေခြင်း၊ ရိုဟင်ဂျာများကဲ့သို့ လူနည်းစုများအား မဲပေးခွင့် ပိတ်ပင်ခြင်းနှင့် အချို့သော ကိုယ်စားလှယ်လောင်းများကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ပယ်ချခြင်းတို့ကို ဂျွန်ကယ်ရီက ထောက်ပြခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် မဲရေတွက်မှု လုပ်ငန်းစဉ်ကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံးက မဲရလဒ်တွက်ချက်မှု ပွင့်လင်းမြင်သာစေရေးနှင့် ယုံကြည်စိတ်ချမှုရှိစေရေး တိုင်ကြားမှုများကိုလည်း သင့်တော်သောနည်းလမ်းဖြင့် ပွင့်လင်းမြင်သာစွာ အလျင်အမြန် ဖြေရှင်းရေးတို့တွင် ကူညီကြရန် ဂျွန်ကယ်ရီက ထည့်သွင်းတိုက်တွန်းခဲ့သည်။
    Ref: Channelnewsasia
  • ဘာသာရေး မှိုင်းတိုက် မဲဆွယ်မှုများကြားမှ တည်ငြိမ်နေသော မိတ္ထီလာ
    ဘာသာရေး မှိုင်းတိုက် မဲဆွယ်မှုများကြားမှ တည်ငြိမ်နေသော မိတ္ထီလာ
    11231149_10153086606186436_8007761558327167158_n
    ဖြိုးသီဟချို / Myanmar Now
    မိတ္ထီလာ (Myanmar Now) –   မဲရုံစတင်ဖွင့်လှစ်ချိန် နံနက် ၆ နာရီ မထိုးမီကပင် မိတ္ထီလာမြို့ခံအများအပြားက စာသင်ကျောင်းများတွင် ဖွင့်ထားသော မဲရုံများရှေ့သို့ ကြိုရောက်ပြီး တန်းစီနေကြသည်။
    မိတ္ထီလာသည် လွန်ခဲ့သည့် ၂ နှစ်က ဘာသာရေးပဋိပက္ခကြောင့် လူအများပြား သေဆုံး၊ နေအိမ်များ မီးရှို့ဖျက်ဆီးမှုများ ဖြစ်ပွားခဲ့ရာဒေသဖြစ်သည်။
    မဲဆွယ်ကာလအတွင်း မိတ္ထီလာရှိဘာသာရေး၊ နိုင်ငံရေး ဟောပြောပွဲတချို့တွင် အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်မည့် ပါတီကိုသာ မဲထည့်ရန် ထည့်သွင်းပြောဆိုခဲ့ကြသည်ဟု သိရသည်။
    ရွေးကောက်ပွဲကျင်းပရန် ရက်ပိုင်းအလိုအထိ  အမျိုး၊ ဘာသာ၊ သာသနာအရေး စိတ်အား ထက်သန်သူမြို့ခံတချို့က   တရားပွဲများ ပြုလုပ်ရာ သွားရောက်သူ အနည်းအကျဉ်းသာ ရှိသည်ဟု မြို့ခံတစ်ဦးဖြစ်သူ ဦးလွင်မောင်မောင်က ဆိုသည်။
    “ဘာသာရေးကိုအသုံးချ မဲဆွယ်နေတာတွေကို ကျွန်တော်တို့ဒေသခံတော်တော်များများက သဘောပေါက်လာကြပါပြီ”  ဟု သူကပြောသည်။
    အကဲဆတ်သည့် ကာလ မဲဆွယ်စည်းရုံးများတွင် ဘာသာရေးမှိုင်းတိုက်မှုများ ရှိခဲ့သော်လည်း ဘာသာရေးအဓိကရုဏ်းများကြောင့် အကြီးအကျယ် အထိနာခဲ့သည့်  မိတ္ထီလာမြို့ကြီးသည်  ရွေးကောက်ပွဲနေ့တွင် တည်တည်ငြိမ်ငြိမ် ရှိနေသည်။
    တပ်မြို့
    ——–
    မိတ္ထီလာတွင် တပ်မတော်(ကြည်း)နှင့် တပ်မတော်(လေ) အခြေစိုက် စခန်းများလည်း ရှိပြီး ဒေသတွင်း  မဲပေးပိုင်ခွင့်ရှိသူမဲဆန္ဒရှင် ၂၆ဝ,ဝဝဝ ကျော်ထဲတွင် တပ်မတော်သား ၂ဝ,ဝဝဝ နီးပါး ပါဝင်နေသည်။
    မိတ္ထီလာထောက်ပံ့ရေးနှင့် ပို့ဆောင်ရေးတပ် မဲဆန္ဒနယ်တွင် တာဝန်ကျသော ဒေသခံ ကော်မရှင်ရုံးခွဲမှ အတွင်းရေးမှူး ဦးအောင်စိုးဦးက  “ဖိအားတွေရင်ဆိုင်ရတာတော့ မရှိပါဘူး။ တပ်ကလည်းကူညီပါတယ်” ဟု ဆိုသည်။
    တပ်မတော်ခေါင်းဆောင်များက  မည်သို့သော ပါတီများကို မဲပေးရမည်ဆိုသည့်  အရိပ်အမြွက် ပြောကြားထားပြီဖြစ်ပြီး တပ်မတော်၏ ထုံးစံအရ အထက်၏ ညွှန်ကြားချက်ကို လိုက်နာလေ့ရှိသည်။
    အောက်တိုဘာ ၂ဝ ရက်နေ့က နေပြည်တော်တွင် တပ်မတော်အရာရှိ ရာပေါင်းများစွာနှင့် တွေ့ဆုံစဉ် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တပ်မတော် မိသားစုများအနေဖြင့် တပ်မတော်အပေါ် နားလည်နိုင်သည့်၊ အမျိုး၊ ဘာသာ၊ သာသနာကို စောင့်ရှောက်သည့်၊ ပြည်ပအဖွဲ့အစည်းများနှင့် နိုင်ငံခြားသားများ၏ သြဇာခံမဟုတ်သည့်သူများကိုသာ  ရွေးကောက်ပွဲတွင် မဲပေးရန် မိန့်ခွန်းခြွေခဲ့သည်။
    မျိုးစောင့်ဥပဒေနှင့် နိုင်ငံရေးသမား
    ——————————–
    အထင်ကရ နိုင်ငံရေးသမားတစ်ဦးဖြစ်သူ  ဒေါ်ခင်ဝိုင်းကြည်ကလည်း မိတ္ထီလာမဲဆန္ဒနယ်၏ လွှတ်တော်ကိုယ်စားလှယ်လောင်းတစ်ဦးဖြစ်သည်။
    မိတ္ထီလာမဲဆန္ဒနယ်ကို ရွေးချယ်ရခြင်းမှာ ဤဒေသတွင် ဗုဒ္ဓဘာသာကိုသက်ဝင်ယုံကြည်သူ များပြားသောကြောင့်ဖြစ်သည်ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ၏  ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်း ဒေါ်ခင်ဝိုင်းကြည်က ဆိုသည်။
    ဒေါ်ခင်ဝိုင်းကြည်သည် အငြင်းပွားဖွယ်ရာ မျိုးစောင့်ဥပဒေကို အမျိုးသားလွှတ်တော်တွင် ပထမဆုံးတင်သွင်းခဲ့သူလည်း ဖြစ်သည်။
    “ ကျွန်မဟာ အမျိုး၊ ဘာသာ၊ သာသာနာကို စောင့်ရှောက်တဲ့လူဖြစ်တယ်လို့ လက်ခံထားတဲ့လူတွေကတော့ ကျွန်မကိုပဲ မဲပေးမှာပါ”  ဟု သူက ညာဘက်နဖူးပေါ်ကျလာသည့် ငွေရောင်ဆံပင်များကိုပင့်ရင်း ယုံကြည်ချက်အပြည့်ဖြင့် ပြောသည်။
    လူ့အခွင့်အရေးရှုထောင့်မှ မဲဆွယ်စည်းရုံးမှုများကို ဒေါ်ခင်ဝိုင်းကြည်က ပြင်းပြင်းထန်ထန် ဝေဖန်သည်။
    “လူ့အခွင့်အရေးနဲ့ အမျိုးသားရေး အံဝင်ခွင်ကျ ဖြစ်တဲ့ဟာကိုပဲ ကျွန်မက လက်ခံတယ်၊ မဖြစ်တဲ့ဟာကိုတော့ လက်မခံနိုင်ဘူး၊ လူ့အခွင့်အရေးလို့ သေအောင်အော်နေပါစေ၊ အဲဒါကို လက်မခံနိုင်ဘူး” ဟု  ဒေါ်ခင်ဝိုင်းကြည်က  ပြောသည်။ ပြောဆိုနေစဉ်  ဒေါသထွက်လာသဖြင့် သူ့အသံမှာ တုန်ယင်နေသည်။
    ဘာသာရေးနှင့် ရွေးကောက်ပွဲ
    ——————————–
    NLD ပါတီမှ မိတ္ထီလာမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးက ဘာသာရေးအသုံးချမဲဆွယ်စည်းရုံးမှုများ ရှိခဲ့လင့်ကစား မဲမသမာမှုများသာ မပေါ်ပေါက်လျှင် ရွေးကောက်ပွဲရလဒ်အပေါ် စိုးရိမ်ပူပန်စရာလိုမည်မဟုတ်ဟု ပြောသည်။
    ဘာသာရေးကို နိုင်ငံရေးလက်နက်တစ်ခုအနေဖြင့် အသုံးချမဲဆွယ်မှုမှာ အလွန်တရာ အကဲဆတ်သည်ဟု သူက သုံးသပ်သည်။
    “ဘာသာရေးအသုံးချမဲဆွယ်မှုကတော့ အောက်တန်းအကျဆုံးနိုင်ငံရေးပဲ။ နိုင်ငံရေးသမားတစ်ယောက်ဟာ နိုင်ငံအပေါ်မှာ တကယ်ကိုတိုးတက်စေချင်တယ်ဆိုရင် တည်ငြိမ်အေးချမ်းရေးကိုပျက်ပြားစေတဲ့ကိစ္စကို မလုပ်ရဘူး။ ဒါဟာနိုင်ငံတစ်ခုအတွက် အရမ်းအန္တရာယ်များတဲ့ ကိစ္စတစ်ခုပါ” ဟု သူက ပြောသည်။
    အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်သည့် ဦးကျော်ဇင်က ရွေးကောက်ပွဲလွန်ကာလတွင် အပြောင်းအလဲ ကြီးကြီးမားမားဖြစ်လာမည်ဟု မျှော်လင့်မထားကြောင်းပြောသည်။
    “ကျွန်တော်တို့ကတော့ အများကြီး မမျှော်လင့်ထားပါဘူး။ နိုင်ငံသားတစ်ယောက်အနေနဲ့ ပေးသင့်တယ်ထင်လို့ ပေးတာပါ” ဟု ၎င်းကပြောသည်။
    ယခင် ရွေးကောက်ပွဲများတွင် မဲပေးခဲ့ဖူးသည့် အသက် ၇ဝ   အရွယ် ဦးကျော်ဝင်းက တင်းမာမှုများ မရှိစေလိုကြောင်း မှတ်ချက်ပေးသည်။
    “ငြိမ်းငြိမ်းချမ်းချမ်းပဲ ပြီးသွားစေချင်တယ်။ အကောင်းဆုံးကိုမျှော်လင့်ထားပါတယ်” ဟု မဲပေးပြီးပြန်လာသည့် ဦးကျော်ဝင်းက ပြောပြသည်။
    ယနေ့ခေတ်ပညာရေးစနစ် မကောင်းသည့်အတွက်  ဘွဲ့ရသော်လည်း ပညာမတတ်သူ များပြားလာသည့်အချက်ကို ပြုပြင်စေလိုသည်ဟု သူက ဆိုသည်။
    “ပညာရေးကောင်းလာရင် ကျန်တာတွေ ပြောစရာ သိပ်မလိုတော့ပါဘူး” ဟု သူက ဆက်ပြောသည်။
    မဲဆန္ဒရှင် ၁,၃ဝဝ ကျော် မဲပေးနိုင်သော  မင်းရပ်၊  မဲရုံအမှတ်(၁) တွင်  နံနက်ရှစ်နာရီခွဲက အယောက် ၂ဝဝ ခန့် မဲပေးပြီးသွားပြီဟု သိရသည်။
    ညနေ ၄ နာရီ မဲရုံပိတ်ချိန်တွင် သတ်မှတ်ထားသည့် အရေအတွက်အတိုင်း အားလုံး မဲပေးနိုင်ကြလိမ့်မည်ဟု  အမှတ် (၁) မြို့မရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်ဦးက ခန့်မှန်းသည်။
    ရွေးကောက်ပွဲအကြိုနှင့်အလွန်
    ——————————-
    ရွေးကောက်ပွဲကျင်းပရန်တစ်ရက်အလို မိတ္ထီလာမြို့၏နံနက်ခင်းမြင်ကွင်းများသည် ဒေသခံတို့၏သဘောထားကိုထင်ဟပ်လျက်ရှိသည်။
    ရွေးကောက်ပွဲအကြိုရက်တွင် မိတ္ထီလာမှ ဂျာနယ်လက်ပွေ့ရောင်းသူတစ်ဦးကလည်း “အနီရောင်တွေလွှမ်းတော့မယ့် နိုဝင်ဘာလ” ဟု အော်ဟစ်ရင်း သူ့လက်ထဲတွင်ကိုင်ဆောင်ထားသော ဘောလုံးဂျာနယ်တစ်စောင်ကို ဝှေ့ရမ်းပြနေသည်။
    ဂျာနယ်မျက်နှာဖုံးတွင်တော့ ဥရောပမှ ဘောလုံးအသင်းနှစ်သင်းယှဉ်ပြိုင်မှုတွင်  အနီရောင်ဝတ် ဘောလုံးအသင်း အနိုင်ရမည့် အကြောင်းကို ရေးသားထားသည်။
    လက်ဘက်ရည်ဆိုင် တစ်ဆိုင်တွင် စားပွဲထိုးတစ်ဦးက အလုပ်လုပ်နေရင်း NLD ပါတီ အောင်နိုင်ရေးသီချင်း တစ်ပုဒ် အော်ဆိုနေသည်ကို တွေ့ရသည်။ ထိုသီချင်းမှာ မဲဆွယ်ကာလ ဒေသအနှံ့တွင် ကြားရသည့် NLD မဲဆွယ်သီချင်း တစ်ပုဒ်ဖြစ်သည်။
    NLD ၏ လွှတ်တော်ကိုယ်စားလှယ်လောင်းများအတွက် ဒေသတွင်း အဓိက ပြိုင်ဘက်များမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအင်အားစုတို့မှ  ဖြစ်သည်။
    မိတ္ထီလာတွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားခဲ့သော်လည်း  ယခုအခါ ဒေသခံတို့က  အပြန်အလှန်နားလည်မှုဖြင့် နေထိုင်လျက်ရှိပြီး တည်ငြိမ်အေးချမ်းသည့် အခြေအနေကိုသာ လိုလားကြသည်ဟု NLD  ကိုယ်စားလှယ်လောင်း ဒေါက်တာဝင်းစိုးဦးက ပြောသည်။
    “တော်တော်ကိုစာမဖတ်တဲ့လူတွေလောက်နဲ့ တော်တော်ကို အကြားအမြင် ဗဟုသုတနည်းတဲ့လူတွေလောက်သာ သူတို့လုပ်တဲ့မှိုင်းမှာဝင်မှာပါ။ စိုးရိမ်စရာ အများကြီးတော့ မရှိပါဘူး” ဟု သူကပြောသည်။      ။
  • တာဝန်ကျေကြသူများ
    တာဝန်ကျေကြသူများ
    နိုဝင်ဘာ ၈ ၊ ၂၀၁၅
    M-Media
    အိမ်ဝေးသူ (KZ) ရေးသည်။
    MyanmarElection2 copy
    * လက်သန်းလေးတွေ အရောင်မတူကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။
    * လက်သန်းလေးတွေ အရွယ်မတူကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။
    * လက်သန်းလေးတွေ ပုံစံမတူကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။
    * လက်သန်းလေးတွေမှာ လူမျိုး၊ ဘာသာ မရှိကြဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။
    * လက်သန်းလေးတွေမှာ ဆင်းရဲ ချမ်းသာ မရှိဘူး
    ဒါပေမယ့် သူတို့လေးတွေ တာဝန်ကျေကြတယ်။
    * အရောင်စွန်းတဲ့ လက်သန်းလေးတွေနဲ့ အတူ
    တာဝန်ကိုယ်စီ ကျေလွန်းတဲ့ လက်သန်းလေးတွေနဲ့ အတူ
    လက်သန်းလေးတွေ နေတဲ့ တိုင်းပြည်ရဲ့
    အနာဂတ်ဟာလည်း မျှော့်လင့်ခြင်းများနဲ့ ပြည့်လို့နေတယ်။
    အိမ်ဝေးသူ (KZ)