News @ M-Media

Blog

  • အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    အပြောကြီးသည့်ပြိုင်ဘက်အား အလဲထိုးမည့် ကမ္ဘာ့ဟဲဗီးဝိတ်ချိန်ပီယံ

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    bos
    ကလစ်ရှ်ကို (၀ဲ) နှင့် ဖျူရီ (ယာ)

    – မိမိအနေဖြင့် တိုင်ဆန်ဖျူရီအား အလဲထိုးသွားမည်ဖြစ်ပြီး ဖျူရီကို ဒေးဗစ်ဟေးနှင့် အန်သိုနီ ဂျိုရှူဝါတို့ပင် အလဲထိုးနိုင်သည်ဟု ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံ ၀လာဒီမီရ် ကလစ်ရှ်ကိုက ပြောကြားလိုက်သည်။

    ယူကရိန်းလက်ဝှေ့ကျော် ကလစ်ရှ်ကိုနှင့် စိန်ခေါ်သူ ဗြိတိန်လက်ဝှေ့သမား ဖျူရီတို့မှာ ယခုလ ၂၈ ရက်နေ့တွင် ဂျာမနီနိုင်ငံ ဒက်ဆဲလ်ဒေါ့ဖ်တွင် ထိုးသတ်မည်ဖြစ်သည်။ ၎င်းတို့နှစ်ဦး၏ ပွဲအတွက် စက်တင်ဘာလက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ် ဖျူရီမှာ ကလစ်ရှ်ကိုအား ရိသဲ့သဲ့စကားများ ပြောခဲ့ပြီး နောက်ပိုင်းတွင် ဆိုရှယ်မီဒီယာကပင် မခံချင်အောင် စကားနာ ထိုးခဲ့သည်။

    “ဒေးဗစ်ဟေးနဲ့ ဖျူရီ ထိုးဖြစ်ရင် ဒေးဗစ်ဟေးက အလဲထိုးနိုင်မှာပါ။ အန်သိုနီဂျိုရှူဝါကလည်း သူ့ကို အလဲထိုးနိုင်မှာပါ။ ဒက်ဆဲလ်ဒေါ့ဖ်မှာ ကျွန်တော်အလဲထိုးမယ့် ပွဲလိုမျိုးပေါ့” ဟု လစ်ရှ်ကိုက ပြောကြားခဲ့သည်။

    ဖျူရီ၏ စကားနာထိုးမှုနှင့် ပတ်သက်၍လည်း ၎င်းက “Twitter မှာ ကျွန်တော်သူ့ကို မတုန့်ပြန်ပါဘူး။ အချိန်ကုန်ပါတယ်။ ဒါပေမယ့် ကျွန်တော်နည်းနည်းတော့ ပြောချင်ပါတယ်။ သူက သူ့လို ၂၇ နှစ်အရွယ် လူငယ်တစ်ယောက်ဟာ (ကျွန်တော့်လို) လူအိုတစ်ယောက်ကို ဘယ်တော့မှ မရှုံးဘူးလို့ ပြောတယ်။ ဒါဆို ဘာ့ကြောင့် အသည်းအသန် လေ့ကျင့်နေရတာလဲ။ အပြောနဲ့အလုပ်က တစ်ခြားစီဖြစ်နေတယ်။ တစ်ခါတစ်လေကျရင် သူက ကျွန်တော့်ကို အားကျတယ်ပြောတယ်။ ဟော – နောက်ကျတော့ ကျွန်တော်ဟာ
    အသုံးမကျဘူးလို့ ပြောပြန်တယ်။ အဓိပ္ပါယ်ကို မရှိပါဘူး” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dialymail

  • ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    ဂျူးဘုရားကျောင်းနှင့် လူမည်းခရစ်ယာန်ဘုရားကျောင်းများကို ဗုံးခွဲကာ သတ်ဖြတ်ရန် ကြံစည်သူ လူဖြူအစွန်းရောက်များကို အမေရိကန်ဖမ်းဆီး

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    us

    – လူမျိုးရေးနှင့် အမုန်းတရားစစ်ပွဲစတင်ရန် အစိတ်အပိုင်းဖြစ် လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများအား ဗုံးခွဲတိုက်ခိုက်ရန် စီစဉ်နေသည်ဟူသော စွဲချက်ဖြင့် ဗာဂျီးနီးယားရှိ လူဖြူအစွန်းရောက် နှစ်ဦးအား ဖမ်းဆီးလိုက်သည်ဟု အမေရိကန် ဖဒရယ်အာဏာပိုင်များက ပြောကြားလိုက်သည်။

    ရောဘတ် ကာတစ် ဒွိုင်လီနှင့် ရော်နယ်လ် ဘီစတေ ချာနေး ၃ ဆို သူတို့ဖြစ်ပြီး ဗာဂျီးနီးယားရှိ အမျိုးသားများမှာ တရားမ၀င် လက်နက်ရောင်းချသူထံမှ လက်နက်များနှင့် ပေါက်ကွဲစေတက်သော ပစ္စည်းများကို ၀ယ်သွားသည်ဟူသော စက်တင်ဘာလတွင် ရရှိသည့် သတင်းအရ FBI က ဆောင်ရွက်သည့် တနင်္ဂနွေနေ့ စစ်ဆင်ရေးတွင် ဖမ်းဆီးနိုင်ခဲ့ခြင်းဖြစ်သည်။

    ၎င်းတို့နှစ်ဦးမှာ ၎င်းတို့၏ အမုန်းစစ်ပွဲအတွက် လတ်ဝတ်ရတနာ အရောင်းဆိုင်နှင့် လက်နက်အရောင်းဆိုင်တို့ကဲ့သို့ စီးပွားရေးလုပ်ငန်းများကို ဓားပြတိုက်ရန် အစီအစဉ်ရှိထားသည်ဟု ဥပဒေထိန်းသိန်းရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။

    ထို့ပြင် လက်နက်များကို စုဆောင်းခြင်းနှင့် စစ်ဘက်ဆိုင်ရာ လေ့ကျင့်သင်ကြားပေးမှုများ ဆောင်ရွက်ရန်လည်း ရှိနေပြီး လူမည်းဘုရားကျောင်းများနှင့် ဂျူးဘုရားကျောင်းများကို ဖောက်ခွဲခြင်း၊ ဘုရားကျောင်းသို့ လာရောက်သူများကို ပစ်ခတ်သတ်ဖြတ်ခြင်းတို့ကို စီစဉ်နေခြင်း ဖြစ်သည်။

    ထို့ပြင် ချားလ်စ် ဒန်နီယဲလ် ဟဲလ်ဒါမန်ကိုလည်း အစွန်းရောက်ယုံကြည်ချက်များအတွက် ငွေဆိုင်တစ်ခုကို ဓားမြတိုက်ကာ ပိုင်ရှင်ကိုသတ်ဖြတ်ရန် အစီအစဉ်တွင် ဒွိုင်လီနှင့် ချာနေးတို့အား ကူညီရန် စွပ်စွဲချက်ဖြင့် ရဲတပ်ဖွဲ့က ထပ်မံဖမ်းဆီးခဲ့သည်။ ၎င်းတို့အား ဖမ်းဆီးရာတွင် လက်နက်ခဲယမ်းများကိုလည်း သိမ်းဆည်းရမိခဲ့သည်။

    Ref: CNN

  • ဗန်ပါစီမှာ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရမည်ဟု ဆနိုက်ဒါပြော

    ဗန်ပါစီမှာ မကြာခင် အကောင်းဆုံးပုံစံကို ပြန်ရမည်ဟု ဆနိုက်ဒါပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    van

    – စိတ်ပျက်စရာများကို ကြုံတွေ့နေရသည့် နယ်သာလန်တိုက်စစ်မှူး ဗန်ပါစီအနေဖြင့် မကြာခင် အကောင်းဆုံးပုံစံကို ပြန်လည် ရရှိလိမ့်မည်ဟု အသင်းဖော် ဆနိုက်ဒါက ပြောကြားလိုက်သည်။

    ယခုနှစ်တွင် မန်ယူမှ တူရကီကလပ် ဂါလာတာစာရေးသို့ ပြောင်းရွှေ့သွားခဲ့သည့် ဗန်ပါစီမှာ သြဂုတ်လက ခြေစွမ်းမပြနိုင်ခြင်းကြောင့် လက်ရွေးစင်အသင်းခေါင်းဆောင်နေရာကို စွန့်လွှတ်ခဲ့ရပြီး ယခုလအတွင်း ကစားမည့် ဝေးလ်းနှင့် ဂျာမနီအသင်းတို့နှင့် ခြေစမ်းပွဲများအတွက်လည်း ရွေးချယ်ခံခဲ့ရခြင်း မရှိခဲ့ပေ။

    “တကယ်လို့ ဗန်ပါစီဟာ အကောင်းဆုံးပုံစံမှာရှိနေရင် သူဟာ အသင်းမှာ ဆက်လက်ပါဝင်နေရမှာပါ။ ဒါပေမယ့် အသင်းဖော်က ဒီလိုပုံစံမှာရှိလား၊ မရှိလားဆိုတာ ကျွန်တော် ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ အဲဒီလိုပုံစံမျိုး ကျွန်တော် လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ခဲ့ဖူးပါတယ်။ အဲဒီပြဿနာတွေရှိလာရင် လုပ်စရာနှစ်ခုသာ ရှိပါတယ်။ အရှုံးပေးမလား ဒါမှမဟုတ် ဝေဖန်သူတွေက မှားကြောင်း သက်သေပြမလား ဆိုတာပါပဲ။ ကျွန်တော်ကတော့ ဒုတိယနည်းလမ်းကို ရွေးပါတယ်။ ဗန်ပါစီလည်း ဒီအတိုင်းပဲလုပ်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။ ဒါပေမယ့် ဒီလိုအခြေအနေမျိုးကို ဖြတ်သန်းရရင်တော့ ငရဲခံနေရသလို ဖြစ်မယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်” ဟု စနိုက်ဒါက ပြောကြားခဲ့သည်။

    Ref: Goal

  • တူရကီတွင် ဒုက္ခသည်သင်္ဘောတစ်စီး တိမ်းမှောက်ပြန်

    တူရကီတွင် ဒုက္ခသည်သင်္ဘောတစ်စီး တိမ်းမှောက်ပြန်

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    greece

    – တူရကီနိုင်ငံမှ ဂရိနိုင်ငံအနောက်ပိုင်း ကာနာကာလေးပြည်နယ်ရှိ လက်စ်ဘော့စ်ကျွန်းသို့ သွားရောက်စဉ် တူရကီရေပိုင်နက်၌ ဒုက္ခသည် သင်္ဘောတစ်စီး ယမန်နေ့က တိမ်းမှောက်ခဲ့သောကြောင့် အနည်းဆုံး ကလေးငယ် ၇ ဦးပါအ၀င် ဒုက္ခသည် ၁၈ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    ဒုက္ခသည်များအား တင်ဆောင်လာသည့် အဆိုပါသင်္ဘောမှာ သစ်သားသင်္ဘောဖြစ်ပြီး ကျောက်ဆောင်များနှင့် တိုက်မိပြီးနောက် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်ဟု ကမ်းခြေစောင့်တပ်ဖွဲ့က ပြောကြားခဲ့သည်။

    “ကမ္ဘာကြီး နိုးထလာဖို့အတွက် နောက်ထပ် အေလန် (စက်တင်ဘာလအတွင်းက ဒုက္ခသည်သင်္ဘောတစ်စီး နစ်မြုပ်ခဲ့သောကြောင့် သေဆုံးကာ တူရကီရှိ ကမ်းခြေတစ်ခုပေါ်သို့ လာတင်သည့် ၃ နှစ်အရွယ် ဆီးရီးယား ကလေးငယ်) တစ်ယောက် လိုသေးလို့လား။ လူသားချင်း စာနာထောက်ထားမှုဟာ ဘေးကနေ ထိုင်ကြည့်နေကြတယ်” ဟု တူရကီသမ္မတ အာဒိုဂန်က ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ ဝေဖန်ပြောကြားခဲ့သည်။

    တူရကီနိုင်ငံမှာ ဆီးရီးယားစစ်ပွဲကြောင့် ထွက်ပြေးလာရသည့် ဒုက္ခသည် ၂.၂ သန်းကို လက်ခံထားပြီး၊ ဥရောပတွင် ပိုမိုကောင်းမွန်သော ဘ၀များကို ပိုင်ဆိုင်လိုကြသည့် ဒုက္ခည်များ တစ်ထောက်နားရာ နေရာလည်း ဖြစ်နေသည်။

    Ref: Aljazeera

  • အသင်းဖော်များက မိမိအား တိုးတက်စေသည်ဟု စတာလင်ပြော

    အသင်းဖော်များက မိမိအား တိုးတက်စေသည်ဟု စတာလင်ပြော

    နိုဝင်ဘာ ၁၂၊ ၂၀၁၅
    M-Media

    sterling

    – မန်စီးတီးသို့ ရောက်ရှိလာပြီးနောက် ပြသနိုင်သည့် မိမိ၏ စွမ်းဆောင်ရည်ကို ကျေနပ်မိပြီး မန်စီးတီးရှိ ကစားသမားများကလည်း မိမိအား တိုးတက်စေသည်ဟု ကွင်းလယ်လူ ရဟီမ်းစတာလင်က ပြောကြားလိုက်သည်။

    လီဗာပူးလ်တွင် ခြေစွမ်းပြကာ နာမည်ကျော်လာခဲ့သည့် အင်္ဂလန်ကွင်းလယ်လူ စတာလင်မှာ ပြီးခဲ့သည့်နွေရာသီက မန်စီးတီးသို့ ပြောင်းရွှေ့လာခဲ့ခြင်းဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲအားလုံးတွင် ၆ ဂိုး သွင်းယူပေးထားနိုင်သည်။ လက်ရှိအချိန်တွင် အင်္ဂလန်အသင်း၏ နိုင်ငံတကာ ခြေစမ်းပွဲအတွက် စတာလင်က ပြင်ဆင်နေသည်။

    “အသင်းနဲ့ အလုပ်လုပ်ရတာ အဆင်ပြေပါတယ်။ (အမှတ်ပေးဇယားမှာ) ထိပ်ဆုံးရောက်နေတာကိုလည်း ကျွန်တော် ပျော်ရွင်ပါတယ်။ အရေးပါတဲ့ပွဲအချို့မှာ ကျွန်တော် ဂိုးသွင်းနိုင်ခဲ့တယ်။ ဆက်ပြီး ဒီလိုလုပ်နိုင်မယ်လို့လည်း မျှော်လင့်ပါတယ်။ ပြီးခဲ့တဲ့လအနည်းငယ်ဟာ ကျွန်တော့်အတွက် ကောင်းမွန်တဲ့လတွေ ဖြစ်ခဲ့ပြီး အဲဒီအတိုင်း ဆက်သွားနိုင်မယ်လို့လည်း ကျွန်တော် မျှော်လင့်ပါတယ်။ ဗင်းဆင့် (ကွန်ပနီ)၊ ဆာဂျီယို (အဂူရို)၊ ဒေးဗစ် (ဆေးလ်ဗား)၊ ဂျိုး(ဟတ်) တို့လို ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်းဆင်းရတဲ့အခါ တိုးတက်အောင် လုပ်နိုင်ပါတယ်” ဟု စတာလင်က ပြောကြားခဲ့သည်။

    Ref: Goal