News @ M-Media

Blog

  • မလေးရှားဝန်ကြီးချုပ်အား ဖြုတ်ချရန် ဆော်သြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း မဟာသီ စစ်ဆေးမေးမြန်းခံရ

    မလေးရှားဝန်ကြီးချုပ်အား ဖြုတ်ချရန် ဆော်သြခဲ့သည့် ၀န်ကြီးချုပ်ဟောင်း မဟာသီ စစ်ဆေးမေးမြန်းခံရ

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    mahathir

    – ပြီးခဲ့သည့်သီတင်းပတ်များအတွင်းက ဖြစ်ပွားခဲ့သော ခြစားမှု ပြဿနာများနှင့် ပတ်သက်၍ မလေးရှားဝန်ကြီးချုပ် နာဂျစ် ရာဇတ်အား ဖြုတ်ချရန် တိုက်တွန်းခဲ့သော ၀န်ကြီးချုပ်ဟောင်း ဒေါက်တာ မဟာသီယာ မိုဟာမက်ကို ရဲတပ်ဖွဲ့က ယနေ့တွင် စစ်ဆေးမေးမြန်းခဲ့သည်ဟု သိရသည်။

    နိုင်ငံတွင် သက်တော်ရှည်ဝန်ကြီးချုပ်တစ်ယောက် ဖြစ်ခဲ့ပြီး မလေးရှားပြည်သူအားလုံး၏ လေးစားမှုကို ခံရသည့် မဟာသီမှာ နိုင်ငံတော်ပိုင် 1MDB ကုမ္ပဏီနှင့်ပတ်သက်နေသည့် ခြစားမှုကိစ္စများအတွက် ဖိအားများကို ရင်ဆိုင်နေရသော ၀န်ကြီးချုပ် နာဂျစ်ကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သူဖြစ်သည်။

    ထို့ပြင် အသက် ၉၀ အရွယ် ရှိပြီဖြစ်သည့် မဟာသီမှာ သြဂုတ်လနှောင်းပိုင်းက ကွာလာလမ်ပူတွင် ပြုလုပ်ခဲ့သည့် အစိုးရ ဆန့်ကျင်ဆန္ဒပြမှုတွင်လည်း အံ့အားသင့်ဖွယ် ပါဝင်ခဲ့ပြီး “ပြည်သူ့အင်အား” ဖြင့် နာဂျစ်အား ဖြုတ်ချရန် တိုက်တွန်းခဲ့သည်။

    မလေးရှား ရဲတပ်ဖွဲ့အကြီးအကဲ ခါလစ် အဘူ ဘာကာရ်ကမူ မဟာသီ၏ ထိုမှတ်ချက်နှင့် ပတ်သက်၍ ရဲတပ်ဖွဲ့က ထွက်ချက်ယူသွားမည်ဟု စောစောပိုင်းက ပြောကြားထားဖူးပြီး ယနေ့တွင် ရုံးခန်းသို့ ထိုကိစ္စအတွက်လာရောက်ခဲ့ကြသည်ဟု ဒေါက်တာ မဟာသီ၏ လက်ထောက် ဆူဖီယူစွဖ်က ပြောကြားခဲ့သည်။ သို့သော်လည်း မည်သည့်ကိစ္စများကို အဓိကထား ဆွေးနွေးခဲ့သည်ကို အသေးစိတ် ပြောပြရန် ငြင်းဆိုခဲ့သည်။

    မဟာသီ၏ ရှေ့နေကမူ အခမ်းအနား အများအပြားတွင် မဟာသီပြောကြားခဲ့သည့် ရှုတ်ချမှုများနှင့် ပတ်သက်၍ ရဲတပ်ဖွဲ့ဝင်များမှာ တစ်နာရီနီးပါးကြာ မေးမြန်းခဲ့သည်ဟု ပြောကြားခဲ့သည်။

    သြဂုတ်လက ပြုလုပ်ခဲ့သည့် အစိုးရဆန့်ကျင်ဆန္ဒပြမှုကို ဦးဆောင်ခဲ့သူ မာရီယာ ချင်အား ဆန္ဒပြခွင့် လျှောက်ထားမှုမရှိဟု ဆိုကာ ငြိမ်းချမ်းစွာစုဝေးခွင့် အက်ဥပဒေဖြင့် ယခုလတွင် မလေးရှားအစိုးရက တရားစွဲဆိုခဲ့သည်။ သို့သော်လည်း ထိုစွဲဆိုချက်ကို သူမက ငြင်းပယ်ခဲ့သည်။

    ထို့ပြင် နာဂျစ်က အကြံပေးဘုတ်အဖွဲ့ ဥက္ကဌအဖြစ် တာဝန်ယူထားသည့် 1MDB ကုမ္ပဏီ၏ ငွေကြေးအရှုပ်အရှင်းနှင့် ပတ်သက်၍ ဖော်ပြခဲ့သော သတင်းစာနှစ်စောင်အား အာဏာပိုင်များက ရပ်ဆိုင်းခဲ့ပြီးဝဘ်ဆိုက်တစ်ခုကိုလည်း ပိတ်ပင်ခဲ့သည့် အတိုက်အခံ နိုင်ငံရေးသမားများနှင့် တက်ကြွ လှုပ်ရှားသူများကိုလည်း အစိုးရက တရားစွဲဆိုမှုများ ပြုလုပ်ခဲ့သည်။

    ၎င်းအား လူသိရှင်ကြား ဝေဖန်ခဲ့သည့် ဒုတိယ၀န်ကြီးချုပ်နှင့် အခြားသော ၀န်ကြီးများကိုလည်း နာဂျစ်က ထုတ်ပယ်ပစ်ခဲ့ပြီး ထိုခြစားမှုကိစ္စအား စုံစမ်စစ်ဆေးနေသော တရားသူကြီးချုပ်ကိုလည်း အစားထိုးခန့်အပ်ခဲ့သည်။

    Ref: Channelnewsasia

  • ဥရောပ ရွေးကောက်ပွဲ စောင့်ကြည့်သူများ စစ်တပ်မဲရုံများကို ကြည့်ရှုခွင့်မရ

    ဥရောပ ရွေးကောက်ပွဲ စောင့်ကြည့်သူများ စစ်တပ်မဲရုံများကို ကြည့်ရှုခွင့်မရ

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    advance

    – မိမိတို့၏ လေ့လာစောင့်ကြည့်ရေး အဖွဲ့ဝင်များမှာ စစ်တပ်တွင်းရှိ မဲရုံများသို့ ၀င်ရောက်မဲပေးခွင့်မရဟု ဥရောပသမဂ္ဂ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ အကြီးအကဲ ရက်ဖ် လမ်ဘ်စ်ဒေါ့ဖ်က ယနေ့ရက်စွဲဖြင့် Myanmar Times သတင်းစာ၏ ၀ဘ်ဆိုက်တွင် လွှင့်တင်ထားသော အင်တာဗျူတွင် ပြောကြားခဲ့သည်။

    ပြီးခဲ့လက လမ်ဘ်စ်ဒေါ့စ်ကိုယ်တိုင် ကာကွယ်ရေးဦးစီးချုပ်နှင့် နေပြည်တ်ာတွင် တွေ့ဆုံခဲ့ပြီးနောက် အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ရမှု မရှိပါက မိမိတို့မှာ စစ်တပ်အတွင်းရှိ မဲရုံများတွင် ၀င်ရောက်လ့လာခွင့်ရမည်ဟု ပြောကြားခဲ့ဖူးသည်။ သို့သော်လည်း ၎င်းတို့၏ စောင့်ကြည့်လေ့လာမှုတွင် အစိုးရဖက်က ကန့်သတ်မှု တစ်စုံတစ်ရာရှိလားဟု မေးမြန်းရာတွင် လမ်ဘ်စ်ဒေါ့ဖ်က

    “အာဏာပိုင်တွေက ကျွန်တော်တို့ကို တော်တော်လေး ကြိုဆိုကြပါတယ်။ အထူးသဖြင့် အောက်တိုဘာ ၁၁ ရက်နေ့ကတည်းက ရောက်ရှိလာတဲ့ ရေရှည်စောင့်ကြည့်သူတွေအပေါ်ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ကျွန်တော်တို့ ရင်ဆိုင်ရတဲ့ ကန့်သတ်ချက်တစ်ခုကတော့ စစ်ဘက်ဆိုင်ရာဒေသတွေမှာ ပြုလုပ်ခဲ့တဲ့ ကြိုတင်မဲပေးမှုမှာ ကျွန်တော်တို့ ၀င်ရောက်လေ့လာခွင့် မရတာပါပဲ” ဟု ဖြေကြားခဲ့သည်။

    မြန်မာတစ်နိုင်လုံးတွင် စောင့်ကြည့်လေ့လာမှုနှင့် ပတ်သက်၍ မိမိတို့၏ ရေရှည် စောင့်ကြည့်သူများမှာ သဘာဝဘေးအန္တရာယ် ကျရောက်နေသည့် ချင်းပြည်နယ်မှလွဲ၍ နိုင်ငံတစ်ဝှမ်း လေ့လာသွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Myanmar Times

  • အမီးရ်ခန်းနှင့် ပက်ကွီအိုတို့ လာမည့်နှစ် ဧပြီလတွင် ထိုးသတ်မည်

    အမီးရ်ခန်းနှင့် ပက်ကွီအိုတို့ လာမည့်နှစ် ဧပြီလတွင် ထိုးသတ်မည်

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    amir

    – ဖိလစ်ပိုင်လက်ဝှေ့ကျော် ပက်ကွီအိုနှင့် ထိုးသတ်ရန် နောက်ဆုံး သဘောတူညီချက်ကို ဗြိတိန်နာမည်ကြီး လက်ဝှေ့သမား အမီရ်းခန်းက လက်မှတ်ရေးထိုးခဲ့ပြီး ၎င်းတို့ နှစ်ဦး၏ပွဲမှာ လာမည့်နှစ် ဧပြီ ၉ ရက်နေ့တွင် ဖြစ်လာမည်ဟု သိရသည်။

    အမေရိကန်ပြည်ထောင်စု လက်စ်ဗီးဂက်စ်၌ ထိုးသတ်သွားမည်ဖြစ်ပြီး ထိုပွဲမှာ နိုင်ငံရေးလောကထဲသို့ ခြေစုံပစ်ဝင်ရန် တာဆူနေသည့် ပက်ကွီအို၏ နောက်ဆုံးပွဲလည်း ဖြစ်လာနိုင်သည်။ အမီးရ်ခန်းမှာ ပက်ကွီအိုအား အနိုင်ရခဲ့သည့် မေ၀ယ်သာနှင့် ထိုးသတ်ရန် ၂ နှစ်ကြာ ကြိုးစားခဲ့သော်လည်း မေ၀ယ်သာက ၎င်းအား ရှောင်၍ အန်ဒရေဘာတိုနှင့် ထိုးသတ်ကာ လက်ဝှေ့လောကမှ အနားယူသွားခဲ့သည်။

    မေ၀ယ်သာနှင့်ပွဲမတိုင်ခင် ရရှိခဲ့သည့် ပုခုံးဒဏ်ရာကြောင့် အနားယူနေရသည့် ပက်ကွီအိုမှာ လာမည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ ပြန်လည်ဝင်ရောက်မည်ဟု သတင်းများထွက်ပေါ်လာပြီးနောက်ပိုင်း အမီးရ်ခန်းမှာ ပက်ကွီအိုနှင့် ထိုးသတ်ခွင့်ရရန် ကြိုးစားခဲ့ပြီး စောစောပိုင်းက ၎င်းတို့ပွဲမှာ ဒူဘိုင်းတွင် ဖြစ်မည်ဟု သတင်းထွက်ခဲ့သေးသည်။

    Ref: Dailymail

  • ကမ္ဘာ့အကောင်းဆုံးဆု မရနိုင်ဟု နေးမာဝန်ခံ

    ကမ္ဘာ့အကောင်းဆုံးဆု မရနိုင်ဟု နေးမာဝန်ခံ

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    neymar

    – မိမိအနေဖြင့် ကွင်းထဲ၌ ဘောလုံးမကစားရသည့် အချိန်တွင် ဘောလုံးပွဲကြည့်ရခြင်းကို မနှစ်သက်ဟု ဘာစီလိုနာတိုက်စစ်မှူး နေးမာက ပြောကြားလိုက်ပြီး ယခုနှစ် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု Ballon d’Or ကို ရရှိရန် အခွင့်အရေးမရှိဟုလည်း ၀န်ခံခဲ့သည်။

    နေးမာမှာ ထိပ်ဆုံးမှ ရီးယဲလ်အား အမီလိုက်နေသည့် ဘာစီလိုနာအသင်း၏ နောက်ဆုံး ၆ ပွဲတွင် ၈ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီး ၎င်းက မိမိမှာ အသင်းတွင် ပျော်ရွှင်ကာ ပြီးခဲ့သည့်နှစ်က ဖလားသုံးလုံးရသည်ထက် ယခုနှစ်တွင် ဖလားများ ပိုရရန် အာရုံစိုက်နေသည်ဟု ဆိုသည်။

    “ဘာကာအတွက် မကစားနိုင်တဲ့အချိန်တွေမှာ ဘောလုံးပွဲကြည့်ရတာကို ကျွန်တော် မကြိုက်ပါဘူး။ ရီးယဲလ်မက်ဒရစ်ပွဲကိုလည်း ကျွန်တော် မကြည့်ချင်သလို အခြားပွဲတွေကိုလည်း မကြည့်ချင်ဘူး။ တွေးလည်း မတွေးချင်ပါဘူး။ ကျွန်တော့်အတွက် အရေးကြီးတာက ဆုဖလားတွေ ရရှိဖို့ပါ။ Ballon d’Or က အမြဲတမ်း ရော်နယ်ဒို၊ မက်ဆီတို့နဲ့ အခြားဂြိုဟ်က ကစားသမားတွေ ကြားမှာပဲ ရှိပါတယ်။ ဒီဆုကို ကျွန်တော် ထည့်မတွက်ပါဘူး။ ကျွန်တော့်ရဲ့ အသင်းဖော်တွေကို ကျွန်တော် ကူညီချင်ပါတယ်” ဟု နေးမာက ပြောကြားခဲ့သည်။

    Ref: Goal

  • အီဂျစ်တွင်သောင်တင်နေသည့် ဗြိတိန်ခရီးသည်များ ပြည်တော်ပြန်မည်

    အီဂျစ်တွင်သောင်တင်နေသည့် ဗြိတိန်ခရီးသည်များ ပြည်တော်ပြန်မည်

    နိုဝင်ဘာ ၆၊ ၂၀၁၅
    M-Media

    egypt

    – ပြီးခဲ့သည့်တစ်ပတ်က ရုရှားလေယာဉ် ပျက်ကျပြီးနောက်ပိုင်း ဖျက်သိမ်းခဲ့သည့် လေယာဉ်ခရီးစဉ်များကြောင့် ပင်လယ်နီ အပန်းဖြေမြို့ ရှမ် အလ်-ရှိခ်တွင် သောင်တင်နေသော ဗြိတိန်နိုင်ငံသား ထောင်ပေါင်းများစွာမှာ ယနေ့တွင် ယူကေလေကြောင်းလိုင်းမှ လေယာဉ်များဖြင့် အိမ်ပြန်နိုင်ပြီဟု သိရသည်။

    ရုရှားရှိ လေကြောင်းလိုင်းတစ်ခုမှ Airbus A321 လေယာဉ်မှာ ထိုမြို့မှ ပျံတက်ပြီးနောက်ပိုင်း သိပ်မကြာခင် ဆိုင်းနိုင်း သဲကန္တာရထဲသို့ ပျက်ခဲ့ခြင်းဖြစ်သည်။ ထိုအဖြစ်အပျက်နောက်ပိုင်း ကမ္ဘာတစ်ဝှမ်းမှ လေကြောင်းလိုင်းများမှာ ရှမ် အလ်-ရှိခ်မှ ထွက်ခွာမည့်ခရီးစဉ်နှင့် ဆိုက်ရောက်မည့် ခရီးစဉ်များကို ဖျက်သိမ်းခဲ့သောကြောင့် ဥရောပမှ ခရီးသည်အများအပြားမှာ သောင်တင်ခဲ့သည်။ ထို့ပြင် ဗြိတိန်အပါအ၀င် အချို့နိုင်ငံများကလည်း နိုင်ငံသားများအနေဖြင့် ထိုမြို့သို့ ခရီးသွားလာခြင်းမပြုရန် သတိပေးထားသည်။

    သောင်တင်နေသော ဗြိတိန်ခရီးသည်များမှာ လေယာဉ်ခရီးစဉ်ပေါင်း ၂၀ ကျော်ဖြင့် လန်ဒန်သို့ ပြန်လာကြမည်ဖြစ်ပြီး၊ ခရီးဆောင်အိတ်များ၊ လက်ဆွဲအိတ်များကို ဗြိတိန်အစိုးရက အခြားသော လေယာဉ်တစ်စီးဖြင့် သီးသန့် ပို့ပေးမည်ဖြစ်သည်။ လက်ရှိတွင် ရှမ် အလ်-ရှိခ်မှ ရုရှားလေယာဉ်များသာ ပုံမှန်ခရီးစဉ်ကို ပြေးဆွဲနေသည်။

    Ref: Aljazeera