News @ M-Media
Blog
  • ရလဒ်ဆိုးသော်လည်း အသင်းမှာ စုစည်းနေသည်ဟု ချယ်ဆီးကွင်းလယ်လူပြော
    ရလဒ်ဆိုးသော်လည်း အသင်းမှာ စုစည်းနေသည်ဟု ချယ်ဆီးကွင်းလယ်လူပြော
    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media
    martic
    – မိမိတို့အသင်းမှာ ကစားပုံကောင်းသော်လည်း ကံမကောင်းခြင်းကြောင့်သာ ယခုကဲ့သို့ ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရခြင်းဖြစ်ပြီး အသင်းသားများအားလုံးမှာ စုစုစည်းစည်း ရှိနေသည်ဟု ချယ်ဆီးကွင်းလယ်လူ နမန်ဂျာ မာတစ်က ပြောကြားလိုက်သည်။
    စနေနေ့က စတုတ်စီးတီးနှင့် ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ၇ ပွဲမြောက် အရှုံးလည်း ဖြစ်ခဲ့သည်။ ထို့ပြင် လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ ချယ်ဆီးမှာ အဆင့် ၁၆ နေရာတွင် ရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် ၃ မှတ်အကွာတွင် ရှိနေသည်။
    “ပြီးခဲ့တဲ့ ၂ ပွဲမှာ ကျွန်တော်တို့ ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာပါ။ ဒီရာသီရဲ့ ပွဲတိုင်းမှာ ကျွန်တော်တို့ ကောင်းခဲ့တယ်လို့ မဆိုလိုပါဘူး။ ရှုံးသင့်ရှုံးထိုက်တဲ့ပွဲတွေလည်း ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် (စတုတ်နဲ့ပွဲကတော့) ထပ်ပြီး မရှုံးသင့်တော့တဲ့ပွဲပါ။ တစ်ခုကောင်းနေတာက အသင်းဟာ စုစုစည်းစည်း ရှိနေတာပါပဲ။ အသင်းသားတိုင်းက အသင်းရဲ့ အခြေအနေကိုလည်း နားလည်ပါတယ်။ ပိုပြီး ညီညွတ်အောင် ကြိုးစားသွားမှာဖြစ်ပြီး အခြေအနေ ပိုကောင်းအောင်လည်း ဆောင်ရွက်သွားပါမယ်” ဟု မာတစ်က ပြောကြားခဲ့သည်။
    Ref: Goal
  • ငလျင်တွင် တပည့်များအား ကာကွယ်ပေးခဲ့သူ ပညာရေးဝန်ထမ်းများကို စင်ကာပူ ဂုဏ်ပြု
    ငလျင်တွင် တပည့်များအား ကာကွယ်ပေးခဲ့သူ ပညာရေးဝန်ထမ်းများကို စင်ကာပူ ဂုဏ်ပြု
    နိုဝင်ဘာ ၉၊ ၂၀၁၁
    M-Media
    sing
    – ပြီးခဲ့သည့် ဇွန်လက မလေရှားနိုင်ငံ ကင်နာဘာလူတောင် ငလျင်လှုပ်မှုတွင် ထိခိုက်ခံစားခဲ့ရသည့် Tanjong Katong မူလတန်းကျောင်း လေ့လာရေးအဖွဲ့မှ ခေါင်းဆောင် ၁၆ ဦးကို စင်ကာပူအစိုးရက Commendation Medal ဂုဏ်ပြုဆုတံဆိပ်များ ချီးမြှင့်ခဲ့သည်ဟု သိရသည်။
    ယမန်နေ့က ချီးမြှင့်ခဲ့ခြင်းဖြစ်ပြီး ထို ၁၆ ဦးထဲတွင် ကျောင်းသားများအား ကာကွယ်ရင်း အသက်စွန့်သွားခဲ့ရသည့် ၅ ဦးလည်း ပါဝင်သည်။
    “သူတို့ရဲ့တာဝန်ကို ကျေပွန်ဖို့အတွက် ဒီ ပုဂ္ဂိုလ် ၅ ဦးဟာ နောက်ဆုံးမှာ အသက်ကိုပါ ပေးလိုက်ပါတယ်။ နောက်ပြီး ဒီဆိုးရွားတဲ့ အခြေအနေမှာ အသက်ရှင်ကျန်ခဲ့တဲ့ ၁၁ ဦးဟာလည်း သူတို့ တာဝန်ယူထားတဲ့ ကလေးတွေကို ကာကွယ်ဖို့၊ စောင့်ရှောက်ဖို့ အားထုတ်ခဲ့ကြပါတယ်” ဟု ဆုပေးပွဲအခမ်းအနားတွင် ကြေငြာခဲ့သည်။
    ဇွန်လ ၅ ရက်နေ့က အဆိုပါတောင်တွင် လှုပ်ခတ်သွားသည့် ငလျင်ကြောင့် စင်ကာပူ Tanjong Katong မူလတန်းကျောင်း၏ လေ့လာရေးအဖွဲ့မှ ကျောင်းသား ၇ ဦး၊ ဆရာ ၂ ဦးနှင့် စင်ကာပူနိုင်ငံသား လမ်းပြတစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည်။
    ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသူများထဲမှ တစ်ဦးဖြစ်သူ မိုဟာမက် ဖိုင်ဇယ် အဘ်ဒူလ် စလာမ်က မိမိတို့အား အစိုးရက ထိုကဲ့သို့ ဂုဏ်ပြုခြင်းမှာ ကောင်းမွန်သော ဆောင်ရွက်ချက်တစ်ခု ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဘ်ဒူလ် စလာမ်မှာ ငလျင်လှုပ်စဉ် ၎င်း၏ဘေးနားရှိ ကျောင်းသားများကို သိုင်းဖက်ကာ မထိခိုက်အောင် ကာကွယ်ပေးခဲ့ပြီး တောင်ပေါ်မှ ကျလာသည့် ကျောက်တုံးကျောက်ခဲများကြောင့် ၎င်း၏ ဦးခေါင်းခွံမှာ ကွဲအက်ခဲ့ရသည်။
    “ဒါပေမယ့် ကျွန်တော်တို့တင်မဟုတ်ဘဲ ကွယ်လွန်သွားတဲ့ ကျွန်တော်တို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေ၊ တောင်တက်လမ်းပြတွေကို ဒီလိုဂုဏ်ပြုတာဟာလည်း သိပ်ကောင်းပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ဒီအဖြစ်အပျက်မှာ ကျွန်တော်တို့အားလုံးဟာ တူညီတဲ့အခန်းကဏ္ဍကနေ ပါဝင်ခဲ့ကြသူတွေ မို့လို့ပါပဲ” ဟု အဘ်ဒူလ် စလာမ်က ပြောကြားခဲ့သည်။
    အဆိုပါ Commendation Medal ဂုဏ်ပြုဆုတံဆိပ် ချီးမြှင့်ခံခဲ့ရသည့် သေဆုံးသွားသူများမှာ မူလတန်းကျောင်းမှ ဆရာများဖြစ်ကြသော မိုဟာမက် ဂါဇီ မိုဟာမက်နှင့် တာရန့် စီဘက်စတီယန် လူ၊ ခရီးသွားနည်းပြ မိုဟာမက် ဒန်းနစ်ရှ် အင်မ်ရန်းနှင့် တောင်တက်လမ်းပြများဖြစ်သော ရစ်ကီ၊ မက်စ်ဆီရင်နှင့် ဗဲလာရင် ဂျိုအန်နက်စ်တို့ ဖြစ်ကြသည်။
    စင်ကာပူအမျိုးသားတက္ကသိုလ်၌ ပြုလုပ်ခဲ့သည့် အဆိုပါ ဆုပေးပွဲ အခမ်းအနားသို့ ဂုဏ်ပြုဆုရရှိသူ စုစုပါင်း ၄၈၄ ဦးနှင့် ဧည်သည့်တော် ၈၅၀ ခန့် တက်ရောက်ခဲ့ကြသည်။
    Ref: Channelnewsasia
  • ကလော့ပ်ရှုံးပွဲတွေ့၊ လန်ဒန်ဒါဘီ အဖြေမပေါ်ဘဲ၊ ချယ်ဆီးတို့ ၃ ပွဲဆက်ရှုံးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂
    ကလော့ပ်ရှုံးပွဲတွေ့၊ လန်ဒန်ဒါဘီ အဖြေမပေါ်ဘဲ၊ ချယ်ဆီးတို့ ၃ ပွဲဆက်ရှုံးတဲ့ ပရီးမီးယားလိဂ် ပွဲစဉ် ၁၂
    နိုဝင်ဘာ ၉၊ ၂၀၁
    M-Media
    EPL
    – ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာတော့ ပြိုင်ဆိုင်မှုပြင်းထန်တဲ့ လန်ဒန်ဒါဘီ အာဆင်နယ်နဲ့ စပါးတို့ပွဲမှာ အိမ်ရှင်အာဆင်နယ်တို့ နောက်ကလိုက်ကစားခဲ့ရပြီး ၁ ဂိုးစီသရေနဲ့ အဆုံးသတ်ခဲ့ပါတယ်။
    နောက်ဆုံး ၁၀ ပွဲမှာ ရှုံးပွဲမရှိသေးတဲ့ စပါးအသင်း ပထမပိုင်းမှာ အဆင်နယ်ကို ပိုပြီး ဖိအားပေးနိုင်ခဲ့ကာ နောက်ပိုင်းပွဲတွေမှာ ဂိုးပေါက် တွေ့လာတဲ့ ဟယ်ရီကိန်းက ၃၂ မိနစ်မှာ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပါတယ်။ ဒုတိယပိုင်းမှာတော့ အာဆင်နယ်က တင်ကစားလာခဲ့တာကြောင့် အသာရလာခဲ့ပေမယ့် ချေပဂိုးကိုတော့ ၇၃ မိနစ်မှ နောက်ခံလူ ကီရန် ဂစ်ဘ်က သွင်းယူပေးခဲ့တာပါ။ ဒါဟာ တစ်နှစ်ကျော်ကြာအတွင်းမှာ သူ့ရဲ့ ပထမဆုံး ဂိုးလည်း ဖြစ်ပါတယ်။
    epl 2
    မော်ရင်ဟို ကွင်းအတွင်းဝင်ခွင့်မရတဲ့ ချယ်ဆီးကတော့ စတုတ်စီးတီးကွင်းမှာ ၃ ပွဲဆက်အရှုံးနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
    နောက်ဆုံး ၅ ပွဲမှာ ၃ ပွဲအထိ အနိုင်ရထားတဲ့ စတုတ်ကို ချယ်ဆီးတို့ လုံးဝ မယှဉ်နိုင်ခဲ့ပါဘူး။ တစ်လုံးတည်းသော အနိုင်ဂိုးကို ၅၃ မိနစ်မှာ မာကို အာရ်နျူတိုဗစ်က သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ စတုတ်ဟာ လိဂ်ဖလားပွဲကနေလည်း ချယ်ဆီးကို အနိုင်ကစားပြီး ထွက်စေခဲ့သူဖြစ်ပါတယ်။
    epl 3
    လီဗာပူးလ်နည်းပြ ကလော့ပ်ကတော့ အသင်းသစ်နဲ့ ပထမဆုံး အရှုံးကို ရင်ဆိုင်ခဲ့ရပါတယ်။ လီဗာပူးလ်က ကစားပုံကောင်းခဲ့ပေမယ့် ပါဂျူးရဲ့ ခရစ္စတယ်ပဲလေ့စ်က ရရှိတဲ့အခွင့်အရေးတွေကို အကောင်းဆုံး အသုံးချနိုင်ခဲ့လို့ အဖိုးတန် အနိုင် ၃ မှတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။ ဧည်သည့်အသင်းအတွက် အနိုင်ဂိုးတွေကိုတော့ ၂၁ မိနစ်မှာ ဘိုလာစီနဲ့ ၈၂ မိနစ်မှာ စကော့ဒန်းက သွင်းယူခဲ့တာဖြစ်ပြီး လီဗာပူးလ်အတွက် ချေပဂိုးကို ၄၂ မိနစ်မှာ ဖိလစ် ကော်တင်ဟိုက သွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ကလော့ပ်ကတော့ သူ့အသင်းဟာ အရှုံးနဲ့မထိုက်တန်ဘူးလို့ ပြောခဲ့ပါတယ်။
    မန်စီးတီးepl 4က အဝေးကွင်းမှာ တိုက်စစ်ပျောက်ခဲ့ပြီး ဇယားအောက်ဆုံးက အက်စတွန်ဗီလာကို ဂိုးမရှိသရေကျခဲ့ကာ လန်ဒန်ဒါဘီအခွင့်အရေးကို အရမယူနိုင်ခဲ့ပါဘူး။ မန်ယူက အိမ်ကွင်းမှာ ဘောလုံးပိုင်းဆိုင်မှုကို အသားပေးခဲ့ပြီး ခံစစ်နဲ့ရင်ဆိုင်တဲ့ ၀က်စ်ဘရွန်းကို လင်ဂါ့ဒ်ရဲ့ ၅၂ မိနစ်ဂိုး၊ မာတာရဲ့ ဒုတိယပိုင်း နာကျင်အချိန်ပို ပင်နယ်တီတွေနဲ့ အနိုင်ရခဲ့ပါတယ်။
    ဒီတစ်ပတ် ပရီးမီးယားလိဂ် ရလဒ်များကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်။
    ဘုန်းမောက် ၀-၁ နယူးကာဆယ်
    လက်စတာ ၂-၁ ၀က်ဖို့ဒ်
    မန်ယူ ၂-၀ ၀က်စ်ဘရွန်း
    နော်ဝစ်ခ်ျ ၁-၀ ဆွမ်ဆီး
    ဆန်းဒါးလန်း ၀-၁ ဆောက်သက်တမ်
    စတုတ် ၁-၀ ချယ်ဆီး
    အက်စတွန်ဗီလာ ၀-၀ မန်စီးတီး
    အာဆင်နယ် ၁-၁ စပါး
    လီဗာပူးလ် ၁-၂ ခရစ္စတယ်ပဲလေ့စ်
  • ကလေးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်သူများကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး
    ကလေးတစ်ဦးအား အုပ်စုဖွဲ့သတ်ဖြတ်သူများကို ဘင်္ဂလားဒေ့ရှ် သေဒဏ်ပေး
    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media
    bang
    အဓိကတရားခံ ကမ်ရူ အစ္စလာမ် (အလယ်ပုံ)
    – အသက် ၁၃ နှစ်အရွယ် လူငယ်အား ရိုက်နှက်သတ်ဖြတ်ခဲ့မှုနှင့် ထိုအဖြစ်အပျက်ကို ဗီဒီယိုမှတ်တမ်းတင်ကာ အင်တာနက်ပေါ်တွင် ဖြန့်ဝေခဲ့မှုအတွက် လူလေးဦးကို ဘင်္ဂလားဒေ့ရှ်တရားရုံးက သေဒဏ်ချမှတ်ခဲ့သည်ဟု သိရသည်။
    လွန်ခဲ့သည့်လေးလက ဖြစ်ပွားခဲ့သည့် အဆိုပါအမှုအတွက် နိုင်ငံအရှေ့မြောက်ပိုင်းရှိ ဆီလ်ဟတ်မြို့ တရားရုံးတွင် ယမန်နေ့က ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းဖြစ်သည်။ သေဒဏ်ချမှတ်ခံရသူများမှ အဓိကတရားခံမှာ ကမ်ရူလ် အစ္စလာမ်ဆိုသူဖြစ်ပြီး အခင်းဖြစ်ပွားပြီးနောက် ဆော်ဒီသို့ ထွက်ပြေးခဲ့သော်လည်း ဆော်ဒီက ၎င်းအား ပြန်လည် နှင်ထုတ်ခဲ့သည်။
    အသတ်ခံရသူမှာ ရှိခ် မိုဟာမက် ဆမီအူလ် အလမ် ရာဂျွန်ဖြစ်ပြီး ဆိုင်ကယ်ခိုးသည်ဟု စွပ်စွဲဟာ ဆီလ်ဟတ်မြို့တွင် ဇူလိုင်လ ၈ ရက်နေ့က လူအုပ်စုတစ်ခု၏ ရိုက်နှက်သတ်ဖြတ်ခြင်းကို ခံခဲ့ရသည်။ အလောင်းအား စစ်ဆေးမှုများအရ ရာဂျွန်မှာ ဦးခေါင်းနှင့် ရင်ဘတ်တို့အပါအ၀င် ဒဏ်ရာများစွာ ရရှိခဲ့ပြီး ခန္ဓာကိုယ်တွင်း သွေးယိုစီးမှုကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု အဖြေထွက်ခဲ့သည်။
    ထိုအဖြစ်ပျက်အား ရိုက်ကူးခဲ့သည့် ၂၈ မိနစ်ကြာ ဗီဒီယိုမှာ အင်တာနက်စာမျက်နှာတွင် ပြန့်နှံ့သွားခဲ့ပြီး ဘင်္ဂလာဒေ့ရှ်ပြည်သူများက ပြင်းပြင်းထန်ထန် ဆန့်ကျင်ဆန္ဒပြမှုများ ပြုလုပ်ခဲ့သည်။ ဗီဒီယိုရိုက်သူ နူရ်အဟ်မဒ်ကို တရားရုံးက တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခဲ့ပြီး တိုက်ခိုက်မှုတွင် ပါဝင်သည့် အခြားသူများကို ထောင်ဒဏ်များ အသီးသီး ချမှတ်ခဲ့သည်။
    ထိုကဲ့သို့ တရားခံများကို တရားဥပဒေအတိုင်း အပြစ်ပေးနိုင်ခဲ့သည့်အတွက် ကျေနပ်မိသည်ဟု ရာဂျွန်၏ ဖခင် ရှိခ် အဇီဇူရ် ရဟ်မန်က ပြောကြားခဲ့သည်။
    “ရာဂျွန်ကို သတ်တဲ့ကိစ္စဟာ တော်တော်လေးကို နှလုံးနာစရာကောင်းတဲ့ ကိစ္စပါ။ ရာဂျွန်ကို သတ်တဲ့သူတွေကိုတော့ ၄ လကြာပြီးမှ အပြစ်ပေးနိုင်ခဲ့ပါတယ်။ ဒါဟာ တစ်နေ့မှာ ကလေးသူငယ်တွေရဲ့ အခွင့်အရေးကို ကာကွယ်ဖို့အတွက် ဥပမာတစ်ခုပါပဲ”
    Ref: Aljazeera
  • မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် ချီးကျူး၊ ဒီမိုကရေစီအတွက် အဟန့်အတားများ ရှိနေသည်ဟု ဆို
    မြန်မာ့ရွေးကောက်ပွဲကို အမေရိကန် ချီးကျူး၊ ဒီမိုကရေစီအတွက် အဟန့်အတားများ ရှိနေသည်ဟု ဆို
    နိုဝင်ဘာ ၉၊ ၂၀၁၅
    M-Media
    jhon
    – ယမန်နေ့က ကျင်းပပြုလုပ်ခဲ့သော မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲကို အမေရိကန်က ကြိုဆိုလိုက်ပြီး ပြည့်ဝသည့် ဒီမိုကရေစီဖော်ဆောင်ရေးအား ကဖျက်ယဖျက်လုပ်ရန် စနစ်တကျ ဖန်တီးထားသည့် အဟန့်အတားများနှင့် ပတ်သက်၍လည်း သတိပေးပြောကြားလိုက်သည်။
    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အာဏာရယူနိုင်မည်ဟု ကျယ်ကျယ်ပြန့်ပြန့် ထင်မြင်ယူဆနေကြသည့် အဆိုပါ ရွေးကောက်ပွဲမှာ “ဆယ်စုနှစ်ပေါင်းများစွာ မြန်မာပြည်သူများ ပြသခဲ့သော ရဲစွမ်းသတ္တိနှင့် အနစ်နာခံမှုများ၏ ပဋိဥာဏ်” ဖြစ်သည်ဟု နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆိုသည်။
    “ရှေ့ဆက်ဖို့အတွက် ဒီရွေးကောက်ပွဲဟာ အရေးကြီးပေမယ့် ဒါဟာ မပြည့်စုံဘူးဆိုတာလည်း ကျွန်တော်တို့ သိပါတယ်။ ပြည်ဝတဲ့ ဒီမိုကရေစီကျင့်သုံးရေးနဲ့ အရပ်သားအစိုးရ ပေါ်ထွက်လာဖို့နေရာမှာ သေသေချာချာ၊ စနစ်တကျ ဆောင်ရွက်ထားတဲ့ ခလုတ်တံသင်းတွေလည်း ရှိနေပါသေးတယ်” ဟု ဆိုပြီး လွှတ်တော်တွင် ရွေးကောက်တင်မြှောက်ထားခြင်းမဟုတ်သည့် စစ်တပ်ကိုယ်စားလှယ်များ ရှိနေခြင်း၊ ရိုဟင်ဂျာများကဲ့သို့ လူနည်းစုများအား မဲပေးခွင့် ပိတ်ပင်ခြင်းနှင့် အချို့သော ကိုယ်စားလှယ်လောင်းများကို အကြောင်းပြချက် ခိုင်ခိုင်လုံလုံမရှိဘဲ ပယ်ချခြင်းတို့ကို ဂျွန်ကယ်ရီက ထောက်ပြခဲ့သည်။
    ထို့ပြင် မိမိတို့အနေဖြင့် မဲရေတွက်မှု လုပ်ငန်းစဉ်ကို ဆက်လက်စောင့်ကြည့်သွားမည်ဖြစ်ပြီး ထိုလုပ်ငန်းစဉ်တွင် ပါဝင်သူအားလုံးက မဲရလဒ်တွက်ချက်မှု ပွင့်လင်းမြင်သာစေရေးနှင့် ယုံကြည်စိတ်ချမှုရှိစေရေး တိုင်ကြားမှုများကိုလည်း သင့်တော်သောနည်းလမ်းဖြင့် ပွင့်လင်းမြင်သာစွာ အလျင်အမြန် ဖြေရှင်းရေးတို့တွင် ကူညီကြရန် ဂျွန်ကယ်ရီက ထည့်သွင်းတိုက်တွန်းခဲ့သည်။
    Ref: Channelnewsasia