News @ M-Media

Blog

  • ဥရောပပြိုင်ပွဲတွင် တောင့်တင်းသည့်အသင်းဖြင့် ယှဉ်ပြိုင်မည်ဟု ကလော့ပ်ပြော

    ဥရောပပြိုင်ပွဲတွင် တောင့်တင်းသည့်အသင်းဖြင့် ယှဉ်ပြိုင်မည်ဟု ကလော့ပ်ပြော

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    klop

    – ယူရိုပါလိဂ်ပြိုင်ပွဲ လူရွေးချယ်မှုနှင့်ပတ်သက်၍ မိမိအနေဖြင့် တောင့်တင်းအောင် ဆောင်ရွက်သွားမည်ဖြစ်ပြီး ပရီးမီးယားလိဂ် ရလဒ်များနှင့် ပတ်သက်၍ စိုးရိမ်မှုမရှိဟု လီဗာပူးလ်နည်းပြ ယာဂန်ကလော့ပ်က ပြောကြားလိုက်သည်။

    နည်းပြဟောင်း ဘန်ဒန်ရော်ဂျာလက်ထက်တွင် ဥရောပပြိုင်ပွဲအတွက် ပရီးမီးယားလိဂ်ထက် အားနည်းသည့် လူစာရင်းကိုသာ ထုတ်ပြန်လေ့ရှိပြီး ပြည်တွင်းအမှတ်ပေးပြိုင်ပွဲတွင် ကစားသမားများ၏ ကြံ့ခိုင်မှု ထိပ်ဆုံး၌ ရှိနေအောင် ဆောင်ရွက်ခဲ့သည်။

    “ချန်ပီယံလိဂ်ကစားရင် အမြဲတမ်း ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့မှာ ပွဲတွေကို ကစားရမှာပါ။ ရီးယဲလ်လိုအသင်းမျိုးကို ၁၇ နှစ်အရွယ် (အတွေ့အကြုံမရှိတဲ့) ကစားသမားတွေနဲ့ ရင်ဆိုင်မယ်လို့ ဘယ်သူမှ မပြောပါဘူး။ ဒါက သူတို့အတွက်လည်း မျှတမှု မရှိပါဘူး။ အဲဒီလိုကစားရင် ဒီလူငယ်လေးတွေ အတွေ့အကြုံတော့ရမယ်။ ဒါပေမယ့် အဲဒီအတွေ့အကြုံက သူတို့ မရသင့်တဲ့ဟာမျိုးပါ” ဟု ကလော့ပ်က ပြောကြားခဲ့သည်။

    Ref: Goal

  • နိုင်ငံတကာ တီထွင်ဆန်းသစ်မှု ပြိုင်ပွဲတွင် ဆော်ဒီက ဆုတံဆိပ်များ ဆွတ်ခူး

    နိုင်ငံတကာ တီထွင်ဆန်းသစ်မှု ပြိုင်ပွဲတွင် ဆော်ဒီက ဆုတံဆိပ်များ ဆွတ်ခူး

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    saudi

    – ဂျာမနီနိုင်ငံ၌ ကျင်းပပြုလုပ်ခဲ့သည့် တီထွင်ဆန်းသစ်မှုဆိုင်ရာ ကုန်စည်ပြပွဲပြိုင်ပွဲ (iENA-2015) တွင် ဆော်ဒီရှိ ပညာရှင်အဖွဲ့မှ ဆု ၇ ခု ရရှိခဲ့သည်ဟု သိရသည်။

    အောက်တိုဘာ ၃၀ ရက်နေ့မှ နိုဝင်ဘာ ၃ ရက်နေ့အထိ ပြုလုပ်ခဲ့သည့် အဆိုပါပြပွဲ၏ အဓိပ္ပါယ်အရှည်မှာ Ideas, Inventions, New Products (အတွေးအခေါ်၊ တီထွင်ဖန်တီးမှုနှင့် ထုတ်ကုန်သစ်) ဖြစ်ပြီး နိုင်ငံပေါင်း ၃၆ နိုင်ငံမှ ပညာရှင် အမြောက်အများက ၎င်းတို့၏ တီထွင်ဖန်တီးမှုပေါင်း ၇၀၀ ခန့်ကို လာရောက်ပြသခဲ့ကြသည်။

    ဆော်ဒီမှသွားရောက်သည့် ပညာရှင်အုပ်စုတွင် နိုင်ငံတစ်ဝှမ်း စက်မှူအသင်းများနှင့် တက္ကသိုလ်ကောလိပ်များမှ ပါဝင်ပြီး Technical and Vocational Training Corporation (TVTC) အဖွဲ့အမည်ခံ၍ ယှဉ်ပြိုင်ခဲ့ကြကာ ရွှေ ၂ ခု၊ ငွေ ၃ ခုနှင့် ကြေး ၂ ခု ဆွတ်ခူးနိုင်ခဲ့သည်။

    ရွှေတံဆိပ်ကို ဆန်းသစ်သည့် လွန်ဖောက်စက် တီထွင်ပြသခဲ့သော ရိုင်ယန် မူဘာရက် အလ် ဒိုဆာရီနှင့် အော်တို အ၀တ်လျှော်စက်ကို ဖန်တီးခဲ့သည့် အီဘရာဟ် ဟသ်လူ အလ်-အန်ဇီတို့က ရရှိခဲ့ခြင်းဖြစ်သည်။ ငွေတံဆိပ် ၃ ခုကိုမူ filter များအား သန့်စင်သည့်ပစ္စည်း၊ ဓာတ်ငွေ့ဖြည့်ပေးသည့်နေရာများတွင် အန္တရာယ်ကင်းသည့် အဆောက်အဦးနှင့် မသန်စွမ်းသူများအတွက် ထိုင်ခုံများကို တီထွင်ခဲ့သူများက အသီးသီး ရရှိခဲ့ကြသည်။ လုံခြုံရေး အာရုံခံစနစ်နှင့် ရေအပူပေးစက် တီထွင်သူတို့မှာ ကြေးတံဆိပ်များ ရရှိခဲ့ကြသည်။

    “ဒီအောင်မြင်မှုတွေဟာ တီထွင်ဆန်းသစ်မှု နယ်ပယ်အတွက် အသင်းအဖွဲ့တွေကနေတစ်ဆင့် ခေါင်းဆောင်မှုပိုင်းက ရက်ရက်ရောရော ထောက်ပံ့ပေးခဲ့တာကို ရောင်ပြန်ဟပ်တာပါပဲ” ဟု TVTC ၏ အုပ်ချုပ်ရေးမှူး အလီ အလ်-ဂါဖစ်က ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတကာ ပြိုင်ပွဲများတွင် ထိုကဲ့သို့ ပါဝင်မှုက ကောလိပ်များနှင့် အသင်းအဖွဲ့များမှ ရွက်ပုံးသီး တီထွင် ဆန်းသစ်သူများကို မြေတောင်မြှောက်ပေးခြင်း
    ဖြစ်သည်ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    iENA-2015 ကုန်စည်ပြပွဲပြိုင်ပွဲကို ရိုမေးနီးယား၊ ဘော့စနီးယား၊ ဂျာမနီ၊ ထိုင်ဝမ်၊ သြစတြီးယားတို့ အပါအ၀င် နိုင်ငံတကာ တီထွင်ဆန်းသစ်မှု အဖွဲ့အစည်းများက ကျင်းပပြုလုပ်ခဲ့ကြခြင်းဖြစ်သည်။

    Ref: Arabnews

  • ပုံရိပ်အသုံးပြုမှုအတွက် CNN သတင်းဌာနကို ရီဘာရီ တရားစွဲ

    ပုံရိပ်အသုံးပြုမှုအတွက် CNN သတင်းဌာနကို ရီဘာရီ တရားစွဲ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    rbr

    – cryotherapy (အအေးကုထုံး) နှင့်ပတ်သက်သည့် သတင်းတစ်ပုဒ်တွင် ၎င်း၏ ပုံရိပ်ကို ဖော်ပြမှုအတွက် ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဖရန့် ရီဘာရီက အမေရိကန် သတင်းဌာန CNN ကို တရားစွဲဆိုလိုက်ပြီး နစ်နာကြေး ကန်ဒေါ်လာ ၁.၅ သန်း တောင်းခံလိုက်သည်ဟု သိရသည်။

    အဆိုပါ cryotherapy ကုထုံးဖြင့် ကုသနေစဉ် သေဆုံးခဲ့သည့် အမျိုးသမီးတစ်ဦး၏ သတင်းကို CNN က Twitter စာမျက်နှာတွင် ဖော်ပြရာ၌ cryotherapy ကုသခန်းတွင် ကုသနေသည့် ရီဘာရီ၏ ပုံကို ထည့်သွင်းခဲ့ခြင်းဖြစ်သည်။

    “မစ္စတာရီဘာရီဟာ သူ့ရဲ့ အဲဒီပုံရိပ်ကို အသုံးပြုခွင့် မပေးခဲ့သလို ဒီလိုအသုံးပြုတာကို သဘောလည်း မတူပါဘူး။ ရီဘာရီနဲ့ သူ့ရဲ့မိသားစုက သူတို့ကို ထိခိုက်မှုအတွက် အနည်းဆုံး ကန်ဒေါ်လာ ၁.၅ သန်း ရရှိအောင် ပြင်သစ်တရားရုံးမှာ တရားစွဲဖို့ ကျွန်တော့်ကို ညွှန်ကြားခဲ့ပါတယ်” ဟု ၎င်း၏ ရှေ့နေဖြစ်သူက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ပြည်သူများအား အကြမ်းဖက်မည်ဟု ဘူရန်ဒီသမ္မ၏ ပြောဆိုမှုကို နိုင်ငံတကာက ရှုတ်ချ

    ပြည်သူများအား အကြမ်းဖက်မည်ဟု ဘူရန်ဒီသမ္မ၏ ပြောဆိုမှုကို နိုင်ငံတကာက ရှုတ်ချ

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    burandi

    – လုံခြုံရေးဆိုင်ရာ အခြေအနေ ဆိုးရွားနေသည့် အချိန်တွင် ပြည်သူများအား ရန်သူသဖွယ် သတ်မှတ်ပြောဆိုပြီး အကြမ်းဖက်ရန် လှုံ့ဆော်ခဲ့သည့် ဘူရန်ဒီအစိုးရအား နိုင်ငံတကာ အသိုင်းအ၀ိုင်းက ရှုတ်ချပြောဆိုလိုက်သည်ဟု သိရသည်။

    သမ္မတ ပီယာရီ အန်ကူရွန်ဇီဇာက ပြည်သူများအနေဖြင့် စနေနေ့တွင် နောက်ဆုံးထား၍ လက်နက်များကို အပ်နှံကြရန်နှင့် ထိုသို့မအပ်နှံပါက နိုင်ငံတော်ရန်သူအဖြစ် သတ်မှတ်ကာ နှိမ်နင်းသတ်ဖြတ်သွားမည်ဟု ကြေငြာခဲ့သည်။ ဘူရန်ဒီပြည်သူများမှာ အခြေခံဥပဒေအား ချိုးဖောက်ကာ တတိယအကြိမ်မြောက် သမ္မတတာဝန်ယူခဲ့သည့် ပီယာရီအား ဆန့်ကျင်သည့်အနေဖြင့် ပြီးခဲ့သည့်လများအတွင်း ဆန့်ကျင်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြသည်။

    နိုင်ငံတကာမှ ဝေဖန်သူများကမူ အဆိုပါ နောက်ဆုံးရက် ကုန်ဆုံးပြီးနောက် အာဏာပိုင်များက လက်နက်များကို စီးနင်းရှာဖွေမှု ပြုလုပ်ပါက အကြမ်းဖက်တိုက်ခိုက်မှုများ ဖြစ်လာမည်ကို စိုးရိမ်နေကြသည်။ ထို့ပြင် ကုလအပါအ၀င် နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဘူရန်ဒီအစိုးရအနေဖြင့် ပြည်သူများအား သတ်ဖြတ်မှုကို ရပ်တန့်ရမည်ဖြစ်ပြီး၊ အစိုးရက အကြမ်းဖက်ရန် လူသိရှင်ကြား ပြောကြားမှုမှာ တရားစွဲဆိုရန် လုံလောက်သည့် အထောက်အထားဖြစ်သည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

  • မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်

    မော်ရင်ဟို၏ ပွဲအားတုန့်ပြန်မှု လုံးဝ ခြားနားတော့မည်

    နိုဝင်ဘာ ၇၊ ၂၀၁၅
    M-Media

    morinho

    – ပြီးခဲ့သည့် တစ်ပတ်ကျော် ၀က်စ်ဟမ်းအသင်းနှင့်ပွဲ အပြုအမူကြောင့် ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခံထားရပြီးနောက် မိမိအနေဖြင့် ပွဲအားချဉ်းကပ်မှုကို လုံးဝပြောင်းလဲသွားမည်ဟု ချယ်ဆီးနည်းပြ မော်ရင်ဟိုက ပြောကြားလိုက်သည်။

    ထိုပွဲတွင် ဒိုင်လူကြီးကို ဆဲရေးတိုင်းထွာခဲ့သောကြောင့် မော်ရင်ဟိုမှာ ပွဲကစားချိန်အတွင်း ကွင်းအတွင်းမှ ထုတ်ပယ်ခံခဲ့ရပြီး ကွင်းလယ်ဒိုင်လူကြီး ဂျွန် မို့စ်၏ အစီရင်ခံစာတွင်လည်း ထိုကိစ္စကို ထည့်သွင်းဖော်ပြခဲ့သောကြောင့် FA က မော်ရင်ဟိုအား ကွင်းအတွင်းသို့ ၀င်ရောက်ခွင့် တစ်ပွဲ ပိတ်ပင်ခဲ့သည်။

    “ပွဲမှာ ကွင်းအတွင်းက ထုတ်ခံခဲ့ရပြီး နောက်ပိုင်းမှာလည်း ကွင်းအတွင်းဝင်ရောက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ ဒါဟာ ကျွန်တော့်အလုပ်ကို ရပ်တန့်လိုက်တာပါပဲ။ ဒီအဖြစ်အပျက်က ကျွန်တော့်ကို ပြောင်းလဲစေခဲ့ပါတယ်။ အားလုံးကို ပြောင်းလဲပစ်လိုက်တာပါ။ အဲဒီအတွက် ကျွန်တော့်ရဲ့အဖြေကတော့ ကျွန်တောဟာ အရင်ကနဲ့ မတူတော့ဘူး ဆိုတာပါပဲ။ ပွဲနဲ့ပတ်သက်ပြီး ကျွန်တော့်ရဲ့ပါဝင်မှုက လုံးဝ ခြားနားသွားတော့မှာပါ” ဟု မော်ရင်ဟိုက သတင်းထောက်များအား ပြောကြားခဲ့သည်။

    Ref: Goal