နိုဝင်ဘာ ၉၊ ၂၀၁၅
M-Media
– မိမိတို့အသင်းမှာ ကစားပုံကောင်းသော်လည်း ကံမကောင်းခြင်းကြောင့်သာ ယခုကဲ့သို့ ရလဒ်ဆိုးများနှင့် ကြုံတွေ့နေရခြင်းဖြစ်ပြီး အသင်းသားများအားလုံးမှာ စုစုစည်းစည်း ရှိနေသည်ဟု ချယ်ဆီးကွင်းလယ်လူ နမန်ဂျာ မာတစ်က ပြောကြားလိုက်သည်။
စနေနေ့က စတုတ်စီးတီးနှင့် ကစားခဲ့သည့်ပွဲတွင် ချယ်ဆီးမှာ ၁ ဂိုး ဂိုးမရှိဖြင့် ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ ပရီးမီးယားလိဂ်တွင် ၇ ပွဲမြောက် အရှုံးလည်း ဖြစ်ခဲ့သည်။ ထို့ပြင် လက်ရှိပရီးမီးယားလိဂ် ချန်ပီယံ ချယ်ဆီးမှာ အဆင့် ၁၆ နေရာတွင် ရောက်ရှိနေပြီး တန်းဆင်းဇုန်နှင့် ၃ မှတ်အကွာတွင် ရှိနေသည်။
“ပြီးခဲ့တဲ့ ၂ ပွဲမှာ ကျွန်တော်တို့ ကောင်းခဲ့တယ်လို့ ထင်ပါတယ်။ ဒါပေမယ့် ကံမကောင်းတာပါ။ ဒီရာသီရဲ့ ပွဲတိုင်းမှာ ကျွန်တော်တို့ ကောင်းခဲ့တယ်လို့ မဆိုလိုပါဘူး။ ရှုံးသင့်ရှုံးထိုက်တဲ့ပွဲတွေလည်း ကျွန်တော်တို့မှာ ရှိခဲ့ပါတယ်။ ဒါပေမယ့် (စတုတ်နဲ့ပွဲကတော့) ထပ်ပြီး မရှုံးသင့်တော့တဲ့ပွဲပါ။ တစ်ခုကောင်းနေတာက အသင်းဟာ စုစုစည်းစည်း ရှိနေတာပါပဲ။ အသင်းသားတိုင်းက အသင်းရဲ့ အခြေအနေကိုလည်း နားလည်ပါတယ်။ ပိုပြီး ညီညွတ်အောင် ကြိုးစားသွားမှာဖြစ်ပြီး အခြေအနေ ပိုကောင်းအောင်လည်း ဆောင်ရွက်သွားပါမယ်” ဟု မာတစ်က ပြောကြားခဲ့သည်။
Ref: Goal


Leave a Reply
You must be logged in to post a comment.