News @ M-Media

Blog

  • အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး ယနေ့တွင် စတင်

    အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများအစည်းအဝေး ယနေ့တွင် စတင်

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    asean

    – ၂၀၁၅ ခုနှစ် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့တွင် မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပပြုလုပ်ခဲ့ပြီး ၂ ရက်တာ ကြာမြင့်မည်ဟု သိရသည်။

    အဆိုပါ အစည်းအဝေးတွင် ၂၀၁၆ မှ ၂၀၂၅ ခုနှစ်အတွင်း ပြုလုပ်မည့် ဒေသတွင်း ပို့ဆောင်ရေး စီမံကိန်းဖြစ်သော ကွာလာလမ်ပူ ပို့ဆောင်ရေး မဟာဗျူဟာအစီအစဉ် (KLTSP) ကို နောက်ဆုံး သဘောတူညီချက် ရယူမည်ဖြစ်သည်။ အဆိုပါ အစီအစဉ်မှာ အာဆီယံ ပို့ဆောင်ရေးစနစ်တွင် ဆက်သွယ်မှု၊ စိတ်ချရမှု၊ ပူးပေါင်းဆောင်ရွက်မှု၊ လုံခြုံရေးနှင့် ရေရှည်တည်တံ့ရေးတို့ကို တိုးတက်အောင် ဆောင်ရွက်မည့် စီမံကိန်းလည်းဖြစ်သည်။

    အာဆီယံနိုင်ငံများ၏ ထိုအစည်းအဝေးကို တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယားတို့ကလည်း တက်ရောက်မည်ဖြစ်ပြီး ဒေသတွင်း မာစတာပလန်များကို လေ့လာသွားမည်ဖြစ်သည်။ အစည်းအဝေးတွင် အာဆီယံဒေသ လေပိုင်နက်နှင့် လေကြောင်းဈေးကွက် တစ်ခုတည်းဖြစ်ရေး၊ အဆီယံ အဝေးပြေးလမ်းမ ကွန်ယက်၊ စင်ကာပူ-ကူမင်း ရထားလမ်းကြောင်း စီမံကိန်း စသည်တို့နှင့် ပတ်သက်၍လည်း ဆွေးနွေးသွားမည်ဖြစ်သည်။

    Ref: Channelnewsasisa

  • ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ

    ဆော်ဒီရှိ သဲကန္တာရ ခရီးသွားလာမှု လူကြိုက်များလာ

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    ar

    – ပြီးခဲ့သည့် နှစ်များအတွင်း ဆော်ဒီရှိ သဲကန္တာရ ခရီးသွားခြင်းလုပ်ငန်းမှာ ပြည်တွင်းနှင့် ပြည်ပတွင် လူကြိုက်များမှု မြင့်တက်လာခဲ့ပြီး နိုင်ငံစီးပွားရေးအတွက် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနေသည်ဟု သိရသည်။

    အဆိုပါ ခရီးသွားလုပ်ငန်းကို လုပ်ကိုင်နေသော Al-Sunaidi Company for Supply Trips ကုမ္ပဏီမှ ဥက္ကဌဖြစ်သူ အဘ်ဒူလ်ရဟ်မန် အလ်-ဆူနိုင်ဒီကမူ ထိုကဏ္ဍမှာ မကြာမီကာလကပင် ကြီးထွားလာခဲ့ပြီး တစ်နှစ်လျှင် ဆော်ဒီရီယဲလ် ၂ ဘီလီယံခန့် ရင်းနှီးမြှုပ်နှံမှုများ ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ဆော်ဒီအစိုးရကလည်း ထိုလုပ်ငန်းအတွက် တစ်နှစ်လျှင် ရီယဲလ် သန်း ၈၀၀ ခန့် သုံးစွဲနေပြီး၊ ဆော်ဒီနှင့် ပင်လယ်ကွေ့နိုင်ငံများတွင် သဲကန္တာရ ခရီးသွားမှု အမြင့်ဆုံးကာလမှ နိုဝင်ဘာလမှ ဧပြီလအထိဖြစ်သည်။ ဒေသတွင်းမှ အဆိုပါလုပ်ငန်း လုပ်ကိုင်သူများမှာ ဆော်ဒီဈေးကွက်ကို မှီခိုနေရသည်။

    Ref: Arabnews

  • ဖော်မြူလာဝမ်း၏ ပထမဆုံး အမျိုးသမီးကားမောင်းသမား အနားယူမည်

    ဖော်မြူလာဝမ်း၏ ပထမဆုံး အမျိုးသမီးကားမောင်းသမား အနားယူမည်

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    one

    – ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲဝင် Williams အသင်းမှ အစမ်းမောင်းသည့် အမျိုးသမီး ကားမောင်းသမားဖြစ်သူ ဆူဇီ ၀ုလ်ဖ်က ယခုရာသီကုန်လျှင် ကားမောင်းသမားဘ၀မှ အနားယူတော့မည်ဟု ကြေငြာခဲ့ပြီး ဖော်မြူလာဝမ်းတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် အမျိုးသမီးများ အဆင်သင့်မဖြစ်သေးဟု ပြာကြားခဲ့သည်။

    အသင်း၏ နည်းစနစ်အသစ်များနှင့် လမ်းကြောင်းများကို စမ်းသပ်မောင်းနှင်ရသည့် စကော့တလန်နိုင်ငံသူ ဆူဇီမှာ ပြီးခဲ့သည့်နှစ် ဗြိတိန် ဂရင်းပရီ ကားမောင်းပြိုင်ပွဲတွင် လေ့ကျင့်မောင်းနှင့်ခွင့် ရခဲ့ပြီး နှစ် ၂၀ ကျော်အတွင်း ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၌ ပထမဆုံး ယှဉ်ပြိုင်ခွင့်ရခဲ့သည့် အမျိုးသမီး ကားမောင်းသမားလည်း ဖြစ်ခဲ့သည်။

    “ဖော်မြူလာဝမ်းကား မောင်းချင်းတဲ့ ကျွန်မရဲ့ အိပ်မက်ကို ခွင့်ပြုခဲ့တာ အပါအ၀င် ပြီးခဲ့တဲ့နှစ်တွေမှာ ပေးခဲ့တဲ့ အခွင့်အလမ်းတွေအတွက် Williams အသင်းကို ကျွန်မ ကျေးဇူးတင်ပါတယ်။ အသင်းက လူတိုင်းနဲ့ အလုပ်လုပ်ရတာ သိပ်ကောင်းပါတယ်။ အသင်းမှာ ကုန်ဆုံးခဲ့တဲ့ ကျွန်မရဲ့ ဘ၀ခရီးမှာ တစ်စိတ်တစ်ပိုင်း ပါဝင်ခဲ့သူတိုင်းကိုလည်း ကျွန်မ ကျေးဇူးတင်ပါတယ်။ ကျွန်မ ဒီမှာ တစ်ခန်းရပ်ပေမယ့် အနာဂတ်မှာ စိန်ခေါ်မှု အသစ်တွေကို ရှာဖွေသွားမှာပါ” ဟု ဆူဇီက အနားယူကြောင်း ထုတ်ပြန်သည့် ကြောငြာချက်တွင် ရေးသားဖော်ပြခဲ့သည်။

    Ref: Dailymail

  • အစိုးရဖွဲ့ခွင့်ရလျှင် မိမိမှာ သမ္မတအထက်တွင် ရှိသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    အစိုးရဖွဲ့ခွင့်ရလျှင် မိမိမှာ သမ္မတအထက်တွင် ရှိသွားမည်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    daw su

    – မိမိတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD က ရွေးကောက်ပွဲတွင် အနိုင်ရရှိပါက မိမိမှာ သမ္မတအထက်မှ လူအဖြစ် နေသွားမည်ဟု မြန်မာ အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

    ယခုလ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲတွင် NLD ပါတီက အနိုင်ရမည်ဟု ကျယ်ကျယ်ပြန့်ပြန့် ခန့်မှန်းမှုများ ရှိနေသော်လည်း အခြေခံဥပဒေတွင် နိုင်ငံခြားသား ဇနီး၊ ခင်ပွန်း သို့မဟုတ် သားသမီးရှိသောသူမှာ သမ္မတဖြစ်ခွင့် မရှိဟု ကန့်သတ်ထားမှုကြောင့် ဒေါ်အောင်ဆန်းစုကြည်မှာ သမ္မတဖြစ်မလာနိုင်ပေ။

    ရွေးကောက်ပွဲမတိုင်ခင် သူမ၏ နောက်ဆုံးဖြစ်သည့် ရန်ကုန်သတင်းစာရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “တကယ်လို့ ကျွန်မတို့နိုင်ရင် NLD က အစိုးရကို ဖွဲ့မယ်။ ကျွန်မက သမ္မတရဲ့အထက်မှာ ရှိမှာပါ။ ဒါက အရှင်းဆုံး စကားပါပဲ” ဟု ပြောကြားခဲ့ပြီး ထိုအခြေအနေမျိုးကို ဖွဲ့စည်းပုံ အခြေခံဥပဒေက တားမြစ်ထားခြင်းမရှိဟု သူမက ထပ်လောင်းပြောကြားခဲ့သည်။

    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်နှင့် တပ်မတော်သားကိုယ်စားလှယ်တို့မှ သမ္မတလောင်း ၃ ဦး၏ အမည်စာရင်းကို တင်သွင်းရမည်ဖြစ်ပြီ့း ပြည်ထောင်စုလွှတ်တော်မှ သမ္မတကို မဲစနစ်ဖြင့် ရွေးချယ်မည်ဖြစ်သည်။ ၎င်းတို့ ၃ ဦးထဲမှ မဲအများဆုံးရသူမှာ သမ္မတ ဖြစ်လာမည်ဖြစ်ပြီး ကျန်နှစ်ဦးမှာ ဒုတိယသမ္မတများ ဖြစ်မည်ဖြစ်သည်။

    ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ၂ ရပ်တွင် အပြတ်အသတ် အနိုင်ရသည့် ပါတီက သမ္မတလောင်းများ၏ အမည်စာရင်းကို တင်သွင်းနိုင်မည်ဖြစ်ပြီး ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်က NLD ၏ သမ္မတလောင်းအဖြစ် မည်သူအား ရွေးချယ်မည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးပေ။

    Ref: CNN

  • ကက်ရှ်မီးယားမှ ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများကို အိန္ဒိယ ဖမ်းဆီး

    ကက်ရှ်မီးယားမှ ရာနှင့်ချီသော တက်ကြွလှုပ်ရှားသူများကို အိန္ဒိယ ဖမ်းဆီး

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    kas

    – အိန္ဒိယသမ္မတ မိုဒီ လာရောက်ခြင်းမပြုမီ ကက်ရှ်မီးယားဒေသရှိ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများနှင့် လွတ်လပ်ရေး လှုပ်ရှားသူ ခေါင်းဆောင် ရာပေါင်းများစွာကို အိန္ဒိယအာဏာပိုင်များက ဖမ်းဆီးထိန်သိမ်းမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    မိုဒီမှာ နိုဝင်ဘာ ၇ ရက်နေ့တွင် ကက်ရှ်မီးယားသို့ လာရောက်ရန် ရှိနေပြီး ဒေသရှိ သူပုန်များနှင့် လွတ်မြောက်ရေး လှုပ်ရှားသူများမှာ မိုဒီအား ဆန့်ကျင်သည့်အနေဖြင့် “သန်းချီ ချီတက်မှု” အစီအစဉ်ကို ဆောင်ရွက်ရန် စီစဉ်နေသည်။

    “ကျွန်တော်တို့ရဲ့ ငြိမ်းချမ်းစွာ ချီတက်ဆန္ဒပြမှု အစီအစဉ်ကို အိန္ဒိယက အင်အားသုံးပြီး ပြင်းပြင်းထန်ထန် နှိမ်နှင်းနေပါတယ်။ ဒါပေမယ့် သတ်မှတ်ထားတဲ့နေရာကို လူတစ်သန်းနဲ့ ရောက်အောင်သွားမှာပါ” ဟု ကက်ရှ်မီးယားဒေသရှိ လွတ်မြောက်ရေးအဖွဲ့မှ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်သူ ဆယဒ် အလီ ရှားဟ် ဂီလာနီက ပြောကြားခဲ့သည်။

    ဂီလာနီကို အိန္ဒိယအာဏာပိုင်များက အကျယ်ချုပ် ချထားပြီး ၎င်းက ထိုကဲ့သို့ ချီတက်ဆန္ဒပြရန် တိုက်တွန်းဆော်သြခဲ့ခြင်းဖြစ်ကာ ဒေသအတွင်းရှိ လွတ်မြောက်ရေးလိုလားသည့် ပါတီများနှင့် လွတ်မြောက်ရေးအတွက် ကြိုးပမ်းနေကြသော လက်နက်ကိုင်တပ်ဖွဲ့ဝင် တစ်ဒါဇင်ကျော်တို့က ထောက်ခံခဲ့ကြသည်။

    သို့သော်လည်း ပြီးခဲ့သည့် ရက်ပိုင်းအတွင်း အိန္ဒိယရဲတပ်ဖွဲ့မှာ ကက်ရှ်မီးယာဒေသအတွင်း စီးနင်းမှု အမြောက်အများ ပြုလုပ်ခဲ့ပြီး တက်ကြွလှုပ်ရှားသူများနှင့် နိုင်ငံရေးသမားများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

    ထို့ပြင် မိုဒီအား ဆန့်ကျင်ဆန္ဒပြမှု ပြုလုပ်ရေးကို အားပေးသော ဆိုရှယ်မီဒီယာ စာမျက်နှာများနှင့် ၀ဘ်ဆိုက် ဒါဇင်ပေါင်းများစွာကိုလည်း ပိတ်ပစ်ခဲ့ပြီး အင်တာနက်မှ ဖုန်းခေါ်ဆိုမှုများကိုလည်း ပိတ်ပင်ထားသည်။ ထို့ပြင် ကားလမ်းများနှင့် အဝေးပြေးလမ်းများကိုလည်း အိန္ဒိအစိုးရက ပိတ်ဆို့ထားသည်။

    မိုဒီအား ဆန့်ကျင်သည့် အဆိုပါ ချီတက်ဆန္ဒပြမှုက ၂၀၀၈ ခုနှစ်နှင့် ၂၀၁၀ ခုနှစ်များတွင် ဖြစ်ပွားခဲ့ပြီး လပေါင်းများစွာကြာမြင့်ခဲ့သော အိန္ဒိယဆန့်ကျင်သည့် ဆန္ဒပြမှုများကဲ့သို့ ဖြစ်လာမည်ကို အိန္ဒိယအစိုးရက ကြောက်ရွံ့နေသည်။

    Ref: Aljazeera