News @ M-Media

Blog

  • ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်

    ဘိုင်ယန်အရှုံးအတွက် အသင်းကို ၀င်းဂါး ဝေဖန်

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    winger

    – ယနေ့မနက်က ဘိုင်ယန်မြူးနစ်အသင်းနှင့် ကစားခဲ့သည့် ချန်ပီယံလိဂ် အုပ်စုပွဲ ကစားပုံအတွက် အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက အသင်းအား ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပြီး မိမိ၏ အသင်းကိုပင် မမှတ်မိတော့ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် အုပ်စုပွဲစဉ် ၃ တွင် ဘိုင်ယန်အား အိမ်ကွင်း၌ ၂ ဂိုး ဂိုးမရှိဖြင် အနိုင်ရရှိခဲ့သည့် အာဆင်နယ်မှာ ယနေ့ အဝေးကွင်းပွဲစဉ်၌ ၅ ဂိုး ၁ ဂိုးဖြင့် အရှက်တကွဲ ရှုံးနိမ့်ခဲ့ရသည်။ ထို့ကြောင့် အုပ်စုပွဲစဉ် ၄ ပွဲကစားပြီးချိန်တွင် အာဆင်နယ်မှာ ၃ ပွဲအထိ ရှုံးထားပြီး ရမှတ် ၃ မှတ်ဖြင့် အုပ်စု F တွင် အောက်ဆုံးရောက်ရှိနေကာ နောက်တစ်ဆင့်တက်ရေးအတွက် အခွင့်အလမ်း နည်းသွားပြီဖြစ်သည်။

    “ဘိုင်ယန်ကိုတော့ သူတို့ရဲ့ အရည်အသွေးအတွက် ကျွန်တော်တို့ ချီးကျူးရပါလိမ့်မယ်။ ဒါပေမယ့် ကျွန်တော်တို့ အညှာလွယ်သွားခဲ့တာပါ။ တိုက်စစ်မှာတင်မဟုတ်ဘဲ၊ ခံစစ်မှာလည်း ကျွန်တော်တို့ သိပ်ကို ဆိုးရွားခဲ့ပါတယ်။ ကျွန်တော့်အသင်းကို မှတ်တောင်မမှတ်မိပါဘူး” ဟု ၀င်းဂါးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    အုပ်စုကျွတ်ရေးအတွက်မူ ၀င်းဂါးက “နောက်တစ်ဆင့်တက်ဖို့အတွက် အခွင့်အရေးကတော့ ရှိနေတုန်းပါပဲ။ အခွင့်အရေးက သိပ်ပြီး သေးငယ်ပါတယ်။ ဒါပေမယ့် အဲဒါက စစ်မှန်တဲ့ အခွင့်အရေးပါ” ဟု ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Goal

  • လူမျိုးရေး ပဋိပက္ခ မီးမွှေးဖို့ မော်လမြိုင်မှာ အုပ်စုဖွဲ့  တိုက်ခိုက်မှုတွေ လုပ်နေတာလား?

    လူမျိုးရေး ပဋိပက္ခ မီးမွှေးဖို့ မော်လမြိုင်မှာ အုပ်စုဖွဲ့ တိုက်ခိုက်မှုတွေ လုပ်နေတာလား?

    နိုဝင်ဘာ ၅ ၊ ၂၀၁၅
    M-Media

    welcome_to_mawlamyine

    – မတူညီသော လူ့အဖွဲအစည်းမှ လူများကို ညဘက်တွင် မည်သည့်အကြောင်းမှ မရှိဘဲ တိုက်ခိုက်မှုများက ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်တွင် မွန်ပြည်နည်၏ မြို့တော် မော်လမြိုင်အား ခြောက်ခြားစေခဲ့လေသည်။ လူ့အဖွဲ့အစည်း ခေါင်းဆောင်များကတော့ ထို တိုက်ခိုက်မှုများမှာ နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရှိနေချိန်တွင် လူမျိုးရေး တင်းမာမှုများဖြစ်စေရန် ကြိုးပမ်းမှုဖြစ်မည်ကို စိုးရိမ်နေကြသည်။

    အသက် ၂၀ ကျော်ရှိပြီဖြစ်သည့် ဟိန္ဒူ အမျိုးသား ပေါင်းပေါင်းက ၎င်းနှင့် ညီအစ်ကိုနှစ်ယောက်မှာ စက်တင်ဘာ ၂၆ ရက်နေ့ညပိုင်း လက်ဖက်ရည်ဆိုင်၌ ဘောလုံးပွဲကြည့်ပြီး ကမ်းနားလမ်း အတိုင်း အိမ်သို့ လမ်းလျှောက်ပြန်လာစဉ် အမျိုးသားအချို့က ၎င်းတို့အား ရုတ်တရက် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။

    “သူတို့က ‘ခွေးမသား ကုလား’ လို့ ဆဲပြီး ကျွန်တော်တို့ကို ရိုက်ပါတယ်။ ကျွန်တော်တို့က ဟိန္ဒူ တွေပါ၊ မွတ်စလင် မဟုတ်ပါဘူးလို့ ပြောပေမယ့် သူတို့ နား မထောင်ကြပါဘူး” ဟု ပြောကြားခဲ့သည်။ ‘ကုလား’ ဟူသော စကားလုံးမှာ မြန်မာနိုင်ငံတွင် တောင်အာရှနွယ်ဖွားများအား နှိမ့်ချခေါ်ဝေါ်သည့် စကားလုံးဖြစ်သည်။ ပေါင်းပေါင်းတစ်ယောက် ဦးခေါင်းတွင် ဟက်တက်ကွဲသွားပြီး အချက် ၂၀ ချုပ်ခဲ့ရလေသည်။

    “ဒါက တစ်ခါတစ်ရံ ကမ်းနားလမ်းမှာ တိုက်ခိုက်တတ်တဲ့ ပုံမှန်ဂိုဏ်းမျိုး မဟုတ်ပါဘူး။ သူတို့ဟာ တော်တော်လေး အစီအစဉ်တကျ ရှိပုံရပါတယ်”

    မော်လမြိုင်ရှိ မိသားစုထံသို့ ရန်ကုန်မှ လာရောက် လည်ပတ်သော မွတ်စလင်တစ်ဦးဖြစ်သည့် အသက် ၂၅ နှစ်အရွယ် ငြိမ်ထွေးမှာ ထိုညတွင်ပင် ဈေးချိုဈေးကြီးကို ဖြတ်၍ သူယ်ချင်းတစ်ယောက်နှင့် ကားမောင်းသွားစဉ် ၎င်းတို့ရှေ့၌ မော်တော်ဆိုင်ကယ်တစ်စီး၏ ပိတ်ရပ်မှုကို ခံခဲ့ရလေသည်။

    “အဲဒီနောက်မှာ မော်တော်ဆိုင်ကယ် ၁၀ စီးလောက်က အမျိုးသား ၂၀ လောက်ဟာ ကျွန်တော်တို့ကို အနောက်ကနေ ငှက်ကြီးတောင်ဓားတွေ၊ သံပိုက်တွေနဲ့ တိုက်ခိုက်ပါတယ်။ သူတို့ကို ကျွန်တော် အရင်က မမြင်ဖူးဘူးဗျ” ဟု ငြိမ်းထွေးက ၎င်းကြုံတွေ့ခဲ့ရသည့် အဖြစ်အပျက်ကို ပြန်ပြောင်း ပြောပြလေသည်။ ထိုတိုက်ခိုက်မှုအတွင်း ၎င်းမှာ သတိလစ်ခဲ့သည်။ သတိမလစ်ခင် ၎င်းအနောက်မှ လိုက်လာသည့် ဗုဒ္ဓဘာသာ သူငယ်ချင်းများကို တိုက်ခိုက်သူများက “မင်းတို့ ဗုဒ္ဓဘာသာဆို ဘေးဖယ်နေ။ ငါတို့က ကုလားတွေကိုရိုက်တာ” ဟု ပြောကြားသည့်အသံကို ၎င်းက ကြားခဲ့ရလေသည်။ တိုက်ခိုက်မှုကြောင့် ငြိမ်ထွေးတစ်ယောက် လက်ကျိုးခဲ့ပြီး ၎င်း၏ သူငယ်ချင်းကတော့ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့လေသည်။

    ရွေးကောက်ပွဲ မဲဆွယ်မှု ကာလအတွင်း မြန်မာနိုင်ငံရှိ လူများစု ဗုဒ္ဓဘာသာဝင်များနှင့် လူနည်းစု အစ္စလာမ် ဘာသာဝင်များအကြား တင်းမာမှုအရှိန်မှာ မြင့်တက်လာခဲ့သည်။ ဝေဖန်သူများကမူ မြန်မာနိုင်ငံမှ အချို့သော နိုင်ငံရေးပါတီများမှာ မဲရရှိရေးအတွက် အစွန်းရောက်ဘုန်းကြီး ဦးဆောင်သည့် မဘသအဖွဲ့ကို လူသိရှင်ကြားပင် ထောက်ခံကြသည်ဟု ပြောကြားခဲ့သည်။

    mawlamyaing2

    လူမျိုးရေးပဋိပက္ခဖြစ်ရန် လှုံ့ဆော်နေသည့်အဖွဲ့
    ————————————————-
    တောင်အာရှနွယ်ဖွားများသာ တိုက်ခိုက်မှုကို ခံရသည်မဟုတ်။ အောက်တိုဘာလ အစောပိုင်းကလည်း မော်လမြိုင်ကို ဖြတ်၍ စီးဆင်းနေသော သံလွင်မြစ်တစ်လျှောက်တွင် အရက်သောက်နေကြသည့် ကျောင်းသား ၁၀ ယောက်ဝန်းကျင်ခန့်နှင့် အမည်မသိ အုပ်စုအကြား တိုက်ခိုက်မှုတစ်ခု ဖြစ်ပွားခဲ့သည်။

    မော်လမြိုင်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဌ မင်းဟန် တာလာမွန်ကမူ  တိုက်ခိုက်မှုကြောင့် ဆေးရုံတက် လိုက်ရသည့် ကျောင်းသားတစ်ဦးအား သွားရောက်ကြည့်ရှုခဲ့သည်။

    “အဲဒီအုပ်စုကလူတွေဟာ လူငယ်တွေကို ကျောက်ခဲတွေနဲ့ပစ်ပြီး ရန်စတာပေါ့ဗျာ။ ပြဿနာလည်းဖြစ်ရော တုတ်တွေဓားတွေ တစ်ဝင့်ဝင့်နဲ့ နောက်ထပ် လူ ၃၀ ကျော်လောက် ထပ်ရောက်လာတယ်။ အဲဒီနောက် သူတို့တွေက မော်တော်ဆိုင်ကယ်တွေနဲ့ ထွက်ပြေးသွားပါတယ်” ဟု မင်းဟန်က ပြောကြားခဲ့သည်။

    “မွတ်စလင်တစ်ယောက် အီးဒ်နေ့မှာ အရိုက်ခံရပါတယ်။ နောက်တစ်နေ့မှာပဲ ဗုဒ္ဓဘာသာဝင်တွေ တိုက်ခိုက်ခံရပါတယ်။ ဒါ့ကြောင့် မြို့ထဲက ဗုဒ္ဓဘာသာနဲ့ မွတ်လင်တွေက ဒါဟာ အုပ်စုတစ်စုက လူမျိုးရေး ပဋိပက္ခဖြစ်အောင် လှုံ့ဆော်ဖို့ ကြိုးစားနေတယ်လို့ သံသယဖြစ်နေပါတယ်”

    မော်လမြိုင်မှ ဂီတပညာရှင် တစ်ယောက်ဖြစ်သူ ဇင်မျိုးကလည်း အောက်တိုဘာ ၂၂ ရက်နေ့တွင် ဒေသခံအသွင် ဆောင်လာသူတစ်ဦး၏ တိုက်ခိုက်မှုကို ခံခဲ့ရသည်။

    “ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးရောက်တော့ သူက ကျွန်တော့်ကို ကုလားထင်လို့ ရိုက်တယ်လို့ ပြောပါတယ်။ နောက်ပြီး မဘသက တစ်ယောက်ယောက်ကို ဖုန်းဆက်ဖို့လည်း သူက ပြောပါတယ်။ ဒါပေမယ့် ရဲစခန်းရောက်တော့ ဒါမျိုး မပြောတော့ပါဘူး” ဟု အိန္ဒိ-ဗမာနွယ်ဖွား ဇင်မျိုးက ပြောကြားခဲ့သည်။

    ပြည်တွင်း ဘာသာပေါင်းစုံ ချစ်ကျည်ရေးအဖွဲ့ဖြစ်သော လူငယ်နှင့် လူမှုသဟဇာတဖြစ်ရေးစင်တာမှ ပရိုဂရမ်ဒါရိုက်တာ အောင်ကိုကိုက “ဒါတွေဟာ စနစ်တကျကိုလုပ်တဲ့ ကိစ္စတွေပါ။ ချမ်းသာကြွယ်ဝတဲ့သူတွေနဲ့ အာဏာရှိတဲ့သူတွေက ဒီအုပ်စုတွေကို ထောက်ပံ့နေတယ်လို့ သံသယရှိပါတယ်”

    လူမျိုးစုံသည့်မြို့မှ မဘသရုံးခန်း
    ———————————
    လူဦးရေ သုံးသိန်းခန့်နေထိုင်သည့် မော်လမြိုင်မြို့မှာ ဘာသာ၊ လူမျိုးပေါင်းစုံ သဟာဇာတဖြစ်စွာ နေုထိုင်သည့် ရှည်လျားသော သမိုင်းကြောင်းရှိသည့် မြို့ဖြစ်သည်။ ကိုလိုနီလက်ထက်ကတည်းက ရှိခဲ့သည့် မြို့လယ်ကောင်တွင် မွတ်စလင်နှင့် ဟိန္ဒူလူဦးရေ အများအပြားရှိပြီး ဗုဒ္ဓဘာသာဝင် မွန်လူမျိုးများ၊ ဗမာလူမျိုးများနှင့် အတူတကွ ယှဉ်တွဲ နေထိုင်နေကြသည်။

    ထိုမြို့က အမျိုးသားရေးလှုပ်ရှားနေသည့် မဘသအဖွဲ့၏ ခြေကုပ်ဖြစ်ပြီး၊ မဘသ၏ အထွေထွေ အတွင်းရေးမှူးဖြစ်သူ ၀ီမလ ဗူဒီကဲ့သို့ အန္တရာယ်ရှိသည့် ဘုန်းကြီးအချို့ နေထိုင်သီတင်းသုံးသော ကျောင်းတိုက်များရှိရာ မြို့လည်း ဖြစ်သည်။

    ထိုအုပ်စုများက မွတ်စလင်ဆန့်ကျင်ရေး သဘောထားကို လေပင့်ပေးနေပြီး မကြာသေးမီက ပြုလုပ်ခဲ့သည့် မဲဆွယ်မှုများအတွင်း အာဏာရပါတီအား ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့သည့် အုပ်စုများလည်း ဖြစ်သည်။

    ၂၀၁၂ ခုနှစ်ကတည်းက မြန်မာနိုင်ငံ အနောက်ဖက်နှင့် အလယ်ပိုင်းတို့တွင် ဗုဒ္ဓဘာသာဝင်များနှင့် တိုင်းပြည်လူဦးရေ ၅၁ သန်းတွင် ၅ ရာခိုင်နှုန်းမျှရှိသော မွတ်စလင်များအကြား လူမျိုးရေး အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သည်။ ထိုအကြမ်းဖက်မှုများကြောင့် လူ ထောင်သောင်းချီ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး အများစုမှာ မွတ်စလင်များဖြစ်သည်။

    အစွန်းရောက် ဗုဒ္ဓဘာသာဝင်များ ရှိနေသော်လည်း မော်လမြိုင်တွင် ယခုအချိန်အထိ အကြမ်းဖက်တိုက်ခိုက်မှုများ မဖြစ်သေး။ သို့သော်လည်း မဘသအဖွဲ့က အမုန်းတရား လှုံ့ဆော်မှုကို အရှိန်မြှင့်လာခဲ့ပြီး အချို့သော နိုင်ငံရေးပါတီများကလည်း မဘသအဖွဲ့အား ၀န်းရံနေကာ လူမျိုးရေး တင်းမာမှုများမှာလည်း မြင့်တက်လာခဲ့လေသည်။

    ပြီးခဲ့သည့် သီတင်းပတ် အနည်းငယ်အတွင်းက မဘသအဖွဲ့မှာ အမျိုစောင့်ဥပဒေ အောင်ပွဲကို ခြိမ့်ခြိမ့်သဲ ကျင်းပခဲ့ပြီး အာာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ အဖွဲ့ဝင်များလည်း ထိုအခမ်းအနားသို့ တက်ရောက်ခဲ့ကြသည်။

    12096419_556765344472056_5006139340398247684_n (1)

    အထောက်အပံ့ ကောင်းကောင်းရထားသော သမ္မတ အကြံပေးဟောင်း နေဇင်လတ်၏ အမျိုးသား တိုးတက်ရေးပါတီက အောက်တိုဘာ ၁၂ ရက်နေ့တွင် ချီတက်လမ်းလျှောက်မှုတစ်ခုကို ပြုလုပ်ခဲ့ပြီး အစွန်းရောက် ဗုဒ္ဓဘာသာဘုန်းကြီး ဒါဇင်နှင့်ချီ၍ တက်ရောက်ခဲ့ကြသည်။ နေဇင်လတ်၏ မိန့်ခွန်းတွင် “မိမိတို့၏ အမျိုးဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်ရေး” အတွက် တိုက်တွန်း ဆော်သြခဲ့လေသည်။

    သဟဇာတဖြစ်မှုကို ထိန်းသိမ်းသူများ ရှိနေ
    —————————————-
    မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများတွင် မငြိမ်မသက်မှုကို တားဆီးရန် အာဏာပိုင်များအနေဖြင့် ထိထိရောက်ရောက် ဆောင်ရွက်ခြင်းမရှိဟု စွပ်စွဲခံခဲ့ရသည်။

    ပေါင်းပေါင်းက ၎င်းတိုက်ခိုက်ခံရမှုအတွက် မော်လမြိုင်ရဲစခန်းတွင် တိုင်ကြားရန် ကြိုးစားခဲ့သော်လည်း ရဲအရာရှိများက တိုင်ချက်ကို လက်မခံဟု ဆိုသည်။

    “အဲဒီနေ့က ရဲတွေလည်း ရှိနေပါတယ်။ ဘာ့ကြောင့် ကျွန်တော့်ရဲ့တိုင်ချက်ကို လက်မခံတာလဲ။ ဒီတိုက်ခိုက်မှုတွေ ဆက်ဖြစ်လာအုံးမယ်ဆိုတာ သူတို့ သိနေလို့လား” ဟု ပေါင်းပေါင်းက မေးခွန်းထုတ်ခဲ့လေသည်။

    ရဲစခန်းရှိ အမည်ပြောပြရန် ငြင်းဆိုခဲ့သော တာဝန်ကျ တပ်ဖွဲ့ဝင်တစ်ဦးက ထိုအဖြစ်အပျက်များနှင့် ပတ်သက်၍ အာဏာပိုင်များမှာ သင့်လျော်သည့် ဆောင်ရွက်မှုများကို ပြုလုပ်နေသည်ဟုသာ ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သတင်းအချက်အလက်အချို့ ရခဲ့ပြီး လူမျိုးရေးအကြမ်းဖက်မှုတွေ မဖြစ်အောင် လုံခြုံရေးဆိုင်ရာ ဆောင်ရွက်မှုတွေ လုပ်ဆောင်နေပါတယ်” ဟု အဆိုပါရဲတပ်ဖွဲ့ဝင်က ပြောကြားခဲ့ပြီး ပေါင်းပေါင်း၏ တိုင်ချက်အား လက်ခံရန် ငြင်းဆိုခဲ့သည်ဆိုသောအချက်မှာ မဟုတ်မှတ်၏ ၎င်းက ပြောကြားခဲ့သည်။

    မွန်ပြည်နယ် အစ္စလာမ့်ရေးရာကောင်စီမှ အသက် ၈၀ အရွယ် တာဝန်ရှိသူ ဦးအုန်းသောင်းက မော်လမြိုင်မြို့ရှိ လူ့အဖွဲ့အစည်းခေါင်းဆောင် များမှာ သဟဇာတဖြစ်ရေး စွမ်းစွမ်းတမံ ကြိုးစားနေခြင်းကြောင့် မော်လမြိုင်၌ လူမျိုးရေး အကြမ်းဖက်မှု ကြီးကြီးမားမား မဖြစ်ခဲ့ခြင်းဟု ယုံကြည်နေသည်။

    “အရင်က ဘာသာရေးပဋိပက္ခတွေ ဖြစ်တော့မယ့် အခါတိုင်း ကျွန်တော်တို့ဟာ ထေရ်ကြီးဝါကြီး ဘုန်းတော်ကြီးတွေကို ပင့်ဖိတ်ပြီး အဓိကရုန်းတွေ တားဆီးဖို့ အကြံဥာဏ်တွေ ယူခဲ့ပါတယ်။ ဒါ့ကြောင့် မတူညီတဲ့ ဘာသာတရားတွေကြားမှာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို ကျွန်တော်တို့ ထိန်းသိမ်းနိုင်ခဲ့ပါတယ်။ ပြီးတော့ အခွင့်အခါသင့်ရင်လည်း မဘသနဲ့ ဆွေးနွေးဖို့ ကျွန်တော်တို့ စီစဉ်ထားပါတယ်။ ဒီနိုင်ငံမှာမွေးတဲ့သူတွေအားလုံးဟာ နိုင်ငံသားတွေအဖြစ်၊ လူသားတွေအဖြစ် ဒီနိုင်ငံမှာနေ၊ ဒီနိုင်ငံမှာပဲ သေရမယ်ဆိုတာ မြင်တတ်ဖို့ အရေးကြီးပါတယ်”

    Myanmar Now သတင်းဌာနတွင် ဖော်ပြခဲ့သည့် As polls near, attacks in Mon State raise fears of communal violence သတင်းဆောင်းပါးကို လေးမောင် ဆီလျော်အောင် ပြန်ဆိုသည်။

  • ဆေးခြောက်ကို အပန်းဖြေရာတွင် အသုံးပြုရန် မက္ကဆီကို ခွင့်ပြု

    ဆေးခြောက်ကို အပန်းဖြေရာတွင် အသုံးပြုရန် မက္ကဆီကို ခွင့်ပြု

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    mexico

    – အပန်းဖြေသည့်အနေဖြင့် ဆေးခြောက်အသုံးပြုမှုကို မက္ကဆီကို တရားရုံချုပ်က ယမန်နေ့တွင် မဲခွဲဆုံးဖြတ်ကာ ခွင့်ပြုပေးလိုက်ပြီး ဆန့်ကျင်မှုများလည်း ရှိနေသည်။

    မက္ကဆီကို၏ ဆေးခြောက်ဥပဒေမှာ အလွန်တင်းကြပ်နေပြီး အပန်းဖြေရာတွင် အသုံးပြုခွင့်ပေးရန် အဖွဲ့ဝင်လေးဦးပါသည့် Mexican Society for Responsible and Tolerant Personal Use (SMART) အဖွဲ့က စတင် တောင်းဆိုခဲ့ခြင်းဖြစ်သည်။ ထိုကဲ့သို့ ခွင့်ပြုပေးလိုက်ခြင်းကြောင့် SMART အဖွဲ့မှာ ဆေးခြောက်ကို ကိုယ်တိုင်စိုက်ပျိုးကာ အသုံးပြုခွင့်ရမည်ဖြစ်သော်လည်း ထိုဆေးခြောက်များကို ရောင်းချခွင့်ရမည် မဟုတ်ပေ။

    ယမန်နေ့က တရားရုံး၏ ထိုဆုံးဖြတ်ချက်ပြီးနောက် ထောက်ခံသူများနှင့် ဆန့်ကျင်သူများမှာ တရားရုံးရှေ့တွင် တစ်ဖက်စီ စုရုံး၍ ဆန္ဒပြခဲ့ကြသည်။

    “မက္ကဆီကိုမှာ ဖြေရှင်းရမယ့် ပြဿနာတွေ အများကြီး ရှိပါတယ်။ ဒီကိစ္စအတွက် အဆင့်သင့်မဖြစ်သေးပါဘူး” ဟု နိုင်ငံလုံးဆိုင်ရာ မိဘများသမဂ္ဂမှ ဥက္ကဌဖြစ်သူ ကွန်ဆူလို မန်ဒိုဇာက ပြောကြားခဲ့သည်။

    ယခုကဲ့သို့ ခွင့်ပြုခြင်းမှာ SMART အဖွဲ့တစ်ခုတည်းအတွက် ဖြစ်သော်လည်း ထောက်ခံသူများကမူ ထိုဆုံးဖြတ်ချက်မှာ အခြားသော သူများအတွက်လည်း လမ်းပွင့်သွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • စောင့်ကြည့် လေ့လာ အကဲဖြတ်ရမည့် ၂၀၁၅ ရွေးကောက်ပွဲ

    စောင့်ကြည့် လေ့လာ အကဲဖြတ်ရမည့် ၂၀၁၅ ရွေးကောက်ပွဲ

    ရေးသားသူ – မာန်ထက်သျှံ
    M-Media
    ၅၊ နိုဝင်ဘာလ ၊ ၂၀၁၅

    1 (1)
    ရန်ကုန်တိုင်း၊ မြို့နယ်အချို့တွင် ပေါ်ထွက်နေသည့် အမည်တူမဲဆန္ဒရှင် သက်သေခံလက်မှတ်များ (Photo Credit- 7Days)

    မကြာမီ ကျင်းပတော့မည့် ၂၀၁၅ ရွေးကောက်ပွဲဟာ အမှန်တကယ်ပဲ တရားမျှတမှု ရှိနိုင်ပါ့မလား ၊ ရာနှုန်းပြည့် သေချာမှန်ကန်ပါ့မလား ဆိုတဲ့ မေးခွန်းနှင့်ပတ်သက်၍ ပြည်တွင်းကရော ပြည်ပကပါ လေ့လာစောင့်ကြည့်သူများ၏ မေးခွန်း တစ်ရပ်ဖြစ်လာပါတယ်။

    အသွင်ကူးပြောင်းဆဲ မြန်မာနိုင်ငံမှာ အာဏာရ USDP နဲ့ အတိုက်အခံ NLD တို့ကြားမှာ ပြည်သူလူထုရဲ့ ရွေးချယ် ဆုံဖြတ်မှုကို လက်ရှိအစိုးရ အနေနဲ့ မဖြစ်မနေ လက်ခံရမှာဖြစ်ပါတယ်။ နိုင်ငံတဝှမ်း မဲဆန္ဒနယ်တော်တော်များများမှာ USDP နဲ့ NLD တို့ရဲ့ အားပြိုင်မှု အားကောင်းနေဆဲဖြစ်သော်လည်း ပါတီငယ်များနဲ့ တသီးပုဂ္ဂလများရဲ့ အသံများဟာလည်း တချို့ မဲဆန္ဒနယ်များမှာ ရှင်သန်နေဆဲ ဖြစ်ပါတယ်။

    ၁၉၉၀ ခုနှစ်မှာ NLD ပါတီအနိုင်ရပြီး အာဏာမလွှဲတဲ့ ဖြစ်ရပ်ကိုကြည့်ပြီး လက်ရှိ ၂၀၁၅ ရွေးကောက်ပွဲမှာရော NLD အနိုင်ရပြီး အစိုးရဖွဲ့နိုင်လျှင်ရော တပ်မတော်ရဲ့ အခန်းကဏ္ဍက မည်သို့ မည်ပုံဖြစ်လာမည်ကို ထည့်သွင်းစဉ်းစားစရာ အချက်ဖြစ်လာပါတယ်။ လက်ရှိအစိုးရနဲ့ အတိုက်အခံကြား ဆက်ဆံရေး ၊ အတိုက်အခံနှင့် တပ်မတော်တို့ရဲ့ အပြန်အလှန် ယုံကြည်မှု တည်ဆောက်နိုင်ရေး စတာတွေဟာ လက်ငင်းကြုံတွေ့နေရတဲ့ အနေအထားတစ်ခုပါ။ ဒါတွေက နိုင်ငံရေးအရ စိန်ခေါ်မှုတွေဖြစ်ပါတယ်။

    တဖက်မှာ ရွေးကောက်ပွဲ အကြိုကာလ ၊ ရွေးကောက်ပွဲ ကျင်းပစဉ်နှင့် ရွေးကောက်ပွဲပြီးကာလများမှာ တည်ငြိမ်အေးချမ်းစွာ ဖြတ်သန်းနိုင်ရေးဟာ အလွန်အရေးကြီးတဲ့ ရွေးကောက်ပွဲအပေါ် အကျိုးသက်ရောက်စေမယ့် အချက်ဖြစ်ပါတယ်။ ရွေးကောက်ပွဲကြီး တစ်ခုလုံး စ-လယ်-ဆုံး အောင်မြင်စွာ ကျင်းပပြီးစီးရေးဟာ ရွေးကောက်ပွဲနဲ့ ပတ်သက် ဆက်နွယ်သူအားလုံးအပေါ်မှာ တာဝန်ရှိသလို တာဝန်ခံထားသူတွေရဲ့ ဒီရွေးကောက်ပွဲကို မည်သို့ မည်ပုံကိုင်တွယ်ပြီး မည်သို့ မည်ပုံ ဖြစ်လာမည်ကိုလည်း မှတ်တမ်းတင် စောင့်ကြည့်လေ့လာရမည်လည်း ဖြစ်သည်။

    နိုင်ငံတစ်နိုင်ငံရဲ့ ရွေးကောက်ပွဲဟာ တရားမျှတမှုရှိမရှိ နိုင်ငံတကာစံနှုန်းများနှင့်အညီ ဒီမိုကရေစီ နည်းလမ်းတကျကျင်းပခြင်း ဟုတ်မဟုတ် စတာတွေကို စောင့်ကြည့်ဖို့ ယေဘုယျအားဖြင့် အဖွဲ့အစည်း ၄ရပ်မှ ထိန်းကျောင်းစောင့်ကြည့်တတ်ကြပါတယ်။

    သက်ဆိုင်ရာ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်ဟာ ၎င်းတို့သည် ဥပဒေ ၊ နည်းဥပဒေ၊ အမိန့် ၊ ကြေညာချက် ၊ လုပ်ထုံးလုပ်နည်းများနဲ့ အညီ အလွှာ အဆင့်ဆင့်မှာ လုပ်ဆောင်ခြင်းရှိမရှိဆိုတာကို ဆောင်ရွက်ကြပါတယ်။ အလားတူ နိုင်ငံရေးပါတီများမှလည်း ၎င်းတို့ ပါဝင်ယှဉ်ပြိုင်မည့် မဲဆန္ဒနယ်နှင့် ရွေးကောက်ပွဲကြီး တစ်ခုလုံးအပေါ်မှာ မဲစာရင်း မှန်ကန်မှုရှိမရှိမှ စ၍ ရွေးကောက်ပွဲကြီး ပြီးစီးသည်အထိ ၎င်းတို့ ပါတီမူဝါဒတွေနဲ့ လုပ်ပိုင်ခွင့် အတိုင်းအတာထဲမှ ဆန်းစစ်အကဲဖြတ်နေဆဲဖြစ်သည်။

    သတင်းမီဒီယာများအနေနဲ့လည်း မီဒီယာ ကျင့်ဝတ် စည်းမျဉ်း စည်းကမ်းများအတိုင်း ရွေးကောက်ပွဲအပေါ် ချဉ်းကပ်ကာ မီဒီယာရှုထောင့်မှ မှတ်တမ်းတင်ခွင့်ရမည် ဖြစ်သည်။

    ထိုအဖွဲ့တွေအပြင် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းသည့် အရပ်ဘက် အဖွဲ့အစည်းများ အနေနဲ့လည်း ရွေးကောက်ပွဲ အပေါ် စောင့်ကြည့် လေ့လာအကဲဖြတ်ကြပါတယ်။ ၎င်းအရပ်ဘက် အဖွဲ့အစည်းများအနေဖြင့် လွတ်လပ်ပြီး ဘက်လိုက်မှုကင်းကင်းဖြင့် နိုင်ငံရေးအရ သမာသမတ်ကျနမှု ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများရဲ့ ကျင့်ဝတ် သိက္ခာ ၊ စည်းမျဉ်း ဥပဒေများနှင့်အညီ မှတ်တမ်းတင် ဆန်းစစ်အကဲဖြတ်ရမည်ဖြစ်သည်။

    ရွေးကောက်ပွဲနေ့မှာ နိုင်ငံတကာ သံရုံး၃၂ရုံးမှ လေ့လာသူ ၄၇၀ဦး ၊ EU အပါအဝင် နိုင်ငံတကာ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့ ၆ခုမှ ၄၆၅ဦး ၊ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များကို ကူညီအားဖြည့်ပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်း ၉ခုမှ ၁၈၃ဦး အပါအဝင် ပြည်ပလေ့လာစောင့်ကြည့်သူ ၁၁၁၈ဦး၊ ပြည်တွင်းမှ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ ၁၃ဖွဲ့မှ ၉၄၀၆ဦး ၊ ပြည်ပသတင်းမီဒီယာ ၄၅ခုမှ ၂၉၁ဦးတို့ စောင့်ကြည့် လေ့လာမည်ဖြစ်ကြောင်း ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ကြေညာချက်အရသိရပါတယ်။

    အဆိုပါ အရပ်ဘက်ရွေးကောက်ပွဲ စောင့်ကြည့်ရေး အဖွဲ့အစည်းများ အနက်မှ အချို့မှာ ရွေးကောက်ပွဲအပြီး ၄၈နာရီအတွင်း ကနဦး အစီရင်ခံစာကို ထုတ်ပြန်မည်ဖြစ်သလို ရက်သတ္တပတ်၊ တစ်လအတွင်း ၎င်းတို့ လေ့လာစောင့်ကြည့်ထားသည့် ရွေးကောက်ပွဲဆိုင်ရာ အစီရင်ခံစာများ ထွက်ပေါ်လာဖွယ်ရှိပါတယ်။ ထိုအစီရင်ခံစာများထဲမှာ ၂၀၁၅ ရွေးကောက်ပွဲဟာ ပွင့်လင်းမြင်သာမှု ရှိမရှိ လွတ်လပ်ပြီး တရားမျှတမှုများ မတရားပြုကျင့်ခံရမှုများ ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီ စံနှုန်းများ စတာတွေကို မှတ်တမ်းယူအကဲဖြတ်ပြီး နောင်ကျင်းပမည့် ရွေးကောက်ပွဲများအပေါ် ဝေဖန်ဆန်းစစ်ချက် အကြံပြုချက်များကို ပံ့ပိုးကူညီနိုင်မှာလည်း ဖြစ်ပါတယ်။

    ဒါကြောင့် ရွေးကောက်ပွဲကျင်းပရာတွင် ရွေးကောက်ပွဲဆိုင်ရာ မူမမှန်မှုများနှင့် အလွဲသုံးစားပြုမှုများကို ရပ်တန့်စေပြီး သမာသမတ်ရှိမရှိ ပွင့်လင်းမြင်သာမှု တာဝန်ယူမှု တာဝန်ခံမှုများ ရှိမရှိ ဆိုတာကတော့ ဆန်းစစ်ရဦးမည်ဖြစ်သည်။

    နိုင်ငံသားတိုင်း ရွေးကောက်ပွဲမှာ ပါဝင်စေပြီး အမှန်တကယ်ပဲ ၂၀၁၅ရွေးကောက်ပွဲဟာ မှန်ကန်ပြီး ဘက်လိုက်မှုကင်းမဲ့စွာ ကျင်းပသည့် လွတ်လပ်တရား မျှတသည့် ရွေးကောက်ပွဲ အစစ်အမှန်ဖြစ်လာမည်လား ဆိုတာကတော့ သန်း၅၀ကျော်သော မြန်မာပြည်သူများက စောင့်ကြည့် လေ့လာ အကဲခတ် ရဦးမည်သာ။     ။

    မာန်ထက်သျှံ

  • ဂျပန်ရှိ ဟိုကိုင်းဒိုးကျွန်းက မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ပြင်ဆင်နေ

    ဂျပန်ရှိ ဟိုကိုင်းဒိုးကျွန်းက မွတ်စလင်ခရီးသွားများအား ဆွဲဆောင်ရန် ပြင်ဆင်နေ

    နိုဝင်ဘာ ၅၊ ၂၀၁၅
    M-Media

    japan

    – မွတ်စလင်ခရီးသွားများအား စွဲဆောင်နိုင်ရန်အတွက် ဂျပန်နိုင်ငံရှိ ဟိုကိုင်းဒိုးကျွန်းက မလေးရှား၏ ဟာလာကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ HDC နှင့် ဆက်သွယ်ကာ ကျွန်း၏မြို့တော် ဆက်ပ်ပိုရိုအား “မွတ်စလင်များ ပျော်မွေ့သည့်နေရာ” အဖြစ် ပြုလုပ်ချင်နေသည်ဟု သိရသည်။

    ဆက်ပ်ပိုရိုမြို့ရှိ ဒေသတွင်း အစားအသောက်များကို မွတ်စလင်ခရီးသွားများ၏ ယဉ်ကျေးမှုနှင့် ကိုက်ညီအောင် ဆောင်ရွက်သည့် စီမံကိန်း အကြီးအကဲ နိုဇိုမီ အိုတာက မွတ်စလင်ခရီးသွားများအတွက် မိမိတို့မြို့တွင် ၀တ်ပြုဆောင်များ တိုးချဲ့ဆောက်လုပ်ပေးခြင်း၊ ဟာလာအစားအသောက်များ ရရှိနိုင်သည့် စားသောက်ဆိုင်များစာရင်းအား ရိုက်နှိပ်ထုတ်ဝေပေးခြင်းတို့ကို စတင်ဆောင်ရွက်နေသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်မတို့ ဆက်ပ်ပိုရိုမြို့က အစားအသောက်တွေကို ကြိုက်နှစ်သက်ပြီး၊ လုံခြုံမှုရှိတယ်လို့ ခံစားရမယ်လို့မျှော်လင့်ပါတယ်။ HDC နဲ့ ကျွန်မတို့ ပူပေါင်းလုပ်ဆောင်သွားမှာဖြစ်ပြီး ဟာလာအစားအသောက်နဲ့ပတ်သက်ပြီး သင်ယူဖို့ ဒီကလူတစ်ချို့ကိုလည်း မလေးရှားကို လွှတ်သွားမှာပါ” ဟု အိုတာ ပြောကြားခဲ့သည်။

    မြို့အတွင်း၌ ဖွင့်လှစ်ရောင်းချနေသော စားသောက်ဆိုင်များမှ ဆိုင်ပေါင်း ၃၀ ခန့်ကို မွတ်စလင်များ စားသောက်နိုင်သည့် ဆိုင်များအဖြစ် ဒေသန္တရ အစိုးရက အသိအမှတ်ပြုပေးခဲ့ပြီး ထိုစားသောက်ဆိုင်များနှင့် ပတ်သက်၍ အွန်လိုင်းစာမျက်နှာတွင်လည်း ၀င်ရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

    အိုတာနှင့် သူမ၏ အဖွဲ့မှာ အရှေ့တောင်အာရှရှိ မွတ်စလင်ခရီးသွားဈေးကွက်ကို ဂျပန်နိုင်ငံသို့ ဆွဲခေါ်နိုင်ရန်အတွက် အင်ဒိုနီးရှားရှိ ဟာလာ လုပ်ငန်းများနှင့်လည်း ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်နေသည်။

    ၂၀၁၃ ခုနှစ် ဒီဇင်ဘာလတွင် ဂျပန်နိုင်ငံသို့ လာရောက်လည်ပတ်သည့် မလေးရှားနိုင်ငံသားဦးရေမှာ ၂၈၅၀၀ ရှိခဲ့ပြီး ၂၀၁၂ ခုနှစ် ထိုအချိန်ကထက် ၆၅.၅ ရာခိုင်နှုန်း တိုးတက်လာခြင်းဖြစ်သည်။

    Ref: Muslimvillage