News @ M-Media

ဘာသာရေး လူမျိုးရေး စော်ကား လှုံ့ဆော်နေသည့် နေမျိုးဝေအား UNC ပါတီမှ တရားစွဲ အမှုဖွင့်ပြီ

M-Media
မိုးစက်
စက်တင်ဘာ ၇၊ ၂၀၁၅

12231591_745361738902522_1794798695_n

ရန်ကုန်။    ။ ဆိုရှယ်မီဒီယာတွင် အမုန်းတရားများ နှစ်ချီရေးသားလှုံဆော်ရေးသားနေသော် မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ ဥက္ကဌ ဦးနေမျိုးဝေကို အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီမှ သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းဖြစ်သူ ဦးရန်နိုင်က တရားစွဲ အမှုဖွင့်တိုင်ကြားလိုက်ကြောင်း သိရပါတယ်။

ဦးနေမျိုးဝေသည် အောက်တိုဘာလ ၂၈ ရက်နေ့တွင် သူ၏လူမှုကွန်ယက်စာမျက်နှာပေါ်တွင် “အစ္စလာမိစ္ဆာဝါဒသို့ သွတ်သွင်းဖို့ ကြံစည်နေသော မွတ်စလင်ကုလားပါတီ” ဟုရေးသားထားပြီး “အမျိုးသား ညီညွတ်ရေး ကွန်ဂရက် ပါတီဝင် ကိုယ်စားလှယ်လောင်းများကို မဲပေးခြင်းမှ ​ရှောင်​ကြဉ်​ကြပါရန်​ အလေးအနက်တိုက်တွန်းပါသည်” ဟု ရေးသားထားသည်။ ထို့အပြင် ယင်းပါတီ၏ လိုဂိုဘေးတွင် ကြက်ခြေခတ် သင်္ကေတကိုလည်း ဖော်ပြထားကြောင်းကို တွေ့ရပါတယ်။

“နေမျိုးဝေက ကျွန်တော်တို့ပါတီကိုတင်မကပါဘူး။ အစ္စလာမ်မိစ္ဆာဝါဒဆိုပြီး သုံးထားတာကတော့ အစ္စလာမ်ဘာသာဝင်တွေ အကုန်လုံးကို စော်ကားလိုက်ခြင်း ဖြစ်ပါတယ်။ သူ ယုတ်ညံ့တဲ့ အသုံးအနှုန်းတွေ သုံးထားတာက ပုဒ်မ (၂၉၄) ပါ။ နောက် ဘာသာသာသာနာတစ်ခုကို အကြည်ညိုပျက်စေတဲ့ စကားလုံးတွေသုံးတာက ပုဒ်မ (၂၉၅) ပါ။ ဒါကြောင့် ကျွန်တော့်အနေနဲ့ သူ့ကို အီလက်ထရောနစ် ဥပဒေနဲ့ တရားစွဲဆိုထားတာပါ” လို့ ဦးနေမျိုးဝေကို တရားစွဲဆိုထားသူ ဦးရန်နိုင်က ပြောပါတယ်။

အခုလို ဘာသာရေးကိုခုတုံးလုပ်ပြီး မဲမပေးဖို့ ရေးသားထားတဲ့အတွက် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ ဥပေဒကိုလည်း ချိုးဖောက်လိုက်ခြင်း ဖြစ်တယ်လို့ ဆိုပါတယ်။ ဦးနေမျိုးဝေကို တာမွေမြို့နယ် မြို့နယ်ရဲစခန်းတွင် အီလက်ထရောနစ် ဥပဒေ ၆၆(ဃ)  ပ/၁၂၇၁/ ၂၀၁၅ ဖြင့် အမှုဖွင့်ထားကြောင်း သိရပါတယ်။

ပါတီဗဟိုအလုပ်အမှုဆောင် အစည်းအဝေးဆုံးဖြတ်ချက်အရ ဦးရန်နိုင်မှ တရားလိုပြုလုပ်ကာ အမှုဖွင့်တိုင်ကြားထားပြီး တာမွေမြို့နယ်ရဲစခန်းမှ ယနေ့ အောက်တိုဘာလ (၇) ရက်နေ့တွင် တရားလိုနှင့် ပါတီဝင် တစ်ဦးဖြစ်သူ ဦးမျိုးညွှန့်တို့ကို ခေါ်ယူမေးမြန်း ခဲ့သည်။ ပါတီမှ သက်ဆိုင်သူများကို ခေါ်ယူမေးမြန်းစစ်ဆေးပြီး အကြောင်းအရာ ခိုင်လုံပါက တရားခံကို ပြစ်မှုဆိုင်ရာ တရားဥပဒေကြောင်း အတိုင်း ဆောင်ရွက်သွားမည်ဟု သိရပါတယ်။

“ကျွန်တော့်အနေနဲ့ကတော့ သူသိပ်ကို တရားလွန်တယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ပါတီရဲ့ “အမျိုးသားဝါဒမှလူမျိုးစုံသွေးစည်း ညီညွတ်ရေးဝါဒသို့” ဆိုတဲ့  ပါတီဆောင်ပုဒ်ကို သူက “သွေးနှောဖျက်ဆီးရန် ကြံစည်နေတဲ့ပါတီ” ဆိုပြီးသုံးထားပါတယ်။ ကျွန်တော်တို့ မဲမရတာ ကိစ္စမရှိပါဘူး။ ဘုရားသခင်အလိုတော် အတိုင်းပါ။ ဒါပေမယ့် အစ္စလာမ်ဘာသာကို စော်ကားတာ၊ ကျွန်တော် တို့ကို မြန်မာနိုင်ငံကို လူမျိုးစုံ သွေးနှောဖျက်စီးရန် ကြံစည်နေတဲ့ ပါတီဆိုတာကိုတော့ လုံးဝလက်ခံပေးလို့ မရပါဘူး”  ဟု ဦးရန်နိုင်က သုံးသပ်ပြောဆိုခဲ့ပါတယ်။

အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီမှ  ဦးနေမျိုးဝေ၏ ပါတီအပေါ်စော်ကားမှု၊ အစ္စလာမ်သာသာနာအပေါ် စော်ကားမှုတို့ကို မည်သည့်နည်းနှင့်မျှ တုံ့ပြန်ခြင်းမပြုဘဲ တရားဥပဒေလမ်းကြောင်းဖြင့်သာ အရေးယူဆောင်ရွက်ရန် အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ ဥက္ကဌဖြစ်သူ ဒေါက်တာလှမြင့်က နိုဝင်ဘာလ (၃) ရက်နေ့တွင် ပါတီဝင်များကို ကြေငြာချက်တစ်စောင်ထုတ်၍ ညွှန်ကြားခဲ့သည်။

မနက်ဖြန်တွင် တစ်နိုင်ငံလုံးနေရာအနှံ့ကျင်းပတော့မည့် ပါတီစုံရွေးကောက်ပွဲကြီးတွင်  အမျိုးသား ညီညွတ်ရေးကွန်ဂရက်ပါတီအနေဖြင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများ (၁၀) ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

Comments

Leave a Reply