News @ M-Media

Blog

  • နိုင်ငံခြား အလုပ်သမားများ နေထိုင်ရန် အဆင့်မြင့်မြို့တော်ကို ကာတာဖွင့်လှစ်

    နိုင်ငံခြား အလုပ်သမားများ နေထိုင်ရန် အဆင့်မြင့်မြို့တော်ကို ကာတာဖွင့်လှစ်

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    qt 1

    – ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် တည်ဆောက်ရေးလုပ်ငန်းများကဲ့သို့ ကြီးမားသည့် စီမံကိန်းများတွင် လာရောက်လုပ်ကိုင်ကြသည့် နိုင်ငံခြား အလုပ်သမားများ အဆင့်အတန်းမြင့်မြင့် နေထိုင်ရန် “အလုပ်သမား” မြို့တော်တစ်ခုကို ကာတာတွင် ဖွင့်လှစ်လိုက်သည်ဟု သိရသည်။

    ကာတာ၏ Special Engineering ရုံးမှ ဆောက်လုပ်ပြီး ကန်ဒေါ်လာ ၈၂၅ သန်း ကုန်ကျခဲ့သည့် အဆိုပါ အလုပ်သမားမြို့တော်မှာ ဒိုဟာမြို့ အပြင်ဘက်တွင် ရှိပြီး အလုပ်သမား ၇ သောင်း နေထိုင်နိုင်မည်ဖြစ်သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ဖွင့်ပွဲအခမ်းအနားသို့ ၀န်ကြီးချုပ် အဘ်ဒူလာ ဘင် နက်ဆီရ် အလ်-သာနီ၊ အလုပ်သမားဝန်ကြီး အဘ်ဒူလာ အလ်-ခူလိုင်ဖီတို့ တက်ရောက်ခဲ့ကြသည်။ အလ်-ခူလိုင်ဖီက နိုင်ငံခြားအလုပ်သမားများ လူနေမှုအဆင့်အတန်းမြင့်မြင့် နေထိုင်ရေးမှာ မိမိတို့၏ ဦးစားပေးဖြစ်သည်ဟု ယခင်က ပြောကြားခဲ့ဖူးသည်။

    အဆိုပါ “အလုပ်သမားမြို့တော်” မှာ စကွဲယားကီလိုမီတာ ၁,၁၀၀,၀၀၀ ကျယ်ဝန်းပြီး နိုင်ငံခြားအလုပ်သမား ၂၆၀၀၀၀ ကို နေရာထိုင်ခင်းပေးရန်အတွက် ကာတာအစိုးရက ဆောက်လုပ်ရန် စီစဉ်ထားသည့် အလုပ်သမားမြို့တော် ၇ ခုမှ ပထမဆုံးတစ်ခု ဖြစ်သည်။

    အဆိုပါမြို့တော်တွင် လူနေအိမ်ယာ၊ ဖျော်ဖြေရေးနှင့် စီးပွားရေးဒေသ ဟူ၍ အပိုင်းနှစ်ပိုင်း ပါဝင်မည်ဖြစ်ပြီး လူပေါင်း ၁၇၀၀၀ ၀င်ဆံ့သည့် ကဇာတ်ရုံတစ်ခုလည်း ထိုမြို့တွင် ထည့်သွင်း တည်ဆောက်ပေးထားသည်။ ဆိုင်ခန်းပေါင်း ၂၀၀ ပါဝင်သည့် ဈေးတစ်ခုလည်း ရှိပြီး ရုပ်ရှင်ရုံ ၄ ရုံနှင့် ခရစ်ကက်ကွင်းတစ်ကွင်းလည်း ထားရှိပေးထားသည်။

    နိုင်ငံရှိ ဒုတိယအကြီးဆုံး ဖြစ်သည့် ဗလီတစ်လုံးအပါအ၀င် ထိုအလုပ်သမားမြို့တော်တွင် ဗလီဝတ်ကျောင်းတော် ၂ လုံးကိုလည်း ဆောက်လုပ်ပေးထားသည်။

    လူနေအိမ်ယာဘက်ခြမ်းတွင် အိမ်ယာ ၅၅ ခု၊ ၀တ်ပြုရာ နေရာများ၊ ကားပါကင်များနှင့် ဆေးခန်းတစ်ခုလည်း ရှိနေသည်။ အဆိုပါ အလုပ်သမားမြို့တော်တွင် အများပြည်သူသုံး တယ်လီဖုန်းနှင့် Wi-Fi အသုံးပြုနိုင်မည့် စင်တာများကိုလည်း တည်ဆောက်ပေးထားသည်။

    လက်ရှိအချိန်အထိ နီပေါ၊ အိန္ဒိယ၊ သီရိလင်္ကာနှင့် ဗီယက်နမ်နိုင်ငံမှ အလုပ်သမားများ နေထိုင်နေကြပြီး လူနေအိမ်ယာများ၏ ၄၀ ရာခိုင်နှုန်းမှာ လစ်လပ်နေဆဲဖြစ်သည်။

    လုံခြုံရေးအတွက်မူ အလုပ်သမားမြို့တော်အတွင်း ရဲစခန်းနှစ်ခု ထားပေးထားကာ လုံခြုံရေးကင်မရာများကိုလည်း နေရာအနှံ့ တပ်ဆင်ထားသည်။ ကာတာနိုင်ငံမှာ ၂၀၂၂ ကမ္ဘာ့ဖလားအတွက် အားကစားရုံများနှင့် ဟိုတယ်များကို အကြီးအကျယ် ဆောက်လုပ်နေသည်။

    Ref: RT

  • မာရှယ်ကိုတားဆီးနိုင်က မန်ယူကို တားဆီးနိုင်ခြင်းဟု ပါဂျူးပြော

    မာရှယ်ကိုတားဆီးနိုင်က မန်ယူကို တားဆီးနိုင်ခြင်းဟု ပါဂျူးပြော

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    martial

    – မန်ယူနှင့် တွေ့ဆုံခဲ့သည့်ပွဲတွင် လူငယ်ကစားသမား အန်သိုနီမာရှယ်အား ရပ်တန့်ရန် မိမိတို့အသင်းက ကြိုးစားခဲ့ပြီး ၎င်းအား ရပ်တန့်နိုင်ပါက မန်ယူကို ရပ်တန့်နိုင်သည်ဟု ခရစ္စတယ်ပဲလေ့စ်နည်းပြ အလန်ပါဂျူးက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် မန်ယူနှင့် ပဲလေ့စ်ပွဲမှာ ဂိုးမရှိသရေဖြင့် ပြီးဆုံးခဲ့ပြီး မန်ယူမှာ ၃ ပွဲဆက်တိုက် ဂိုးပေါက်ပျောက်ခဲ့ခြင်းလည်း ဖြစ်သည်။ ပါဂျူးကမူ မိမိတို့အသင်းမှာ မာရှယ်၏ ခြိမ်းခြောက်မှုကို အဓိကထားခဲ့သည်ဟု ဆိုသည်။

    “မာရှယ်ကို တစ်လက်မတောင် အလွတ်မပေးပါဘူး။ သူ့ကိုတားဆီးဖို့က ကျွန်တော်တို့အတွက် ပစ်မှတ်ကြီးတစ်ခု ဖြစ်ခဲ့ပြီး တကယ်လို့ ကျွန်တော်တို့ သူ့ကိုတားဆီးနိုင်ရင် မန်ယူအသင်းရဲ့ ဖန်တီးနိုင်မှုကို တားဆီးနိုင်တာပါပဲ။ မာရှယ်ရဲ့ အသက်ကို ထည့်ထွက်မယ့်ဆိုရင်တော့ ဒါဟာ အကြံပြုချက်တစ်ခုပါပဲ။ သူက အင်မတန် ချီးကျူးစရာကောင်းတဲ့ ကစားသမားတစ်ယောက်လို့ ကျွန်တော် ပြောရမှာပါ” ဟု ပါဂျူးက ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချမှုများမှ ဗုဒ္ဓဘာသာ ကို ကယ်နိုင်ပ့ါမလား ?

    ဘာသာရေးကို နိုင်ငံရေးမှာ အသုံးချမှုများမှ ဗုဒ္ဓဘာသာ ကို ကယ်နိုင်ပ့ါမလား ?

    နိုဝင်ဘာ ၁  ၊ ၂၀၁၅
    M-Media
    gettyimages-171611460-crop
    အစိုးရနဲ့ ဗုဒ္ဓဘာသာ အစွန်းရောက် ဘုန်းတော်ကြီးများ အကြား သာမာန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်တဲ့ မဟာမိတ်ဖွဲ့ခြင်းတစ်ရပ်က ဒီမိုကရေစီအကူးအပြောင်းကို လမ်းချော်သွားစေဖို့ ခြိမ်းခြောက်လို့နေပါတယ်။

    အတွင်းလှိုက်အန္တရာယ် တစ်ရပ် မြန်မာပြည်ပေါ် တရိပ်ရိပ် လွှမ်းမိုးလာပါပြီ။ အဲ့ဒါကတော့ ဘာသာရေးကို နိုင်ငံရေး အဖြစ် အသုံးချခြင်းပါပဲ။

    လာမယ့် နိုဝင်ဘာ ၈ ရက်မှာ မဲဆန္ဒရှင်များက လွှတ်တော်သစ်တစ်ရပ်ရဲ့ကိုယ်စားလှယ်လောင်းများကို မဲပေးကြရပါတော့မယ်။ ဒီရွေးကောက်ပွဲဟာ ၂၅ နှစ်အတွင်း ပွင့်လင်းမြင်သာတဲ့ ပထမဦးဆုံး အထွေထွေရွေးကောက်ပွဲကြီးလို့ ဆိုထားပါတယ်။

    မဲစာရင်းပြင်ဆင်မှုများမှာ အထစ်အငေါ့တွေ များပြားလျက်ရှိပါတယ်။ ရွေးကောက်ပွဲစောင့်ကြည့်သူများက ခြိမ်းခြောက်မှုတွေ၊ ကွက်ကြား အကြမ်းဖက်မှုတွေ၊ မဲဆန္ဒရှင်စာရင်းကသောင်းကနင်းဖြစ်မှုတွေနဲ့ ပတ်သက်သမျှကို သတိပေးနေပြီးလည်းဖြစ်ပါတယ်။ တကယ်လို့ အာဏာပိုင်များက ဒီလိုကောက်ကျစ်မှုတွေနဲ့ အတူ ရှေ့တိုးထွက်လာရင်တော့ ပြဿနာကြီးမားလာနိုင်ပါတယ်။ လုပ်ငန်းစဉ် တစ်ခုလုံးက အတိုက်အခံတွေအပေါ် တားဆီးနှောင့်ယှက်မှုဖက် ဦးတည်လာတဲ့ အနေအထားမျိုးကို ဆိုလိုတာပါ။ မဲကိစ္စရဲ့သတ်မှတ်စည်းမျဉ်းများဟာ စစ်အုပ်ချုပ်ရေးလက်ထက်ကရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေပြုထားပါတယ်။ အဲ့ဒီထဲက ဥပမာတစ်ခုကတော့ စစ်တပ်ရဲ့ကိုယ်စားလှယ် လေးပုံတစ်ပုံ ပါဝင်ဖို့ ရေးသွင်းပြဋ္ဌာန်းမှု ဖြစ်ပါတယ်။ ဒါဟာ ဆန္ဒမဲပေးခြင်း/ကောက်ယူခြင်း မတိုင်မီ လမ်းဟောင်းနိုင်ငံရေး စနစ်ကို နိုင်ငံရေးလမ်းကြောင်းအတွင်းကနေ အခိုင်အမာ ဖိနှိပ် တည်ဆောက်ထားခြင်း အဖြစ် ပေါ်လွင်နေပါတယ်။

    ဒါတွေဟာ ဖူးသစ်စ မြန်မာ့နိုင်ငံရေး အကူးအပြောင်းကို ဆိုးရွားစွာ ထိခိုက်စေပါတယ်။ သို့သော်လည်း နိုင်ငံရေးကို ကျရှုံးအောင် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်နေတဲ့ ဒီပြဿနာများပင်လျှင် တစ်ယူသန် ဘာသာရေး တစ်လွဲအသုံးချမှုနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါ မှေးမှိန်သေးသိမ်သွားရပါတယ်။

    ယခုလအစောပိုင်း ရန်ကုန်မြို့ သုဝဏ္ဏ အားကစားရုံထဲမှာ မဘသအဖွဲ့က နိုင်ငံရေးအရ လှုံ့ဆော်ပွဲ တစ်ရပ် ပြုလုပ်ခဲ့ပါတယ်။ ဗုဒ္ဓဘာသာဝင် သံဃာတွေ၊ သီလရင်တွေ၊ အားပေးထောက်ခံသူတွေ လူတစ်သောင်းကျော်တို့ဟာ မျိုးစောင့်ဥပဒေ အတည်ပြု ပြဋ္ဌာန်းလိုက်နိုင်ခြင်း အဆိုပါအောင်ပွဲခံ အခမ်းအနားကို တက်ရောက် ပါဝင်ခဲ့ကြတယ်။ အဲ့ဒီဥပဒေများဟာ နိုင်ငံ့ လူနည်းစုဝင် မွတ်စ်လင်မ်တွေကို ခွဲခြားဆက်ဆံဖို့ ရည်ရွယ်ထားတာပါ။ “ဒီဥပဒေများဟာ တို့နိုင်ငံ တို့လူမျိုးအတွက်၊ အမျိုးဘာသာ သာသနာ ကာကွယ် စောင့်ရှောက်ဖို့  အတွက် လိုအပ်တယ်။ ဒီဥပဒေများကို ထိန်းသိမ်းကာကွယ်ဖို့၊ ဒီဥပဒေများကို ဖျက်ဆီးမယ့်သူတွေကနေ ကင်းအောင်နေဖို့ ပြည်သူတွေကို တိုက်တွန်းလိုပါတယ်” လို့ မဘသအဖွဲ့ ဦးဆောင်ဆရာတော် တိလောကာဘိဝံသက ကြေငြာခဲ့ပါတယ်။

    အထင်ရှားဆုံး မဘသအဖွဲ့ဝင် သံဃာဖြစ်တဲ့ အရှင်ဝီရသူဟာ မြန်မာပြည်က မွတ်စ်လင်မ်တွေကို “ဗုဒ္ဓဘာသာဝင်တွေ အပေါ် တမင်ရည်ရွယ်ဖျက်ဆီးနေတဲ့ ခွေးရူး” လို့ ဖော်ညွှန်းပြီး နာမည်ကြီးလာသူပါ။ ဒီနှစ်ထဲမှာ သူ့ရဲ့မူဝါဒများကို တေ့တေ့ဆိုင်ဆိုင် ဝေဖန်ခဲ့တဲ့အတွက် ကုလကိုယ်စားလှယ်ကို ပြည့်တန်ဆာမ လို့ သူက သမုတ်ခဲ့တယ်။

    ဒီလောက်ဆိုရင် မြန်မာပြည်မှာ အစွန်းရောက် ဗုဒ္ဓဘာသာလှုပ်ရှားမှုရဲ့ အသံကျယ်လောင်နေမှုကို သိမြင်နိုင်ပါပြီ။ ကမ္ဘာ့နိုင်ငံ အတော်များများမှာ ဘာသာရေး အစွန်းရောက်မှုတွေ အနည်းအကျဉ်း ရှိတတ်ကြပါတယ်။ ဒီလိုလှုပ်ရှားမှုမျိုးက အာဏာပိုင် အလိုကျ အသုံးတော်ခံဖြစ်လေလေ ဘာသာရေးကို အလွဲသုံးစား လုပ်လေလေပါပဲ။ ဒါဟာ တကယ့်ကို မကောင်းတဲ့ နိမိတ်လက္ခဏာတစ်ရပ်ပါ။ အာဏာပိုင်တွေရဲ့ ဗြောင်ကျကျထောက်ခံ ကူညီမှု၊ နိုင်ငံပိုင်ရုပ်မြင်သံကြားက စနစ်တကျ ပုံစံချထုတ်လွှင့်မှုနဲ့အတူ မဘသရဲ့ စင်ထိုးအောင်ပွဲခံမှုကို မကြုံစဖူး တွေ့မြင်ရပါတယ်။ ဘယ်အဖွဲ့အစည်းကိုမှ မပေးဖူးတဲ့ ဒီလိုကျင်းပလုပ်ဆောင်ခွင့် ရရှိတဲ့အတွက် ခွင့်ပြုချက်ပေးသူ သမ္မတ ဦးသိန်းစိန်ကို မဘသအဖွဲ့က ကျေးဇူးတင်ကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။ အခမ်းအနားမှာ သမ္မတကို  ဦးဝီရသူက ထောက်ခံ စကားဆိုခဲ့ခြင်းဟာ သိပ်မထူးဆန်းတော့ပါဘူး။

    လွန်ခဲ့တဲ့နှစ်အနည်းငယ်ကစပြီး မဘသဟာ မြန်မာနိုင်ငံရေးထဲ တက်ကြွထက်သန်စွာ လက်လျှိုဝင်စွက်ခဲ့တယ်။ အချိန်ကြာလာတာနဲ့အမျှ ဒီအဖွဲ့ဟာ အစိုးရရဲ့ကြံရာပါ အနီးကပ် လက်ကိုင်တုတ်ဖြစ်ကြောင်း ပိုပြီး ရှင်းလင်း ထင်ရှားလာတယ်။ နောက်ဆုံးတော့ မဘသ အရေးဆောင်ရွက်သူများက သူတို့ ထောက်ခံတင်သွင်းတဲ့ ဥပဒေအပေါ် လူသိရှင်ကြားဝေဖန်ခဲ့တဲ့ အတိုက်အခံ ကိုယ်စားလှယ်လောင်းများကို ဦးတည် တိုက်ခိုက်လာပါတယ်။ ဒါက ထူးခြားတဲ့ တိုက်ဆိုင်မှု ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ သို့ပေမယ့် အခမ်းအနား တက်ရောက်သူတွေထဲမှာ ဒီအုပ်စုထောက်ခံတဲ့ USDP အမတ် အတော်များများ ပါဝင်နေတာ တွေ့ရပါတယ်။ အဲ့ဒီအမတ်များဟာ စစ်တပ်အရာရှိများ သို့မဟုတ် သူတို့ရဲ့မိတ်ဖက်များ ဖြစ်ကြပါတယ်။ USDP ပါတီဝင်များအတွက် မဘသအဖွဲ့ဝင်များကလည်း တက်ကြွစွာ မဲဆွယ်လှုပ်ရှားဆောင်ရွက်ပေးနေကြပါတယ်။

    ပြီးခဲ့တဲ့လအတွင်း  နိုင်ငံရေးအလို့ငှာ ဘာသာရေးကိုအလွဲသုံးစားလုပ်မှာ – မဲဆွယ်ကာလအတွင်း ပဋိပက္ခဖြစ်လာမှာ စိုးရိမ်မိကြောင်း အနောက်တိုင်းသံရုံး ၉ ခုက ပူးပေါင်းစာတစ်စောင်ထုတ်ပြန်ပြီး ဖိအားပေးခဲ့တယ်။ ဒါဟာ အခြေအနေ အလွန်ဆိုးဝါးနေကြောင်း ဖော်ပြနေပါတယ်။

    တစ်ဖက်မှာတော့ USDP ပါတီဝင်များနဲ့ အစိုးရအာဏာပိုင်များဟာ မွတ်စ်လင်မ်တွေအပေါ် စာနာတရား ထားပါတယ်ဆိုတဲ့ စွပ်စွဲချက်သုံးပြီး အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သူမရဲ့ NLD ပါတီကို ထပ်ပြန်တလဲ တိုက်ခိုက်ခဲ့ကြတယ်။ (NLD ကလည်း ကာကွယ်မှုအနေနဲ့ ကိုယ်စားလှယ်လောင်းများ စာရင်းထဲ မွတ်စ်လင်မ်တွေကို မထည့်သွင်းဘဲ ရှောင်ကြဉ်ခဲ့တယ်။ USDP ရဲ့စာရင်းမှာဆို ပြောစရာတောင် မလိုအပ်တော့ပါဘူး။ မွတ်စ်လင်မ်များက နိုင်ငံ့လူဦးရေရဲ့ ၄ မှ ၁၀ ရာခိုင်နှုန်းကြားမှာ ရှိမယ်လို့ ခန့်မှန်းရပါတယ်)။ စစ်ဦးချုပ်ကလည်း အမျိုးဘာသာ သာသနာကို ကာကွယ်စောင့်ရှောက်မယ့် – ပြည်ပသြဇာ ကင်းလွတ်တဲ့ ကိုယ်စားလှယ်လောင်းများကိုသာ မဲပေးဖို့ မဲဆန္ဒရှင်တွေကို တိုက်တွန်းထားပါတယ်။ ဒါက ဒေါ်အောင်ဆန်းစုကြည်ကို ရည်ညွှန်းလိုက်ခြင်းပါ။ သူမရဲ့ခင်ပွန်း(ကွယ်လွန်)ဟာ ဗြိတိန်နိုင်ငံသားဖြစ်ပြီး သူမရဲ့သားနှစ်ဦးကလည်း ဗြိတိသျှ နိုင်ငံကူး လက်မှတ်ကိုင်ဆောင်သူများ ဖြစ်နေပါတယ်။

    နိုင်ငံရေးအလို့ငှာ ဘာသာရေးကို အသုံးချခြင်းလမ်းကြောင်းဟာ ပြဿနာရှာခြင်းပဲ ဖြစ်ပါတယ်။ ပထမအချက်က ဒီလိုလုပ်ခြင်းက တရားမ၀င်ပါဘူး။ လက်ရှိ နိုင်ငံတော်ဖွဲ့စည်းပုံဥပဒေမှာ ဘာသာရေးအခြေပြု ခွဲခြားဆက်ဆံခြင်းကို အထင်အရှား တားမြစ်ထားသလို၊ နိုင်ငံရေးထဲ ဘာသာရေးစွက်ဖက်မှု ကင်းရမယ်လို့ တိုက်ရိုက်ညွှန်းဆိုထားတဲ့ ပြဋ္ဌာန်းမှုအများအပြား ပါဝင်နေပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အစိုးရက အထိမခံလောက်အောင် အထွဋ်အမြတ်ထားယုံတင်မက အတိုက်အခံများရဲ့ပြောင်းလဲပြင်ဆင်ရေးအဆိုကိုလည်း အပြင်းအထန် ခုခံတုန့်ပြန်ခဲ့ကြတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာ အစိုးရဖက်က မိမိတို့ ခုခံကာကွယ်ထား ပါတယ်ဆိုတဲ့ ပြဋ္ဌာန်းချက်စည်းမျဉ်းများကို မိမိတို့ကိုယ်တိုင်က အဆင်ခြင်ကင်းမဲ့စွာ လျစ်လျူရှု(လုပ်ကိုင်)နေကြတယ်။

    ဒုတိယအချက်ကတော့ အာဏာပိုင်အ၀န်းအ၀ိုင်းနဲ့ အစွန်းရောက်ဘာသာရေး ၀ါဒကို ရောမွှေပေါင်းစပ်လိုက်ခြင်းက လူနည်းစု ဘာသာဝင်တွေကို နိုင်ငံအဆင့်အကြမ်းဖက်နိုင်ဖို့ မသိမသာ တံခါးဟပေးရာ ရောက်သွားပါတယ်။ ထောင်ပေါင်းများစွာသော ရိုဟင်ဂျာမွတ်စ်လင်မ်တွေကို လွန်ခဲ့တဲ့သုံးနှစ် လူမျိုးရေးဘာသာရေး အကြမ်းဖက်မှု ပြီးဆုံးကတည်းက ကျဉ်းကြပ်ညစ်ပတ်တဲ့ ဒုက္ခသည်စခန်းများထဲ ပိတ်လှောင်ထားပြီးလည်း ဖြစ်ပါတယ်။ သူတို့အပေါ် မျက်ကန်းမျိုးချစ်တွေရဲ့ ကြောက်ခမန်းလိလိ အဆက်မပြတ် ပုတ်ခတ်စော်ကားနေမှုက နိုင်ငံတကာ အသိုင်းအ၀ိုင်းဆီကို Genocide အန္တရာယ်အချက်ပေးသံ အဖြစ် ရောက်ရှိသွားပါပြီ။

    တတိယအချက်ကတော့ မဘသနဲ့ အစိုးရ အလွမ်းသင့်လွန်းခြင်းဟာ မြန်မာနိုင်ငံကို ဘာသာရေး အခြေတည် အာဏာရှင်နိုင်ငံ အဖြစ် ပုံလောင်းနိုင်မယ့် အန္တရာယ်အငွေ့အသက် ရရှိစေပါတယ်။ လက်ရှိ လမ်းကြောင်း အတိုင်းသာ ဆက်သွားဦးမယ်ဆိုရင် နိုင်ငံရေးပါဝါဟာ အစွန်းရောက် ဗုဒ္ဓဘာသာဝင်များရဲ့ လက်ထဲ ရောက်သွားနိုင်ချေရှိတဲ့မြင်ကွင်း တစ်ခုကို လွယ်လင့်တကူ မှန်းဆကြည့်နိုင်ပါလိမ့်မယ်။ ဒါဟာ (အစွန်းရောက် ဘုန်းကြီးများနဲ့ ခေတ်နောက်ပြန်ဆွဲ အမျိုးသားရေးဝါဒီအကြားရှိ ပူးပေါင်းမှုကို အခြေခံတဲ့) သက်ဦးဆံပိုင်အုပ်ချုပ်ရေး ပုံဟန်သစ် တစ်မျိုးအတွက် သွယ်ဝိုက် လမ်းခင်းပေးသွားတော့မှာဖြစ်ပါတယ်။ ဒါဟာ နိုင်ငံအတွင်း ကမ္ဘာ့အရှည်ကြာဆုံးပြည်တွင်းစစ်မီး ပြန်လည်ထတောက်လာဦးမယ့် အခြေအနေမှာ ရှိပါတယ်။

    အတိတ်ခေတ်နဲ့လက်ရှိခေတ်က (အစိုးရနဲ့ဘာသာရေး ရောစပ်ပေါင်းစည်းထားတဲ့) ဘုန်းကြီး အုပ်ချုပ်ရေး စနစ်ဟာ ဘာသာရေးကိုရော နိုင်ငံကိုပါ ပျက်စီးသွားစေကြောင်း ကျွန်တော်တို့အားလုံး သိရှိကြပါတယ်။ အာဏာရဲ့အခန်းတွေထဲ ဘာသာရေးကို သွတ်သွင်းခြင်းဟာ အဆိုးဝါးဆုံးသော ဘာသာ၊သာသနာ ကာကွယ်စောင့်ရှောက်မှု ဖြစ်ပါတယ်။

    အခွင့်အလမ်းတစ်ရပ်တော့ ရှိပါသေးတယ်။ အဲ့ဒါကတော့ အဲ့ဒီလှုပ်ရှားမှုဟာ သူ့ဖာသာ လောင်မြိုက် ဇာတ်သိမ်းသွားခြင်းပါပဲ။ ဗမာလူမျိုးတွေကိုယ်တိုင်က မိမိတို့ကို နှစ်ပေါင်းများစွာ ဖိနှိပ်ခဲ့တဲ့ အလားတူ အာဏာရှင် အစိုးရမျိုးနဲ့ပဲ အလွမ်းသင့် လိုပါသလား ဆိုပြီး စတင်မေးခွန်း ထုတ်ရပါတော့မယ်။

    မြန်မာနိုင်ငံမှာ မတူကွဲပြားတဲ့ ဘာသာရေး အစဉ်အလာ အများအပြားရှိနေပေမယ့် ဗုဒ္ဓဘာသာ ဗမာလူမျိုးဆိုတာ ကတော့ အခရာ အကျဆုံးပါ။ စာရေးသူ ကျွန်တော်ဟာ ဗဟုသုတနည်းပါးတဲ့ နိုင်ငံခြားသား တစ်ဦး ဖြစ်ကောင်းဖြစ်နေပါမယ်၊ ဒါပေမယ့် ဗုဒ္ဓဘာသာက အလွန်သိမ်မွေ့နှူးညံ့ပြီး ရင်ကိုထိခတ်စေတဲ့ ဘာသာတရား တစ်ခုဆိုတာကတော့ ကျွန်တော် သိမြင်နားလည်နေပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဝေနေယျသတ္တ၀ါအပေါင်းကို အတိုင်းထက်အလွန် မေတ္တာထား ရမယ်လို့ ဟောကြားသွန်သင်ထားလို့ပါပဲ။ မေတ္တာတရားနဲ့သာ အောင်မြင်နိုင်ပါစေလို့ မျှော်လင့်မိပါတော့တယ်။

    xxxxxxxxxxxxxxxxxxxxxxxxxxx

    – ၂၀၁၃ ခုနှစ် ဇွန်လ ၂၇ ရက် ရန်ကုန်မြို့ပြင်ရှိ ဘုန်းတော်ကြီးကျောင်း တစ်ခု၌ မျိုးစောင့်ဥပဒေမူကြမ်း အရေး ဆွေးနွေးရန် ဗုဒ္ဓဘာသာ သံဃာများ၏တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အရှင်ဝီရသူ (ဓာတ်ပုံ – ရဲအောင်သူ၊ AFP)

    Ref : Foreign Policy
    Christian Caryl ၏ Can Burma Save Buddhism From the Politicians ? ဆောင်းပါးကို လှိုင်းသစ်အောင် မှ ဆီလျော်အောင် ပြန်ဆိုရေးသားသည်။

  • တရုတ်နိုင်ငံထုတ် ပထမဆုံး ခရီးသည်တင်လေယာဉ်ကို ထုတ်ဖော်ပြသ

    တရုတ်နိုင်ငံထုတ် ပထမဆုံး ခရီးသည်တင်လေယာဉ်ကို ထုတ်ဖော်ပြသ

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    plane

    – တရုတ်နိုင်ငံပိုင် လေယာဉ်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော COMAC မှ ပထမဆုံးထုတ်လုပ်သည့် ခရီးသည်တင် ဂျက်လေယာဉ်ကို ယနေ့တွင် မြို့တော်ရှန်ဟိုင်း၌ ပြသခဲ့သည်ဟု သိရသည်။

    C919 ဟု အမည်ပေးထားသည့် အဆိုပါ လေယာဉ်မှာ အင်ဂျင် ၂ လုံးတပ်လေယာဉ်ဖြစ်ပြီး ခရီးသည် ၁၅၈ ဦး လိုက်ပါ စီးနင်းနိုင်မည်ဖြစ်သည်။ ထိုလေယာဉ်ပြပွဲကို ပူဒွန်နိုင်ငံတကာလေဆိပ်အနီးရှိ လေယာဉ်ထားသည့်ရုံတွင် ပြုလုပ်ခဲ့ပြီး တရုတ် အာဏာပိုင်များနှင့် ဧည့်သည်တော် စုစုပေါင်း ၄၀၀၀ ခန့် တက်ရောက်ကြည့်ရှုခဲ့ကြသည်။

    တရုတ်နိုင်ငံ၏ လေကြောင်းစီးပွားရေးမှာ အလျင်အမြန် တိုးတက်လာနေသော်လည်း လက်ရှိအချိန်တွင် ဘိုအင်းနှင့် Airbus လေယာဉ်များကိုသာ မှီခိုနေရသည်။ ထို့ပြင် အာဏာရ ကွန်မြူနစ်ပါတီကလည်း နိုင်ငံခြားလေယာဉ်ထုတ်လုပ်ရေး လုပ်ငန်းများသို့ စီးဆင်းသွားသည့် စီးပွားရေး အကျိုးကျေးဇူးများကို ပြန်လည်ရရှိအောင် ဆောင်ရွက်ချင်နေသည်။

    COMAC ကော်ပိုရေးရှင်းကမူ မိမိတို့မှာ နိုင်ငံပေါင်း ၂၁ နိုင်ငံမှ လေယာဉ်အစီးရ ၅၁၇ စီး ၀ယ်ယူရန် အမှာစာရရှိထားသည်ဟု ပြောကြားခဲ့သည်။ အများစုမှာ တရုတ်လေကြောင်းလိုင်းများမှ ဖြစ်သော်လည်း လေကြောင်းလုပ်ငန်းတွင် ထိပ်တန်း ကုမ္ပဏီဖြစ်သည့် GE Capital Aviation Services မှ အမှာစာများလည်း ပါဝင်သည်။

    Ref: Aljazeera

  • အိန္ဒိယ-မြန်မာ-ထိုင်း မော်တော်ယာဉ် သဘောတူညီချက် ၂၀၁၆ တွင် လက်မှတ်ထိုးမည်

    အိန္ဒိယ-မြန်မာ-ထိုင်း မော်တော်ယာဉ် သဘောတူညီချက် ၂၀၁၆ တွင် လက်မှတ်ထိုးမည်

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    car

    – အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ မော်တော်ယာဉ်များ အဆီးအတားမရှိ ဖြတ်သန်းသွာလာခွင့် သဘောတူညီချက်ကို လာမည့်နှစ်တွင် လက်မှတ်ရေးထိုးရန် အိန္ဒိယက သတ်မှတ်လိုက်သည်ဟု သိရသည်။

    “စည်းမျဉ်းစည်းကမ်းတွေ အဆုံးသတ်ပြီးတဲ့ ဒီသဘောတူညီချက်ကို ၂၀၁၆ မတ်လ နှောင်းပိုင်း ဒါမှမဟုတ် ဧပြီလဆန်းပိုင်းလောက်မှာ လက်မှတ်ရေးထိုးသွားမှာပါ” ဟု ပြည်ထောင်စု သယ်ယူပို့ဆောင်ရေးနှင့် အဝေးပြေးလမ်းမများဆိုင်ရာ အတွင်းရေးမှူး ဗီဂျေး ချစ်ဘာက ဘင်္ဂလားဒေ့ရှ်-ဘူတန်-အိန္ဒိယ-နီပေါ (BBIN) လမ်းကြောင်းအတိုင်း ကုန်တင်ကားများ အဆီးအတားမရှိ ဖြတ်သန်းသွားလာမှု သဘောတူညီချက်အတိုင်း စမ်းသပ်မောင်းနှင်ရေး ဖွင့်ပွဲအခမ်းအနားတွင် ပြာကြားခဲ့သည်။

    အိန္ဒိယ-မြန်မာ-ထိုင်း (IMT) သုံးနိုင်ငံ ဆောင်ရွက်မည့် မော်တော်ယာဉ်များ အဆီးအတားမရှိ သွားလာရေး ထိုသဘောတူညီချက်ကို ယခုနှစ် ဒီဇင်ဘာလတွင် လက်မှတ်ရေးထိုးရန် မူလက စီစဉ်ထားခဲ့သော်လည်း မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲရှိနေပြီး ထိုလုပ်ငန်းစဉ်မှာ ၃ လတာ ကြာမြင့်မည်ဖြစ်သောကြောင့် ထိုကဲ့သို့ မတ်လတ်အထိ ရွှေ့ခဲ့ခြင်းဖြစ်သည်ဟု ချစ်ဘာက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုသဘောတူညီချက်ကို မြန်မာနိုင်ငံတွင် လက်မှတ်ရေးထိုးသွားမည်ဖြစ်သည်။ BBIN သဘောတူညီချက်ကို အတုယူကာ အကောင်အထည်ဖေါ်သည့် IMT သဘောတူညီချက်ကြောင့် ကုန်တင်ယာဉ်များ၊ လူစီးယာဉ်များနှင့် ကိုယ်ပိုင်ယာဉ်များမှာ လွတ်လပ်စွာ သွားလာနိုင်မည်ဖြစ်ပြီး ထိုသုံးနိုင်ငံအတွင်း စီးပွားရေးဆိုင်ရာ တိုးတက်မှုကို ရရှိမည်ဟု ချစ်ဘာက ဆိုသည်။

    Ref: Economictimes