နိုဝင်ဘာ ၃၊ ၂၀၁၅
M-Media

– လက်နက်မဲ့ ဓားပြတစ်ဦးအား တောင်အာဖရိက ရဲတပ်ဖွဲ့က သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် ဗီဒီယိုတစ်ခု အင်တာနက် စာမျက်နှာတွင် ပြန့်နှံ့ခဲ့ပြီးနောက် ထိုအဖြစ်အပျက်တွင် ပါဝင်ခဲ့သည့် ရဲတပ်ဖွဲ့ဝင် ၄ ဦးမှာ လာရောက်အဖမ်းခံခဲ့သည်ဟု သိရသည်။
လုံခြုံရေးကင်မရာမှ မှတ်တမ်းတင်ထားနိုင်ခဲ့သည့် အဆိုပါ ဗီဒီယိုကို တောင်အာဖရိကရှိ Sunday Times သတင်းစာက ပြီးခဲ့သည့် သီတင်းပတ်နှောင်းပိုင်းတွင် ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး ထိုဗီဒီယို၌ ရဲယူနီဖောင်း ၀တ်ဆင်ထားသော တပ်ဖွဲ့ဝင်များမှာ အဆိုပါ သံသယရှိသူက ပစ္စတိုအား ပစ်ချခဲ့ပြီးနောက်ပိုင်း အနီးကပ် ပစ်သတ်ခဲ့မှုနှင့် လမ်းပေါ်တွင် လဲကျသွားပြီးနာက် ခြေဖြင့်ကန်ကျောက်ခြင်းတို့ကို တွေ့မြင်ခဲ့ရသည်။
“ရဲတပ်ဖွဲ့ဝင်တွေက သူတို့ဟာသူတို့ လာအဖမ်းခံခဲ့ပြီး ကျွန်တော်တို့ကလည်း ဖမ်းဆီးထားလိုက်ပါတယ်။ အမျိုးသား ၃ ဦးနဲ့ အမျိုးသမီး တစ်ဦးပါ။ သူတို့ဟာ လူသတ်မှုစွဲချက်နဲ့ ရင်ဆိုင်နေရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ အခြားစွဲချက်တွေကိုလည်း ထပ်ပေါင်းထည့်သွားအုံးမှာပါ” ဟု ရဲတပ်ဖွဲ့၏ လွတ်လပ်သော စုံစမ်းစစ်ဆေးရေးအဖွဲ့ IPID မှ ပြောရေးဆိုခွင့်ရှိသူ ဂရေ့စ် လန်ဂါက ယမန်နေ့တွင် ပြောကြားခဲ့သည်။
သေဆုံးသွားသူမှာ ကူလေကာနီ အမ်ပန်ဇာဆိုသူဖြစ်ပြီး မြို့တော် ဂျိုဟန်နစ္စဘတ် အနောက်ဖက်ရှိ ကရူဂါစ်ဒရော့ပ်ဒေသတွင် ဓားပြတိုက်ရန် ကြိုးစားစဉ် ရဲတပ်ဖွဲ့အား သေနတ်ဖြင့် ပစ်ခဲ့သည်။ ရဲတပ်ဖွဲ့ဝင်များမှာ အခင်းဖြစ်ပွားရာနေရာမှာ ၎င်းအား လိုက်လံဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
လန်ဂါကမူ ဆိုပါရဲတပ်ဖွဲ့ဝင်များက တရားစွဲဆိုမှုလုပ်ငန်းစဉ်ကို အလျင်အမြန် ဆောင်ရွက်စေချင်သော်လည်း မိမိတို့မှာ ၎င်းတို့တား ထိန်းသိမ်းထားကာ အင်္ဂါနေ့ (ယနေ့) တွင် ရုံးထုတ်မည်ဟု ပြောကြားခဲ့သည်။
တောင်အာဖရိက ရဲတပ်ဖွဲ့ဝင်များမှာ ယခင်ကလည်း အရပ်သားများအား ညှင်းပမ်းနှိပ်စက်မှုများ ပြုလုပ်သည်ဟု သတင်းများ ထွက်ပေါ်ဖူးပြီး ၂၀၁၃ ခုနှစ်က မိုဇမ်ဘက် တက္ကဆီယဉ်မောင်းတစ်ဦးအား လမ်းပေါ်တွင် ကားဖြင့် တရွတ်တိုက်ဆွဲကာ သတ်ဖြတ်မှုတစ်ခုမှာလည်း ကမ္ဘာကျော်ခဲ့သည်။
ထိုအဖြစ်အပျက်တွင် ပါဝင်သည့် ရဲတပ်ဖွဲ့ဝင် ၈ ဦးကို ယခုနှစ်အစောပိုင်းက လူသတ်မှုဖြင့် တရားစွဲဆိုနိုင်ခဲ့ပြီး အမိန့်ချမှတ်ရန် စောင့်ဆိုင်းနေသည်။
Ref: Aljazeera