News @ M-Media

Blog

  • အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် လေပေါ်တွင် ပေါက်ကွဲခဲ့

    အီဂျစ်တွင်ပျက်ကျသည့် ရုရှားလေယာဉ် လေပေါ်တွင် ပေါက်ကွဲခဲ့

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    russia

    – အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်တွင် စနေနေ့က ပျက်ကျခဲ့သည့် ရုရှား ခရီးသည်တင် လေယာဉ်မှာ လေပေါ်မှာတွင် ပေါက်ကွဲသွားခြင်းဖြစ်သည်ဟု ရုရှားအာဏာပိုင်များက ပြောကြားလိုက်သည်။

    လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ရုရှား ခရီးသည် ၂၂၄ ဦးစလုံး သေဆုံးခဲ့သည့် အဆိုပါ လေယာဉ်ပျက်ကျမှု အကြောင်းအရင်းကို ယမန်နေ့က စတင်စစ်ဆေးခဲ့ပြီး ကယ်ဆယ်ရေးလုပ်သားများကလည်း ပျောက်ဆုံးနေသည့် အလောင်းများကို ဆက်လက် ရှာဖွေနေသည်။

    “ပျက်ကျရတဲ့ အကြောင်းအရင်းတွေကို ပြောဖို့ အရမ်း စောလွန်းနေပါသေးတယ်။ လေယာဉ်က လေပေါ်မှာတင် ပျက်ဆီးခဲ့ပြီး အပိုင်းအစတွေက စကွဲယားကီလိုမီတာ ၂၀ လောက်အထိ ပြန့်ကျဲသွားပါတယ်” ဟု ရုရှားလေကြောင်း အကြီးအကဲ ဗစ်တာ ဆိုရိုချန်ကိုက အခင်းဖြစ်ပွားရာနေရာကို ကြည့်ရှုပြီးနောက် ပြောကြားခဲ့သည်။

    ရှာဖွေတွေ့ရှိခဲ့သော သေဆုံးသူ ရုပ်အလောင်း ၁၇၉ ခုကို ယမန်နေ့ ညနေပိုင်းက ကိုင်ရိုလေဆိပ်မှတစ်ဆင့် ရုရှားသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပြီး ရုရှား ပို့ဆောင်ရေးဝန်ကြီး မက်ဇင် ဆိုကိုလော့ဗ်က အတူတကွ လိုက်ပါခဲ့သည်။

    IS အဖွဲ့မူ အဆိုပါ ရုရှားခရီးသည်တင်လေယာဉ်ကို မိမိတို့က ပစ်ခတ်ခဲ့သည်ဟု စောစောပိုင်းက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • တူရကီပါလီမန်ရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရ

    တူရကီပါလီမန်ရွေးကောက်ပွဲ အာဏာရပါတီ အနိုင်ရ

    နိုဝင်ဘာ ၂၊ ၂၀၁၅
    M-Media

    turkey

    – ယမန်နေ့က ပြုလုပ်ခဲ့သည့် တူရကီပါလီမန် ရွေးကောက်ပွဲတွင် လက်ရှိအာဏာရ တရားမျှတမှုနှင့် ဖွံ့ဖြိုးတိုးတက်ရေးပါတီ (AK ပါတီ) က မဲအများစုဖြင့် ဦးဆောင်နေပြီး ၀န်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက ဒီမိုကရေစီအောင်ပွဲဟု ကင်ပွန်းတပ်ခဲ့သည်။

    မဲအားလုံးနီးပါးကို ရေတွက်ပြီးသည့်အချိန်တွင် AK ပါတီက ၄၉.၄ ရာခိုင်နှုန်းဖြင့် ဦးဆောင်နေကာ ရီပက်ဘလစ်ကန် ပြည်သူ့ပါတီ CHP က ၂၅.၄ ရာခိုင်နှုန်၊ လက်ယာယိမ်း အမျိုးသားရေးပါတီ MHP က ၁၁.၉ ရာခိုင်နှုန်းနှင့် လက်ဝဲယိမ်း ကာ့ဒ်ထောက်ခံသော ပြည်သူ့ ဒီမိုကရက်တစ်ပါတီ HDP တို့က ၁၀.၇ ရာခိုင်နှုန်း ရရှိခဲ့သည်။

    ထိုရလဒ်ကြောင့် AK ပါတီမှာ နေရာ ၅၅၀ ရှိသော ပါလီမန်တွင် နေရာ ၃၁၆ နေရာ ရရှိမည်ဟု ခန့်မှန်းရပြီး ၎င်းတို့ ကိုယ်ပိုင်အစိုးရ ဖွဲ့စည်းရန်အတွက် လုံလောက်သည့် ပမာဏလည်းဖြစ်သည်။ ပါတီခေါင်းဆောင်ဖြစ်ပြီး ၀န်ကြီးချုပ်ဖြစ်သူ အဟ်မတ် ဒါဗူတော့ဂ်လူကမူ မိမိတို့ပါတီအား မဲပေးသည့်ဖြစ်စေ၊ မပေးသည်ဖြစ်စေ AK ပါတီ အနိုင်ရမှုအတွက် ၇၈ သန်းသော တူရကီပြည်သူများက ပျော်ရွှင်ရမည်ဟု ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ဂရိသို့ ဥရောပ၏ ငွေကြေးအကူအညီ မူလကထက် လျော့မည်

    ဂရိသို့ ဥရောပ၏ ငွေကြေးအကူအညီ မူလကထက် လျော့မည်

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    eu

    – ဂရိအကြွေးပြဿနာ ဖြေရှင်းရန်အတွက် ယူရိုဇုန်မှ တတိအကြိမ်မြောက် ပေးအပ်မည့် ငွေကြေးအကူညီမှာ ကနဦး သတ်မှတ်ထားသည်ထက် လျော့နည်းမည်ဟု ဥရောပ ဗဟိုဘဏ်က ယမန်နေ့ညပိုင်းတွင် ပြောကြားလိုက်သည်။

    မူလက ယူရို ၈၆ ဘီလီယံ ပေးအပ်သွားမည်ဟု လျာထားသော်လည်း ဂရိဘဏ်များ၏ အခြေအနေကို စောင့်ကြည့်မှုအရ ၎င်းတို့မှာ ငွေကြေးအရင်းအနှီး များများစားစား မ,တည်ရန် မလိုအပ်တော့သည်ကို တွေ့ခဲ့ရသည်ဟု ဆိုသည်။

    ဂရိမှာ အကြွေးပြဿနာကြောင့် ပြီးခဲ့သည့်လများအတွင်း နိုင်ငံတကာ အကြွေးရှင်များနှင့် အကြိတ်အနယ် ဆွေးနွေးမှုများ ပြုလုပ်ခဲ့ရပြီး ပြည်တွင်း၌လည်း မငြိမ်မသက်မှုများ ဖြစ်ပွားကာ ဥရောပသမဂ္ဂမှ ထွက်လုနီးနီး ဖြစ်ခဲ့သည်။

    Ref: Channelnewsasia

  • WTA Finals တင်းနစ်ပြိုင်ပွဲတွင် ရဒ်ဝမ်စကာ ပထမဆုံးအကြိမ် ဗိုလ်စွဲ

    WTA Finals တင်းနစ်ပြိုင်ပွဲတွင် ရဒ်ဝမ်စကာ ပထမဆုံးအကြိမ် ဗိုလ်စွဲ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    tennis

    – ယခုနှစ် တင်းနစ်ရာသီ ရာသီပိတ် အမျိုးသမီး တင်းနစ်ပြိုင်ပွဲဖြစ်သော WTA Finals ပြိုင်ပွဲတွင် ပိုလန်တင်းနစ်မယ် အဂ်နစ်ဇ်ကာ ရဒ်ဝမ်စကာက ဗိုလ်စွဲခဲ့ပြီး ၎င်း၏ တင်းနစ်သမားဘ၀တွင် အမြင့်ဆုံး အောင်မြင်မှုလည်း ဖြစ်ခဲ့သည်။

    စင်ကာပူ၌ ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါပြိုင်ပွဲတွင် ရဒ်ဝမ်စကာမှာ အနီရောင်အုပ်စုတွင် ကျရောက်ခဲ့ပြီး မာရီယာ ရှာရာပိုဗာနှင့် ဖလာဗီယာ ပန်နက်တာတို့ကို ရှုံးနိမ့်ခဲ့သော်လည်း ကမ္ဘာ့အဆင့် ၁ ဆီမွန်နာဟဲလ်ပ်ကို အနိုင်ယူကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်လာခဲ့ခြင်း ဖြစ်သည်။

    ဆီမီးဖိုင်နယ်တွင် ဂါဘိုင်း မူဂူရူဇာကို အနိုင်ရခဲ့ပြီးနောက် ယနေ့တွင် ရှာရာပိုဗာကို အနိုင်ယူကာ ဗိုလ်လုပွဲသို့ တက်ရောက်လာခဲ့သည့် ချက်တင်းနစ်မယ် ပီထရာ ကဗီတိုဗာနှင့် ယှဉ်ပြိုင်ခဲ့ရသည်။ ၎င်းတို့နှစ်ဦး၏ ပွဲမှာ အကြိတ်အနယ်ရှိခဲ့ပြီး ရဒ်ဝမ်စကာက ၆-၂၊ ၄-၆၊ ၆-၃ ဖြင့် အနိုင်ရ ဗိုလ်စွဲခဲ့သည်။

    ရဒ်ဝမ်စကာမှာ ကမ္ဘာ့ထိပ်တန်း တင်းနစ်မယ် ၈ ဦးသာ ယှဉ်ပြိုင်ကစားရသည့် WTA Finals ပွဲတွင် ပထမဆုံး ဗိုလ်စွဲနိုင်ခြင်းဖြစ်ပြီး ကမ္ဘာ့အဆင့် ၅ အထိ တက်လာနိုင်ခဲ့သည်။ အမျိုးသမီး နှစ်ယောက်တွဲပွဲတွင်မူ ဆွစ်ဇာလန်မှ မာတီနာဟင်းဂစ်နှင့် အိန္ဒိယမှ ဆာနီယာ မီရ်ဇာတို့အတွဲက စပိန်အတွဲဖြစ်သော ဂါဘိုင်း မူဂူရူဇာနှင့် ကာရ်လာ ဆွာရက်ဇ်တို့ အတွဲကို အနိုင်ယူကာ ဗိုလ်စွဲခဲ့သည်။

    Ref: Channelnewsasia

  • တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ ယနေ့တွင် တွေ့ဆုံ

    တရုတ်-ဂျပန်-တောင်ကိုရီးယား ခေါင်းဆောင်များ ယနေ့တွင် တွေ့ဆုံ

    နိုဝင်ဘာ ၁၊ ၂၀၁၅
    M-Media

    – ၃ နှစ်ကျော်အတွင်း ပထမဆုံးအကြိမ်အဖြစ် တောင်ကိုရီးယား၊ တရုတ်နှင့် ဂျပန်ခေါင်းဆောင်များမှာ ယနေ့တွင် ဆိုးလ်မြို့၌ တွေ့ဆုံခဲ့ကြပြီး လုံခြုံရေးနှင့် ကုန်သွယ်ရေး ကိစ္စများကို ဆွေးနွေးခဲ့ကြသည်ဟု သိရသည်။

    မြောက်အာရှဒေသ စီးပွားရေးအကြီးဆုံး ၃ နိုင်ငံ၏ ထိုတွေ့ဆုံမှုအတွင်း သံတမန်ရေးနှင့် စီးပွားရေးတို့ ပိုမိုနီးကပ်စွာ ဆောင်ရွက်ရေးကို အဓိကထား ဆွေးနွေးခဲ့ကြပြီး၊ တရုတ်ဝန်ကြီးချုပ် လီကီကွီယန်းကမူ ဂျပန်၊ တောင်ကိုရီးယားတို့နှင့် ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် နိုင်ငံ၏ ကျဆင်းနေသော စီးပွားရေး ပြန်လည် ဦးမော့လာအောင် ဆောင်ရွက်ရန် စိတ်အားထက်သန်နေသည်။

    ထို့ပြင် ၎င်းတို့၏ လုံခြုံရေးအား အဓိက ခြိမ်းခြောက်နေသော မြောက်ကိုရီးယားအရေးနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြသည်။

    ဂျပန်နှင့် တရုတ်နိုင်ငံတို့မှာ ၂၀၁၂ ခုနှစ်တွင် အရှေ့တရုတ်ပင်လယ်ရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော ကျွန်းကိစ္စနှင့်ပတ်သက်၍ တင်းမာမှုများ ဖြစ်ပွားခဲ့ပြီးနောက်ပိုင်း တစ်ဖြည်းဖြည်းဖြင့် ဆက်ဆံရေးကို တိုးမြှင့်လာခဲ့သည်။

    Ref: Aljazeera