News @ M-Media

Blog

  • တတိယသုံးလပတ် အမေရိကန်စီးပွားရေး သိသိသာသာကျ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်နိုင်ငံ၏ တတိယ ၃ လပတ် စီးပွားရေးတိုးတက်မှုမှာ နှေးကွေးခဲ့ပြီး ဇူလိုင်လနှင့် စက်တင်ဘာအကြား ဂျီဒီပီတိုးတက်မှုမှာ ၁.၅ ရာခိုင်နှုန်းသာ ရှိခဲ့သည်ဟု ယနေ့တွင် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

    ဒုတိယ ၃ လပတ်တွင် ဂျီဒီပီတိုးတက်မှုနှုန်းမှာ ၃.၉ ရာခိုင်နှုန်းရှိခဲ့သည်။ ထိုကဲ့သို့ ကျဆင်းမှုမှာ ကုမ္ပဏီများတွင် သိုလှောင်ထားသည့်ကုန်များ လျော့နည်းခြင်းကြောင့်လည်း ဖြစ်သည်။ ဗုဒ္ဓဟူးနေ့တွင် အမေရိကန်က ၎င်းတို့၏ အတိုးနှုန်းကို မပြောင်းမလဲဘဲ ထားမည်ဟု ကြေငြာခဲ့ပြီး စီးပွားရေးမှာ အလယ်အလတ်ပုံစံဖြင့် ချဲ့ထွင်နေသည်ဟု ဆိုသည်။

    ယခုနှစ်အတွင်း ရေနံဈေးနှုန်း ကျဆင်းမှုကြောင့် အမေရိကန်၏ စီးပွားရေးကို ထိခိုက်မှုများ ရှိနေပြီး၊ ပြည်သူများ၏ သုံးစွဲမှုမှာ တတိယ သုံးလပတ်တွင် ၃.၂ ရာခိုင်နှုန်း တက်လာခဲ့သော်လည်း ဒုတိယ ၃ လပတ်ထက် ၀.၄ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။

    Ref: BBC

  • တရုတ်၏ ရေတပ်စစ်ရေးလေ့ကျင်မှုတွင် သြစတေးလျ ပါဝင်မည်

    တရုတ်၏ ရေတပ်စစ်ရေးလေ့ကျင်မှုတွင် သြစတေးလျ ပါဝင်မည်

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    free

    – ပိုင်နက်အငြင်းပွားမှုများရှိနေသော တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံ၏ ရေတပ် စစ်ရေးလေ့ကျင့်မှုတွင် ပါဝင်ရန်အတွက် စစ်သင်္ဘော ၂ စီး စေလွှတ်သွားမည်ဟု သြစတေးလျ ကာကွယ်ရေးဝန်ကြီး မာရီစ် ပေနီက ယနေ့တွင် ပြောကြားလိုက်သည်။

    အဆိုပါ စစ်ရေးလေ့ကျင့်မှုကို လာမည့်သီတင်းပတ် အစောပိုင်းတွင် ပြုလုပ်သွားမည်ဖြစ်ပြီး သြစတေးလျမှ HMAS Stuart နှင့် HMAS Arunta ဖရီးဂိတ်စစ်သင်္ဘောများမှာ ဇန်ဂျီယန်းရှိ တရုတ်၏ အဓိက ရေတပ်အခြေစိုက်စခန်းသို့ မကြာမီ ရောက်ရှိလာတော့မည်ဖြစ်သည်။

    အဆိုပါ စစ်ရေလေ့ကျင်မှုမှာ အင်္ဂါနေ့မနက်ပိုင်းက တောင်တရုတ်ပင်လယ်အတွင်းရှိ ပိုင်ဆိုင်မှုအငြင်းပွားနေသော စပရက်တလေကျွန်းစုအနီးမှ အမေရိကန်စစ်သင်္ဘော ကင်းလှည့်ဖြတ်သန်းသွားပြီးနောက် တရုတ်က စီစဉ်ခဲ့ခြင်းဖြစ်သည်။ အမေရိကန်၏ ထိုလုပ်ရပ်ကို တရုတ်က ရန်စခြင်းဟု သတ်မှတ်ခဲ့ပြီး နောက်တစ်ကြိမ် ထပ်မံ၍ ပြုလုပ်ပါက ပြန်လည်တုန့်ပြန်သွားမည်ဟု သတိပေးထားသည်။

    Ref: Press TV

  • ဂရိတွင် ဒုက္ခသည်သင်္ဘောများ နစ်မြုပ်ပြန်

    ဂရိတွင် ဒုက္ခသည်သင်္ဘောများ နစ်မြုပ်ပြန်

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    – ဒုက္ခသည်များကို တင်ဆောင်ကာ တူရကီမှ ထွက်ခွာလာသည့် သင်္ဘောလေးစီးမှာ ယမန်နေ့က ဂရိရေပိုင်နက်အတွင်း နစ်မြုပ်ခဲ့ပြီး အနည်းဆုံး ကလေးငယ် ၇ ဦး သေဆုံးခဲ့ကာ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်နေသည်ဟု သိရသည်။

    နိုင်ငံမြောက်ပိုင်း လက်စ်ဘော့စ် ကမ်းရိုးတမ်းတွင် နစ်မြုပ်ခဲ့သည့် သင်္ဘောတစ်စီးမှ ဒုက္ခသည် ၂၀၀ ကျော်ကိုမူ ကယ်တင်နိုင်ခဲ့ပြီး ၎င်းတို့မှာ ကိုယ်အပူချိန် အလွန်အမင်းကျဆင်းနေကြသည်ဟု ဆိုသည်။ ထိုသင်္ဘောမှ အရွယ်ရောက်ပြီးသူ သုံးဦး သေဆုံးခဲ့သည်။

    ကင်းလှည့်ရေယာဉ်များ၊ ငါးဖမ်းသင်္ဘောများနှင့် ဒေသခံပြည်သူများ ပိုင်ဆိုင်သော ရှပ်ပြေးရေယာဉ်များပါ ပျောက်ဆုံးသူများကို လိုက်လံရှာဖွေနေပြီး လေတိုက်နှုန်းပြင်းထန်မှုကြောင့် အခက်အခဲများနှင့် ရင်ဆိုင်နေရသည်။ ဂရိရဲတပ်ဖွဲ့ကမူ နစ်မြုပ်သွားသည့် သင်္ဘောများတွင် လူဦးရေ မည်မျှပါသည်ကို အတိအကျ မသိရှိနိုင်သေးဟု ပြောကြားခဲ့သည်။

    Ref: Alarabiya

  • အီရတ်တွင် မိုးသည်းထန်ပြီး ရေကြီး

    အီရတ်တွင် မိုးသည်းထန်ပြီး ရေကြီး

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    – မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် အီရတ်နိုင်ငံရှိ ဒေသအများအပြားတွင် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေပြီး ဘဂ္ဂဒတ်မြို့ လမ်းများတွင်လည်း ရေလွှမ်းမိုးမှုများ ဖြစ်ပွားနေကာ စစ်ရှောင်ဒုက္ခသည်များ နေထိုင်သည့် စခန်းများမှာလည်း ပျက်ဆီးခဲ့ရသည်။

    နွေရာသီ ကုန်ဆုံးခဲ့ပြီးနောက် ယမန်နေ့ ညနေပိုင်းကစ၍ မြို့တော်တွင် မိုးများ သည်းထန်စွာ ရွာသွန်းခဲ့ပြီး အာရပ်ကမ္ဘာ၏ ဒုတိယအကြီးဆုံးဖြစ်သော ဘဂ္ဂဒတ်တွင် ဆိုးရွားသည့် အခြေခံအဆောက်အဦးများကြောင့် ရေကြီးရေလျှံမှုများ ဖြစ်ပေါ်ခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် အလုပ်သွားရန်နှင့် ကျောင်းသွားရန် ခက်ခဲနေပြီး အစိုးရက ကြာသာပတေးနေ့ကို ရုံးပိတ်ရက်အဖြစ် ကြေငြာခဲ့သည်။

    အန်ဘာရ်ပြည်နယ်တွင်လည်း ရေကြီးမှုများကြောင့် စစ်ရှောင်ဒုက္ခသည်များ နေထိုင်ရာ စခန်းများမှာ ဆိုးဆိုးဝါးဝါး ထိခိုက်ပျက်ဆီးခဲ့ပြီး ကူစက်ရောဂါများ ပြန့်နှံ့လာမည်ကိုလည်း ပြည်သူများက စိုးရိမ်နေကြသည်။ ရေကြီးမှုကြောင့် လက်ရှိအချိန်အထိ ကလေးငယ်တစ်ဦး သေဆုံးသည်ဟု သိရသည်။

    Ref: Alarabiya

  • အသင်း၏ တိုးတက်မှု နည်းစနစ် အပြောင်းအလဲကြောင့်ဟု အေစီမီလန်နည်းပြ ပြော

    အသင်း၏ တိုးတက်မှု နည်းစနစ် အပြောင်းအလဲကြောင့်ဟု အေစီမီလန်နည်းပြ ပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    ac

    – နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းက အသင်း၏ တိုးတက်မှုအတွက် အခရာကျခဲ့သည်ဟု အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ချီယေဗိုနှင့် စီးရီးအေပွဲတွင် အေစီမီလန်မှာ လူကာ အန်တိုနီလီ၏ ၅၂ မိနစ် သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး ၂ ပွဲဆက်အနိုင်လည်း ဖြစ်ကာ အဆင့် ၁၃ မှ အဆင့် ၈ ကို တက်လှမ်းလာနိုင်ခဲ့သည်။ ထို့ကြောင့် ဝေဖန်မှုများ ခံနေရသည့် နည်းပြ မီဟိုင်းလိုဗစ်ခ်ျမှာလည်း ဖိအားများ လျော့သွားပြီဖြစ်သည်။

    “ကျွန်တော်ဟာ နည်းပြဖြစ်ပြီး ရွေးချယ်မှုတွေလုပ်ဖို့ ကျွန်တော့်ကို လခပေးထားတာပါ။ အသင်းအတွက် ကျွန်တော် တာဝန်ယူပါတယ်။ ၄-၃-၂-၁ ကစားကွက်မှာ အခက်အခဲ တော်တော်များများ ရှိခဲ့ပြီး ၄-၃-၃ ပြောင်းကစားတဲ့အခါမှာတော့ ကျွန်တော်တို့ ပိုကောင်းလာပါတယ်။ ပြီးတော့ (အလက်ဆီယို) ဆာစီ လို ကစားသမားကောင်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူ့ကို ကျွန်တော်သိတာ ကြာပါပြီး။ သူဟာ ထင်တာထက်ကို ပိုကောင်းအောင် ကစားနိုင်ပါတယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ယမန်နေ့ ပွဲအပြီးတွင်
    ပြောကြားခဲ့သည်။

    Ref: Goal