News @ M-Media

Blog

  • အသင်း၏ တိုးတက်မှု နည်းစနစ် အပြောင်းအလဲကြောင့်ဟု အေစီမီလန်နည်းပြ ပြော

    အသင်း၏ တိုးတက်မှု နည်းစနစ် အပြောင်းအလဲကြောင့်ဟု အေစီမီလန်နည်းပြ ပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    ac

    – နည်းစနစ်ပိုင်းဆိုင်ရာ အပြောင်းအလဲ ပြုလုပ်ခဲ့ခြင်းက အသင်း၏ တိုးတက်မှုအတွက် အခရာကျခဲ့သည်ဟု အေစီမီလန်နည်းပြ မီဟိုင်းလိုဗစ်ခ်ျက ပြောကြားလိုက်သည်။

    ယမန်နေ့က ကစားခဲ့သည့် ချီယေဗိုနှင့် စီးရီးအေပွဲတွင် အေစီမီလန်မှာ လူကာ အန်တိုနီလီ၏ ၅၂ မိနစ် သွင်းဂိုးဖြင့် အနိုင်ရခဲ့ပြီး ၂ ပွဲဆက်အနိုင်လည်း ဖြစ်ကာ အဆင့် ၁၃ မှ အဆင့် ၈ ကို တက်လှမ်းလာနိုင်ခဲ့သည်။ ထို့ကြောင့် ဝေဖန်မှုများ ခံနေရသည့် နည်းပြ မီဟိုင်းလိုဗစ်ခ်ျမှာလည်း ဖိအားများ လျော့သွားပြီဖြစ်သည်။

    “ကျွန်တော်ဟာ နည်းပြဖြစ်ပြီး ရွေးချယ်မှုတွေလုပ်ဖို့ ကျွန်တော့်ကို လခပေးထားတာပါ။ အသင်းအတွက် ကျွန်တော် တာဝန်ယူပါတယ်။ ၄-၃-၂-၁ ကစားကွက်မှာ အခက်အခဲ တော်တော်များများ ရှိခဲ့ပြီး ၄-၃-၃ ပြောင်းကစားတဲ့အခါမှာတော့ ကျွန်တော်တို့ ပိုကောင်းလာပါတယ်။ ပြီးတော့ (အလက်ဆီယို) ဆာစီ လို ကစားသမားကောင်းတွေကိုလည်း မြင်တွေ့ခဲ့ရပါတယ်။ သူ့ကို ကျွန်တော်သိတာ ကြာပါပြီး။ သူဟာ ထင်တာထက်ကို ပိုကောင်းအောင် ကစားနိုင်ပါတယ်” ဟု မီဟိုင်းလိုဗစ်ခ်ျက ယမန်နေ့ ပွဲအပြီးတွင်
    ပြောကြားခဲ့သည်။

    Ref: Goal

  • အာရှ စကားရည်လုပွဲတွင်တွင် မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်အဖွဲ့ ဗိုလ်စွဲ

    အာရှ စကားရည်လုပွဲတွင်တွင် မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ်အဖွဲ့ ဗိုလ်စွဲ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    malay

    – ၂၀၁၅ ခုနှစ် အာရှဗြိတိန် ပါလီမန် စကားရည်လုပွဲ ချန်ပီယံရှစ်ပြိုင်ပွဲ (2015 Asian British Parliamentary (ABP) Debating Championship) တွင် မလေးရှား နိုင်ငံတကာ အစ္စလာမ့်တက္ကသိုလ် IIUM မှ နောက်ဆုံးနှစ်ကျောင်းသား ဆယဒ် ဆဒ်ဒစ်က် အဘ်ဒူလ် ရဟ်မန်က တတိယအကြိမ်မြောက် အနိုင်ရဗိုလ်စွဲခဲ့သည်ဟု သိရသည်။

    အသက် ၂၃ နှစ်အရွယ်ရှိ ဆယဒ်မှာ ၎င်း၏တစ်ဖွဲ့တည်းဖြစ်သော IIMU ကျောင်းသား အသက် ၂၄ နှစ်အရွယ် မူဘာရတ် ၀ါဆေးနှင့် ပူးတွဲရရှိခဲ့ခြင်း ဖြစ်သည်။ ၀ါဆေးမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဖြစ်သည်။ အဆိုပါ စကားရည်လုပွဲကို အောက်တိုဘာ ၁၆ ရက်နေ့မှ ၂၂ ရက်နေ့အထိ အာရှပစိဖိတ်တက္ကသိုလ် AUP တွင် ကျင်းပခဲ့ခြင်းဖြစ်ပြီး အာရှ ၁၀ နိုင်ငံမှ အဖွဲ့ ၈၂ ဖွဲ့ ၀င်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။

    ဆယဒ်မှာ ယခင်ကလည်း အင်ဒိုနီးရှားနိုင်ငံ ဘာလီမြို့တွင် ကျင်းပခဲ့သည့် United Asian Debating Championship (UADC) စကားရည်လုပွဲနှင့် ၂၀၁၂ ခုနှစ်တွင် ဂျကာတာမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ABP စကားရည်လုပွဲများတွင်လည်း ဗိုလ်စွဲထားသူဖြစ်သည်။

    ငြင်သာပြီး အာဝဇ္ဇန်းကောင်းသည့် ဆယဒ် ဆဒ်ဒစ်က်က စကားရည်လုခြင်းမှာ ဝေဖန်ခြင်းထက် ပိုသည်ဟု ဆိုသည်။

    “စကားရည်လုတယ်ဆိုတာက ငြင်းတာ ခုံတာမျိုး မဟုတ်ပါဘူး။ ပိုကောင်းတဲ့ကမ္ဘာကြီးကို ဖန်တီးဖို့အတွက် ပြဿနာရဲ့ အဖြေတွေကို အပြိုင်အဆိုင် ပြောပြကြရတာပါ”

    နောက်ဆုံး ဖိုင်နယ်တွင် IIUM အသင်းမှာ အတိုက်အခံဘက်မှ ပါဝင်ရပြီး လွှတ်တော်မှ အတည်ပြုသည့် ဆေးဘက်ဆိုင်ရာ ကိစ္စရပ်တစ်ခုကို ငြင်းဆန်ကြောင်း ပြန်လည်ချေပသည့် ပုံစံမျိုး စကားရည်လုခဲ့ရခြင်းဖြစ်သည်။ ယခု 2015 ABP ပြိုင်ပွဲမှာ ဆယဒ်အတွက် စကားရည်လုသူတစ်ယောက်အဖြစ် နောက်ဆုံးပြိုင်ပွဲလည်း ဖြစ်သည်။

    သို့သော်လည်း ထိုနယ်ပယ်မှ လုံးဝ ထွက်သွားခြင်းမျိုး မဟုတ်ဘဲ စကားရည်လုပွဲများတွင် အဆုံးအဖြတ်ပေးရသည့် ဒိုင်လူကြီးအဖြစ် ဆောင်ရွက်သွားမည်ဖြစ်သည်။

    “(စကားရည်လုသူတစ်ယောက် မဟုတ်တော့ပေမယ့်လည်း) ကျွန်တော်ဟာ အတိတ်ကို သတိရနေမှာပါ။ ဒါပေမယ့် ကျွန်တော်ရရှိခဲ့တဲ့ အတွေ့အကြုံတွေ ဗဟုသုတွေကို နိုင်ငံရေးမှာ ပြည်သူတွေကို အသိပညာပေးတဲ့နေရာမှာ အသုံးချဖို့ စိတ်လှုပ်ရှားနေပါတယ်” ဟု ဆယဒ်က ပြောကြားခဲ့သ်ည။

    လက်ရှိချိန်တွင် နိုဝင်ဘာ ၂၀ ရက်နေ့မှ ၂၁ ရက်နေ့အတွက် ယူကေရှိ ကမ်းဘရစ်ခ်ျ တက္ကသိုလ်၌ ပြုလုပ်မည့် Cambridge Intervarsity စကားရည်လုပြိုင်ပွဲအတွက် ဆယဒ်အား ဒိုင်လူကြီးအဖြစ် ဆောင်ရွက်ပေးရန် ကမ်းလှမ်းထားသည်။

    ဆယဒ်မှာ နိုင်ငံရေးဆိုင်ရာ ဘဏ္ဍာရေးလုပ်ငန်းအတွက် အမျိုးသား အကြံပေးကောင်စီတွင် တာဝန်ထမ်းဆောင်နေပြီး ဂျိုဟိုးရှိ တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Bait al-Amanah တွင်လည်း သုတေသန ပညာရှင်အဖြစ် ဆောင်ရွက်နေသည်။ ထို့ပြင် ၀န်ကြီးချုပ်ရုံးရှိ ဥပဒေရေးရာ ဌာနတွင်လည်း တာဝန်ထမ်းဆောင်နေသူဖြစ်သည်။

    Ref: The Star

  • ပထမဆုံးနိုင်ပွဲအတွက် လူငယ်များကို ကလော့ပ်ချီးကျူး

    ပထမဆုံးနိုင်ပွဲအတွက် လူငယ်များကို ကလော့ပ်ချီးကျူး

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    liver

    – လိဂ်ဖလားတွင် ဘုန်းမောက်အား အနိုင်ရခဲ့သည့်ပွဲ၌ ခြေစွမ်းပြခဲ့သည့် လူငယ်ကစားသမားများအား လီဗာပူးလ်နည်းပြ ယာဂန် ကလော့ပ်က ချီးကျူးပြောဆိုလိုက်သည်။

    ပဉ္စမအဆင့်ပွဲစဉ်အဖြစ် ယနေ့မနက်က ယှဉ်ပြိုင်ခဲ့သော အဆိုပါပွဲတွင် ကလော့ပ်မှာ ဂျိုအာအို တိုင်ဇီရာ၊ ကွန်နော်ရ် ရန်ဒဲလ်နှင့် ကင်မရွန်း ဘရန်နာဂန်တို့ကဲ့သို့ အသင်းကြီးအတွက် ပွဲထွက်ခွင့်မရသေးသည့် လူငယ်သွေးသစ်များကို ထုတ်သုံးခဲ့ပြီး ခြေစွမ်းပြနိုင်ကာ ၁ ဂိုး ဂိုးမရှိဖြင့် ဘုန်းမောက်အား အနိုင်ရခဲ့သည်။ ထိုပွဲမှာ လီဗာပူးလ်အား ၎င်း ကိုင်တွယ်ပြီးနောက် ပထမဆုံးရရှိခဲ့သည့် အနိုင်လည်းဖြစ်သည်။

    “နှစ်ပတ်လောက်အတွင်းမှာ ကျွန်တော်ဟာ ဒီကောင်လေးတွေကို လေ့ကျင့်ကွင်းမှာ တွေ့ခဲ့ပါတယ်။ လေ့ကျင့်မှု အချိန်အများစုမှာ သူတို့ ကျွန်တော်တို့နဲ့အတူ ရှိခဲ့ပါတယ်။ ကျွန်တော် သူတို့ကို သတိပြုမိခဲ့ပြီး ပထမဆုံးအခွင့်အရေး ပေးရမယ်ဆိုတာ ရှင်းရှင်းလင်းလင်း သိခဲ့ပါတယ်။ ဒါ့ကြောင့် ဒီပွဲမှာ ထုတ်သုံးခဲ့တာပါ။ တစ်ချို့ကစားသမားတွေဟာ အနားယူဖို့ လိုအပ်ပါတယ်။ ဒီလူငယ်ကစားသမားလေးတွေက ကျွန်တော်တို့ကို ကူညီနိုင်တဲ့ စွမ်းရည် ရှိတယ်ဆိုတာကိုလည်း ကျွန်တော် အသေအချာ သိခဲ့ပါတယ်” ဟု ကလော့ပ်က ပွဲအပြီးတွင်ပြောကြားခဲ့သည်။

    Ref: Goal

  • တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီ တရုတ်ဖျက်သိမ်း

    တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီ တရုတ်ဖျက်သိမ်း

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    – ဆယ်စုနှစ် ၂ ခုကျော်ကြာ အသက်ဝင်ခဲ့သည့် တစ်အိမ်ထောင် ကလေးတစ်ယောက်ပေါ်လစီကို ဖျက်သိမ်းရန် တရုတ်ကွန်မြူနစ်ပါတီက ဆုံးဖြတ်ခဲ့ပြီး ယခုအခါ ဇနီးမောင်နှံများအနေဖြင့် ကလေး ၂ ဦးစီ ယူခွင့်ရှိတော့မည်ဟု တရုတ်နိုင်ငံပိုင် Xhinhua သတင်းဌာနက ဖော်ပြလိုက်သည်။

    နောက်ထပ် ၅ နှစ်တာကာလအတွင်း နိုင်ငံ၏ အခြေအနေအရပ်ရပ်နှင့် ပတ်သက်၍ ၄ ရက်ကြာ အစည်းအဝေးများ ပြုလုပ်ခဲ့ပြီးနောက် ကွန်မြူနစ်ပါတီက ယနေ့တွင် ထုတ်ပြန်သော အမိန့်ပြန်တမ်းတွင် ထိုပေါ်လစီအား ဖျက်သိမ်းကြောင်း ဖော်ပြထားခြင်းဖြစ်သည်။

    လူဦးရေပေါက်ကွဲမှုကို ထိန်းချုပ်ရန်နှင့် ရေအပါအ၀င် အခြားသော ရင်းမြစ်များ တောင်းဆိုမှုကို ကန့်သတ်ရန်အတွက် တရုတ်မှာ အဆိုပါ ကလေးတစ်ယောက်ပေါ်လစီကို ၁၉၈၀ ခုနှစ်က စတင်ခဲ့ခြင်းဖြစ်သည်။ ထိုပေါ်လစီအတွက် အငြင်းပွားမှုများ ရှိနေသော်လည်း တရုတ်အာဏာပိုင်များကမူ ၎င်းတို့၏ ထိုဆောင်ရွက်မှုက နိုင်ငံစီးပွားရေး အလွန်အမင်းတိုးတက်လာမှု၏ အဓိက အကြောင်းအရင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထိုပေါ်လစီကို ဆယ်စုနှစ် ၂ ခုကျော်ကြာ ကျင့်သုံးခဲ့ခြင်းကြာင့် ကမ္ဘာ့ လူဦးရေအများဆုံး တရုတ်နိုင်ငံတွင် ယခုအခါ အသက်အရွယ်ကြီးရင့်သူ များပြားလာခြင်း၊ အမျိုးသား၊ အမျိုးသမီးအရေအတွက် ကွာခြားချက်ကြီးမားခြင်းနှင့် အလုပ်လုပ်နိုင်သည့် လူဦးရေ ကြုံ့လာခြင်း စသည့် ပြဿနာများကို ခံစားနေရသည်။

    ၂၀၁၃ ခုနှစ်တွင် ကလေးတစ်ယောက် ပေါ်လစီအား တရုတ်အစိုးရက ဖြေလျော့မှုတစ်ချို့ ပြုလုပ်ခဲ့ပြီး အချို့မြို့ပြဒေသများတွင် တစ်အိမ်ထောင် ကလေးနှစ်ယောက်ယူခွင့် ပြုခဲ့သော်လည်း ထိုအကျိုးကျေးဇူးကို အများအပြား ခံစားရခြင်းမရှိချေ။

    Ref: Aljazeera

  •  သြဇီက ဒုက္ခသည်လှေအား ငွေပေး၍လှည့်ပြန်ခိုင်းမှု စစ်ဆေးပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

     သြဇီက ဒုက္ခသည်လှေအား ငွေပေး၍လှည့်ပြန်ခိုင်းမှု စစ်ဆေးပေးရန် လူ့အခွင့်အရေးအဖွဲ့ တောင်းဆို

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    ausi

    – ဒုက္ခသည်များအား တင်ဆောင်လာသည့် သင်္ဘောများ နိုင်ငံအတွင်းမှ ပြန်လှည့်ရန်အတွက် လူကုန်ကူးသူများကို သြစတေးလျက ငွေပေး၍ ခိုင်းစေခဲ့သည်ဆိုသော သတင်းများအတွက် သြစတေးလျအာဏာပိုင်များအား လူသိရှင်ကြား စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန်
    ထိပ်တန်းလူ့အခွင့်အရေးအဖွဲ့ဖြစ်သော Amnesty International က ဆော်သြတိုက်တွန်းလိုက်သည်။

    ယမန်နေ့က ထုတ်ပြန်သော အစီရင်ခံစာအသစ်တွင် ထိုကဲ့သို့ တိုက်တွန်းခဲ့ခြင်းဖြစ်ပြီး ယခုနှစ်မေလနှင့် ဇူလိုင်လတို့တွင် ပြုလုပ်ခဲ့သော သြစတေးလျအစိုးရ၏ ထိုလုပ်ရပ်က ဒုက္ခသည်များ၏ အသက်ကို အန္တရာယ်ရှိစေခဲ့သည်ဟု ထည့်သွင်းဖော်ပြခဲ့သည်။

    နိုင်ငံ၏ ကမ်းခြေများသို ဒုက္ခသည်များ ၀င်ရောက်လာမှုကို တားဆီးရန်အတွက် ပြင်းထန်သည့် ပေါ်လစီကို သြစတေးလျက ချမှတ်ထားပြီး ဒုက္ခသည်များ တင်ဆောင်လာသည့် လှေများကို အင်ဒိုနီးရှားသို့ ပြန်ပို့ခြင်း၊ တောင်ပစိဖိတ် ကျွန်းနိုင်ငံများဖြစ်သော ပါပူအာနယူးဂီနီနှင့် နာအူရူနိုင်ငံများတွင် စခန်းများဖွင့်ကာ ထိန်းသိမ်းထားခြင်းတို့ကို ပြုလုပ်နေသည်။

    သို့သော်လည်း ပြီးခဲ့သည့်ဇွန်လက လူကုန်ကူးမှုသံသယဖြင့် ဖမ်းဆီးခံခဲ့ရသော သင်္ဘောကပ္ပတိန်နှင့် သင်္ဘောသားနှစ်ဦးက ဒုက္ခသည် ၆၅ ဦး တင်ဆောင်လာသည့် ၎င်းတို့လှေကို အင်ဒိုနီးရှားသို့ ပြည်လည်မောင်းနှင်ရန်အတွက် သြစတေးလျ အာဏာပိုင်များက ငွေပေးခဲ့သည်ဟု အင်ဒိုနီးရှားရဲတပ်ဖွဲ့ထံ ဖြောင့်ချက်ပေးခဲ့သည်။

    သြစတေးလျအစိုးရကမူ ထိုသတင်းကို ငြင်းဆိုခဲ့သော်လည်း လွှတ်တော်အတွင်း စုံစမ်စစ်ဆေးမှုများ၊ အင်ဒိုနီးရှားနှင့် ကုလတို့မှ စိုးရိမ်မှုများ ဖြစ်လာခဲ့သည်။

    Amnesty ကမူ ထိုသင်္ဘောပေါ်တွင် ပါဝင်သွားသည့် ဒုက္ခသည်များအားလုံးအား အင်တာဗျူးခဲ့ပြီး၊ သင်္ဘောသား ၆ ဦးတို့အား မေးမြန်းခဲ့ရာ ၎င်းတို့က သြစတေးလျအာဏာပိုင်းများမှာ သီရိလင်္ကာ၊ မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ ဒုက္ခသည်များပါဝင်သော ၎င်းတို့၏လှေကို အင်ဒိုနီးရှားသို့ ပြန်လည်မောင်းနှင်သွားရန်အတွက် ကန်ဒေါ်လာ ၃၂၀၀၀ ပေးခဲ့သည်ဟု ထွက်ဆိုခဲ့သည်။

    ထိုအဖြစ်အပျက်အတွင်း သြစတေးလျရေတပ်နှင့် နယ်ခြားစောင့်တပ်ဖွဲ့မှ သင်္ဘောနှစ်စီး ရောက်လာက ၎င်းတို့အား လောင်စာဆီအနည်းငယ်၊ ဂျီပီအက်စ် လမ်းပြကိရိယာတစ်ခုနှင့် မြေပုံတစ်ခုပေးခဲ့ပြီး ထိုလုပ်ရပ်က လူ့အသက်များကို အန္တရာယ်ဖြစ်စေခဲ့သည်ဟုလည်း Amnesty အဖွဲ့က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် ဇူလိုင် ၂၅ ရက်နေ့ကလည်း ထိုကဲ့သို့ အဖြစ်အပျက်မျိုး ထပ်ဖြစ်ခဲ့သည်ဟုဆိုပြီး ထိုအဖြစ်အပျက်များအတွက် အစိုးရတာဝန်ရှိသူများက ကျူးလွန်သည့် ရာဇ၀တ်မှုနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးရေးအတွက် တော်ဝင်ကော်မရှင်တစ်ခု ဖွဲ့စည်းရန်လည်း တိုက်တွန်းခဲ့သည်။

    Ref: Aljazeera