News @ M-Media

Blog

  • ဂိုးမရသည့်အသင်းအတွက် ဗန်ဂါးလ် စိုးရိမ်နေ

    ဂိုးမရသည့်အသင်းအတွက် ဗန်ဂါးလ် စိုးရိမ်နေ

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    mu

    – ကစားပုံကောင်းသော်လည်း မိမိတို့အသင်း၏ ဂိုးပေါက်ပျောက်မှုအတွက် စိုးရိမ်လာသည်ဟု မန်ယူနည်းပြ ဗန်ဂါးလ်က ပြောကြားလိုက်သည်။

    ယနေ့မနက်က ကစားခဲ့သည့် လိဂ်ဖလား စတုတ္ထအဆင့်ပွဲတွင် ချန်ပီယံရှစ်ကလပ် မစ်ဒယ်ဘရော့အား ခြေအသာဖြင့် ကစားနိုင်ပြီး ဂိုးသွင်းခွင့်အချို့ ရခဲ့သော်လည်း အသုံးမချနိုင်ခဲ့ဘဲ ပွဲချိန်အတွင်း ဂိုးမရှိသရေကျခဲ့ပြီး ပင်နယ်တီတွင် ရှုံးနိမ့်ခဲ့သည်။ ထို့ကြောင့် မန်ယူအသင်း ဂိုးပေါက်ပျောက်သည့် အချိန်မှာ ၂၃၈ မိနစ်အထိ ရှိလာပြီဖြစ်သည်။

    “အခွင့်အရေးတွေ လွဲချော်တာနဲ့ ပတ်သက်ပြီး တကယ့်ကို စိုးရိမ်ပါတယ်။ ဘောလုံးမှာ အရေးအကြီးဆုံးက ဂိုးရဖို့ပါပဲ။ ကျွန်တော်တို့ ဂိုးမရှိသရေကျတာ ၂ ပွဲရှိနေပြီး အဲဒီနှစ်ပွဲစလုံးမှာ ဂိုးသွင်းနိုင်ခဲ့ရမှာပါ။ ဂိုးအရှေ့မှာ၊ ဂိုးသမားတွေအရှေ့မှာ ကျွန်တော်တို့ အခွင့်အရေး လွယ်လွယ်ရခဲ့ပါတယ်။ ဒါကို အဆုံးမသတ်နိုင်ဘူးဆိုရင်တော့ ပွဲကိုနိုင်ဖို့ တော်တော်လေး ခက်ခဲသွားပါပြီ။ ကျွန်တော်တို့ အခွင့်အရေးကောင်းတွေ ရခဲ့တာကြောင့် ကံမကောင်းဘူးလို့ ခင်ဗျား ပြောလို့ရပါတယ်။ ဒါပေမယ့် ကံဆိုတာ အလုပ်ပါပဲ။ ကျွန်တော်တို့ ဂိုးမရခဲ့တဲ့အတွက် ကံကောင်းအောင် မလုပ်နိုင်ခဲ့ဘူး။ ဒါပေမယ့် ဘောလုံးမှာ ဒါကို ပြောင်းလဲနိုင်တယ်ဆိုတာ ကျွန်တော်သိပါတယ်”
    ဟု ဗန်ဂါးလ်က ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    ပရီးမီးယားလိဂ် ထိပ်သီးအသင်းများဖြစ်သော ချယ်ဆီး၊ အာဆင်နယ်နှင့် မန်ယူတို့မှာ ယခုစတုတ္ထအဆင့် လိဂ်ဖလားတွင် ပြိုင်ဘက်များအား အသီးသီးရှုံးနိမ့်ကာ ပြိုင်ပွဲမှထွက်ခဲ့ရပြီဖြစ်သည်။

    Ref: Dailymail

  • အင်ဒိုနီးရှားတွင် လေပူဖောင်းများဖြင့် ဂူးဂဲလ်က အင်တာနက်ဝန်ဆောင်မှု ပေးမည်

    အင်ဒိုနီးရှားတွင် လေပူဖောင်းများဖြင့် ဂူးဂဲလ်က အင်တာနက်ဝန်ဆောင်မှု ပေးမည်

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    indo

    – ကျွန်းပေါင်း ၁၇၀၀၀ ကျော်ဖြင့် ဖွဲ့စည်းထားသော အင်ဒိုနီးရှားနိုင်ငံရှိ ဝေးလံခေါင်ဖျားဒေသများတွင် ပြည်သူများ ကမ္ဘာကြီးနှင့် ချိတ်ဆက်နိုင်ရန်အတွက် အင်တာနက်လိုင်းလွှင့်ပေးနိုင်သည့် လေပူဖောင်းများကို တပ်ဆင်ပေးသွားရန် ဂူးဂဲလ်က စီစဉ်နေသည်ဟု သိရသည်။

    အဆိုပါ စီမံကိန်းကို Project Loon ဟု အမည်ပေးထားပြီး အင်ဒိုနီးရှားရှိ အင်တာနက် ကုမ္ပဏီများဖြစ်သော Telkomsel၊ Axiata၊ Inmost တို့နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။ ထိုစီမံကိန်းမှာ ကမ္ဘာတစ်ဝှမ်း အင်တာနက်မရရှိသောသူများအား ကူညီရန် အစီအစဉ်၏ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။

    “Projct Loon အတွက် အင်ဒိုနီးရှားဟာ အဆင်အပြေဆုံးပါပဲ” ဟု အဆိုပါ စီမံကိန်းခေါင်းဆောင် မိုက် ကက်စီဒီက ပြောကြားခဲ့သည်။

    အင်ဒိုနီးရှား၏ ၂၂၅ သန်းသော လူဦးရေတွင် အင်တာနက်သုံးစွဲသူ အရေအတွက်မှာ ၂၉ ရာခိုင်နှုန်းသာ ရှိသေးပြီး၊ ကျွန်းများတွင် အင်တာနက်လိုင်း ရရှိရန်အတွက် ရေအောက်ကေဘယ်လ်ကြိုးများ တပ်ဆင်ရန် လိုအပ်ပြီး ထိုအတွက် အကုန်အကျ အလွန်များမည်ဖြစ်သည်။

    လက်ရှိအချိန်တွင် ဂြိုဟ်တုသုံး အင်တာနက်လိုင်းကို အင်ဒိုနီးရှားပြည်သူများက အသုံးပြုနေရပြီး ဂြိုဟ်တုစလောင်းများ တပ်ဆင်ခြင်းနှင့် အသုံးပြုခ ဈေးကြီးသောကြောင့် ၀င်ငွေနည်းသည့် ပြည်သူများအတွက် အင်တာနက်သုံးစွဲရန် အခက်အခဲဖြစ်နေသည်။

    ဂူးဂဲလ်၏ စီမံကိန်းတွင် အသုံးပြုမည့် လေပူဖောင်းများမှာ ဟီလီယံဓာတ်ငွေ့ဖြည့်ထားကာ ၁၂ မီတာ အရှည်ရှိမည်ဖြစ်ပြီး လေထုအမြင့် ၁၈ ကီလိုမီတာနှင့် ၂၅ ကီလိုမီတာအကြား အကွာအဝေးတွင် လွှင့်တင်ထားမည်ဖြစ်သည်။ အဆိုပါ လေပူဖောင်းတစ်ခုစီမှာ LTE ကြိုးမဲ့ဆက်သွယ်မှုဖြင့် အင်တာနက်လိုင်းကို လွှင့်ထုတ်ပေးမည်ဖြစ်ပြီး ပူဖောင်း၏ ကီလိုမီတာ ၄၀ တစ်ဝိုက်မှ ဖမ်းယူ အသုံးပြုနိုင်မည်ဖြစ်သည်။

    အဆိုပါ လေပူဖောင်းမှ အင်တာနက်ကို အသုံးပြုရန်အတွက် မိုဘိုင်းဖုန်းသာ လိုအပ်မည်ဖြစ်ပြီး အမြန်နှုန်းမှာ တစက္ကန့်လျှင် ၁၀ mbps ရှိမည်ဖြစ်သည်။ အင်ဒိုနီးရှားရှိ အင်တာနက်မရရှိသော ဒေသများအားလုံးတွင် အင်တာနက်အသုံးပြုနိုင်ရန်အတွက်မူ လေပူဖောင်း ရာနှင့်ချီ၍ လိုအပ်မည်ဖြစ်သည်။

    ထို့ပြင် လက်ရှိအချိန်တွင် နိုင်ငံအတွင်း၌ စမတ်ဖုန်းသုံးစွဲသူ အရေအတွက်မှာ ၂၃ ရာခိုင်နှုန်းသာရှိပြီး အင်တာနက်လိုင်း ရရှိပါကလည်း ပြည်သူများမှာ သုံးစွဲရန် ကိရိယာမရှိမှု ပြဿနာနှင့် ကြုံတွေ့ရနိုင်သည်။

    Project Loon စီမံကိန်းမှာ ဂူးဂဲလ်၏ စူးစမ်းလေ့လာရေးဌာန Google X မှ ၂၀၁၁ ခုနှစ်တွင် စတင်ပေါက်ဖွားခဲ့ခြင်းဖြစ်ပြီး ၂၀၁၃ ခုနှစ်တွင် ကမ္ဘာသို့ တရားဝင်ကြေငြာခဲ့ကာ အင်တာနက်လိုင်း မရရှိသော ကမ္ဘာ့လူဦးရေ၏ ၃ ပုံ ၂ ပုံကို ကူညီပေးရန်အတွက်ဖြစ်သည်ဟု ပြောကြားခဲ့သည်။

    ထို့နောက် လေပူဖောင်း ၃၀ ဖြင့် နယူးဇီလန်နိုင်ငံတွင် စတင်စမ်းသပ်ခဲ့ပြီး ထိုအချိန်မှစ၍ သြစတေးလျ၊ ဘရာဇီးလ်နှင့် သီရိလင်္ကာတို့မှ ကုမ္ပဏီများနှင့် ပူးပေါင်းကာ ထိုစီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကာ လက်ရှိတွင် အင်ဒိုနီးရှားသို့ ရောက်ရှိလာခြင်းဖြစ်သည်။

    အဆိုပါ လေပူဖောင်းများကို မြေပြင်မှ ထိန်းချုပ်ထားမည်ဖြစ်ပြီး လေတိုက်ခတ်မှုကြောင့် ပူဖောင်းတစ်ခုက အခြားတစ်နေရာသို့ ရောက်သွားပါက အခြားပူဖောင်းတစ်ခုမှာ ထိုနေရာသို့ အစားဝင်နိုင်အောင်လည်း စနစ်တကျပြုလုပ်ထားသည်ဟု ဂူးဂဲလ်က ပြောကြားခဲ့သည်။

    သို့သော်လည်း အင်ဒိုနီးရှားရှိ အင်တာနက်ဝန်ဆောင်မှုပေးနေသော ကုမ္ပဏီအချို့ကမူ ဂူးဂဲလ်၏ ထိုအစီအစဉ်မှာ ၎င်းတို့၏ စီးပွားရေးကို ပျက်ဆီးစေနိုင်သည်ဟု ဆိုကာ ကန့်ကွက်မှုများ ရှိနေသည်။

    Ref: The Guardian

  • ပါလက်စတိုင်းပြည်သူများကို နိုင်ငံတကာမှ ကာကွယ်ပေးရန် သမ္မတအဘတ်စ် တောင်းဆို

    ပါလက်စတိုင်းပြည်သူများကို နိုင်ငံတကာမှ ကာကွယ်ပေးရန် သမ္မတအဘတ်စ် တောင်းဆို

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    pla

    – အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသော ပါလက်စတိုင်းပိုင်နက်များတွင် သေဆုံးသူအရေအတွက်များ မြင့်တက်လာခြင်းကြောင့် ပါလက်စတိုင်းများအား နိုင်ငံတကာမှ ကာကွယ်ပေးရန် သမ္မတ မဟ်မူးဒ်အဘတ်စ်က တောင်းဆိုလိုက်သည်။

    ဂျီနီဗာတွင် ယမန်နေ့က ပြုလုပ်ခဲ့သည့် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ အထူးအစည်းအဝေးတွင် အဘတ်စ်က ထိုကဲ့သို့ ပြောကြာခဲ့ခြင်းဖြစ်ပြီး ပါလက်စတိုင်းပြည်သူများအတွက် နိုင်ငံတကာမှ ကာကွယ်ရေး အထူးအဖွဲ့ ဖွဲ့ပေးရန်လည်း တိုက်တွန်းခဲ့သည်။

    ပြီးခဲ့သည့်လက အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ အစ္စရေးစစ်သားများနှင့် ဂျူးအစွန်းရောက်များ ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများကို တိုက်ခိုက်ခဲ့ပြီးနောက် ပါလက်စတိုင်းပြည်သူများနှင့် အစ္စရေးလုံခြုံရေးတပ်ဖွဲ့များအကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    အဘတ်စ်ကမူ ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက တရားမ၀င်အခြေချအိမ်ယာများ တိုးချဲ့ဆောက်လုပ်မှုနှင့် သိန်းနှင့်ချီသော ပါလက်စတိုင်းပြည်သူများ အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုကို ထောက်ပြကာ လက်ရှိ ပါလက်စတိုင်း၏ အခြေအနေမှာ ၁၉၄၈ ခုနှစ်နောက်ပိုင်း အဆိုးဝါးဆုံးနှင့် အန္တရာယ်အရှိဆုံး အခြေအနေကို ရောက်ရှိနေသည်ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း ဖြစ်ပွားခဲ့သည့် မတည်ငြိမ်မှုများကို အစ္စရေးတပ်ဖွဲ့များက ကျည်အစစ်များ၊ ရာဘာကွပ်ထားသည့် စတီးကျည်ဆံများ၊ မျက်ရည်ယိုဗုံးများနှင့် အသံကျယ်လောင်သည့် ဗုံးများဖြင့် ပြင်းပြင်းထန်ထန် တုန့်ပြန်ခဲ့သည်။

    အောက်တိုဘာ ၁ ရက်နေ့မှစ၍ အစ္စရေး တပ်ဖွဲ့ဝင်များနှင့် ပါလက်စတိုင်းပိုင်နက်ရှိ အစ္စရေး၏ တရားမ၀င်အိမ်ယာများတွင် နေထိုင်သူများ၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် ပါလက်စတိုင်း ၆၄ ဦး သေဆုံးခဲ့ပြီး ထိုအထဲတွင် လက်နက်မဲ့ဆန္ဒပြသူများ၊ ဘေးတွင်ရပ်ကြည့်နေသူများ၊ တိုက်ခိုက်သူဟု စွပ်စွဲခံရသူများ ပါဝင်သည်။

    ပါလက်စတိုင်းများ၏ ဓားဖြင့်တိုက်ခိုက်မှုကြောင့် အစ္စရေး ၉ ဦး သေဆုံးခဲ့သည်။

    “ဆွေနွေးညှိနှိုင်းမှုတွေလုပ်ဖို့ အချိန်ဖြုန်းနေတာတွေဟာ ရှေ့လျှောက် အသုံးမ၀င်တော့ပါဘူး။ လိုအပ်နေတာက နိုင်ငံတကာ တရားဥပဒေနဲ့အညီ အစ္စရေးရဲ့ ကျူးကျော်သိမ်းပိုက်မှုတွေကို အဆုံးသတ်ဖို့ပဲ ဖြစ်ပါတယ်” ဟု အဘတ်စ်က ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးမှာ ပါလက်စတိုင်းများအား တရားလက်လွတ်သတ်ဖြတ်သည်ဟု အဘတ်စ်က ပြောကြားခဲ့ပြီး အစ္စရေးက လုပ်ဆောင်နေသော သိမ်းပိုက်မှုများကိုလည်း အဆုံးသတ်ရန် တိုက်တွန်းခဲ့သည်။

    “ကျွန်တော်တို့ကို ကာကွယ်ပေးပါ။ ကျွန်တော်တို့ကို ကာကွယ်ပေးပါ။ ကျွန်တော်တို့ ခင်ဗျားတို့ကို လိုအပ်ပါတယ်”

    Ref: Aljazeera

  • ဖီဖာပြဿနာကို ပလာတီနီကစသည်ဟု ဘလတ္တာပြော

    ဖီဖာပြဿနာကို ပလာတီနီကစသည်ဟု ဘလတ္တာပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲ လုပ်ငန်းစဉ်ကို ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဖီဖာရင်ဆိုင်နေရသည့် ချစားမှု ပြဿနာ၏ ရင်းမြစ်မှာ ထိုကိစ္စမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ရာထူးမှ အနားပေးခံထားရသည့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    ၂၀၁၈ နှစ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုများတွင် ချစားမှုများ ရှိခဲ့သည်ဟူသော ကိစ္စနှင့် ပတ်သက်၍ အမေရိကန် တရားရေးဌာနက ဖီဖာ၏ ၀န်ထမ်းဟောင်းများနှင့် လက်ရှိဝန်ထမ်း စုစုပေါင်း ၁၄ ဦးကို တရားစွဲဆိုထားသည်။ ပလာတီနီနှင့် ဘလတ္တာတို့မှာလည်း သံသယဖြစ်စရာ ငွေပေးချေမှုနှင့် ပတ်သက်၍ စုံစမ်စစ်ဆေးမှုများကို ခံနေရပြီး ၎င်းတို့၏ ရာထူးမှ ရက်ပေါင်း ၉၀ အနားပေးခြင်း ခံထားရသည်။

    “(၂၀၁၈) ကမ္ဘာ့ဖလားပွဲအတွက် ရုရှားကို ရွေးမယ်ဆိုတာ သဘောတူညီချက် ရခဲ့ပြီးပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ဥရောပအရှေ့ပိုင်း ရုရှားက တစ်ခါမှ မကျင်းပရသေးလို့ပါ။ ၂၀၂၂ ကိုတော့ အမေရိကကို သွားမယ်။ ဒါဆိုရင် ကမ္ဘာ့ဖလားကို ကမ္ဘာ့နိုင်ငံရေး အင်အားကြီးနှစ်နိုင်ငံမှာ ကျင်းပရမှာပါ။ ဆာကိုဇီ (ပြင်သစ်သမ္မတဟောင်း) က လက်ရှိ ကာတာဘုရင်ဖြစ်နေတဲ့ အိမ်ရှေ့မင်းသားနဲ့ မတွေ့ဆုံခင်အထိ ဒါတွေ အားလုံးက အေးဆေးပါပဲ။ အိမ်ရှေ့မင်းသားနဲ့ မစ္စတာပလာတီနီ နေ့လည်စာစားပြီး နောက်ပိုင်းမှာ ပလာတီနီက ကာတာမှာလုပ်ရင် ကောင်းမယ်လို့ ပြောပါတယ်”

    “အဲဒီမှာ အစီအစဉ်တွေအာလုံး ပြောင်းကုန်တာပါပဲ။ လျှို့ဝှက်မဲခွဲကြတဲ့အခါ ဥရောပက ၄ မဲက အမေရိကန်ကို မပေးတော့ဘဲ မဲက ၁၂ မဲကနေ ၈ မဲကို လျော့သွားပါတယ်။ အဲဒီ ၄ မဲကိုထည့်ပေါင်းရင် ၁၂ မဲ ၁၀ မဲဖြစ်မှာပါ။ တကယ်လို့ အမေရိကန်ကိုသာ ၂၀၂၂ အိမ်ရှင်အဖြစ်ရွေးရင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားဟာ တော်တော်အံ့သြဖွယ်ရာကောင်းတယ်လို့ ပြောမှာဖြစ်ပြီး ဖီဖာရဲ့ ပြဿနာအကြောင်းတွေလည်း ထွက်လာမှာ မဟုတ်တော့ပါဘူး” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    Ref : Goal

  • ပန်းပျိုးမယ့် ဥယျာဉ်တခု(သို့) PCN အဖွဲ့ လှူဒါန်းတဲ့ သိန်း ၁၂၀၀ ကျော်တန် မူလတန်းကျောင်း

    ပန်းပျိုးမယ့် ဥယျာဉ်တခု(သို့) PCN အဖွဲ့ လှူဒါန်းတဲ့ သိန်း ၁၂၀၀ ကျော်တန် မူလတန်းကျောင်း

    အောက်တိုဘာ ၂၈ ၊ ၂၀၁၅
    M-Media
    ရေးသူ- မာန်ထက်သျှံ

    New Doc_1

    နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူ့စွမ်းအား အရင်းအမြစ်သည် အဓိကကျသည်။ တကယ်တော့ လူ့စွမ်းအား အရင်းအမြစ် ဆိုသည်မှာ ပညာရေး ပင်ဖြစ်သည်။ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် လူတိုင်း ပညာရေးနှင့် ထိတွေ့နေရန်လိုသည်။ ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ခန်းထဲတွင် ပညာသင်နေကြသည့် ပုံရိပ်များကို မိဘတိုင်း မြင်ချင်ပါလိမ့်မည်။

    ဤ အရေးကို မျှော်တွေးပြီး မိဘ၊ ဆရာ ၊ စေတနာရှင် လူမှုအဖွဲ့အစည်းတို့ ၏ အားဖြင့် မြန်မာပြည်အလယ်ပိုင်းက စာသင်ကျောင်းလေးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းမှုကို စာရေးသူ လေ့လာခွင့်ရခဲ့သည်။

    နေရာကတော့ မိတ္ထီလာခရိုင် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာမ မင်းရွာမှာရှိတဲ့ အခြေခံ မူလတန်း စာသင်ကျောင်းလေးပါ။ အကျယ်အဝန်းအားဖြင့် မြေ၁ဧကခွဲမှာ ပေ ၃၀ ပေ ၁၀၀ ကျောင်းဆောင်သစ် နှစ်ဆောင်ကို အစီအရီ ဆောက် လုပ်ထားတာပါ။ စေတနာထား ဝါယမစိုက်ထုတ် လှူဒါန်းသူမှာ ရန်ကုန်မြို့မှ စေတနာရှင် PCN အဖွဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်လို့ သိရပါတယ်။ မူလတန်း ကျောင်းဆောင်သစ် ကို တည်ဆောက်ခဲ့တာဟာ ကျပ်သိန်းပေါင်း ၁၂၀၀ ကျော် ကုန်ကျခဲ့ပါတယ်။

    အဆိုပါ ရွာလေးတွင် မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းဟာ ကျေးရွာရဲ့ ပညာရေး အခြေအနေကြောင့်လို့ PCN မှ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ဆိုပါတယ်။

    ” ရွာရဲ့ ပညာရေး အားပေးမှု အခြေအနေမှာ မိဘရော ကျောင်းသူကျောင်းသားတွေကရော သူတို့ရဲ့ ဝမ်းစာအတွက် ဦးစားပေးလုပ်ကိုင်ကြတယ်။စီးပွားရေးလုပ်ငန်း အဆင်မပြေကြတဲ့အခါမှာ ပညာရေး အခြေအနေ နိမ့်ကျတဲ့ အနေအထားကို တွေ့ရတယ်” ဟု မြို့နှင့် သိပ်မဝေးသော မြန်မာပြည်အလယ်ပိုင်းက သာမန်ရွာလေးတစ်ခုမှာ သာမန် လက်လုပ်လက်စား သားသမီးများရဲ့ ပညာရေး အခြေအနေ ချို့တဲ့ပုံကို ရှင်းပြပါတယ်။

့ထိုကျောင်းဆောင်သစ်နဲ့အတူ ကလေးများရဲ့ ပညာရေး အတွက် စီမံဆောင်ရွက်ဖြစ်ပုံကိုလည်း ၎င်းက “ယခု သင်ကြားပေးတဲ့ ဆရာဆရာမတွေဟာ ကြိုးစားပြီးတော့ သင်ပေးတဲ့အတွက် ပြီးခဲ့တဲ့ ပညာသင်နှစ်မှ တော်တော်လေး မြင့်မားလာတာ ကြိုးစားလာကြတာကို တွေ့ရတယ်” လို့ ပီတိစကားဆိုပါတယ်။

    New Doc 2_1

    နောင်ကာလများမှာလည်း ယခု မူလတန်းကျောင်းကလေးကို အလယ်တန်းအဆင့် အထက်တန်းအဆင့်အထိ လုပ်သွားပြီး ကျေးရွာမှာ ပညာတတ်လူငယ်များ ပိုမိုအားကောင်းလာစေရန် စွမ်းရည်မြှင့် သင်တန်းများပို့ချဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ နိုင်ငံတော်က ခွင့်ပြုလျှင် သတ်မှတ်ထားတဲ့ ဆရာ အရေအတွက် စာသင်သား အချိုးများအတိုင်း စနစ်တကျ လိုအပ်တာတွေကို ထောက်ပံ့ ပေးသွား လည်း သိရပါတယ်။ ယခုဆိုလျှင် ထို ကျောင်းဆောင်သစ် မူလတန်းကျောင်းလေးမှာ ပုံမှန်လည်ပတ်နေပြီး များမကြာမီတွင် ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ကို လွဲအပ် အပ်နှံသွားမယ်လို့လည်း ဆိုပါတယ်။

    လွန်ခဲ့သော ၂နှစ်ခန့်က မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရပြီး တိမ်းရှောင်လာသူများ၏ သားသမီးများ ကျောင်းပြန်တက်စေလိုတဲ့ ရည်ရွယ်ချက် အနီးနားဒေသရှိ ဒေသခံ ကျောင်းသားကျောင်းသူများရဲ့ အနာဂတ် ပညာရေး အတွက်ဟုဆိုကာ မင်းရွာလေးတွင် PCN အဖွဲ့မှ ယခုကဲ့သို့ ကျောင်းတည်ဆောက်ဖို့ ဖြစ်လာတယ်လို့ သိရပါတယ်။

    PCN အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း လူမျိုး ဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်နှင့် လူမှု အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံသားများရဲ့ စွမ်းရည်တည်ဆောက်မှု Capacity Building ပညာရေးကဏ္ဍများကို လွန်ခဲ့သော ၂နှစ်ကျော်ကာလများမှနေ၍ တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့သော အဖွဲ့အစည်း တစ်ရပ်လည်းဖြစ်သည်။

    မည်သို့ပင်ဆိုစေကာမူ မင်းရွာအတွက် မူလတန်းကျောင်းလေးသည် ရွာ၏ ကျက်သရေဆောင်ဖြစ်သည်။ အနာဂတ်လူငယ် တက်သစ်စများ၏ ကွန်းခိုရာ ပညာရည်နို့ချိုကို သောက်သုံးရာ နေရာအဖြစ် မှတ်ကျောက်ပြုရမည်ဖြစ်သည်။

    ကျောင်းတော် တဝိုက်တွင်လည်း ကျွန်တော်တို့ ငယ်ငယ်က ရွတ်ဆိုခဲ့သော ကဗျာ စာသံလေးများမှာ ဘဝဂ်ညံဆဲ ဖြစ်သည်။

    New Doc 2_4

    ” ပန်းကလေးများ ဝင့်လို့ချီ
    ———————
    နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း ” လို့မည်တဲ့ မူလတန်းမြန်မာစာဖတ်စာမှ ကျောင်းသူကျောင်းသားများ ရွတ်ဆိုသံမှာ သာယာကြည်နူးဖွယ် ကြားနေရဆဲဖြစ်သည်။

    မိဘ ၊ ဆရာ ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်း ထည့်ဝင်လှူဒါန်းမှုများဖြင့် ယခုဆိုလျှင် ယင်းတော်ရွာမ မင်းရွာမှာ ကျောင်းဆောင်သစ်ကြီးမှာ အခိုင်အမာပေါ်ထွက် လာခဲ့ချေပြီ။ ဖြူစိမ်း ဝတ်စုံလေးများနဲ့ ကျောင်းတက်လာသော ကလေးငယ်များ၏  မြင်ကွင်းမှာလည်း မျက်စိ ပဒဿရစရာ ၊ ကြည်နူး ဝမ်းမြောက်ဖွယ်ကောင်းလေစွ။

    မိဘများ၏ အပြုံးပီတိ ၊ ဆရာ သမားများ၏ အားစိုက်ထုတ်မှု ၊ ရပ်ရွာ လူထု၏ အားပေးကူညီမှု ၊ စေတနာရှင် PCN အဖွဲ့ ၏ ပရဟိတ စေတနာ ၊ ကျောင်းသူကျောင်းသားများရဲ့ ပညာနို့ရည် သောက်သုံးမှုများဖြင့် မင်းရွာ အခြေခံပညာ မူလတန်းကျောင်းဟာ အရောင်အသွေးစုံ ပန်းကလေးများပမာ ဥယျာဉ် အလယ် ဝေဆာနေချေပြီ။ ဆိုရပါလျှင်

    ဖူးပွင့်လာတော့မည့် ပန်းကလေးများ လန်းစေချင်သလို လန်းလာသော ပန်းကလေးများလည်း ကြိုင်ရနံ့ သင်းစေတော့မည်သာ။       ။

    New Doc 2_2 New Doc 2_5 New Doc 2_6 New Doc 2_8 New Doc 2_9