နိုဝင်ဘာ ၁၊ ၂၀၁၅
M-Media
– စက်တင်ဘာလအတွင်းက မော်လ်ဒိုက်သမ္မတ စီးနင်းလိုက်ပါလာသည့် ရှပ်ပြေးရေယာဉ်တွင် ဖြစ်ပွားခဲ့သော ပေါက်ကွဲမှုမှာ ဗုံးပေါက်ကွဲမှုဖြစ်သည်ဟူသော အထောက်အထားများကို တွေ့ရှိရခြင်းမရှိဟု အမေရိကန် ထောက်လှမ်းရေးဗျူရို FBI က ပြောကြားလိုက်သည်။
ယမန်နေ့က ကြေငြာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် ဖြစ်ပွားခဲ့သည့် အပျက်အစီးများကို စစ်ဆေးမှုအရ ဗုံးမှ ကြွင်းကျန်ရစ်သည့် အပိုင်းအစများကို တွေ့ရှိရခြင်းမရှိဟု ဖော်ပြထားသည်။
“အခင်းဖြစ်ပွားတဲ့နေရာကို မူခင်းဆေးဘက်ဆိုင်ရာ စစ်ဆေးမှု၊ အဲဒီနေရာက ရရှိတဲ့ အစိတ်အပိုင်းတွေကို ဆန်းစစ်မှုနဲ့ ဓာတုဗေဒအရ စမ်းသပ်မှုတွေ အပါအ၀င် FBI ရဲ့ စစ်ဆေးမှုတွေအရ ရေယာဉ်ပေါ်မှာဖြစ်ပွားခဲ့တဲ့ ပေါက်ကွဲမှုဟာ လက်လုပ်ဗုံးကြောင့်လို့ မှတ်ယူနိုင်တဲ့ အထောက်အထားတွေ မတွေ့ရပါဘူး” ဟု FBI ၏ အဆိုပါ ကြေငြာချက်တွင် ရေးသားထားသည်။
လေဆိပ်မှ မြို့တော်သို့ ရှပ်ပြေးရေယာဉ်ဖြင့် အပြန် စက်တင်ဘာ ၂၉ ရက်နေ့တွင် ဖြစ်ပွားခဲ့သော ထိုပေါက်ကွဲမှုတွင် သမ္မတ ယာမင် အဘ်ဒူလ် ဂေယွမ်မှာ မည်သည့် ထိခိုက်မှုမှ မရှိခဲ့ပေ။ မော်လ်ဒိုက်အစိုးရကမူ ထိုပေါက်ကွဲမှုမှာ ဒုတိယသမ္မတက ပြုလုပ်သည့် လုပ်ကြံမှု ဖြစ်သည်ဟု စွပ်စွဲခဲ့ကာ ပြီးခဲ့သည်သီတင်းပတ်အတွင်း ဒုတိယသမ္မတ အဟ်မဒ် အဒီးဘ်ကို ဖမ်းဆီးခဲ့သည်။
သို့သော်လည်း နိုင်ငံခြားရေးဝန်ကြီးကမူ ယာမင်၏ အတိုက်အခံများမှာ ၎င်းအား ဖြုတ်ချရန် ကြိုးစားမှု မရှိခဲ့ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။
အသက် ၅၆ နှစ်အရွယ်ရှိ ယာမင်မှာ ဒီမိုကရေစီနည်းကျ ပထမဆုံး ရွေးကောက်တင်မြှောက်ခြင်းခံရသည့် သမ္မတဟောင်း မိုဟာမက် နက်စ်ဟီးဒ်ကိုလည်း ယခုနှစ်တွင် ဖမ်းဆီးခဲ့ပြီး အကြမ်းဖက်မှုဖြင့် ထောင်ဒဏ် ၁၃ နှစ် ချမှတ်ခဲ့သည်။
ထို့ပြင် ယခုအဖြစ်အပျက်မှာလည်း ၎င်း၏ အတိုက်အခံများအား နှိမ်နင်းရန် လုပ်ကြံခဲ့ခြင်းဖြစ်သည်ဟု ဝေဖန်မှုများ ရှိနေသည်။
Ref: Aljazeera
Leave a Reply
You must be logged in to post a comment.