News @ M-Media

Blog

  • ဖီဖာပြဿနာကို ပလာတီနီကစသည်ဟု ဘလတ္တာပြော

    ဖီဖာပြဿနာကို ပလာတီနီကစသည်ဟု ဘလတ္တာပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၅
    M-Media

    fifa

    – ၂၀၂၂ ကမ္ဘာ့ဖလား အိမ်ရှင်ရွေးချယ်ပွဲ လုပ်ငန်းစဉ်ကို ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီက ပြောင်းလဲခဲ့ခြင်းဖြစ်ပြီး ဖီဖာရင်ဆိုင်နေရသည့် ချစားမှု ပြဿနာ၏ ရင်းမြစ်မှာ ထိုကိစ္စမှ စတင်ခဲ့ခြင်းဖြစ်သည်ဟု ရာထူးမှ အနားပေးခံထားရသည့် ဖီဖာဥက္ကဌ ဆပ်ဘလတ္တာက ပြောကြားလိုက်သည်။

    ၂၀၁၈ နှစ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ အိမ်ရှင်ရွေးချယ်မှုများတွင် ချစားမှုများ ရှိခဲ့သည်ဟူသော ကိစ္စနှင့် ပတ်သက်၍ အမေရိကန် တရားရေးဌာနက ဖီဖာ၏ ၀န်ထမ်းဟောင်းများနှင့် လက်ရှိဝန်ထမ်း စုစုပေါင်း ၁၄ ဦးကို တရားစွဲဆိုထားသည်။ ပလာတီနီနှင့် ဘလတ္တာတို့မှာလည်း သံသယဖြစ်စရာ ငွေပေးချေမှုနှင့် ပတ်သက်၍ စုံစမ်စစ်ဆေးမှုများကို ခံနေရပြီး ၎င်းတို့၏ ရာထူးမှ ရက်ပေါင်း ၉၀ အနားပေးခြင်း ခံထားရသည်။

    “(၂၀၁၈) ကမ္ဘာ့ဖလားပွဲအတွက် ရုရှားကို ရွေးမယ်ဆိုတာ သဘောတူညီချက် ရခဲ့ပြီးပါပြီ။ ဘာ့ကြောင့်လည်းဆိုတော့ ဥရောပအရှေ့ပိုင်း ရုရှားက တစ်ခါမှ မကျင်းပရသေးလို့ပါ။ ၂၀၂၂ ကိုတော့ အမေရိကကို သွားမယ်။ ဒါဆိုရင် ကမ္ဘာ့ဖလားကို ကမ္ဘာ့နိုင်ငံရေး အင်အားကြီးနှစ်နိုင်ငံမှာ ကျင်းပရမှာပါ။ ဆာကိုဇီ (ပြင်သစ်သမ္မတဟောင်း) က လက်ရှိ ကာတာဘုရင်ဖြစ်နေတဲ့ အိမ်ရှေ့မင်းသားနဲ့ မတွေ့ဆုံခင်အထိ ဒါတွေ အားလုံးက အေးဆေးပါပဲ။ အိမ်ရှေ့မင်းသားနဲ့ မစ္စတာပလာတီနီ နေ့လည်စာစားပြီး နောက်ပိုင်းမှာ ပလာတီနီက ကာတာမှာလုပ်ရင် ကောင်းမယ်လို့ ပြောပါတယ်”

    “အဲဒီမှာ အစီအစဉ်တွေအာလုံး ပြောင်းကုန်တာပါပဲ။ လျှို့ဝှက်မဲခွဲကြတဲ့အခါ ဥရောပက ၄ မဲက အမေရိကန်ကို မပေးတော့ဘဲ မဲက ၁၂ မဲကနေ ၈ မဲကို လျော့သွားပါတယ်။ အဲဒီ ၄ မဲကိုထည့်ပေါင်းရင် ၁၂ မဲ ၁၀ မဲဖြစ်မှာပါ။ တကယ်လို့ အမေရိကန်ကိုသာ ၂၀၂၂ အိမ်ရှင်အဖြစ်ရွေးရင် ၂၀၁၈ ရုရှားကမ္ဘာ့ဖလားဟာ တော်တော်အံ့သြဖွယ်ရာကောင်းတယ်လို့ ပြောမှာဖြစ်ပြီး ဖီဖာရဲ့ ပြဿနာအကြောင်းတွေလည်း ထွက်လာမှာ မဟုတ်တော့ပါဘူး” ဟု ဘလတ္တာက ပြောကြားခဲ့သည်။

    Ref : Goal

  • ပန်းပျိုးမယ့် ဥယျာဉ်တခု(သို့) PCN အဖွဲ့ လှူဒါန်းတဲ့ သိန်း ၁၂၀၀ ကျော်တန် မူလတန်းကျောင်း

    ပန်းပျိုးမယ့် ဥယျာဉ်တခု(သို့) PCN အဖွဲ့ လှူဒါန်းတဲ့ သိန်း ၁၂၀၀ ကျော်တန် မူလတန်းကျောင်း

    အောက်တိုဘာ ၂၈ ၊ ၂၀၁၅
    M-Media
    ရေးသူ- မာန်ထက်သျှံ

    New Doc_1

    နိုင်ငံ တစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် လူ့စွမ်းအား အရင်းအမြစ်သည် အဓိကကျသည်။ တကယ်တော့ လူ့စွမ်းအား အရင်းအမြစ် ဆိုသည်မှာ ပညာရေး ပင်ဖြစ်သည်။ ပညာရေးဖြင့် ခေတ်မှီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်သစ်ကို တည်ဆောက်ရာတွင် လူတိုင်း ပညာရေးနှင့် ထိတွေ့နေရန်လိုသည်။ ကျောင်းနေအရွယ် ကလေးတိုင်း စာသင်ခန်းထဲတွင် ပညာသင်နေကြသည့် ပုံရိပ်များကို မိဘတိုင်း မြင်ချင်ပါလိမ့်မည်။

    ဤ အရေးကို မျှော်တွေးပြီး မိဘ၊ ဆရာ ၊ စေတနာရှင် လူမှုအဖွဲ့အစည်းတို့ ၏ အားဖြင့် မြန်မာပြည်အလယ်ပိုင်းက စာသင်ကျောင်းလေးတစ်ကျောင်း ဆောက်လုပ်လှူဒါန်းမှုကို စာရေးသူ လေ့လာခွင့်ရခဲ့သည်။

    နေရာကတော့ မိတ္ထီလာခရိုင် ပျော်ဘွယ်မြို့နယ် ယင်းတော်ရွာမ မင်းရွာမှာရှိတဲ့ အခြေခံ မူလတန်း စာသင်ကျောင်းလေးပါ။ အကျယ်အဝန်းအားဖြင့် မြေ၁ဧကခွဲမှာ ပေ ၃၀ ပေ ၁၀၀ ကျောင်းဆောင်သစ် နှစ်ဆောင်ကို အစီအရီ ဆောက် လုပ်ထားတာပါ။ စေတနာထား ဝါယမစိုက်ထုတ် လှူဒါန်းသူမှာ ရန်ကုန်မြို့မှ စေတနာရှင် PCN အဖွဲ့ ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်လို့ သိရပါတယ်။ မူလတန်း ကျောင်းဆောင်သစ် ကို တည်ဆောက်ခဲ့တာဟာ ကျပ်သိန်းပေါင်း ၁၂၀၀ ကျော် ကုန်ကျခဲ့ပါတယ်။

    အဆိုပါ ရွာလေးတွင် မူလတန်းကျောင်းဆောင်သစ် ဆောက်လုပ်လှူဒါန်းရခြင်းဟာ ကျေးရွာရဲ့ ပညာရေး အခြေအနေကြောင့်လို့ PCN မှ တရားလွှတ်တော်ရှေ့နေ ဦးအုန်းမောင်က ဆိုပါတယ်။

    ” ရွာရဲ့ ပညာရေး အားပေးမှု အခြေအနေမှာ မိဘရော ကျောင်းသူကျောင်းသားတွေကရော သူတို့ရဲ့ ဝမ်းစာအတွက် ဦးစားပေးလုပ်ကိုင်ကြတယ်။စီးပွားရေးလုပ်ငန်း အဆင်မပြေကြတဲ့အခါမှာ ပညာရေး အခြေအနေ နိမ့်ကျတဲ့ အနေအထားကို တွေ့ရတယ်” ဟု မြို့နှင့် သိပ်မဝေးသော မြန်မာပြည်အလယ်ပိုင်းက သာမန်ရွာလေးတစ်ခုမှာ သာမန် လက်လုပ်လက်စား သားသမီးများရဲ့ ပညာရေး အခြေအနေ ချို့တဲ့ပုံကို ရှင်းပြပါတယ်။

့ထိုကျောင်းဆောင်သစ်နဲ့အတူ ကလေးများရဲ့ ပညာရေး အတွက် စီမံဆောင်ရွက်ဖြစ်ပုံကိုလည်း ၎င်းက “ယခု သင်ကြားပေးတဲ့ ဆရာဆရာမတွေဟာ ကြိုးစားပြီးတော့ သင်ပေးတဲ့အတွက် ပြီးခဲ့တဲ့ ပညာသင်နှစ်မှ တော်တော်လေး မြင့်မားလာတာ ကြိုးစားလာကြတာကို တွေ့ရတယ်” လို့ ပီတိစကားဆိုပါတယ်။

    New Doc 2_1

    နောင်ကာလများမှာလည်း ယခု မူလတန်းကျောင်းကလေးကို အလယ်တန်းအဆင့် အထက်တန်းအဆင့်အထိ လုပ်သွားပြီး ကျေးရွာမှာ ပညာတတ်လူငယ်များ ပိုမိုအားကောင်းလာစေရန် စွမ်းရည်မြှင့် သင်တန်းများပို့ချဖို့ ရည်မှန်းထားတယ်လို့ သိရပါတယ်။ နိုင်ငံတော်က ခွင့်ပြုလျှင် သတ်မှတ်ထားတဲ့ ဆရာ အရေအတွက် စာသင်သား အချိုးများအတိုင်း စနစ်တကျ လိုအပ်တာတွေကို ထောက်ပံ့ ပေးသွား လည်း သိရပါတယ်။ ယခုဆိုလျှင် ထို ကျောင်းဆောင်သစ် မူလတန်းကျောင်းလေးမှာ ပုံမှန်လည်ပတ်နေပြီး များမကြာမီတွင် ပညာရေး ဝန်ကြီးဌာနနှင့် သက်ဆိုင်ကို လွဲအပ် အပ်နှံသွားမယ်လို့လည်း ဆိုပါတယ်။

    လွန်ခဲ့သော ၂နှစ်ခန့်က မိတ္ထီလာမြို့တွင် အစ္စလာမ်ဘာသာဝင်များ အကြမ်းဖက်ခံရပြီး တိမ်းရှောင်လာသူများ၏ သားသမီးများ ကျောင်းပြန်တက်စေလိုတဲ့ ရည်ရွယ်ချက် အနီးနားဒေသရှိ ဒေသခံ ကျောင်းသားကျောင်းသူများရဲ့ အနာဂတ် ပညာရေး အတွက်ဟုဆိုကာ မင်းရွာလေးတွင် PCN အဖွဲ့မှ ယခုကဲ့သို့ ကျောင်းတည်ဆောက်ဖို့ ဖြစ်လာတယ်လို့ သိရပါတယ်။

    PCN အဖွဲ့ဟာ မြန်မာနိုင်ငံအတွင်း လူမျိုး ဘာသာမရွေး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်နှင့် လူမှု အကျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ခဲ့သလို မြန်မာနိုင်ငံသားများရဲ့ စွမ်းရည်တည်ဆောက်မှု Capacity Building ပညာရေးကဏ္ဍများကို လွန်ခဲ့သော ၂နှစ်ကျော်ကာလများမှနေ၍ တစိုက်မတ်မတ် ဆောင်ရွက်ပေးခဲ့သော အဖွဲ့အစည်း တစ်ရပ်လည်းဖြစ်သည်။

    မည်သို့ပင်ဆိုစေကာမူ မင်းရွာအတွက် မူလတန်းကျောင်းလေးသည် ရွာ၏ ကျက်သရေဆောင်ဖြစ်သည်။ အနာဂတ်လူငယ် တက်သစ်စများ၏ ကွန်းခိုရာ ပညာရည်နို့ချိုကို သောက်သုံးရာ နေရာအဖြစ် မှတ်ကျောက်ပြုရမည်ဖြစ်သည်။

    ကျောင်းတော် တဝိုက်တွင်လည်း ကျွန်တော်တို့ ငယ်ငယ်က ရွတ်ဆိုခဲ့သော ကဗျာ စာသံလေးများမှာ ဘဝဂ်ညံဆဲ ဖြစ်သည်။

    New Doc 2_4

    ” ပန်းကလေးများ ဝင့်လို့ချီ
    ———————
    နေခြည်မှာ ရွှေရည်လောင်း ငါတို့ စာသင်ကျောင်း ” လို့မည်တဲ့ မူလတန်းမြန်မာစာဖတ်စာမှ ကျောင်းသူကျောင်းသားများ ရွတ်ဆိုသံမှာ သာယာကြည်နူးဖွယ် ကြားနေရဆဲဖြစ်သည်။

    မိဘ ၊ ဆရာ ၊ စေတနာရှင်ပြည်သူများ၏ စုပေါင်း ထည့်ဝင်လှူဒါန်းမှုများဖြင့် ယခုဆိုလျှင် ယင်းတော်ရွာမ မင်းရွာမှာ ကျောင်းဆောင်သစ်ကြီးမှာ အခိုင်အမာပေါ်ထွက် လာခဲ့ချေပြီ။ ဖြူစိမ်း ဝတ်စုံလေးများနဲ့ ကျောင်းတက်လာသော ကလေးငယ်များ၏  မြင်ကွင်းမှာလည်း မျက်စိ ပဒဿရစရာ ၊ ကြည်နူး ဝမ်းမြောက်ဖွယ်ကောင်းလေစွ။

    မိဘများ၏ အပြုံးပီတိ ၊ ဆရာ သမားများ၏ အားစိုက်ထုတ်မှု ၊ ရပ်ရွာ လူထု၏ အားပေးကူညီမှု ၊ စေတနာရှင် PCN အဖွဲ့ ၏ ပရဟိတ စေတနာ ၊ ကျောင်းသူကျောင်းသားများရဲ့ ပညာနို့ရည် သောက်သုံးမှုများဖြင့် မင်းရွာ အခြေခံပညာ မူလတန်းကျောင်းဟာ အရောင်အသွေးစုံ ပန်းကလေးများပမာ ဥယျာဉ် အလယ် ဝေဆာနေချေပြီ။ ဆိုရပါလျှင်

    ဖူးပွင့်လာတော့မည့် ပန်းကလေးများ လန်းစေချင်သလို လန်းလာသော ပန်းကလေးများလည်း ကြိုင်ရနံ့ သင်းစေတော့မည်သာ။       ။

    New Doc 2_2 New Doc 2_5 New Doc 2_6 New Doc 2_8 New Doc 2_9

  • မလေးရှားမှာ ဒီမိုကရေစီကျဆုံးမည့် အန္တရာယ်ရှိနေဟု HRW ပြော

    မလေးရှားမှာ ဒီမိုကရေစီကျဆုံးမည့် အန္တရာယ်ရှိနေဟု HRW ပြော

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    malay

    – အစိုးရအား ဝေဖန်သူများကို ဖိနှိပ်မှုများ ဆက်လက် ပြုလုပ်နေမည်ဆိုပါက မလေးရှားမှာ ဒီမိုကရေစီ ကျဆုံးသည့်နိုင်ငံ ဖြစ်သွားမည့် အခြေအနေ ရှိနေသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ Human Rights Watch (HRW) အဖွဲ့က ပြောကြားလိုက်သည်။

    Creating a Culture of Fear, The Criminalization of Peaceful Expression in Malaysia အမည်ဖြင့် ယမန်နေ့က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး မလေးရှားအစိုးရမှာ ဝေဖန်မှုများကို ပိတ်ပင်ရန် ဥပဒေများကို နည်းမျိုးစုံဖြင့် အသုံးချနေသည်ဟုလည်း ဖော်ပြထားသည်။

    လွတ်လပ်စွာပြောဆိုမှုအား နှိမ်နင်းခြင်းမှာ အာဏာရ Barisan Nasional ညွှန့်ပေါင်းအစိုးရက လွတ်လပ်ရေးပြီးနောက် ပထမဆုံးအကြိမ် မဲအများစု ဆုံးရှုံးခဲ့သည့် ၂၀၁၃ ခုနှစ် ရွေးကောက်ပွဲပြီးနောက် စတင်ခဲ့သည်။

    သို့သော်လည်း နိုင်ငံ၏ စီးပွားရေး ကျဆင်းမှု၊ အစိုးရ ရင်းနှီးမြှုပ်မှု လုပ်ငန်းဖြစ်သော 1MDB ၏ ချစားမှု သတင်းများ၊ ၀န်ကြီးချုပ်နာဂျစ်ဘ်၏ ကိုယ်ပိုင်ဘဏ်စာရင်းထဲသို့ ကန်ဒေါ်လာ သန်း ၇၀၀ ရောက်ရှိမှု စသည်တို့နှင့် ပတ်သက်၍ ပြည်သူများက မကျေနပ်မှုများ ကြီးထွားသည့် ယမန်နှစ်က ဖိနှိပ်မှုများ အရှိန်မြင့်လာခြင်း ဖြစ်သည်ဟု HRW က ထည့်သွင်း ဖော်ပြခဲ့သည်။

    HRW ၏ အာရှဆိုင်ရာ ဒါရိုက်တာ ဘရဒ် အဒမ်စ်က မလေးရှားတွင် လူ့အခွင့်အရေးပြဿနာ ဖြစ်လာနိုင်သည်ဟူသော အယူအဆကို လူအများစုက လက်ခံမည် မဟုတ်သော်လည်း၊ အတိုက်အခံခေါင်းဆောင် အမှုဆင် ထောင်ချခံရခြင်း၊ အာဏာပိုင်များက မီဒီယာများကို ထိန်းချုပ်ခြင်းနှင့် ၎င်းတို့၏ ပြောကြားသည်ကိုသာ ပုံနှိပ်ဖော်ပြရခြင်း၊ အစိုးရအား သာမန်ဝေဖန်သူများကို တရားစွဲဆိုမှု များပြားနေခြင်း ထိုသို့သော ကိစ္စများ ရှိနေသည့် နိုင်ငံမျိုးတွင် ဒီမိုကရေစီ ပျက်သုဉ်းမည့် အန္တရာယ် ရှိနေသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • စပရက်တလေကျွန်းစုအနီးတွင် ထပ်မံကင်းလှည့်မည်ဟု အမေရိကန်ပြော

    စပရက်တလေကျွန်းစုအနီးတွင် ထပ်မံကင်းလှည့်မည်ဟု အမေရိကန်ပြော

    အောက်တိုဘာ ၂၈၊ ၂၀၁၅
    M-Media

    – တရုတ်နိုင်ငံက ဆန့်ကျင် ကန့်ကွန်မှုများ ပြုလုပ်နေသော်လည်း တောင်တရုတ်ပင်လယ်ရှိ ပိုင်နက်အငြင်းပွားမှုများ ရှိနေသော စပရက်စလေကျွန်းစုအနီးမှ မိမိတို့ စစ်သင်္ဘောများ ထပ်မံ၍ ဖြတ်သန်းသွားမည်ဟု အမေရိကန်က ပြောကြားလိုက်သည်။

    အင်္ဂါန့မနက်ပိုင်းက ပဲထိန်းဒုံးကျည်ဖျက် USS Lassen စစ်သင်္ဘောမှာ အဆိုပါ ကျွန်းစုတွင် တရုတ်က ကျွန်းတုများ ဖန်တီးနေသော နေရာ၏ ၂၂ ကီလိုမီတာအကွာမှ ကင်းလှည့်ဖြတ်သန်းသွားခဲ့ပြီး ထိုလုပ်ရပ်မှာ မိမိတို့အား ရန်စခြင်းဖြစ်သည်ဟု တရုတ်က ပြောကြားခဲ့သည်။

    သို့သော်လည်း အမေရိကန်ကမူ ထိုအကွာအဝေးမှာ နိုင်ငံတကာဥပဒေတွင် သတ်မှတ်ထားသည့် အကွာအဝေးအတွင်းတွင် ရှိသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ ဒီလိုထပ်ပြီး ကင်းလှည့်သွားမှာပါ။ ကျွန်တော်တို့ဟာ နိုင်ငံတကာရေပိုင်နက်ထဲမှာ ကြိုက်တဲ့အချိန်၊ ကြိုက်တဲ့နေရာမှာ ခုတ်မောင်းပါတယ်” ဟု AFP သတင်းဌာနှင့် အင်တာဗျူးတွင် အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • သင်္ဃန်းကျွန်း  ပြည်သူ့လွှတ်တော် အမတ် အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ ?

    သင်္ဃန်းကျွန်း ပြည်သူ့လွှတ်တော် အမတ် အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ ?

    အောက်တိုဘာ ၂၈ ၊ ၂၀၁၅
    M-Media
    ကိုသက် ရေးသည်။

    Thingangyunမကြာခင် ရက်ပိုင်းအတွင်းမှာ ကျင်းပတော့မယ့်ရွေးကောက်ပွဲက မြန်မာ့နိုင်ငံရေးသမိုင်းမှာ တော်တော်ထူးခြား ပါတယ်။ အထူးသဖြင့် သတင်းဆက်သွယ်ရေး တိုးတက်လာမှု ၊ ပွင့်လင်းလွတ်လပ်လာမှု ၊ နိုင်ငံရေးအခြေအနေ စတာတွေကြောင့် ယခင်ရွေးကောက်ပွဲတွေနဲ့ မတူ ခြားနားလှပါတယ်။ အဓိက အတိုက်အခံပါတီကြီးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မဲဆန္ဒနယ်အားလုံးနီးပါးမှာဝင်ပြိုင်ထားသ လို အာဏာရ USDP ကလည်း ထပ်တူပြိုင်တဲ့ သဘောတွေ့ရတယ်။ ဒါ့အပြင် လူနည်းစု အုပ်စုအသီးသီးကို ဦးတည်ထားတဲ့ ပါတီအများအပြားလည်း ၀င်ပြိုင်ကြတာတွေ့ရပါတယ်။

    ကုလသမဂ္ဂ၊ အီးယူ နဲ့ နိုင်ငံတကာ မိသားစုကလည်း ၂၀၁၅ ရွေးကောက်ပွဲကို အတော်အလေးထားသလို ထောက်ပံ့ ကူညီ မှု များစွာ လည်း ပေးအပ်လျက်ရှိပါတယ်။ ဒီလို အခြေအနေများကြောင့် ၂၀၁၅ ရွေးကောက်ပွဲက ထူးခြားတယ်လို့ ဆိုပါ တယ်။

    မြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် ၃၃၀ အထဲက သင်္ဃန်း ကျွန်းမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် က ထူးခြားတဲ့ရွေးကောက်ပွဲထဲက ထူးခြားတဲ့မြို့နယ်တခုပါပဲ။ ဒီမြို့နယ်မှာ မြန်မာပြည် က လူနည်းစု အုပ်စုတစုဖြစ်တဲ့ အစ္စလာမ် ဘာသာဝင်တွေ အများအပြား ရှိတာရယ် ၊ ကိုယ်စား လှယ် လောင်း ၁၀ ယောက်ထိ ၀င်ပြိုင်မှာရယ် အခြေခံလူတန်းစား အများစုနေထိုင်တာရယ် ဆိုတဲ့အချက်တွေက ရှိပါတယ်။

    ပြည်သူ့လွှတ်တော် မဲဆန္ဒနယ် အတွက် ပါတီ ၉ ခုနဲ့ တသီးပုဂ္ဂလ ၁ ဦး စုစုပေါင်း ကိုယ်စား လှယ် ၁ဝ ဦး ပြိုင်ကြမယ့် မဲဆန္ဒ နယ်လည်း ဖြစ်ပါတယ်။

    ဝင်မယ့်ပါတီ ၉ ခုထဲမှာဆိုရင် NLD ၊ ကြံ့ခိုင် ရေး၊ အမျိုး သား ဒီမိုက ရေစီ ပါတီသစ်၊ အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ UNC စတဲ့ ပါတီကြီး ငယ်အသီးသီး ပါဝင်ပါ တယ်။

    တိုင်းဒေသကြီး လွှတ်တော်မှာ တော့ နာမည်ကြီး ပါတီကြီးတွေဖြစ်တဲ့ ပါတီ ၇ ခုက ကိုယ်စား လှယ်တွေ ဝင်ပြိုင် ဖို့ရှိပါတယ်။

    ပြည်သူ့လွှတ်တော်နေရာ အတွက် ပြိုင်ကြတဲ့သူတွေကို ကြည့်ရင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ကပြိုင်မယ့် ဦးရွှေလှဝင်း။ နှစ်ပေါင်း၎ဝ ကျော် သင်္ဃန်းကျွန်းမှာ အင်္ဂလိပ်စာနဲ့ ဘောဂဗေဒ ဘာသာရပ် တွေကို သင်ပေးနေတဲ့ နာမည်ကြီး ကျူရှင်ဆရာ ဖြစ်သလို NLD သင်္ဃန်းကျွန်းမြို့နယ် ဥက္ကဋ္ဌလည်းဖြစ်ပါတယ်။ ၀င်အရွေးမခံခင်က တည်းက မြို့နယ်အတွက် ပရဟိတ လုပ်ငန်းတွေ ဆောင်ရွက်ခဲ့ သလို မဲဆွယ် စည်း ရုံးရေး စတဲ့အချိန်က စလို့ ဟောပြောပွဲ လုပ်တာ တအိမ်တက်ဆင်း တက်မဲဆွယ်တာတွေ လုပ်ပါတယ်။

    နောက်တဦးကတော့ လွှတ်တော် မင်းသားကြီးလို့ တင်စားကြတဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဖြစ်ပါတယ်။ ဦးသိန်းညွန့်ဟာ NLD ပါတီ ကနေ ၂ဝ၁ဝ က ထွက်ခဲ့ပြီး ပါတီသစ် ထောင်ကနေ ၀င်ပြိုင်မှာ ဖြစ်ပါ တယ်။ ၁၉၉ဝ နဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ နှစ်ကြိမ်စလုံး သင်္ဃန်းကျွန်းမြို့နယ် ကနေ ဝင်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ သူ လည်းဖြစ်ပါ တယ်။

    နောက်တဦးကတော့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ် ဦးသန့်ဇင် လက်ရှိ အာဏာရပါတီက ဖြစ်ပါတယ်။

    ဒီလို နာမည်ကြီးပါတီတွေက ကိုယ်စားလှယ်ကြီးတွေအပြင် လူနည်းစု ကိစ္စကို ဇောင်းပေးတဲ့ UNC ပါတီက နေ ၀င်ပြိုင်မယ့် ကိုယ်စားလှယ်လောင်းလည်းရှိပါသေးတယ်။ သူက ဦးရန်နိုင်ဖြစ်ပြီး တရားလွှတ်တော် ရှေ့နေ တစ်ဦးပါ။ ယခင် မြောင်းမြမြို့ NLD ပါတီထဲမှာ ပါဝင်ခဲ့သူဖြစ်ပြီး နောက်ပိုင်း နှုတ်ထွက်ခဲ့သူပါ။ ဦးရန်နိုင်ကတော့ ဒီမိုကရေစီ နဲ့ လူခွင့်အရေးရာ ကိစ္စရပ်တွေ၊ လူနည်းစု ရေး ရာတွေမှာလည်း ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့တာရှိပါ တယ်။ စာနယ်ဇင်းတွေမှာ ဥပဒေရေးရာ ဆောင်းပါးတွေ တင်ပြရေးသားတဲ့ ဥပဒေရေးရာ ဆောင်းပါးရှင် တဦး လည်းဖြစ်ပါ တယ်။

    သင်္ဃန်းကျွန်း မဲဆန္ဒနယ်မှာ ဒီလို မျိုး အရည်အချင်းပြည့်ဝသူတွေ၊ ပါတီကြီးတွေ ကနေ ၀င်ပြိုင်မယ့်သူတွေထဲမှာ အရည်အချင်းပြည့်ဝသူတွေ ရှိနေ သလို ပါတီငယ်တွေကနေ ၀င်ပြိုင်မယ့် သူတွေလည်း အရည်အချင်းပြည့်ဝနေ တာ တွေ့ရပါတယ်။ အရည်အချင်းပြည့် အမတ်လောင်းတွေ အမတ်လောင်းဖြစ်ဖို့ မဲဆွယ်နေချိန်မှာ ဘီဘီစီက သတင်းတပုဒ် ဖော်ပြလာပါတယ်။

    သင်္ဃန်းကျွန်းမြို့နယ်ရဲ့ ဆန္ဒမဲခွင့်ရသူ ၁သိန်း ၃သောင်းရဲ့ သုံးပုံတစ်ပုံ မှာ အစ္စလာမ် ဘာသာဝင် တွေဖြစ်ကြောင်း ဆိုပါတယ်။ ကိန်းဂဏန်းအရဆိုရင် လေးသောင်းကျော် ၀န်းကျင် ရှိပါတယ်။ တချို့ အရင်းအမြစ်တွေအရလည်း ငါးသောင်းကျော်လို့ ဆိုတာရှိပါတယ်။ သင်္ဃန်းကျွန်း ရွေးကောက်ပွဲ အောင်နိုင်ရေး အဆုံးအဖြတ်ကို ဘယ်သူပေးမလဲ ဆိုတဲ့မေးခွန်းကို လူဦးရေ နဲ့ မဲဆန္ဒကိန်းက ဏန်းအရ ဆိုရင် လူနည်းစု အစ္စလာမ် ဘာသာဝင်တွေလို့ ဖြေရမှာပါ။ ဘယ်ပါတီက ဘယ်သူကို ဘယ်လို ကြောင့် ပဲ ကြိုက် ကြိုက် ရွေးရွေး ဒီလူနည်းစု ဘာသာဝင်တွေမှာ ဘယ်ပါ တီ က ဘယ်သူကို ဆုံးဖြတ်ပေးနိုင်ခွင့်ရှိနေပါတယ်။

    ဆုံးဖြတ်ပေးနိုင်တဲ့ မဲအရေအတွက်လည်း ရှိနေပြီလို့လဲ ဆိုချင်တယ်။ ဒါ့အပြင် မြန်မာ တနိုင်ငံလုံးက မြို့နယ် အများစုမှာ လူနည်းစုအဖြစ် ရှိကြတဲ့ ဘာသာဝင်တွေဘက်ကကြည့်ရင် သင်္ဃန်းကျွန်း က သုံးပုံ တပုံ ( လေးသောင်းကျော်) လောက်ရှိသူတွေဆီမှာ သူတို့မြို့နယ်ကို ကိုယ်စားပြုပြီး ပြောရေးဆိုခွင့် ၊ ပါဝင်ပူးပေါင်း ခွင့်၊ တင်မက ပဲ တနိုင်ငံလုံးက လူနည်းစု တွေရဲ့ ပြောရေးဆိုခွင့်၊ ကိုယ်စားပြုမှု၊ ပါဝင်ပူးပေါင်းမှု စတာတွေကို ရယူပေးနိုင်တဲ့ အနေအထားမှာ ရှိနေပြီဖြစ်ပါတယ်။

    ဒါကြောင့် သင်္ဃန်းကျွန်းက လူနည်းစု ဘာသာဝင်တွေ အနေနဲ့ ပြည်သူ့လွှတ်တော် နေရာအတွက် ဘယ်ပါတီက ဘယ် ကိုယ်စားလှယ်ကို မိမိတို့ရဲ့ ကိုယ်စားပြုခွင့်ကို ပေးအပ်မလဲ လို့ မေးလိုပါတယ်။ ဒီမေးခွန်းမဲပေးမယ့် သူတွေဘက် နိုဝင်ဘာ ၈ ရက်နေ့မှာ ဖြေဆိုရတော့မှပါ။ လူနည်းစုတွေ ဘက် က ဘယ်သူကို ရွေးချယ် ပေးအပ်မလဲ ဆိုတဲ့ ဒီမေးခွန်းကို မဖြေဆိုခင် လွှတ်တော်မှာ သူတို့အတွက် ဘယ်လို ကိုယ်စားပြုပေးမလဲ၊ သူ့တို့ကို အကောင်းဆုံး ကာကွယ်ပေးမလဲ ဆိုတဲ့ မူဝါဒ ကို ကိုယ်စားလှယ်လောင်းအသီးသီး က ထုတ်ပြဖို့ အရေးကြီးနေပါပြီ။

    NLD က ဦးရွှေလှဝင်း က ထုတ်ပြမှာလား
    USDP က ဦးသန့်ဇင်က ထုတ်ပြမှာလား
    UNC က ဦးရန်နိုင် က ထုတ်ပြမှာလား ….
    NDP က ဦးသိန်းညွှန် က ထုတ်ပြမှာလား

    ဒါမှ မဟုတ် တဦးဦးက ထုတ်ပြန်မှာလား ကိုယ်စားလှယ်လောင်း အသီးသီးကနေ ပေးတဲ့ ဒီမေးခွန်းအဖြေတဲ့အပေါ်မူတည်ပြီး လူနည်းစုတွေ ဘက်ကလည်း ဘယ်ပါ တီက ဘယ်ကိုယ်စားလှယ်ကို မိမိတို့ရဲ့ ကိုယ်စားပြုခွင့်ကို ပေးကြမလဲ ဆိုတဲ့ မေးခွန်း အဖြေကို သူတို့ရဲ့ သမိုင်းကြောင်းရှိခဲ့ တဲ့ နိုင်ငံရေးပါဝင်မှုအတွက် ရည်သန်ပြီး နိုဝင်ဘာ ၈ရက်နေ့မှာ ဖြေဆိုကြမှာ ဖြစ်ပါတယ်။

    ကိုးကား BBC

    ဆက်စပ် သတင်းဖတ်ရန်

    စစ်ကျန် ဒီမိုကရေစီကနေ စစ်မှန်တဲ့ ဒီမိုကရေစီ ရဖို့ ရွေးကောက်ပွဲဝင်မယ့် အမတ်လောင်း ဦးရန်နိုင်

    http://www.m-mediagroup.com/news/46444