News @ M-Media

Blog

  • အစ္စရေး၏ ကျူးလွန်မှုများအတွက် ယူကေပါမောက္ခများ သပိတ်မှောက်

    အစ္စရေး၏ ကျူးလွန်မှုများအတွက် ယူကေပါမောက္ခများ သပိတ်မှောက်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    uk

    – နိုင်ငံတကာ ဥပဒေများအား အစ္စရေးက ချိုးဖောက်နေမှုများကို ကမ္ဘာကြီးက သတိမူမိစေရန်အတွက် မိမိတို့အနေဖြင့် အစ္စရေးရှိ ကျောင်းများ၊ တက္ကသိုလ်များနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက် ရပ်တန့်သွားမည်ဟု ယူကေရှိ ပါမောက္ခ ၃၀၀ ကျော်က ယနေ့တွင် ကြေငြာချက်ထုတ် ပြောကြားလိုက်သည်။

    ပါမောက္ခ ၃၄၃ ဦး လက်မှတ်ရေးထိုးထားသော ထိုကြေငြာချက်တွင် မိမိတို့မှာ အစ္စရေးရှိ မည်သည့် ပညာရေးအသင်းအဖွဲ့များ၏ ဖိတ်ကြားမှုကိုမှ လက်ခံသွားမည် မဟုတ်သလို၊ ၎င်းတို့၏ လုပ်ငန်းစဉ်များတွင် အကဲဖြတ်ပေးခြင်း၊ အစ္စရေးရှိ ပညာရေး အဖွဲ့အစည်းများက ပြုလုပ်သော ပွဲများသို့ တက်ရောက်ခြင်း စသည်တို့ကိုလည်း လုပ်ဆောင်သွားမည် မဟုတ်ဟု ဖော်ပြထားသည်။

    “လွန်ခဲ့တဲ့ ၅ နှစ်ကတည်းက ကျွန်တော်တို့ ဒီလို သပိတ်မှောက်ခဲ့တာပါ။ လူတော်တော်များများက အစ္စရေးနဲ့ သူတို့ရဲ့ ပေါ်လစီတွေအတွက် ကိုယ့်ဟာကိုယ် ဝေဖန်နေကြတယ်။ ဒါပေမယ့် အခုအချိန်အထိ ဒီဝေဖန်မှုတွေကို လူသိရှင်ကြား ဖော်ထုတ်ရမယ်ဆိုတာ အများစုက စဉ်းတောင် မစဉ်းစားကြပါဘူး” ဟု လန်ဒန် စီးပွားရေးတက္ကသိုလ်မှ ပါမောက္ခ ဂျိုနသန် ရိုဆန်ဟဒ်က ပြောကြားခဲ့သည်။ ၎င်းမှာ ပညာရှင်များ၏ အဆိုပါ သပိတ်မှောက်မှုကို စီစဉ်ဆောင်ရွက်ခဲ့သူဖြစ်သည်။

    ထို့ပြင် ထိုကဲ့သို့ ဆောင်ရွက်မှုမှာ အစ္စရေးနှင့်ပတ်သက်၍ မိမိတို့၏ သဘောထားကို ဖော်ပြခြင်းဖြစ်ပြီး၊ အခြားသော ပညာရှင်များကလည်း ပါဝင်လက်မှတ်ရေးထိုးရန် မိမိတို့က မျှော်လင့်ကြောင်း၊ ထိုသပိတ်မှောက်မှုက အချိန်အတိုင်းအတာတစ်ခု ရောက်လျှင် အစ္စရေးအား ပေါ်လစီပြောင်းလဲရေး ဆောင်ရွက်စေလိမ့်မည်ဖြစ်ကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

    ထိုဆောင်ရွက်မှုမှာ ပါလက်စတိုင်းပြည်သူများအား ကာကွယ်ရန် အကြမ်းမဖက်သော ပုံစံဖြင့် နိုင်ငံတကာက ဆောင်ရွက်သည့် သပိတ်မှောက်ရေး၊ ရင်းနှီးမြှုပ်နှံမှု ရုပ်သိမ်းရေးနှင့် ပိတ်ဆို့ရေး BDS လှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သည်။

    အဆိုပါ BDS လှုပ်ရှားမှုကို လွန်ခဲ့သည့် ၁၀ နှစ်က စတင်ခဲ့ခြင်းဖြစ်ပြီး အစ္စရေး၏ နိုင်ငံတကာဥပဒေများ ချိုးဖောက်ကာ ပါလက်စတိုင်းပိုက်နက်များကို ကျူးကျော်ခြင်း၊ ၂၀၁၄ ဂါဇာစစ်ပွဲအပါအ၀င် ပါလက်စတိုင်းပြည်သူများအား ငြှင်းပန်းနှိပ်စက်၊ သတ်ဖြတ်ခြင်းတို့ကြောင့် လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်း ထိုလှုပ်ရှားမှုတွင် ပါဝင်သူများမှာ မြင့်တက်လာခဲ့သည်။

    ထို့ပြင် ပြီးခဲ့သည့်လက အလ်-အက်ဆွာဗလီဝတ်ကျောင်းတော်တို့ အစ္စရေးစစ်တပ်နှင့် ဂျူးအစွန်းရောက်များက စီးနင်းဝင်ရောက်ကာ ပါလက်စတိုင်းများအား တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီးနောက် မြင့်တက်လာခဲ့သည့် တင်းမာမှုများအတွင်း ပါလက်စတိုင်း အနည်းဆုံး ၆၀ ခန့် သေဆုံးခဲ့ပြီး၊ ဂျူးလူမျိုး ၈ ဦး သေဆုံးခဲ့သည်။

    “ပါလက်စတိုင်း ပြည်သူတွေနဲ့ တစ်သားတည်းရှိဖို့ လိုအပ်ချက်ဟာ အစ္စရေးနဲ့ ပါလက်စတိုင်းတို့အကြား အခုလတ်တလောဖြစ်နေတဲ့ တင်းမာမှုတွေကြောင့် ချက်ခြင်းကို လိုအပ်လာပါတယ်။ သေဆုံးမှုက အများစုဟာလည်း အစ္စရေးရဲ့ ၄၈ နှစ်ကြာ ကျူးကျော်သိမ်းပိုက်မှုတွေက ဖြစ်လာတဲ့ လမ်းမထက် ဆန္ဒပြမှုတွေမှာ ပါဝင်တဲ့ ပါလက်စတိုင်းတွေပါပဲ။ အစ္စရေးရဲ့ ခေါင်းမာမှုကို ရင်ဆိုင်နေရတဲ့ ပါလက်စတိုင်းတွေဟာ မျှော်လင့်ချက်မဲ့နေပြီး အရှေ့ဂျေရုစလင်မှာလည်း အစ္စရေးက လူမျိုးစု ရှင်းလင်းရေးကို
    ဆက်လက်လုပ်ဆောင်နေပါတယ်” ဟု ယူကေ ပါမောက္ခများ၏ အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထိုကြေငြာချက်ကို ယူကေတစ်ဝှမ်းရှိ တက္ကသိုလ် ၇၂ ခုက ချီးကျူးခဲ့ကြပြီး၊ အစ္စရေးမှ ပညာရေးအသင်းအဖွဲ့များမှာ အစ္စရေးအစိုးရ၏ နိုင်ငံတကာဥပဒေ ချိုးဖောက်မှုများတွင် “နက်နက်ရှိုင်းရှိုင်း ကြံရာပါ” ဖြစ်နေသည်ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အစ္စရေးအနေဖြင့် နိုင်ငံတကာ ဥပဒေအားေ လးစားလိုက်နာခြင်း၊ ကမ္ဘာလုံးဆိုင်ရာ လူ့အခွင့်အရေး စည်းမျဉ်းစည်းကမ်းများအား လေးစားခြင်းတို့ မရှိသမျှ ကာလပတ်လုံး မိမတို့အနေဖြင့် ထိုသပိတ်မှောက်မှုကို ရပ်တန့်သွားမည်မဟုတ်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Aljazeera

  • ရူနီအတွက် အမှတ်တရပွဲကို မန်ယူ ကျင်းပပေးမည်

    ရူနီအတွက် အမှတ်တရပွဲကို မန်ယူ ကျင်းပပေးမည်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    rn

    – အသင်းတွင် ၁၂ နှစ်ကြာ ပေးဆပ်မှုကို အသိအမှတ်ပြုသည့်အနေဖြင့် မန်ယူအသင်းမှာ လာမည့်နှစ် သြဂုတ်လ ၃ ရက်နေ့တွင် တိုက်စစ်မှူး ၀ိန်းရူနီအတွက် အမှတ်တရ ဂုဏ်ပြုဘောလုံးပွဲ စီစဉ်ပေးရန် ရှိနေသည်ဟု သိရသည်။

    မကြာသေးမီက အင်္ဂလန်အသင်း၏ ဂိုးသွင်းအများဆုံး ကစားသမားဖြစ်လာသူ ရူနီမှာ ယခုနှစ်တွင် ခြေစွမ်းကောင်းများ မပြနိုင်သေးသော်လည်း မန်ယူအသင်း၏ ဂိုးအများဆုံးသွင်းယူသော ကစားသမားဖြစ်ရန် နီးစပ်နေပြီဖြစ်သည်။

    “ဒီအမှတ်တရပွဲကို တကယ်ဖြစ်လာအောင် ဆောင်ရွက်ရာမှာ ပါဝင်တဲ့သူတိုင်းကို ကျွန်တော် ကျေးဇူးတင်ပါတယ်။ နောက်ပြီး ကျွန်တော် ကျေးဇူးအတင်ချင်ဆုံးကတော့ အသင်းကို ပြောင်းရွှေ့လာပြီးကတည်းက ကျွန်တော့်အတွက် မယုံကြည်နိုင်လောက်တဲ့ အားပေးမှုကို ပေးအပ်ခဲ့တဲ့ ပရိတ်သတ်တွေပါပဲ။ ဒီပွဲဟာ ကျွန်တော်နဲ့ ကျွန်တော့် မိသားစုအတွက် အထူးပွဲလေးဖြစ်မှာပါ။ ဒါပေမယ့် ပါဝင်သူတွေအားလုံးအတွက် ပျော်ရွှင်စရာ ညလေးတစ်ည ဖြစ်မယ်လို့ ကျွန်တော် မျှော်လင့်မိပြီး အံ့သြစရာ တစ်ခု၊ နှစ်ခုလောက်လည်း ကျွန်တော်တို့ စီစဉ်ပေးသွားမှာပါ” ဟု ရူနီက ပြောကြားခဲ့သည်။

    Ref: Goal

  • ယီမင်ရှိ MSF ဆေးရုံ ဆော်ဒီ၏ ဗုံးကြဲမှုအတွင်း ထိခိုက်ခဲ့

    ယီမင်ရှိ MSF ဆေးရုံ ဆော်ဒီ၏ ဗုံးကြဲမှုအတွင်း ထိခိုက်ခဲ့

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    yemen

    – နယ်စည်းမခြား ဆရာဝန်များအဖွဲ့ MSF မှ ကုသမှုများ ပေးနေသော ယီမင်နိုင်ငံ မြောက်ပိုင်း ဆာအာဒါပြည်နယ်ရှိ ဆေးရုံတစ်ရုံမှာ ဆော်ဒီဦးဆောင်သည့် မဟာမိတ်များ၏ ဗုံးကြဲမှုအတွင်း ထိခိုက်ခဲ့သည်ဟု သိရသည်။

    ယမန်နေ့က ဖြစ်ပွားခဲ့သော ထိုအဖြစ်အပျက်အတွင်း တစ်ဦးဒဏ်ရာရရှိခဲ့ပြီး အခြေအနေမှာ စိုးရိမ်ရခြင်းမရှိဟု MSF ၏ ပြောရေးဆိုခွင့်ရှိသူ ဟာဆန် ဘူစီနိုင်းက ယနေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် ဆအာဒါရှိ မိမိတို့ဆေးရုံမှာ လွန်ခဲ့သည့် နှစ်ပတ်ကတည်းက ဆော်ဒီဦးဆောင်သည့် မဟာမိတ်တပ်များနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး ယခုအဖြစ်အပျက်မှာ တမင်တကာ တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။

    ယခုလအစောပိုင်းကလည်း အာဖဂန်ရှိ ကန်ဒက်ဇ်မြို့မှ MSF ၏ ဆေးရုံတစ်ရုံကို အမေရိကန် မှားယွင်းဗုံးကြဲမိခဲ့ပြီး အနည်းဆုံး လူ ၃၀ သေဆုံးခဲ့သည်။ ဆော်ဒီဦးဆောင်သည့် မဟာမိတ်များမှာ ယီမင်ရှိ ဟူသီသူပုန်များကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို မတ်လနှောင်းပိုင်းကတည်းက ပြုလုပ်နေခြင်းဖြစ်သည်။

    Ref: Aljazeera

  • ဖီဖာဥက္ကဌ ယှဉ်ပြိုင်မှုမှ ဇီကို နှုတ်ထွက်

    ဖီဖာဥက္ကဌ ယှဉ်ပြိုင်မှုမှ ဇီကို နှုတ်ထွက်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    zico

    – လာမည့်နှစ်ဆန်းပိုင်းတွင် ပြုလုပ်မည့် ဖီဖာဥက္ကဌ ရွေးချယ်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန် စီစဉ်ထားခြင်းမှ နှုတ်ထွက်လိုက်ပြီဟု ဘရာဇီး ဂန္တ၀င်ဘောလုံးသမား ဇီကိုက ပြောကြားလိုက်သည်။

    မိမိသာ ဖီဖာဥက္ကဌဖြစ်ပါက အဖွဲ့အား ဒီမိုကရေစီနည်းကျစွာနှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်သွားမည်ဟု ဇစ်ကိုက ပြီးခဲ့သည့်လက ကြေငြာစာတမ်းတစ်ခု ထုတ်ပြန်ခဲ့သေးသည်။ ၀င်ရောက်ရွေးချယ်မည့် ကိုယ်စားလှယ်လောင်းအဖြစ် စာရင်းတင်သွင်းရန် နောက်ဆုံးရက်ကို လာမည့် တနင်္လာနေ့တွင် သတ်မှတ်ထားပြီး ဇစ်ကိုမှာ ဘရာဇီးလ်ဘောလုံးအဖွဲ့ချုပ်အပါအ၀င် ဘောလုံးအဖွဲ့ချုပ်နှစ်ခု၏ ထောက်ခံမှုသာ ရရှိခဲ့သည်။

    ဖီဖာဥက္ကဌအဖြစ် ၀င်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းမှာ ဘောလုံးအဖွဲ့ချုပ် ၅ ခု၏ ထောက်ခံမှုရရှိရန် လိုအပ်သည်။ ဇီကိုမှာ စောစောပိုင်းက ယူအီးအက်ဖ်အေ၏ ထောက်ခံမှုကို ရရှိမည်ဟု ရေပန်းစားခဲ့သော်လည်း ယူအီးအက်ဖ်အေက ဂီယန်နီ အင်ဖန်တီနိုအား ထောက်ခံခဲ့သည်။

    “ထောက်ခံမယ်ဆိုတဲ့ စာ ၆ စောင်ကို ရရှိခဲ့တဲ့အတွက် ကျွန်တော်စောစောပိုင်းက စိတ်လှုပ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့မှာ ပလာတီနီထွက်သွားပြီးနောက် ယူအီးအက်ဖ်အေရဲ့ ဆောင်ရွက်မှုက အခြေအနေအားလုံးကို လုံးဝပြောင်းလဲစေခဲ့ပါတယ်” ဟု ဇီကိုက ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားခဲ့သည်။

    Ref: Goal

  • သန်းခေါင်စာရင်း ရလဒ် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေစာရင်း ယခုနှစ်ကုန် ထုတ်ပြန်မည်

    သန်းခေါင်စာရင်း ရလဒ် ကိုးကွယ်ရာ ဘာသာ အလိုက် လူဦးရေစာရင်း ယခုနှစ်ကုန် ထုတ်ပြန်မည်

    အောက်တိုဘာ ၂၇၊ ၂၀၁၅
    M-Media

    cen

    – ၂၀၁၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ဘာသာရေးအလိုက် လူဦးရေစာရင်းကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု အစိုးရအာဏာပိုင်တစ်ဦးမှ ပြောကြားလိုက်သည်။

    ၁၉၈၃ ခုနှစ် ကောက်ယူစာရင်းများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းဟု တရားဝင်ဖော်ပြခဲ့သော်လည်း ၂၀၁၄ ခုနှစ် ကောက်ယူစာရင်းများအရ ယင်းအချိုးအစားထက် များစွာ များပြားနေနိုင်ကြောင်း၊ ထိုသို့ ထုတ်ပြန်ခြင်းက လူမျိုးရေးတင်းမာမှုကို ပြန်လည်မီးမွှေးသလို ဖြစ်မည်စိုး၍ ထုတ်ပြန်မှု ရွှေ့ဆိုင်းစေလိုကြောင်း သုံးသပ်သူအချို့မှ အကြံပြုထားသည်။

    “ရွေးကောက်ပွဲအပြီး ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်ဖို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။ ယုံကြည်မှုအခြေတည်တဲ့ လူဦးရေစာရင်းထုတ်ပြန်ရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလုပ်ငန်းစဉ်ထဲ ပါဝင်သူအားလုံးက တတ်နိုင်သမျှ စောစောထုတ်ပြန်ဖို့ တိုက်တွန်းခဲ့ကြတယ်” ဟု ပြည်သူ့အင်အား ဦးစီးဋ္ဌာနဒါရိုက်တာ ဦးညီညီမှ မြန်မာတိုင်းမ်သို့ ပြောကြားသည်။

    အောက်တိုဘာ ၂၂ မှ ၂၃ ရက်ထိ နေပြည်တော်၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် သန်းခေါင်စာရင်းသုံးသပ်မှု အစည်းအဝေးအပြီး ဦးညီညီမှ ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။ သန်းခေါင်စာရင်းဗဟိုကော်မရှင်သည် ဘာသာရေးအလိုက် လူဦးရေစာရင်းများမှာ ၂၀၁၆ ခုနှစ်အထိ ပြီးစီးနိုင်မည်မဟုတ်ကြောင်း စောစောပိုင်းက ဆိုခဲ့သည်။

    နိုင်ငံတကာနည်းပညာအကြံပေးဘုတ်အဖွဲ့မှ Werner Haug က လာမည့်ရွေးကောက်ပွဲကာလ၀န်းကျင်သည် နိုင်ငံရေးအရ အထိမခံသော အနေအထားဖြစ်နေသည်ကို အသိအမှတ်ပြုကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။

    “လက်ရှိအချိန်က မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ လူဦးရေစာရင်းထုတ်ပြန်ဖို့ ထိလွယ်ရှလွယ် အနေအထားမှာ ရှိနေပါတယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်တဲ့အခါ အက္ခရာစဉ်အလိုက် ပွင့်လင်းမြင်သာစွာ ဖော်ပြသင့်တယ်။ အငြင်းပွားဖွယ်ရာကို ရှောင်ကျဉ်တဲ့အနေနဲ့ တိုင်းရင်းသားအုပ်စု သတ်မှတ်ချက်အလိုက် မလုပ်ဖို့ ကျွန်တော်တို့ ဘုတ်အဖွဲ့က တိုက်တွန်းပါတယ်”

    ၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၂၉ မှ ဧပြီလ ၁၀ ရက်အထိ ကောက်ခံခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်အတွင်း ပထဆုံးအကြိမ်အဖြစ် ပြန်လည်ပြုလုပ်ခဲ့သော လူဦးရေစစ်တမ်း ဖြစ်သည်။ မြန်မာ့လူဦးရေသည် ၂၀၁၅ မေလထုတ် အစီရင်ခံစာအရ ယခင်ခန့်မှန်းစာရင်းထက် ၉ သန်းခန့် လျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။

    Ref : The Myanmar Times