အောက်တိုဘာ ၂၇၊ ၂၀၁၅
M-Media
– ၂၀၁၄ ခုနှစ်အတွင်း ကောက်ယူခဲ့သော ပြည်လုံးကျွတ်သန်းခေါင်စာရင်းမှ ဘာသာရေးအလိုက် လူဦးရေစာရင်းကို ယခုနှစ်ကုန်ပိုင်းတွင် ထုတ်ပြန်မည်ဟု အစိုးရအာဏာပိုင်တစ်ဦးမှ ပြောကြားလိုက်သည်။
၁၉၈၃ ခုနှစ် ကောက်ယူစာရင်းများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ နိုင်ငံလူဦးရေ၏ ၄ ရာခိုင်နှုန်းဟု တရားဝင်ဖော်ပြခဲ့သော်လည်း ၂၀၁၄ ခုနှစ် ကောက်ယူစာရင်းများအရ ယင်းအချိုးအစားထက် များစွာ များပြားနေနိုင်ကြောင်း၊ ထိုသို့ ထုတ်ပြန်ခြင်းက လူမျိုးရေးတင်းမာမှုကို ပြန်လည်မီးမွှေးသလို ဖြစ်မည်စိုး၍ ထုတ်ပြန်မှု ရွှေ့ဆိုင်းစေလိုကြောင်း သုံးသပ်သူအချို့မှ အကြံပြုထားသည်။
“ရွေးကောက်ပွဲအပြီး ဒီနှစ်ကုန်ပိုင်း ဒီဇင်ဘာလထဲမှာ သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်ဖို့ ကျွန်တော်တို့ အကြံပြုထားပါတယ်။ ယုံကြည်မှုအခြေတည်တဲ့ လူဦးရေစာရင်းထုတ်ပြန်ရာမှာ ဖြစ်လာနိုင်တဲ့ အကျိုးဆက်တွေနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ဆွေးနွေးခဲ့ကြပါတယ်။ ဒီလုပ်ငန်းစဉ်ထဲ ပါဝင်သူအားလုံးက တတ်နိုင်သမျှ စောစောထုတ်ပြန်ဖို့ တိုက်တွန်းခဲ့ကြတယ်” ဟု ပြည်သူ့အင်အား ဦးစီးဋ္ဌာနဒါရိုက်တာ ဦးညီညီမှ မြန်မာတိုင်းမ်သို့ ပြောကြားသည်။
အောက်တိုဘာ ၂၂ မှ ၂၃ ရက်ထိ နေပြည်တော်၌ ကျင်းပသော ဆဋ္ဌမအကြိမ်မြောက် သန်းခေါင်စာရင်းသုံးသပ်မှု အစည်းအဝေးအပြီး ဦးညီညီမှ ထုတ်ပြန်ကြေငြာလိုက်ခြင်း ဖြစ်သည်။ သန်းခေါင်စာရင်းဗဟိုကော်မရှင်သည် ဘာသာရေးအလိုက် လူဦးရေစာရင်းများမှာ ၂၀၁၆ ခုနှစ်အထိ ပြီးစီးနိုင်မည်မဟုတ်ကြောင်း စောစောပိုင်းက ဆိုခဲ့သည်။
နိုင်ငံတကာနည်းပညာအကြံပေးဘုတ်အဖွဲ့မှ Werner Haug က လာမည့်ရွေးကောက်ပွဲကာလ၀န်းကျင်သည် နိုင်ငံရေးအရ အထိမခံသော အနေအထားဖြစ်နေသည်ကို အသိအမှတ်ပြုကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်တွင် ပြောကြားခဲ့သည်။
“လက်ရှိအချိန်က မြန်မာနိုင်ငံမှာ ဘာသာရေးဆိုင်ရာ လူဦးရေစာရင်းထုတ်ပြန်ဖို့ ထိလွယ်ရှလွယ် အနေအထားမှာ ရှိနေပါတယ်။ ပြည်လုံးကျွတ်သန်းခေါင်စာရင်း အချက်အလက်တွေကို ထုတ်ပြန်တဲ့အခါ အက္ခရာစဉ်အလိုက် ပွင့်လင်းမြင်သာစွာ ဖော်ပြသင့်တယ်။ အငြင်းပွားဖွယ်ရာကို ရှောင်ကျဉ်တဲ့အနေနဲ့ တိုင်းရင်းသားအုပ်စု သတ်မှတ်ချက်အလိုက် မလုပ်ဖို့ ကျွန်တော်တို့ ဘုတ်အဖွဲ့က တိုက်တွန်းပါတယ်”
၂၀၁၄ ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို မတ်လ ၂၉ မှ ဧပြီလ ၁၀ ရက်အထိ ကောက်ခံခဲ့ခြင်းဖြစ်ပြီး နှစ်ပေါင်းသုံးဆယ်အတွင်း ပထဆုံးအကြိမ်အဖြစ် ပြန်လည်ပြုလုပ်ခဲ့သော လူဦးရေစစ်တမ်း ဖြစ်သည်။ မြန်မာ့လူဦးရေသည် ၂၀၁၅ မေလထုတ် အစီရင်ခံစာအရ ယခင်ခန့်မှန်းစာရင်းထက် ၉ သန်းခန့် လျော့နည်းကြောင်း တွေ့ရှိခဲ့ရသည်။
Ref : The Myanmar Times
Leave a Reply
You must be logged in to post a comment.