News @ M-Media

Blog

  • ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ရန် တူရကီရှိ ဝီဂါများက ကမ္ဘာကိုတိုက်တွန်း

    ဘေဂျင်းအိုလံပစ်ကို သပိတ်မှောက်ရန် တူရကီရှိ ဝီဂါများက ကမ္ဘာကိုတိုက်တွန်း

    ဒီဇင်ဘာ ၂၄၊ ၂၀၂၂
    M-Media

    -တရုတ်ကွန်မြူနစ်အစိုးရက လူနည်းစုတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုကို ဆန့်ကျင်ကြောင်း ပြသတဲ့အနေနဲ့ ဘေဂျင်း ဆောင်းရာသီအိုလံပစ်ကို သပိတ်မှောက်ကြဖို့ တူရကီမှာ တိမ်းရှောင်နေရတဲ့ ဝီဂါလူမျိုးတွေက တိုက်တွန်းလိုက်ပါတယ်။

    ဒါဇင်နဲ့ချီတဲ့ ဝီဂါတွေ မနေ့က အစ္စတန်ဘူလ်မြို့ တူရကီ အိုလံပစ်ကော်မတီရုံးခန်းရှေ့မှာ စုရုံးပြီး ဆန္ဒပြ တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

    ‘ဂျီနိုဆိုက် အိုလံပစ်ကို ရပ်တန့်ပါ’ ဆိုတဲ့ စာတန်းကို ကိုင်ဆောင်ခဲ့ကြသလို “တရုတ်-လူမျိုးတုန်းသတ်ဖြတ်မှု ရပ်တန့်ပါ။ တရုတ်-အကျဉ်းစခန်းတွေ ပိတ်ပစ်ပါ” လို့ ဆန္ဒပြသူတွေက ဟစ်အော်ခဲ့ပါတယ်။

    “ဝီဂါတွေကို ညှင်းပမ်း၊ နှိပ်စက်၊ လူမျိုးတုန်းသတ်ဖြတ်နေတဲ့ တရုတ်ဟာ အိုလံပစ်ပြိုင်ပွဲ ကျင်းပခွင့် မရှိပါဘူး” လို့ ဝီဂါအမျိုးသမီး Munevver Ozuygur က ပြောပါတယ်။ သူမရဲ့ အမျိုးတွေဟာ တရုတ်အစိုးရရဲ့ အကျဉ်းစခန်းမှာ ပိတ်လှောင်ခြင်း ခံထားရပါတယ်။

    တရုတ်အစိုးရဟာ နိုင်ငံအနောက်ပိုင်းက ဝီဂါနဲ့ အခြားလူနည်းစုတွေအပေါ် ညှင်းပမ်းနှိပ်စက်မှုတွေ လုပ်နေသလို အကျဉ်းစခန်းကွန်ယက်တည်ဆောက်ကာ လူ ၁ သန်းလောက်ကို ပိတ်လှောင်ထားတယ်လို့ နိုင်ငံတကာ သတင်းတွေက ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ပါတယ်။

    အစောပိုင်းမှာ ဒီသတင်းတွေကို တရုတ်ဖက်က ငြင်းပေမယ့် နောက်ပိုင်းမှာ အကျဉ်းစခန်းတွေရှိတာကို ဝန်ခံခဲ့ပြီး ဒါဟာ အသက်မွေးဝမ်းကြောင်းပညာ သင်ကြားပေးတဲ့ ပညာ​ပေးစင်တာတွေသာဖြစ်တယ်လို့ တုန့်ပြန်ခဲ့ပါတယ်။

    လူနည်းစုတွေအပေါ် တရုတ်အစိုးရရဲ့ ညှင်းပမ်းနှိပ်စက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်၊ ယူကကေ၊ ဩစတေးလျ၊ ကနေဒါ၊ ဂျပန်နဲ့ ဒိန်းမတ်နိုင်ငံတွေက ဖေဖော်ဝါရီ ၄ ရက်နေ့မှာ စတင်ကျင်းပမယ့် ဘေဂျင်း ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲကို ကစားသမားတွေ မစေလွှတ်ဘူးလို့ ထုတ်ပြန်ထားပါတယ်။

    တရုတ်အစိုးရရဲ့ ဖိနှိပ်မှုတွေကြောင့် ထွက်ပြေးရပြီး တူရကီမှာခိုလှုံနေရတဲ့ ဝီဂါလူမျိုး ၅ သောင်းလောက် ရှိနေပါတယ်။

    Ref: Aljazeera

  • ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ရုရှားရန်ရှိနေသည့် ယူကရိန်းသို့ အမေရိကန်က စစ်လက်နက်များ ပေးပို့

    ဇန်နဝါရီ ၂၄၊ ၂၀၂၂
    M-Media

    -အမေရိကန်က ပေးပို့ထောက်ပံ့တဲ့ လက်နက် ဒုတိယအသုတ် ရောက်ရှိလာတယ်လို့ ယူကရိန်း ကာကွယ်ရေးဝန်ကြီး Oleksii Reznikov က တနင်္ဂနွေနေ့မှာ ပြောကြားလိုက်ပါတယ်။

    ယူကရိန်းနယ်စပ်မှာ ရုရှားက စစ်သည် ၁ သိန်းလောက်နဲ့ စစ်လက်နက်ပစ္စည်းတွေ ထပ်တိုးချထားတဲ့အတွက် ယူကရိန်းကို ဝင်​တိုက်တော့မလားဆိုတဲ့ စိုးရိမ်မှုတွေ မြင့်တက်နေတဲ့အချိန် အမေရိကန်ရဲ့ ဒီလို ထောက်ပံ့မှု ပေါ်ပေါက်လာတာပါ။

    ကန်ဒေါ်လာ သန်း ၂၀၀ ဖိုးရှိတဲ့ လက်နက်ခဲယမ်းတွေ ယူကရိန်းကို ထောက်ပံ့သွားမယ်လို့ အမေရိကန်က ဒီဇင်ဘာလမှာ ထုတ်ပြန်ခဲ့ပါတယ်။ စ​နေနေ့က ပထမအသုတ်နဲ့ တနင်္ဂနွေက ဒုတိယအသုတ် ယူကရိန်းမြို့တော် ကိဗ်ကို ရောက်လာတာ ဖြစ်ပါတယ်။

    ဝန်ကြီး Reznikov က မိတ်​ဆွေ အမေရိကန်ထံကနေ တန် ၈၀ ကျော်လောက်ရှိတဲ့ လက်နက်ခဲယမ်းတွေ ရောက်ရှိလာပြီး ဒါဟာ ယူကရိန်း ကာကွယ်ရေးစွမ်းအားကို ပိုမိုအားကောင်းစေလိမ့်မယ်လို့ Twitter စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

    ဘော်လ်ကန် ၃ နိုင်ငံဖြစ်တဲ့ အက်စတိုးနီးယား၊ လတ်ဗီးယားနဲ့ လစ်သူယေးနီးယားတို့က ယူကရိန်းကို လက်နက်ထောက်ပံ့ပေးဖို့လည်း အမေရိကန်က ပြီးခဲ့တဲ့တစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Reuters

  • မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဖယ်ထုတ်ထားရေး အာဆီယံမူဝါဒ ပြောင်းလဲမှု မရှိ

    မြန်မာအာဏာသိမ်းစစ်ကောင်စီကို ဖယ်ထုတ်ထားရေး အာဆီယံမူဝါဒ ပြောင်းလဲမှု မရှိ

    ဇန်နဝါရီ ၂၃၊ ၂၀၂၂
    M-Media

    -မြန်မာနိုင်ငံက ပြဿနာကို အာဆီယံက ဖြေရှင်းရာမှာ ပြီးခဲ့တဲ့နှစ် ထိပ်သီးအစည်းအဝေးမှာ ရရှိခဲ့တဲ့ အချက် ၅ ချက်ပါ သဘောတူညီချက် အကောင်အထည်ဖော်ရေးဟာ အရေးကြီးတယ်လို့ အင်ဒိုနီးရှားသမ္မတ ဂျိုကို ဝီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နဲ့ အင်ဒိုသမ္မတတို့ဟာ ဇန်နဝါရီ ၂၁ ရက်နေ့က ဖုန်းနဲ့ ပြောဆို ဆွေးနွေးခဲ့တာပါ။

    မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အာဆီယံရဲ့ ချဉ်းကပ်ဆောင်ရွက်မှုက အားလုံးသဘောတူထားတဲ့ သဘောတူညီချက်ကို အခြေခံရမယ်လို့ ဝီဒိုဒိုက အဓိကထား ပြောကြားခဲ့သလို၊ ဝန်ကြီးချုပ်ဟွန်ဆန်ရဲ့ ခရီးစဉ်အတွင်း သဘောတူညီချက်ပါ အချက်တွေကို လုပ်ဆောင်လိုတဲ့ စိတ်ဆန္ဒမျိုး အာဏာသိမ်းစစ်ကောင်စီဖက်က မပြတဲ့အတွက် စိတ်မကောင်းဖြစ်ရတယ်လို့လည်း ဆိုပါတယ်။

    နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေ အားလုံးနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေး မြန်မာစစ်တပ်ဟာ အာဆီယံ အထူးကိုယ်စားလှယ်ကို ဝင်ရောက်ခွင့်ပေးရမယ်မှာဖြစ်ပြီး၊ အားလုံးပါဝင်တဲ့ အမျိုးသားရင်ကြားစေ့ရေး ဖြစ်လာဖို့အတွက် ဆွေးနွေးပွဲတွေက အရေးကြီးတယ်လို့လည်း အင်ဒိုသမ္မတက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    အချက် ၅ ချက်ပါ အာဆီယံသဘောတူညီချက်ကို မြန်မာစစ်တပ်ဖက်က ထိထိရောက်ရောက် အကောင်အထည်မဖော်ရင် အာဆီယံ အစည်းအဝေးတွေမှာ စစ်ကောင်စီအကြီးအကဲတွေကို တက်ရောက်ခွင့်မပေးဘဲ၊ နိုင်ငံရေးဖက်ကမဟုတ်တဲ့ ကိုယ်စားလှယ်တစ်ဦးကိုသာ တက်ခွင့်ပြုရေးမူကို အာဆီယံ အဖွဲ့က ဆက်လက်ကျင့်သုံးရမယ်လို့ ဝီဒိုဒိုက ပြောပါတယ်။

    အဖွဲ့သစ်

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ်ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က ကမ္ဘောဒီးယား၊ ဘရူနိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီး ၃ ဦး ပါဝင်တဲ့ အဖွဲ့တစ်ခုဖွဲ့ကာ အာဆီယံသဘောတူညီချက်ကို စစ်တပ်ဖက်က အကောင်အထည်ဖော်မှု စောင့်ကြည့်ဖို့ နည်းလမ်းတစ်ခုကို အဆိုပြုခဲ့ပါတယ်။

    အင်ဒိုနီးရှားသမ္မတက ဒီကိစ္စကို အာဆီယံနိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးမှာ ​ဆွေးနွေးသင့်တယ်လို့ တုန်ပြန်ခဲ့ပြီး၊ အာဆီယံ အထွေထွေအတွင်းရေးမှူး၊ အာဆီယံ လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေးစင်တာ (AHA Center) က တာဝန်ရှိသူတွေ၊ မြန်မာအာဏာပိုင်တွေ၊ ကုလအေဂျင်စီ တာဝန်ရှိသူတွေ ပါဝင်တဲ့ အကြံပေးအစည်းအဝေးတစ်ခု ကျင်းပဖို့ အဆိုပြုချက်ကို ဝီဒိုဒိုက ကြိုဆိုခဲ့ပါတယ်။

    ဒီအကြံပေးအစည်းအဝေးဟာ မြန်မာနိုင်ငံက ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကူညီထောက်ပံ့နိုင်ရေးအတွက် ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ် ဧပြီလက ရရှိခဲ့တဲ့ အာဆီယံသဘောတူညီချက်မှာ အာဏာသိမ်းစစ်ကောင်စီက အကြမ်းဖက်မှုတွေ ချက်ခြင်းရပ်တန့်ရေး၊ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးရေး၊ နိုင်ငံရေးနယ်ပယ်က သက်ဆိုင်သူတွေအားလုံး ဆွေးနွေးညှိနှိုင်းရေး၊ အာဆီယံအထူးကိုယ်စားလှယ်တစ်ဦးခန့်အပ်ကာ ကြားဝင်ညှိနှိုင်းပေးရေး၊ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အကူအညီပေးအပ်ရေး စတာတွေ ပါဝင်ပါတယ်။

    Ref: Antara News

  • မဲရှုံးသဖြင့် မဲပေးစက်များကို သိမ်းစည်းရန်အထိ ထရမ့်က ကြံစည်ခဲ့

    မဲရှုံးသဖြင့် မဲပေးစက်များကို သိမ်းစည်းရန်အထိ ထရမ့်က ကြံစည်ခဲ့

    ဇန်နဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ရှုံးပြီး ရာထူးကမဆင်းခင် အီလက်ထရောနစ် မဲပေးစက်တွေကို သိမ်းဆည်းစစ်ဆေးဖို့အတွက် ကာကွယ်ရေးဝန်ကြီးကို အမိန့်ပေးဖို့ ကြိုးစားခဲ့မှု အထောက်အထားတွေ ပေါ်ထွက်လာပါတယ်။

    ၂၀၂၁ ခုနှစ် လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေက ဝင်ရောက်စီးနင်းတဲ့ ကိစ္စအတွက် စုံစမ်းစစ်ဆေးမှုမှာ အသုံးပြုနိုင်ဖို့ အမေရိကန် နိုင်ငံတော်မော်ကွန်းတိုက်က ထရမ့်လက်ထက် မှတ်တမ်းတွေတစ်ချို့ကို ထုတ်ပြန်ပေးခဲ့ပါတယ်။

    စာရွက်စာတမ်းပေါင်း ၇၅၀ လောက်ရှိတဲ့ အဲဒီမှတ်တမ်းတွေမှာ ထရမ့်ဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းပစ်ဖို့ ပြင်းပြင်းထန်ထန် ကြိုးစားခဲ့တယ်ဆိုတာကို တွေ့ခဲ့ရပါတယ်။

    ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်နေ့ရက်စွဲ တပ်ထားတဲ့ အိမ်ဖြူတော်ရဲ့ အမိန့်မူကြမ်းတစ်ခုမှာ ထရမ့်ဟာ သူမဲရှုံးတဲ့ ပြည်နယ်တွေမှာ အီလက်ထရောနစ် မဲပေးစက်တွေကို သိမ်းဆည်းကာ၊ အထူးကိုယ်စားလှယ်ခန့်ပြီး မဲမသမာမှုတွေကို စစ်ဆေးပေးဖို့ ကာကွယ်ရေးဝန်ကြီးကို ညွှန်ကြားထားတာ တွေ့ရပါတယ်။

    လက်နဲ့ရေတွက်တဲ့ မဲပုံးတွေကို သိမ်းဆည်းဖို့ ပြည်ထောင်စု ရဲတပ်ဖွဲ့ကို ညွန်ကြားမှုလည်း ပါဝင်ပါတယ်။ ဒါပေမယ့် ဒီအမိန့်ကို ထရမ့်က လက်မှတ်ရေးထိုးခြင်း မရှိခဲ့ပါဘူး။

    ဂျိုးဘိုင်ဒန် အနိုင်ရခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက်တွေ Hack ခံခဲ့ရသလို၊ ဗင်နီဇွဲလား၊ ကျူးဘားနဲ့ တရုတ်တို့လို ကွန်မြူနစ်နိုင်ငံတွေက ငွေကြေးသုံးပြီး ရလဒ်ပြောင်းအောင် ကြိုးစားခဲ့တယ်လို့ ထရမ့်နဲ့ သူ့အစိုးရ ထိပ်တန်းတာဝန်ရှိသူတစ်ချို့က စွပ်စွဲခဲ့တာပါ။

    ရွေးကောက်ပွဲ မသမာမှုတွေ ရှိတယ်ဆိုပြီး ထရမ့်အစိုးရက တရားရုံးကို တိုင်ကြားမှုတွေလုပ်ခဲ့ပေမယ့် ရှုံးနိမ့်ခဲ့ပါတယ်။ အဲဒီနောက် ထရမ့်ရဲ့ လှုံ့ဆော်မှုတွေကြောင့် သူ့ကို ထောက်ခံသူတွေဟာ လွှတ်တော်ကို ဝင်စီးခဲ့ပြီး အမေရိကန်သမိုင်းတစ်လျှောက် အကျည်းတန်ဆုံးဖြစ်ရပ်တစ်ခုအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။

    ဒီအဖြစ်အပျက်အတွက် ထရမ့်မှာ အပြစ်ရှိတယ်လို့ လွှတ်တော်က သူရာထူးကမဆင်းခင် သီတင်းပတ်အနည်းငယ်အလိုမှာ ဆုံးဖြတ်ခဲ့ပါတယ်။

    Ref: CNA

  • ကူညီထောက်ပံ့မှု ရရှိရေး တာလီဘန်က အနောက်နိုင်ငံများနှင့် ဆွေးနွေးမည်

    ကူညီထောက်ပံ့မှု ရရှိရေး တာလီဘန်က အနောက်နိုင်ငံများနှင့် ဆွေးနွေးမည်

    ဇန်နဝါရီ ၂၂၊ ၂၀၂၂
    M-Media

    -အာဖဂန်နစ္စတန်က လူ့အခွင့်အရေး အခြေအနေကို ရှင်းပြဖို့နဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ရရှိဖို့အတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ဟာ လာမယ့်တစ်ပတ်မှာ အနောက်နိုင်ငံတွေနဲ့ တွေ့ဆုံ ဆွေးနွေးဖို့ ရှိနေပါတယ်။

    နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ဆွေးနွေးမှာဖြစ်ပြီး ဇန်နဝါရီ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ကြာမြင့်မယ်လို့ နော်ဝေ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အမေရိကန်၊ ဂျာမနီ၊ ယူကေ၊ ပြင်သစ်နဲ့ ဥရောပသမဂ္ဂတို့ ပါဝင်မှာပါ။

    ဆွေးနွေးပွဲအတွက် တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို ဖိတ်ကြားတာဟာ တာလီဘန်အစိုးရကို အသိအမှတ်ပြုတာမျိုး မဟုတ်ဘဲ၊ တိုင်းပြည်ကို အုပ်စိုးနေတဲ့အဖွဲ့နဲ့ စကားပြောဆိုမှုသာဖြစ်တယ်လို့ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Anniken Huitfeldt က ပြောပါတယ်။

    အာဖဂန်က စီးပွားရေး ပြိုလဲမှု၊ နိုင်ငံရေးမတည်ငြိမ်မှု၊ ပြည်သူလူထု ငတ်မွတ်ခေါင်းပါးမှု စတဲ့ အခြေအနေတွေအတွက် အလွန်အမင်း စိုးရိမ်မိတယ်လို့လည်း Huitfeldt က ဆိုပါတယ်။

    တာလီဘန်ကိုယ်စားလှယ်အဖွဲ့ကို တာလီဘန်အစိုးရရဲ့ ခေတ္တ နိုင်ငံခြားရေးဝန်ကြီး အမီရ်ခန်း မွတ်သကီက ဦးဆောင်မှာပါ။ မွတ်သကီတို့အဖွဲ့ဟာ အမေရိကန်ကိုယ်စားလှယ်အဖွဲ့နဲ့ သီးခြားတွေ့ဆုံဖို့ ရှိတယ်လို့ တာလီဘန် ယဉ်ကျေးမှုနဲ့ ပြန်ကြားရေး ဒုတိယဝန်ကြီး ဇဘီဟွလ္လာမူဂျာဟစ်က ပြောပါတယ်။

    ဆွေးနွေးပွဲမှာ အာဖဂန်နစ္စတန်က အမျိုးသမီးတွေရဲ့အခွင့်အရေး ကန့်သတ်ခံရမှုတွေအကြောင်းနဲ့ တာလီဘန်အစိုးရမှာ နိုင်ငံအတွင်းက လူမျိုးစုတွေ၊ ဘာသာရေးလူနည်းစုတွေ ပါဝင်​ရေး အနောက်နိုင်ငံတွေက အဓိကထား ပြောဆိုသွားဖို့ ရှိနေပါတယ်။

    Ref: Aljazeera