News @ M-Media

အစ္စရေးထံမှ ဖုန်းစောင့်ကြည့်ဆော့ဖ်ဝဲကို အိန္ဒိယက ဝယ်ယူအသုံးပြုနေ

ဇန်နဝါရီ ၃၀၊ ၂၀၂၂
M-Media

-၂၀၁၇ ခုနှစ် အိန္ဒိယအစိုးရက အစ္စရေးနဲ့ ချုပ်ဆိုတဲ့ လက်နက်ဝယ်ယူရေး သဘောတူညီချက်မှာ ဖုန်းတွေကို စောင့်ကြည့်တဲ့ စပိုင်ဝဲ Pegasus ဝယ်ယူဖို့လည်း ပါဝင်ခဲ့တယ်လို့ နယူးယောက်တိုင်းမ်း သတင်းဌာနက သောကြာနေ့မှာ ဖော်ပြပါတယ်။

ဝန်ကြီးချုပ်မိုဒီဦးဆောင်တဲ့ ဟိန္ဒူအမျိုးသားရေးပါတီ BJP အစိုးရဟာ အစ္စရေးထံကနေ Pegasus စပိုင်ဝဲ ဝယ်ယူပြီး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ဖုန်းကို စောင့်ကြည့်အမြတ်ထုတ်နေတယ်ဆိုတဲ့သတင်း အရင်ကတည်းက ထွက်နေတာပါ။ မိုဒီအစိုးရက ဒါကို အစောပိုင်းမှာ ငြင်းဆိုထားပါတယ်။

နယူးယေက်တိုင်းမ်သတင်းဌာနရဲ့ ဖော်ပြချက်မှာ မိုဒီရဲ့ ၂၀၁၇ ခုနှစ် အစ္စရေးခရီးစဉ်အတွင်း ကန်ဒေါ်လာ ၂ ဘီလီယံတန် လက်နက်ဝယ်ယူရေးစာချုပ် ချုပ်ဆိုမှုမှာ ဒုံးခွင်းစနစ်နဲ့ Pegasus စပိုင်ဝဲတို့ ဝယ်ယူမှု အဓိကဖြစ်ခဲ့ပြီး အခြား အဆင့်မြင့်လက်နက်တွေနဲ့ ထောက်လှမ်း​ရေးကိရိယာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့နိုင်ငံတစ်ချို့က အစိုးရတွေဟာ အစ္စရေးထုတ် Pegasus စပိုင်ဝဲကို အသုံးပြုပြီး အတိုက်အခံတွေ၊ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖုန်းတွေကို စောင့်ကြည့်ကာ နှိပ်ကွပ်မှုတွေ လုပ်နေတယ်လို့ ပြီးခဲ့တဲ့နှစ်မှာ ကမ္ဘာ့မီဒီယာတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေက စုံစမ်းဖော်ထုတ်ခဲ့ကြပါတယ်။

Pegasus စပိုင်ဝဲထုတ်လုပ်တဲ့ NSO Group ကုမ္ပဏီက ဖောက်သည်တွေ ပစ်မှတ်ထားစောင့်ကြည့်နေတယ်လို့ ယူဆရတဲ့ ဖုန်းနံပါတ် ၅ သောင်းနီးပါးကိုလည်း မီဒီယာတွေက ဖော်ထုတ်ခဲ့ကြပြီး အဲဒီအထဲမှာ အိန္ဒိယက ဖုန်းနံပါတ် ၁ ထောင်ကျော် ပါဝင်ပါတယ်။ အဓိကအားဖြင့် အတိုက်အခံနိုင်ငံရေးသမားတွေ၊ BJP ပါတီကို ဝေဖန်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေရဲ့ ဖုန်းနံပါတ်တွေ ဖြစ်ပါတယ်။

အိန္ဒိယကာကွယ်ရေးဝန်ကြီးဌာနက NSO Group ကနေ ​နည်းပညာဝယ်ယူမှု မရှိဘူးလို့ ပြီးခဲ့တဲ့နှစ် လွှတ်တော်မှာ ပြောကြားခဲ့ပါတယ်။ နယူးယောက်တိုင်းမ်ရဲ့ သောကြာနေ့က ဖော်ပြချက်ကို အိန္ဒိယအစိုးရက တုန့်ပြန်မှု မရှိသေးပါဘူး။

အဓိကအတိုက်အခံပါတီဖြစ်တဲ့ ကွန်ဂရက်ပါတီက BJP အစိုးရရဲ့ ဒီလုပ်ရပ်ဟာ နိုင်ငံတော် သစ္စာဖောက်မှုဖြစ်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Ref: New York Times