News @ M-Media

Blog

  • သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလားတွင် ဆီနီဂေါ  ဗိုလ်စွဲ

    သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ်အဖြစ် အာဖရိကဖလားတွင် ဆီနီဂေါ ဗိုလ်စွဲ

    ဖေဖော်ဝါရီ ၇၊ ၂၀၂၂
    M-Media

    -မနေ့က ကစားခဲ့တဲ့ အာဖရိကဖလား ဘောလုံးပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲမှာ ဆီနီဂေါအသင်းက အီဂျစ်ကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ရပြီး ဗိုလ်စွဲသွားခဲ့ပါတယ်။

    ဒါဟာ သမိုင်းတစ်လျှောက် အာဖရိကဖလားကို ပထမဆုံးအကြိမ် ရရှိမှုပါ။ ဒီအောင်မြင်မှုအတွက် ဆီနီဂေါတစ်နိုင်လုံးက အကြီးအကျယ် အောင်ပွဲခံခဲ့ကြပါတယ်။

    ပွဲကစားချိန်အတွင်း ဆီနီဂေါဟာ အီဂျစ်ကို အသာစီးနဲ့ ကစားနိုင်ခဲ့ပြီး အခွင့်အရေးတွေ ရခဲ့ပေမယ့် ဂိုးအဖြစ် မပြောင်းလဲနိုင်ခဲ့ပါဘူး။ ပွဲအစ ၇ မိနစ်မှာရတဲ့ ပင်နယ်တီကိုလည်း တိုက်စစ်မှူး ဆာဒီယိုမာနေး လွဲလျော်ခဲ့ပါတယ်။

    ဒါပေမယ့် ပင်နယ်တီမှာ မာနေးက အဆုံးအဖြတ် ဂိုးကို ကန်သွင်းယူကာ အီဂျစ်ကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ် နောက်ဆုံးဗိုလ်လုပွဲမှာ အလ်ဂျီးရီးယားကို ရှုံးနိမ့်ပြီး ဒုတိယနဲ့သာ ကျေနပ်ခဲ့ရတဲ့ ကြမ္မာဆိုးကို ဆီနီဂေါတို့ ဒီတစ်ကြိမ်မှာ ချိုးဖျက်နိုင်ခဲ့ပါတယ်။

    “ဆီနီဂေါဟာ ဗိုလ်လုပွဲမှာရှုံးပြီး ဖလားလက်လွှတ်ရတာတွေ များနေပါပြီ။ အခု အလုံးကြီး ကျသွားပြီ။ နောက်ဆုံးတော့ ချန်ပီယံဖြစ်ပြီပေါ့ဗျာ” လို့ ဆီနီဂေါမြို့တော် ဒါကာမှာ သူငယ်ချင်းတွေနဲ့အတူ အောင်ပွဲခံနေတဲ့ အသက် ၃၁ နှစ်အရွယ် ပါပီ မာလစ် ဒီဘာက ပြောပါတယ်။

    အီဂျစ်က ၂၀၁၇ ခုနှစ် ဖိုင်နယ်မှာ ကင်မရွန်းကို ရှုံးပြီး ဒုတိယသာ ရခဲ့သလို အဲဒီနောက်ပိုင်း ပထမဆုံး ဖိုင်နယ်တက်လာတဲ့ အခုနှစ်မှာလည်း ဒုတိယနဲ့သာ ထပ်မံကျေနပ်ခဲ့ရပါတယ်။ နာမည်ကြီး တိုက်စစ်မှူး မိုဟာမက် ဆာလာဟ်က ပွဲအပြီးမှာ ဝမ်းနည်းကြေကွဲစွာ ငိုကြွေးခဲ့ပါတယ်။

    Ref: Reuters

  • မော်ရိုကိုမှ ရေတွင်းထဲကျသွားသည့် ၅ နှစ်အရွယ်ကလေးငယ် အသက်မရှင်

    မော်ရိုကိုမှ ရေတွင်းထဲကျသွားသည့် ၅ နှစ်အရွယ်ကလေးငယ် အသက်မရှင်

    ဖေဖော်ဝါရီ ၆၊ ၂၀၂၂
    M-Media

    -ရေတွင်းထဲကျသွားတဲ့ အသက် ၅ နှစ်အရွယ် ရိုင်ယန် အောင်ရမ်ဟာ ကယ်ဆယ်ရေးသမားတွေ မရောက်ခင်မှာပဲ သေဆုံးသွားတယ်လို့ မော်ရိုကိုအစိုးရက ထုတ်ပြန်ပါတယ်။

    နိုင်ငံမြောက်ပိုင်းက တောင်တန်းဒေသဖြစ်တဲ့ Chefchaouen မှာ ရိုင်ယန်တစ်ယောက် အင်္ဂါနေ့က ရေတွင်းထဲ ပြုတ်ကျသွားတာဖြစ်ပါတယ်။ ရိုင်ယန်ကို ကယ်ဖို့အတွက် မော်ရိုကိုအစိုးရက အစွမ်းကုန် ကြိုးစားခဲ့ကြပြီး တစ်ကမ္ဘာလုံးက စောင့်ကြည့်ခဲ့ကြတဲ့ အဖြစ်အပျက်လည်း ဖြစ်ပါတယ်။

    ရေတွင်းအ၀ဟာ ၁၈ လက်မသာကျယ်ပြီး အတွင်းပိုင်းမှာ ပိုကျဉ်းသွားတာကြောင့် ကယ်ဆယ်ရေးသမား​တွေ ဆင်းကယ်ဖို့ မလွယ်ကူပါဘူး။ ရိုင်ယန်ဟာ ရေတွင်းအောက် ပေ ၁၀၀ လောက်မှာ ညပ်နေတာ ဖြစ်ပါတယ်။

    ကယ်ဆယ်ရေးသမားတွေဟာ ရေတွင်းဘေးနားက မြေတွေကို ဖြိုချပြီး အလျားလိုက် မြောင်းဖောက်ကာ ကယ်ဖို့ ကြိုးစားခဲ့ကြတာပါ။ တောင်ကုန်းဖြစ်ပြီး မြေကလည်း ပျော့တာကြောင့် မြေပြိုမယ့်အန္တရာယ်ကို အထူးရှောင်ရှားပြီး တူးခဲ့ရတာ ဖြစ်ပါတယ်။

    မနေ့ကညပိုင်းက ရိုင်ယန်ညပ်နေတဲ့နေရာကို ရောက်ရှိခဲ့ပေမယ့် အသက်မမီတော့ပါဘူး။

    ရေတွင်းထဲပြုတ်ကျပြီးပြီးချင်းမှာ ရိုင်ယန်ဟာ အသက်ရှင်သေးပြီး ကယ်ဆယ်ရေးသမားတွေက အောက်ဆီဂျင်နဲ့ ရေတွေကို အပေါ်ကနေ ချကာ အသက်ဆက်နိုင်အောင် ကြိုးစားခဲ့ကြပါသေးတယ်။​ Chefchaouen ဒေသဟာ ဆောင်းတွင်းမှာ အလွန်အေးတဲ့ ဒေသလည်း ဖြစ်ပါတယ်။

    ရိုင်ယန်လေးသေဆုံးသွားမှုအတွက် ဝမ်းနည်းကြောင်း မော်ရိုကိုဘုရင် မိုဟာမက်က ကြေငြာချက် ထုတ်ပြန်ခဲ့သလို၊ မော်ရိုကိုနဲ့ ကမ္ဘာတစ်ဝှမ်း ပြည်သူတွေကလည်း ဆိုရှယ်မီဒီယာတွေမှာ ဝမ်းနည်းကြောင်း ရေးသားခဲ့ကြပါတယ်။

    Ref: Reuters

  • ဘင်္ဂလားဒေ့ရှ် တောရွာဆေးရုံတစ်ခု နိုင်ငံတကာ ထိပ်တန်းဗိသုကာဆု ရရှိ

    ဘင်္ဂလားဒေ့ရှ် တောရွာဆေးရုံတစ်ခု နိုင်ငံတကာ ထိပ်တန်းဗိသုကာဆု ရရှိ

    ​ဖေဖော်ဝါရီ ၅၊ ၂၀၂၁
    M-Media

    -ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ တောရွာတစ်ခုက ကုတင် ၈၀ ဆန့် ဆေးရုံဟာ ဗြိတိန်ဗိသုကာပညာရှင်များအဖွဲ့ Royal Institute of British Architects က ၂၀၂၁ ခုနှစ်အတွက် ချီးမြှင့်တဲ့ နိုင်ငံတကာဗိသုကာဆိုင်ရာဆုကို ဆွတ်ခူးရရှိသွားပါတယ်။

    Friendship Hospital လို့အမည်ပေးထားတဲ့ အဲဒီဆေးရုံဟာ နိုင်ငံတောင်ပိုင်း ရှမ်နာဂါမြို့မှာ တည်ရှိပြီး ဒေသရဲ့ မြေမျက်နှာသွင်ပြင်၊ ရာသီဥတုအနေအထားတွေနဲ့ ကိုက်ညီအောင် ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။

    မိုးတွင်းမှာ မိုးများကာ ရေကြီးမှုကို ကာကွယ်နိုင်ဖို့အတွက် ရေဆင်းချောင်းငယ်တစ်ခုကို ထည့်သွင်းတည်ဆောက်ထားပြီး အဲဒီချောင်းက မိုးရေတွေကို သောက်သုံးရေအဖြစ် ပြန်လည်အသုံးပြုနိုင်အောင်လည်း ဖန်တီးထားပါတယ်။

    “လူသားတွေရဲ့ လိုအပ်ချက်ကို ရည်ရွယ်ပြီး ဆောက်လုပ်ထားတဲ့ အဆောက်အဦး ဖြစ်ပါတယ်” လို့ 2021 RIBA International Prize ဆု ရွေးချယ်ရေးကော်မတီ ဥက္ကဌ ပြင်သစ်ဗိသုကာပညာရှင် အိုဒီလီဒတ်က ပြောပါတယ်။

    ဆေးရုံကို ဒေသတွင်းမှာ အလွယ်တကူရရှိနိုင်တဲ့ တန်ဖိုးနည်း ဆောက်လုပ်ရေးပစ္စည်းတွေနဲ့ တည်ဆောက်ထားတာပါ။

    “အကန့်အသတ်တွေ အများကြီးရှိတဲ့အနေအထားမျိုးမှာ ပိုက်ဆံသိပ်မကုန်ဘဲ ဒီ​ဇိုင်းကောင်းကောင်း အဆောက်အဦးတစ်ခုကို ဗိသုကာပညာနဲ့ ဘယ်လို လှလှပပ ဆောက်နိုင်လဲဆိုတာ ဒီဆေးရုံက ပြသသွားတာပါ” လို့ ဒတ်က ဆိုပါတယ်။

    ဒီဇိုင်းကောင်းမွန်ပြီး၊ ဗိသုကာမြောက်ကာ လူထုအပေါ် အမှန်တကယ်အကျိုးပြုတဲ့ ကမ္ဘာတစ်ဝှမ်းက အဆောက်အဦးတွေကို ဗြိတိန်ဗိသုကာပညာရှင်များအဖွဲ့ (RIBA) က ၂ နှစ်တစ်ကြိမ် ရွေးချယ်ပြီး ဆုချီးမြှင့်တာ ဖြစ်ပါတယ်။

    ၂၀၂၁ ခုနှစ်အတွက် နိုင်ငံပေါင်း ၁၁ နိုင်ငံက အဆောက်အဦး ၁၆ ခုကို ရွေးချယ်ချီးမြှင့်ခဲ့ပါတယ်။

    ဆေးရုံကို ဒီဇိုင်းဆွဲ တည်ဆောက်ခဲ့တဲ့ ဗိသုကာပညာရှင် ကာရှက်ဖ် ချောင်ဒရီက လူသားတွေနဲ့ သဘာ၀တရားကို ထည့်သွင်းစဉ်းစားတဲ့ ဗိသုကာလက်ရာတွေ ပေါ်ထွက်လာရေးအတွက် ဒီဆုက လူတွေကို တွန်းအားပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောကြားခဲ့ပါတယ်။

    ကာရှက်ဖ်တည်ထောင်ထားတဲ့ URBANA ကုမ္ပဏီနဲ့ အကူအညီပေးရေးအဖွဲ့ Friendship တို့ ပူးပေါင်းကာ ဆေးရုံကို တည်ဆောက်ခဲ့တာဖြစ်ပြီး ၂၀၁၈ ခုနှစ်မှာ ပြီးစီးခဲ့ပါတယ်။

    ဆေးရုံတည်ရှိရာ ရှမ်နာဂါမြို့ဟာ အရင်က ကောက်ပဲသီးနှံ အဓိကစိုက်ပျိုးရာ ဒေသဖြစ်ပေမယ့် ရာသီဥတုပြောင်းလဲမှုနောက်ဆက်တွဲ ရေလွှမ်းမိုးမှုဒဏ် ခံရပြီးနောက်ပိုင်းမှာတော့ ပုဇွန်နဲ့ ရေထွက်လုပ်ငန်း အဓိက လုပ်ကိုင်ရာအဖြစ် ပြောင်းလဲလာခဲ့ပါတယ်။

    ဘင်္ဂလားဒေ့ရှ်ဟာ ရာသီဥတုပြောင်းလဲမှုဒဏ်ကို အကြီးအကျယ်ခံစားနေရတဲ့ နိုင်ငံတွေထဲကတစ်ခုဖြစ်ပြီး နိုင်ငံရဲ့ ဒေသတော်တော်များများမှာ နှစ်စဉ် ရေကြီးရေလျှံမှုတွေ ဖြစ်ပေါ်နေပါတယ်။

    Ref: NPR

  • စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးရန် စီစဉ်နေ

    စစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးရန် စီစဉ်နေ

    ဖေဖော်ဝါရီ ၅၊ ၂၀၂၂
    M-Media

    -မြန်မာအာဏာသိမ်းစစ်ကောင်စီက ဒစ်ဂျစ်တယ်ငွေကြေးစနစ်တစ်ခု ဖော်ဆောင်ဖို့ စီစဉ်နေတယ်လို့ စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ကိုးကားပြီး Bloomberg သတင်းဌာနက ဖော်ပြပါတယ်။

    ဒစ်ဂျစ်တယ်ငွေကြေးစနစ် ကျင့်သုံးခြင်းအားဖြင့် စီးပွားရေးတိုးတက်မှုကို အထောက်အကူဖြစ်စေလိမ့်မယ်လို့လည်း ဗိုလ်မှူးချုပ်က ထည့်သွင်းပြောဆိုခဲ့ပါတယ်။ ဒစ်ဂျင်တယ်ငွေကြေးကို ပြည်တွင်းကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မလား ဒါမှမဟုတ် ဗဟိုဘဏ်ကပဲ သီးခြားထုတ်မလားဆိုတာ မဆုံးဖြတ်ရသေးဘူးလို့ သူက ဆိုပါတယ်။

    ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက်ပိုင်း မြန်မာနိုင်ငံမှာ ဘဏ်လုပ်ငန်းတွေ ရပ်ဆိုင်းလုနီးနီး ဖြစ်သွားခဲ့ပြီး၊ တိုင်းပြည်စီးပွားရေးလည်း အကြီးအကျယ် ကျဆင်းသွားခဲ့ပါတယ်။

    ၂၀၂၁ ခုနှစ်အတွင်း စီးပွားရေးကျဆင်းမှု ၁၈ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အခုနှစ်မှာလည်း ထပ်မံကျဆင်းအုံးမယ်လို့ ကမ္ဘာ့ဘဏ်က ခန့်မှန်းထားပါတယ်။

    Ref: Bloomberg

  • နျူနည်းပညာပိတ်ဆို့မှု ကင်းလွတ်ခွင့် အီရန်ကို အမေရိကန်က ပြန်ပေး

    နျူနည်းပညာပိတ်ဆို့မှု ကင်းလွတ်ခွင့် အီရန်ကို အမေရိကန်က ပြန်ပေး

    ဖေဖော်ဝါရီ ၅၊ ၂၀၂၂
    M-Media

    -ထရမ့်လက်ထက်က ရပ်ဆိုင်းခဲ့တဲ့ အရပ်ဖက်နျူနည်းပညာနဲ့ဆိုင်တဲ့ ပိတ်ဆို့မှုကင်းလွတ်ခွင့်ကို ဘိုင်ဒန်အစိုးရက အီရန်ကို သောကြာနေ့မှာ ပြန်ပေးလိုက်ပါတယ်။

    ဒါဟာ ၂၀၁၅ ခုနှစ်က ရရှိခဲ့တဲ့ နျူသဘောတူညီချက် ပြန်လည်အသက်သွင်းရေး လတ်တလောဆွေးနွေးမှုက တိုးတက်မှုတစ်ခုလည်း ဖြစ်ပါတယ်။ အခုကင်းလွတ်ခွင့်ကြောင့် တရုတ်၊ ရုရှားနဲ့ ဥရောပကုမ္ပဏီတွေဟာ အီရန်ရဲ့ အရပ်ဖက် နျူလုပ်ငန်းမှာ ပါဝင်ဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်။

    ၂၀၁၈ ခုနှစ်မှာ အမေရိကန်က နျူသဘောတူညီချက်ကနေ ထွက်ပြီးတဲ့နောက် စာချုပ် ပျက်ဆီးမလိုဖြစ်နေရာကနေ လက်ရှိသမ္မတ ဘိုင်ဒန်လက်ထက်မှာ အီရန်နဲ့ ပြန်လည်ဆွေးနွေးနေတာပါ။ဆွေးနွေးပွဲဟာ လာမယ့်တစ်ပတ်အတွင်း ပြီးစီးဖို့ ရှိနေပါတယ်။

    ပိတ်ဆို့မှုကို အခုလို ပြန်ဖွင့်ပေးလိုက်တဲ့ အမေရိကန်ရဲ့လုပ်ရပ်က ကောင်းမွန်ပေမယ့် မလုံလောက်သေးဘူးလို့ အီရန်နိုင်ငံခြားရေးဝန်ကြီး ဟိုစိန်အမီရန် အဘ်ဒူလာဟင်က ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    အီရန် လုံခြုံရေးဆိုင်ရာအကြီးအကဲ အလီ ရှမ်ခါနီက အီရန်မှာ နျူနည်းပညာကို ငြိမ်းချမ်းစွာအသုံးပြုခွင့် ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။

    အီရန်ရဲ့ နျူအစီအစဉ်ဟာ လက်နက်ထုတ်လုပ်ဖို့လို့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေက စွပ်စွဲထားပြီး အီရန်ကတော့ ဒါကို ငြင်းပါတယ်။ ၂၀၁၅ ခုနှစ် သဘောတူညီချက်အရ အီရန်ဟာ သူတို့ရဲ့ နျူစီမံကိန်းကို လျှော့ချရမှာဖြစ်ပြီး အပြန်အလှန်အားဖြင့် အနောက်နိုင်ငံတွေက စီးပွားရေးပိတ်ဆို့မှုကို ဖြေလျှော့ပေးမှာ ဖြစ်ပါတယ်။

    Ref: Reuters