News @ M-Media

Blog

  • ကနေဒါရွေးကောက်ပွဲမှ ရွေးကောက်ခံ မွတ်စလင်လွှတ်တော်အမတ်များ

    ကနေဒါရွေးကောက်ပွဲမှ ရွေးကောက်ခံ မွတ်စလင်လွှတ်တော်အမတ်များ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    – ပြီးခဲ့တဲ့တစ်ပတ် ကနေဒါရွေးကောက်ပွဲမှာ ၁၀ စုနှစ်တစ်ခုနီးပါးကြာ အာဏာရယူထားနိုင်တဲ့ ကွန်ဆာဗေးတစ်ပါတီက ရှုံးနိမ့်သွားခဲ့ပြီး၊ ဒီရွေးကောက်ပွဲမတိုင်ခင် လွှတ်တော်မှာ တတိယအမတ်အများဆုံးဖြစ်တဲ့ လစ်ဘရယ်ပါတီက အံ့အားသင့်ဖွယ် အနိုင်ရသွားခဲ့ပါတယ်။

    စိန်ခေါ်မှုတွေ အများအပြားရှိနေတဲ့ ကနေဒါနိုင်ငံရေးသမိုင်းမှာ အပြောင်းအလဲဖြစ်လာမယ်လို့ အများက မျှော်လင့်နေကြတဲ့ ဒီရွေးကောက်ပွဲမှာ အနိုင်ရသွားတဲ့ လစ်ဘရယ်ပါတီအပါအ၀င် နိုင်ငံအတွင်းက လူနည်းစု မွတ်စလင် အမတ်တွေလည်း ရွေးကောက်တင်မြှောက်ခံခဲ့ရပါတယ်။

    ရွေးကောက်တင်မြှောက်ခံခဲ့ရတဲ့ မွတ်စလင် ကိုယ်စားလှယ်လောင်းတွေဟာ အနည်းဆုံး ၁၀ ဦးရှိပြီး ကွန်ဆာဗေးတစ်ပါတီကို ဖြုတ်ချနိုင်ခဲ့တဲ့ လစ်ဘရယ်ပါတီက လွှတ်တော်အမတ် ၁၀ ဦးကို M-Media ပရိတ်သတ်တွေအတွက် ဖော်ပြလိုက်ပါတယ်။

    c1

    ၁။ မရ်ယမ် မွန်ဆက်ဖ်

    အာဖဂန်-ကနေဒီယန်တစ်ယောက်ဖြစ်တဲ့ မရ်ယမ်ဟာ အာဏာရ ကွန်ဆာဗေးတစ်ပါတီက ပြိုင်ဘက်ကိုယ်စားလှယ်လောင်း မီခေးလ် စကင်နာနဲ့ နယူးဒီမိုကရက်တစ်ပါတီ NDP ကိုယ်စာလှယ်လောင်း ဒေ့ဗ် နစ်ကယ်လ်တို့နဲ့ ယှဉ်ပြိုင်ကာ အနိုင်ရခဲ့ပြီး ပီတာဘိုရိုမြို့ သမိုင်းမှာ ပထမဆုံး အမျိုးသမီး လွှတ်တော်အမတ် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

    အသက် ၃၀ အရွယ်သာရှိသေးတဲ့ သူမဟာ Red Pashmina Campaign လှုပ်ရှားမှုကို စတင်ခဲ့သူတွေထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပြီး အဲဒီ လှုပ်ရှားမှုကနေ အာဖဂန်က အမျိုးသမီးတွေနဲ့ မိန်းကလေးငယ်တွေအတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၁၅၀၀၀၀ ရှာဖွေပေးနိုင်ခဲ့ပါတယ်။

    “ဒီနေ့ဟာ အဆုံးသတ်မယ့်နေ့ မဟုတ်ပါဘူး။ အစပျိုးမယ့်နေ့ပါ။ ကျွန်မပေးထားတဲ့ ကတိက၀တ်တွေကို ဖြည့်ဆည်းပေးဖို့ အလုပ်တွေအများကြီး စတင်ဆောင်ရွက်ရမယ့် အချိန်ပါပဲ” လို့ သူမရဲ့ အောင်ပွဲခံမိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

    Trent တက္ကသိုလ်က ဘွဲ့ရခဲ့တဲ့ မရ်ယမ်ဟာ ကနေဒါသမိုင်းမှာ အသက်အငယ်ဆုံး လွှတ်တော်အမတ်လည်း ဖြစ်ပါတယ်။

    c2

    ၂။ အဟ်မဒ် ဟူစိန်

    ကနေဒါမှာရှိတဲ့ ဆိုမာလီကွန်ဂရက်က နိုင်ငံလုံးဆိုင်ရာ ဥက္ကဌတစ်ယောက် ဖြစ်ပြီး ယော့က် ဆောက်သ်-၀ပ်စတန်ဒေသမှာ လစ်ဘရယ်ပါတီ ကိုယ်စားပြု ကိုယ်စားလှယ်လောင်းအဖြစ် ၀င်ရောက်အရွေးခံကာ ပထမဆုံး ဆိုမာလီနွယ်ဖွား ကနေဒါလွှတ်တော်အမတ်တစ်ယောက် ဖြစ်လာခဲ့တာ ဖြစ်ပါတယ်။

    York တက္ကသိုလ်က သမိုင်းအဓိကနဲ့ ဘွဲ့ရခဲ့တဲ့ ဟူစိန်ဟာ အိုတာဝါတက္ကသိုလ်ကနေ ဥပဒေဘွဲ့ကိုလည်း ရယူနိုင်ခဲ့သူ ဖြစ်ပါတယ်။ လူ့အဖွဲ့အစည်းအတွက် သူ့ရဲ့ စွမ်းစွမ်းတမံ ဆောင်ရွက်မှုတွေကြောင့် Toronto Star အဖွဲ့က ၂၀၁၄ ခုနှစ်မှာ သူ့ကို ဂုဏ်ပြုခဲ့ပါတယ်။

    ၂၀၀၂ ခုနှစ် Regent Park Community ကောင်စီကို ထူထောင်ပြီးနောက်ပိုင်းမှာ ဟူစိန်ဟာ သြဇာညောင်းတဲ့ ဒေသခေါင်းဆောင်တစ်ယောက် ဖြစ်လာခဲ့ပါတယ်။ ပြီးတော့သူဟာ ကန်ဒေါ်လာ သန်း ၅၀၀ လောက် ကုန်ကျခဲ့တဲ့ Regent ပန်းခြံကြီး ပြန်လည်ရှင်သန်ရေးကိုလည်း ဦးဆောင်ဦးရွက်ပြုခဲ့သူ ဖြစ်ပါတယ်။

    c3

    ၃။ အိုမာရ် အလ်ဂါဘရာ

    မစ္စစ်ဆောင်ဂါစင်တာ ဒေသက လစ်ဘရယ်ပါတီအတွက် ၀င်ရောက်အရွေးခံပြီး အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ စက်မှုအင်ဂျင်နီယာဘာသာရပ်မှာ မဟာဘွဲ့ရထားတဲ့ သူဟာ ၂၀၀၆ ကနေ ၂၀၀၈ ခုနှစ်အထိ မစ္စစ်ဆော့ဂ်- အီရန်ဒါလီ ဒေသ ကိုယ်စားပြု လွှတ်တော်အမတ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။ အလ်ဂါဘရာဟာ နိုင်ငံရဲ့ သဘာဝသယံဇာတပြဿနာ၊ နိုင်ငံသားသတ်မှတ်မှုနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဿနာတွေလို ဒေသအတွင်း၊ နိုင်ငံတော်နဲ့ဆိုင်တဲ့ ပြဿနာတွေမှာ သူ့ရဲ့ မဲဆန္ဒနယ်ကို ကိုယ်စားပြုပြီး မားမားမတ်မတ် ရပ်တည်ရင်ဆိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

     

    c4

    ၄။ အစ်ကရာ ခါလစ်

    ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ လစ်ဘရယ်ပါတီ ကိုယ်စားပြု အမတ်လောင်းပါပဲ။ ကွန်ဆာဗေးတစ် ခြေကုပ်ဒေသဖြစ်တဲ့ မစ္စစ်ဆောင်ဂါ-မီးလ်စ် ဒေသမှာ ကွန်ဆာဗေးတစ်ကိုယ်စားပြု အမတ်လောင်း ဘော့ဘ်ဒီချာ့တ်နဲ့ အကြိတ်အနယ်ယှဉ်ပြိုင်ပြီး အနိုင်ရရှိခဲ့သူ တစ်ယောက်ပါ။

    ပါကစ္စတန်-ကနေဒါ လူငယ်အမျိုးသမီးတစ်ယောက်ဖြစ်တဲ့ ခါလစ်ဟာ York တက္ကသိုလ်ကနေ ၂၀၀၇ ခုနှစ်မှာ ရာဇ၀တ်မှုဗေဒဆိုင်ရာနဲ့ ပရော်ဖက်ရှင်နယ် စာရေးသားမှုအတတ်ပညာ အထူးပြုဘာသာရပ်နှစ်ခုနဲ့ ဘွဲ့ရခဲ့သူ ဖြစ်ပါတယ်။

    မစ္စစ်ဆောင်ဂါ မြို့မှာ ဥပဒေရေးရာဆိုင်ရာ အသက်မွေးဝမ်းကြောင်းအလုပ်ကို လုပ်ကိုင်နေတဲ့ ခါလစ်ဟာ ပါကစ္စတန် ကျောင်းသားမျာအသင်းရဲ့ ဥက္ကဌ၊ York တက္ကသိုလ် ကျောင်းသားကျောင်းသူဟောင်းများဆိုင်ရာ ကိုယ်စားလှယ်၊ မွတ်စလင် အသက်မွေးဝမ်းကြောင်းပညာရှင်များ တိုးတက်ရေးကောင်စီရဲ့ ဆက်သွယ်ရေးဆိုင်ရာ အကြီးအကဲ၊ Breaking Free ဖောင်ဒေးရှင်း ဘုတ်အဖွဲ့ ဒါရိုက်တာ စသည်တို့အပါအ၀င် အသင်းအဖွဲ့တော်တော်များများမှာ စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်လုပ်ကိုင်ခဲ့သူ ဖြစ်ပါတယ်။

    c5

    ၅။ မဂျစ် ဂျိုဟာရီ

    ရစ်ခ်ျမွန်းဟေးလ်ဒေသ ကိုယ်စားလှယ်လောင်းအဖြစ် လစ်ဘရယ်ပါတီကိုယ်စားပြု ၀င်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်။ စီးပွားရေးသမားဖြစ်တဲ့ သူဟာ ကနေဒါရဲ့ ပထမဆုံး အီရန်နွယ်ဖွား လွှတ်တော်အမတ်လည်း ဖြစ်လာခဲ့ပါတယ်။

    ဂျိုဟာရီဟာ Ryerson တက္ကသိုလ်ကနေ စက်မှုအင်ဂျင်နီယာဘာသာရပ်နဲ့ ဘွဲ့ရခဲ့သူဖြစ်ပြီး York တက္ကသိုလ်ကနေလည်း စီးပွားရေးဆိုင်ရာ မဟာဘွဲ့ ရထားသူတစ်ယောက်ပါ။

    ဒေသတွင်း လှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်သူတစ်ယောက် ဖြစ်ပြီး ရစ်ခ်ျမွန်းဟေးလ် ကုန်သည်ကြီးများအသင်း၊ အွန်တာရီယို နှလုံးနှင့် လေဖြတ်ရောဂါဖောင်းဒေးရှင်း၊ အီရန်-ကနေဒီယန်ကွန်ယက်နဲ့ အီရန်-ကနေဒီယန် ကွန်ဂရက် စတဲ့ အသင်းအဖွဲ့တွေမှာ အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်နေသူလည်း ဖြစ်ပါတယ်။

    c6

    ၆။ ယာစမင်း ရာတန်စီ

    ကနေဒါအထက်လွှတ်တော်မှာ ဒွန်ဗာလီအီစ်ဒေသ ကိုယ်စားပြုအမတ်အဖြစ် ၂၀၀၄ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဖြစ်ပြီး အခုရွေးကောက်ပွဲမှာလည်း လစ်ဘရယ်ပါတီအတွက် ကိုယ်စားပြုကာ ဒီဒေသမှာပဲ ပြန်လည် အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။

    ဒွန်ဗာလီအီစ် ကိုယ်စားပြုအမတ်အနေနဲ့ အထက်လွှတ်တော် အစိုးရလုပ်ငန်းများကော်မတီ ဥက္ကဌ၊ အမျိုးသမီးများဆိုင်ရာ ကော်မတီဥက္ကဌပါအ၀င် အထက်လွှတ်တော် အဖွဲ့ ၃ ဖွဲ့မှာ အကြီးတန်းအရာရှိအဖြစ် အမှုထမ်းခဲ့သူ ဖြစ်ပါတယ်။

    GOPAC (ချစားမှုတိုက်ဖျက်ရေး ကမ္ဘာလုံးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့) မှာလည်း ရာတန်စီဟာ ဒုတိယဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အခြားသော နိုင်ငံတကာအဖွဲ့ အနည်းဆုံး ၄ ဖွဲ့လောက်မှာလည်း ဥက္ကဌတွေ၊ ဘုတ်အဖွဲ့ဝင်တွေအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

    c7

    ၇။ အာရစ်ဖ် ဗီရာနီ

    လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်ပြီး ပါ့က်ဒါလီ-ဟိုက်မာ့က်ဒေသက လစ်ဘရယ်ပါတီအတွက် ၀င်ရောက်အရွေးခံခဲ့သူ ဖြစ်ပါတယ်။

    အင်္ဂလိပ်၊ ပြင်သစ်နဲ့ ဟင်ဒီစကားတွေကို ကျွမ်းကျွမ်းကျင်ကျင်ပြောတတ်တဲ့ အာရစ်ဖ်ဟာ ကနေဒါ လူ့အခွင့်အရေးကော်မရှင်ရဲ့ အိုတာဝါ ကော်မရှင်ခွဲမှာ အလုပ်လုပ်နေသူ ဖြစ်ပါတယ်။ အိုတာဝါက ပြင်သစ်ကော်မရှင်တစ်ခုမှာလည်း စုံစမ်းစစ်ဆေးရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ပြီး ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုဆိုင်ရာ နိုင်ငံတကာခုံရုံးမှာလည်း လက်ထောက် ရှေ့နေအဖြစ် ဆောင်ရွက်နေပါတယ်။

    အာရှဒုက္ခသည်အဖြစ် ကနေဒါကို ရောက်လာခဲ့တဲ့ အာရစ်ဖ်ဟာ McGill တက္ကသိုလ်က သမိုင်းနဲ့ နိုင်ငံရေးဆိုင်ရာ ဘာသာရပ်တွေနဲ့ ဘွဲ့ရထားသူဖြစ်ပြီး တိုရွန်တိုတက္ကသိုလ်ကနေ ရှေ့နေဘွဲ့ယူထားသူတစ်ဦးလည်း ဖြစ်ပါတယ်။

    c8

    ၈။ ဆလ်မာ ဇာဟစ်

    ဗြိတိန်ဘုရင်မကြီးရဲ့ Diamond Jubilee Medal ဆုကို ရရှိထားတဲ့ ဇာဟစ်ဟာ စကာဘိုရိုစင်တာဒေသက လစ်ဘရယ်ပါတီအတွက် ၀င်ရောက်ယှဉ်ပြိုင်ပြီး အရွေးခံခဲ့ရသူ ဖြစ်ပါတယ်။

    ပါကစ္စတန်-ကနေဒီယန်ဖြစ်တဲ့ သူမဟာ ကလေးနှစ်ယောက်မိခင်ဖြစ်ပြီး ကျန်းမာရေးနဲ့ ရေရှည်စောင့်ရှောက်မှု ဌာန၊ အခြေခံအဆောက်အဦးဌာန၊ နိုင်ငံသားနှင့် လူဝင်မှုကြီးကြပ်ရေးဌာန၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှုနဲ့ အားကစားရေးရာ ဌာနတို့ အပါအ၀င် အွန်တာရီယိုအစိုးရအတွက် ဌာနတော်တော်များများရဲ့ အကြီးတန်းအကြံပေးတစ်ယောက်လည်း ဖြစ်ပါတယ်။

    လန်ဒန်တက္ကသိုလ်က Institute of Education ကနေ ပညာရေး စီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ရထားသူဖြစ်ပြီး၊ ပါကစ္စတန် Quaid e Azam တက္ကသိုလ်ကနေ မဟာဘွဲ့ကိုလည်း ရယူထားပါတယ်။

    “စကာဘိုရိုက မိသားစုဝင်တွေဟာ စစ်မှန်တဲ့အပြောင်းအလဲအတွက် ဒီနေ့ညမှာ မဲပေးခဲ့ကြတာပါ။ အဲဒီပြည်သူတွေနဲ့ ထိုက်တန်ရဲ့ အကျိုးကျေးဇူး ခံစားရစေဖို့ ကျွန်မ စွမ်းစွမ်းတမံ ကြိုးစားသွားမှာပါ” လို့ သူမရဲ့ အောင်နိုင်မှုကို လာရောက်ဂုဏ်ပြုခဲ့ကြတဲ့ ပြည်သူတွေကို ရွေးကောက်ပွဲအနိုင်ရအပြီးမှာ ပြောကြားခဲ့ပါတယ်။

    ၉။ အလီ အဲဟ်ဆက်ဆီc9

    လစ်ဘရယ်ပါတီမှာ ဆယ်စုနှစ်ပေါင်းများစွာ တာဝန်ထမ်းဆောင် ပေးဆပ်ခဲ့သူဖြစ်ပြီး တက်ကြွသူတစ်ဦးလည်း ဖြစ်ပါတယ်။

    တိုရွန်တိုတက္ကသိုလ်က ၀ိဇ္ဇာဘွဲ့ရရှိထားပြီး၊ လန်ဒန် School of Ecomnomics ကနေ မဟာသိပ္ပံဘွဲ့ ရယူထားနိုင်တဲ့ သူဟာ ၀ီလိုဒါလီ ဒေသကနေ အနိုင်ရရှိခဲ့သူ ဖြစ်ပါတယ်။ သူဟာ ကုန်သွယ်ရေးဆိုင်ရာ ရှေ့နေတစ်ဦးလည်း ဖြစ်ပါတယ်။

    Osgoode Hall Law School ကနေ အဲဟ်ဆက်ဆီက ဥပဒေဘွဲ့ရရှိထားပြီး  Georgetown UniversityLaw Center မှာ ဥပဒေ မဟာတန်း ပြီးခဲ့ပါတယ်။

    c10

    ၁၀။ မာဝမ် တဘ်ဘာရာ

    လက်ဘနွန်-ကနေဒီယန် နိုင်ငံရေးသမားတစ်ယောက်ဖြစ်တဲ့ တဘ်ဘာရာဟာ ကစ်ချန်နာ ဆောက်သ် ဟက်ပီလာ ဒေသကနေ လစ်ဘရယ်ပါတီ ကိုယ်စားပြုပြီး ရွေးကောက်တင်မြှောက်ခံရသူ ဖြစ်ပါတယ်။

    လစ်ဘရယ်ပါတီမှာ စေတနာ့ဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ သူဟာ  Guelph တက္ကသိုလ်ကနေ နိုင်ငံရေးသိပ္ပံဘွဲ့ ရရှိထားသူဖြစ်ပြီး ကုမ္ပဏီနှစ်ခုမှာ စီမံခန့်ခွဲရေးဆိုင်ရာ ကြီးကြပ်သူအဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။

    Ref: Onislam

  • မ.ဘ.သ ဗဟို အဖွဲ့ ဥက္ကဌ အင်းစိန် ဆရာတော်နှင့် တွေ့ဆုံခြင်း (စည်သူအောင်မြင့်)

    မ.ဘ.သ ဗဟို အဖွဲ့ ဥက္ကဌ အင်းစိန် ဆရာတော်နှင့် တွေ့ဆုံခြင်း (စည်သူအောင်မြင့်)

    အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး (မဘသ) ဗဟိုအဖွဲ့  ဥက္ကဌ ဘဒ္ဒန္တ အရှင်တိလောကာဘိဝံသ အင်းစိန်ရွာမဆရာတော်နှင့် တွေ့ဆုံခြင်း။
    =========================
    စည်သူအောင်မြင့် တွေ့ဆုံမေးမြန်းသည်။
    .10931381_1225673587449211_771464045033099906_n
    ပြီးခဲ့တဲ့ အောက်တိုဘာ ( ၄ ) ရက်နေ့က ရန်ကုန် သုဝဏ္ဏ မိုးလုံလေလုံ အားကစားကွင်းအတွင်းမှာ မဘသ အဖွဲ့ကြီးရဲ့ အမျိုးစောင့် ဥပဒေ အောင်ပွဲ အခမ်းအနား ကျင်းပခဲ့ပါတယ်။ အလားတူ အခမ်းအနားကို မြန်မာနိုင်ငံမြို့နယ် တချို့မှာလည်း ကျင်းပခဲ့ပါတယ်။ လက်ရှိကာလဟာ ရွေးကောက်ပွဲကျင်းပဖို့ အလွန်နီးကပ်နေပြီး ပါတီတွေ မဲဆွယ် စည်းရုံးမှုတွေလည်း လုပ်ကိုင်ဆောင်ရွက်နေကြတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီအချိန် တချို့သော အမျိုးစောင့်ဥပဒေ အောင်ပွဲတွေမှာ မဘသအဖွဲ့ဝင် လူပုဂ္ဂိလ်နဲ့ သံဃာတချို့ဟာ ဗုဒ္ဓဘာသာဝင်မဟုတ်တဲ့ အမတ်ကို မဲမပေးနဲ့ဆိုတာမျိုး လွှတ်တော်ထဲမှာ အမျိုးစောင့်ဥပဒေကို ဝေဖန်ဆွေးနွေးခဲ့တဲ့ NLD ကို မဲမပေးနဲ့ ဆိုတာမျိုး အတိအလင်း ဟောပြောမှုတွေ ရှိခဲ့ပြီး ပြည်တွင်းပြည်ပသတင်းမီဒီယာတွေကလည်း ဒီကိစ္စကို ဝေဖန်ဖော်ထုတ်တာတွေ ရှိလာပါတယ်။ အဆိုပါကိစ္စနဲ့ပတ်သက်ပြီး မွန်းတည့်နေ ဂျာနယ်ဟာ မဘသ ဗဟိုရုံးချုပ်အဖြစ် အသုံးပြုထားတဲ့ ဆရာတော် သီတင်းသုံးရာ အင်းစိန်ရွာမကျောင်းတိုက်ဆီ သွားရောက်ပြီး သိလိုသည်များကို ဆရာတော်ထံ မေးမြန်းလျှောက်ထားခဲ့ပါတယ်။ အောက်ဖော်ပြထား သည်များဟာ မဘသ ဗဟိုဥက္ကဌ အင်းစိန်ရွာမ ဆရာတော်ကြီး ပြောကြားထားသည်များ ဖြစ်ပါတယ်။
    .
    မေး။ ။ဆရာတော်တို့ မ.ဘ.သ အဖွဲ့ကြီးအနေနဲ့ အမျိုးဘာသာ သာသနာစောင့်ရှောက်ဖို့လိုတယ်ဆိုပြီးတော့ လုပ်ကိုင် ဆောင်ရွက်နေကြတာပေါ့ ဘုရား၊၊ ဒါနဲ့ပတ်သက်ပြီး ဆရာတော်ကြီးက ၀ါတော်အရရော၊ သက်တော်အရရော ကြီးမြင့်တယ်ဆိုတော့ ခေတ်အဆက်ဆက်ကို ဖြတ်သန်းဖူးတော့ တပည့်တော်တို့ တိုင်းပြည်ကို ခေတ်သုံးခေတ် ပိုင်းခြားပြီး မေးပါရစေဘုရား။ လွတ်လပ်ရေးရပြီးခေတ်၊ လွတ်လပ်ရေးရပြီး အချိန်ကနေ ၁၉၆၂ ခုနှစ်ထိ တပည့်တော်တို့ ဘာသာ သာသနာဟာ ဘယ်လို အခြေအနေများရှိခဲ့သလဲ ဘုရား။
    .
    အဲဒီ ခေတ်အခြေအနေတုန်းက ဘာသာ သာသနာနဲ့ ပတ်သက်ပြီးတော့ ပြောပလောက်အောင် အန္တရာယ်များတာ သိပ်မတွေ့ခဲ့ဘူးပေါ့နော်။ အဲဒီတုန်းက ဗုဒ္ဓဘာသာ ကလည်းများတယ်၊ တာဝန်ရှိတဲ့  အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေကလည်း ဗုဒ္ဓဘာသာ ရင့်သန်တဲ့ ပုဂ္ဂိုလ်တွေပဲ များတယ်။ အဲဒီအချိန်တုန်းက ရောက်လာတဲ့ ဘာသာခြား လူမျိုးခြားတွေလည်းပဲ အခုချိန်လောက် များသောအားဖြင့် အခုလတ်တလော ခင်ဗျားတို့လည်း အသိပဲလေ ကမ္ဘာ့အစွန်းရောက်တွေက နောက်ပိုင်း မှများလာတာ။ အဲဒီတုန်းက သိပ်မရှိဘူးလေ။ ၁၉၆၂ ဟိုဘက်တုန်းက သိပ်မကြားရဘူးပေါ့။ ဒီမှာလည်းပဲ အဲဒီ အန္တရာယ်တွေ သိပ်မရှိဘူးလေ။
    .
    မေး။ ။ တင်ပါ့ဘုရား။ ဆိုတော့ ၁၉၆၂ နဲ့ ၁၉၈၈ မှာကျတော့ ဗိုလ်ချုပ်ကြီးနေ၀င်း အာဏာသိမ်းပြီးတော့ အုပ်ချုပ် တာပေါ့နော်။ အဲဒီကာလအပိုင်းအခြားမှာရော ဘယ်လို အခြေအနေရှိလဲဘုရား။
    .
    အဲဒီတုန်းကတော့ စစ်တပ်က အဘက်ဘက်က ထိန်းချုပ်ထားခြင်းကြောင့် ဘာသာခြားလူမျိုးခြား အန္တရာယ်တွေလည်း ပြော ပလောက်အောင် ဒီလောက်ကြီး မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း ကာလ ပထမ န. ၀. တ တက်လာတယ်၊ န. ယ. က တက်လာတယ်။ န. ယ. က နောက်ပိုင်းကြတော့ နည်းနည်းလေး လက်ရှိ တာဝန်ရှိတဲ့ပုဂ္ဂိုလ်တွေရဲ့ အုပ်ချုပ်မှုအပေါ်မှာ လျော့ရဲတာတွေ၊ လာဘ်စားတာတွေ ဒါတွေ ပေါ်မှာ မူတည်ပြီးတော့ ဘာသာကိုဖျက်ဆီးလိုတဲ့ပုဂ္ဂိုလ်တွေက အခွင့်ကောင်းတွေရလာတယ်။ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေနဲ့ပူးပေါင်းပြီးတော့၊ အဲဒီအချိန်မှာ နည်းနည်းလေး ပြဿနာတွေရှိလာတယ်။ အဲဒါတွေက အခုနောက်ပိုင်းမှာကြတော့ ပိုပြီးတော့ ဆိုးသွမ်းလာတယ်။ အရင်တုန်းကဆိုရင် အများရှေ့မှာ မုဒိမ်းကျင့် တာတို့၊ အရွယ်မရောက်သေးတဲ့လူတွေ လိင်အကြမ်းဖက်မှုတွေ သိပ်မရှိဘူးပေါ့နော်။ အခုနောက်ပိုင်း အဲဒါတွေ တော်တော် သောင်းကျန်းလာတယ်။
    .
    ၁၉၆၂ နဲ့ ၁၉၈၈ ကြားထဲမှာတော့ သိပ်မရှိသေးဘူးပေါ့ဘုရား။ ၁၉၈၈ နဲ့ ၂၀၁၀ ထိ တပ်မတော် အစိုးရ ခေတ်မှာကော ရှိလာပြီလားဘုရား။
    .
    အထိုက်အလျှောက်ရှိလာတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘူးသီးတောင်၊ မောင်တော ပြဿနာ တွေ ရခိုင်လူမျိုးတွေ လူမျိုးတုံး သတ်ဖြတ်မှုကိစ္စတွေမှာကြတော့ ထိုက်သင့်သလောက်ရှိလာတယ်။ ဒါပေမဲ့ အစိုးရက နိုင်အောင်ထိန်းနိုင်တယ်။
    .
    မေး။ ။ နိုင်အောင်မထိန်းနိုင်တာ ဘယ်အချိန်ကလဲဘုရား။
    .
    နိုင်အောင်မထိန်းနိုင်တာကတော့ အခုနောက်ပိုင်း အဲဒီ၊ ခန့်မှန်းခြေတော့ ၁၉၈၈ – ၉၉ ခုနောက် ပိုင်းလောက်မှာ နည်းနည်းလေး တဖြည်းဖြည်း လျော့ရဲလာတယ်။ ခုန ဆရာတော် ပြောသလိုလေ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေရဲ့ လာဘ်စားမှုတွေ ဘာတွေက ရှိလာတော့ နောက်ပိုင်းကျတော့ အခု ၂၀၁၀ ပေါ်မှာကျတော့ ပိုများလာတယ်လေ၊ ရခိုင်အရေးအခင်းတို့ မိတ္ထီလာအရေးအခင်းတို့၊ ဥက္ကံအရေးအခင်းတို့ ပေါ်လာတယ်၊ ဒါတွေက သိသိသာသာ ထင်ရှားလာတယ်။
    .
    မေး။ ။အရှင်ဘုရားခုနက ရှင်းပြသလိုဆို ၁၉၉၉ နောက်ပိုင်းမှာ ပြဿနာတွေစဖြစ်ပြီဆိုတော့ ဒီပြဿနာတွေနဲ့ ပတ်သက်လို့ အဓိက တာဝန်ရှိတဲ့သူတွေဟာ ဘယ်သူတွေများဖြစ်မယ်လို့ ဆရာတော်ဘုရားယူဆပါသလဲ ဘုရား။
    .
    ဒါကတော့ အစုံပဲ။ အဓိက တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေဆိုတာကတော့ အားလုံး ပြည့်စုံအောင် ဖော်ပြဖို့ကတော့ သိပ်မလွယ်ဘူးပေါ့။ ဒါပေမဲ့ တာဝန်ရှိတဲ့ ထိန်းသိမ်းတဲ့ ပုဂ္ဂိုလ်တွေ၊ အခွင့်ထူးခံပုဂ္ဂိုလ်တွေ အဲဒီဥစ္စာတွေ အားလုံးပဲ ပါပါတယ်။ အဲဒီထဲမှာပဲ ကျန်တဲ့ပုဂ္ဂိုလ်တွေကလဲ ပူးပေါင်းမှု အားနည်းလာတဲ့ ပုဂ္ဂိုလ် တွေရှိတယ်။
    .
    မေး။ ။ အဓိက အစိုးရအာဏာပိုင်တွေကို ဆိုလိုတာလားဘုရား။ သို့မဟုတ် အခြား သာမန်ပြည်သူတွေကို ဆိုလို တာလားဘုရား။
    .
    အစိုးရအာဏာပိုင်တွေပေါ်မှာလည်း နည်းနည်းမူတည်တယ်။ အခွင့်ထူးခံ ပုဂ္ဂိုလ်တွေကလည်း အခွင့်အရေးများများ ယူလာတာလည်း ပါတယ်။ နောက်ပြီးတော့ ကျန်တဲ့ အာဏာပိုင်မဟုတ်တဲ့ ပြည်သူ တွေ၊ အတိုက်အခံတွေ၊ နိုင်ငံရေးသမားတွေရဲ့ ပူးပေါင်းဆောင်ရွက်မှု အားနည်းတာတွေလည်းပါတယ်။
    .
    မေး။ ။ ဆရာတော်ဘုရားရှင်းပြတဲ့ အဲဒီအချိန်တုန်းကဆိုရင် တပည့်တော်တို့နိုင်ငံကို အန္တရာယ်ကျရောက်စေတဲ့ လူဦးရေ ၀င်ရောက်မှုတွေ ရှိလာပြီပေါ့နော်။ ရှိလာပြီဆိုတဲ့ အချိန်မှာ တာဝန်ရှိတဲ့လူတွေထဲမှာ ဥပမာ NLD
    လို  အဖွဲ့အစည်းမျိုးပေါ့။ အဲဒီ အဖွဲ့အစည်းကော ပါပါလား ဘုရား။
    .
    ခုနက ပြောသလို ပူးပေါင်းဆောင်ရွက်မှုပေါ့။ သူက ပူးပေါင်းဆောင်ရွက်မှုမရှိရင် သူလည်းပါ မှာပဲလေ။ ပူးပေါင်းဆောင်ရွက်မှုမရှိတဲ့ ပုဂ္ဂိုလ်တွေအကုန်လုံး ပါတယ်လို့ ဆရာတော်တို့ ဆိုလိုတာပါ။
    .
    မေး။ ။ တင်ပါ့။ တပည့်တော်တို့နားလည်သလောက်ဆိုရင် အဲဒီအချိန်တုန်းက NLD ပါတီဆိုတာက ထောင်ထဲ ကိုထည့်ထားခံရတယ်။ လူတွေကိုဖမ်းထားတယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုလည်း နေအိမ် အကျယ်ချုပ်နဲ့။ အဲဒီလို အခြေအနေမျိုးမှာ သူတို့ အနေနဲ့ ဒီကိစ္စကို ဘယ်လိုများ ပူးပေါင်းပါဝင်လို့ ရနိုင်မလဲဘုရား။ ဆရာတော်ဘုရားရဲ့ အတွေ့အကြုံအရ မိန့်ပါဘုရား။
    .
    မဟုတ်ဘူးလေ ဆရာတော်က ဘယ်ကိုပါဝင်တယ်ဆိုတဲ့ဥစ္စာကို မပြောဘူး။ ပူးပေါင်းပါဝင်မှု  မဟုတ်တဲ့ ပုဂ္ဂိုလ်တွေမှန်သမျှ ပါတယ်လို့ ပြောနေတာနော်။ ဘယ်နည်းနဲ့ပဲ ဖြစ်ဖြစ်ပေါ့။ ထောင်ထဲကျသည်ဖြစ်စေ။ မကျသည်ဖြစ်စေ။ ထိုက်သင့်သလောက် အကြံပေးလို့ရတယ်၊ ပြောဆိုလို့ရတဲ့ ဥစ္စာတွေရှိတယ်။ သူ့ကို ပါဝင်တယ်၊ မပါဝင်တယ်ဆိုတာမျိုး ဆရာတော်ပြောလိုတာ မဟုတ်ဘူး။ ဒီအကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာမှုမှာ ကိုင်တွယ်မှုတွေမှာ ပြည်သူတွေပေါ်မှာလည်း တာဝန်ရှိသလို အုပ်ချုပ်ရေးပေါ်မှာလည်း တာဝန်ရှိတယ်။ အဲဒီထဲမှာ ပါဝင်မှုမပါတဲ့ ပုဂ္ဂိုလ်တွေ မှန်သမျှဟာ ပူးပေါင်းတယ်ဆိုတဲ့ သဘောလည်းပြောလို့ရ တယ်။ ဘယ်ပုဂ္ဂိုလ်တွေရယ်လို့ မဟုတ်ဘူး။ အားလုံးပဲ။
    .
    မေး။ ။ ဆရာတော်ဘုရားလည်းရှင်းပြသွား သလိုဆိုရင် ၁၉၆၂ ရှေ့ပိုင်းမှာ တိုင်းပြည်ရဲ့ ဘာသာသာသနာမှာ စွန်းတာထင်းတာတွေ သိပ်ပြီးတော့ အဖြစ်နည်းခဲ့တာပေါ့။ ၁၉၆၂ နောက်ပိုင်း ပြန်ကြည့်လိုက်လို့ရှိရင် တပည့်တော်တို့ တိုင်းပြည်ဟာ အခြားသောနိုင်ငံတွေနဲ့နှိုင်းယှဉ်လို့ မရအောင် အများကြီးနိမ့်ကျသွားတဲ့ အခြေအနေတွေ ဖြစ်ခဲ့ပါတယ် ဘုရား။ ဒီတော့ ပြည်သူအားလုံးက ဒီတိုင်းပြည်ကြီးကို ပြန်ပြီး ဖွံ့ဖြိုးစေချင်တယ်။  တိုးတက်စေချင်တယ်။ လွတ်လွတ်လပ်လပ်နဲ့ နေချင်ကြတဲ့အခါကျတော့ ရွေးကောက်ပွဲကြီးကိုမျှော်ကြတာ ပေါ့ ဘုရား။ မျှော်ကြတော့ ရွေးကောက်ပွဲကြီးမှာ လွတ်လွတ်လပ်လပ် မဲပေးချင်ကြတာပေါ့။ ဒါပေမဲ့ တစ်ဖက်မှာ ဖြစ်နေတာက အထူးသဖြင့် မဘသဆရာတော် တော်တော်များများက မျိုးစောင့်ဥပဒေနဲ့ပတ်သက်ရင် လွှတ်တော်ထဲမှာ ဆွေးနွေးစဉ်ကာလတုန်းက NLD အမတ်တွေက ဒါကို ကန့်ကွက်ဆွေးနွေးတာတွေရှိ ခဲ့တယ်။ အဲဒီလိုဆန့်ကျင်ဆွေးနွေးခဲ့တဲ့အတွက် လာမဲ့ရွေးကောက်ပွဲမှာ NLD ကိုမဲမပေးပါနဲ့လို့ ပြောဆိုစည်းရုံးတာတွေ ရှိနေပါတယ်ဘုရား။ ဆိုတော့ ပြည်သူတွေလွတ်လပ်ပိုင်ခွင့်ကို ဒီလိုမျိုးဘယ်သူ့ကိုမဲပေးပါ၊ ဘယ်သူ့ကိုမပေးပါနဲ့လို့ ပြောဆိုတာဟာ သင့်တော်ပါရဲ့လား။
    .
    ( အခြားသံဃာတစ်ပါး – ဘုန်းကြီးတွေက အမိန့်ပေးလို့မှမရတာ။ အသိပညာပေးတာပဲရှိတယ်။)
    နမူနာတစ်ခု ဆရာတော်ပြောမယ်။ ဒေါ်အောင်ဆန်းစုကြည် ကယားပြည်ခရီးစဉ်မှာ တစ်သီးပုဂ္ဂလတွေကို မဲမပေးနဲ့လို့ သူက ပိတ်ပင်တယ်။ သူက ပိတ်ပင်ခွင့်ရှိသလား။ အဲဒီသဘောမျိုးပေါ့။ ကိုယ့်အမျိုးဘာသာ သာသနာကို အန္တရာယ်ဖြစ်လာမဲ့ မည်သူ့ကိုမဆို ထိုက်သင့်သလောက် ဒါကတော့ ရှောင်ရှားဖို့လိုအပ်မယ်။ မရှောင်ရှားရင် သူတို့ကို အမျိုးဘာသာ သာသနာဖျက်တဲ့ ပုဂ္ဂိုလ်လက်ထဲထည့် ပေးသလို ဖြစ်မှာပေါ့။ ဘယ်ပုဂ္ဂိုလ်ရယ်လို့ NLD ရယ်လို့ ပြောတာမဟုတ်ပါဘူး။ အမျိုးဘာသာ သာသနာဖျက်မဲ့ သူတွေကိုတော့ ရှောင်ရှားဖို့လိုအပ်တယ်။ သူကဖျက်မလား မဖျက်ဘူးလား။ မဖျက်ရင် ရှောင်ရှားစရာမလိုဘူး။ ဖျက်ရင်တော့ ရှောင်ရှားဖို့လိုအပ်မယ်ပေါ့။
    .
    မေး။ ။ နောက်ဆုံးပေါ့ ဘုရား။ ဆရာတော်ဘုရားရဲ့ တစ်ပါးချင်း အမြင်ဆိုရင်ပေါ့။ ဆရာတော်ဘုရားရဲ့ ၀ါတော်သက်တော် ကြီးရင့်မှုအရ မြင်တွေ့ရပြီ ထင်ပါတယ်။ တပ်မတော်အစိုးရဆို ဘယ်သူတွေလဲ။  ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ဆရာတော်တွေ့ခဲ့တယ်။ NLD ဆရာတော်တွေ့ခဲ့တယ်။ ဆရာတော် တစ်ပါးချင်းအနေနဲ့ NLD ပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးဘာသာ သာသနာကို ဖျက်ဆီးမဲ့ ပုဂ္ဂိုလ်တွေရဲ့ ပါတီလို့ယူဆပါသလား။
    .
    ဒါတွေက ဆရာတော်တို့က ပုဂ္ဂိုလ်တိုက်ရိုက်၊ ပါတီတိုက်ရိုက်ကို မပြောလိုပါဘူး။ အမျိုးဘာသာ သာသနာအတွက် အကျိုးပြုတဲ့ပုဂ္ဂိုလ်လား အကျိုးမပြုတဲ့ပုဂ္ဂိုလ်လား။ လက်ရှိလုပ်ငန်းပေါ်မှာပဲ အကျိုးပြုသလား အဲဒီ စံအပေါ်မှာပဲ မူတည်ပြီး အကျိုးမပြုဘူး အနှောင့်အယှက် ဖြစ်လာတယ်ဆိုရင်တော့ ဒီပုဂ္ဂိုလ်က ထိုက်သင့်သလောက်တော့ ရှောင်ရှားဖို့ လိုအပ်မယ်။ အကျိုးပြုတဲ့ ပုဂ္ဂိုလ်ဆိုရင်တော့ လက်တွဲဖို့ လိုအပ်တယ်ဆိုတဲ့ သဘောပေါ့။ ဆရာတော် တစ်နေ့ကပဲ ကယားပြည်နယ် မော်ချီးဒေသ ဒုက္ခသည်တွေနဲ့ ပတ်သက်လို့ကယ်ဆယ်ဖို့ လုပ်ရင်း အဲဒီထဲမှာ သဘောထားထုတ်ပြန်ချက် တစ်ခု ထည့်လိုက်ပါတယ်။ အဲဒီမှာတွေ့ပါလိမ့်မယ်။ တကယ်တော့ လက်ရှိ လူတစ်စုကောင်းစားရေး အာဏာရှင်စနစ်ကတော့ ပြောင်း လဲရေးလိုအပ်နေပြီ။ ဒါပေမဲ့ အမျိုးသားရေးလက္ခဏာ မပျောက်ပျက်ဖို့ အရေးကြီးတယ်။ အမျိုးသားရေးလက္ခဏာဆောင်တဲ့ အပြောင်းအလဲဖြစ်ဖို့ လိုအပ်တယ်ဆိုတဲ့သဘောမျိုး ဆရာတော်ပြော ပြီးပြီ။ ဆရာတော်တို့က အာဏာရှင်ကိုလည်း မလိုလားဘူး။ အပြောင်းအလဲလိုအပ်တယ်။ အပြောင်းအလဲ ဆိုတာက ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ကိုယ့်ဘာသာ သာသနာအတွက် အကျိုးပြုမဲ့ အပြောင်းအလဲ ဖြစ်စေချင်တယ်။ ကိုယ့်လူမျိုး ကိုယ့်ဘာသာသာသနာအတွက် အန္တရာယ်ဖြစ်စေမဲ့ အပြောင်းအလဲမျိုးကိုတော့ ရှောင်နိုင်သလောက် ရှောင်ဖို့ လိုအပ်မယ်။ ဒါ ဆရာတော်တို့က မဲဆွယ်ပိုင်ခွင့် မရှိဘူး။ အသိပေးတာပဲ ရှိတယ်။
    .
    ဘယ်သူ့ကိုမဲပေးပါ ဘယ်သူ့ကိုမဲမပေးပါနဲ့ ဆိုတာတော့ မပြောပါဘူး။
    .
    မွန်းတည့်နေဂျာနယ် အတွဲ ၂ ၊ အမှတ်(၃၂) မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။

  • ဖော်မြူလာဝမ်းကို အမေရိကန်အားကစားများနှင့် ချိတ်ဆက်သင့်ဟု ဟာမီလ်တန်ပြော

    ဖော်မြူလာဝမ်းကို အမေရိကန်အားကစားများနှင့် ချိတ်ဆက်သင့်ဟု ဟာမီလ်တန်ပြော

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    car

    – ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲအနေဖြင့် အမေရိကန်တွင် ပရိတ်သတ်အသစ်များ ရရှိရန်အတွက် အမေရိကန်၏ အဓိက အားကစားနည်းများဖြစ်သော ဘက်စကက်ဘော၊ ဘေ့စ်ဘော အားကစားနည်းများဖြင့် ချိတ်ဆက်ဆောင်ရွက်သင့်သည်ဟု မာစီဒီးစ်အသင်း၏ နာမည်ကြီး ကားမောင်းသမား လူးဝစ်ဟာမီလ်တန်က ပြောကြားလိုက်သည်။

    ယူအက်စ် ဂရင်းပရီကားမောင်းပြိုင်ပွဲအတွက် ယမန်နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ် ဖော်မြူလာဝမ်းအား အမေရိကန် လူငယ်များအကြား မည်ကဲ့သို့ ရေပန်းစားအောင် လုပ်နိုင်မည်နည်းဟု မေးမြန်းရာ ကမ္ဘာ့နံပါတ် ၁ ကားမောင်းသမား ဟာမီလ်တန်က ထိုကဲ့သို့ ပြန်လည်ဖြေကြားခဲ့ခြင်း ဖြစ်သည်။

    “NFL (ဘေ့စ်ဘော့ပြိုင်ပွဲ) ဒါမှမဟုတ် (အမေရိကန်က) အခြားသော အားကစားတွေနဲ့ ဖော်မြူလာဝမ်းဟာ ထိတွေ့ ချိတ်ဆက်လို့ ရနိုင်ပါတယ်။ ဖော်မြူလာဝမ်းပြိုင်ပွဲကို NBA က ကစားသမားတစ်ယောက် လာကြည့်တာကို ကျွန်တော် မမြင်ဖူးပါဘူး။ သူငယ်ချင်းတစ်ယာက် တစ်ကြိမ်တော့ လာကြည့်ဖူးပါတယ်။ ဒါပေမယ့် အဲဒီ NBA၊ အခြားသော အားကစားနည်းတွေကလူတွေ လာကြည့်တာမျိုးတော့ တကယ့်ကို မရှိပါဘူး” ဟု ဟာမီလ်တန်က ထည့်သွင်းပြောကြားခဲ့သည်။

    Ref: Dailymail

  • ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    ၂၀၁၅ မှာ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူချိန် အမြင့်ဆုံးနှစ် ဖြစ်လာ

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    heat

    – ယခု ၂၀၁၅ ခုနှစ်မှာ ကြေးခေတ်မှစ၍ ယခုအချိန်အထိ နှစ်ပေါင်း ၄၀၀၀ ကျော်အတွင်း အပူပြင်းဆုံး နှစ်ဖြစ်သည်ဟု ရာသီဥတုဆိုင်ရာ ပညာရှင်များက ပြောကြားလိုက်သည်။

    ကမ္ဘာ့မြောက်ခြမ်းရှိ နွေရာသီလများဖြစ်သော ဇွန်၊ ဇူလိုင်နှင့် သြဂုတ်လတို့မှာ ၁၈၈၀ အပူချိန်မှတ်တမ်းများ စတင်ယူစဉ်ကတည်းက ကမ္ဘာတစ်ဝှမ်း အမြင့်ဆုံး ပျမ်းမျှအပူချိန်ရှိသည့် လများအဖြစ် မှတ်တမ်းဝင်ခဲ့သည်ဟု အမေရိကန် အမျိုးသား သမုဒ္ဒရာနှင့် လေထုစီမံခန့်ခွဲရေးအဖွဲ့က ဆိုသည်။

    ပြီးခဲ့သည့် ၉ လအတွင်း ၇ လမှာ ယခင်ကထက် နှိုင်းယှဉ်လျှင် အပူချိန်ပိုမြင့်သည့်လများ ဖြစ်ခဲ့ပြီး စက်တင်ဘာလ၏ မြေပြင်နှင့် သမုဒ္ဒရာအပူချိန်များမှာ စံချိန်တင်အပူချိန်မျိုး ဖြစ်ခဲ့သည်။

    “မကြုံစဖူး ဒီအပူချိန်ဟာ ပစိဖိတ်အတွင်းမှာဖြစ်ပေါ်တဲ့ ပြင်းထန်တဲ့ အလယ်နီညိုကြောင့် ဖြစ်ပါတယ်။ အပူချိန်ဟာ ၅ လဆက်ဆိုက် စံချိန်တင်ခဲ့ပြီး နွေဦးရာသီရောက်ရင်လည်း အလ်နီညိုက ဒီအတိုင်းရှိမှာ ဖြစ်တာကြောင့် အပူချိန်မြင့်တာကလည်း ဆက်ဖြစ်နေမှာပါ” ဟု CNN ၏ ရာသီဥတုဆိုင်ရာ အကြီးတန်းပညာရှင် ဒေ့ဗ် ဟန်နန်က ပြောကြားခဲ့သည်။

    ရာသီဥတု လေ့လာရေး ပညာရှင်များကမူ ယခုနှစ် ကမ္ဘာကြီး၏ အပူချိန်မှာ ကြေးခေတ်နောက်ပိုင်း အမြင့်ဆုံး အပူချိန်ဖြစ်သည်ဟု ပြောကြားခဲ့သည်။ အဆိုပါ စံချိန်တင်အပူချိန်များကို မြောက်အာဖရိကမှ အရှေ့အလယ်ပိုင်းနှင့် အရှေ့တောင်အာရှဒေသရှိ အစိတ်အပိုင်းအချို့၊ တောင်အမေရိက ဒေသတစ်ဝက်၊ မြောက်အမေရိက အလယ်ပိုင်းနှင့် အရှေ့ပိုင်းတို့တွင် တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    သို့သော်လည်း တောင်အမေရိက တောင်ဘက်ပိုင်း၊ ကနေဒါအနောက်ဖက်၊ အလာစကာနှင့် အာရှ အလယ်ပိုင်းတို့တွင် အပူချိန်မှာ ပျမ်းမျှထက် ပိုမိုလျော့နည်းနေသည်ကို တွေ့ခဲ့ရသည်။

    “ပြင်းထန်တဲ့ အလ်နီညိုဟာ ဆက်ပြီးရှိနေဖို့ ၉၈ ရာခိုင်နှုန်း သေချာနေပါတယ်။ ဒါ့ကြောင့် ဒီနှစ်ဟာ တစ်ကမ္ဘာလုံး အပူချိန် စံချိန်တင်မြင့်မားတဲ့နှစ်အဖြစ် အဆုံးသတ်လိမ့်မယ်လို့ ယေဘူယျအားဖြင့် ပြောလို့ရပါတယ်” ဟု ဟန်နန်က ပြောကြားခဲ့သည်။

    Ref: CNN

  • ဆွီဒင်စာသင်ကျောင်း ဓားခုတ်မှု လူမျိုးရေး လှုံ့ဆော်မှုကြောင့်ဖြစ်

    ဆွီဒင်စာသင်ကျောင်း ဓားခုတ်မှု လူမျိုးရေး လှုံ့ဆော်မှုကြောင့်ဖြစ်

    အောက်တိုဘာ ၂၃၊ ၂၀၁၅
    M-Media

    swe

    – ယမန်နေ့က ဆွီဒင်နိုင်ငံအနောက်ပိုင်း ထရိုလ်ဟတ္တန်မြို့ရှိ စာသင်ကျောင်းတစ်ခုတွင် ဖြစ်ပွားခဲ့သော ဓားရှည်ဖြင့် ခုတ်မှုမှာ လာယာစွန်းရောက် လူမျိုးရေးလှုံ့ဆောင်မှုကြောင့်ဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားလိုက်သည်။

    အနက်ရောင်ဝတ်စုံနှင့် မျက်နှာဖုံးဝတ်ထားသည့် အသက် ၂၁ နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ယမန်နေ့မနက်ပိုင်းတွင် ကျောင်းစာသင်ခန်း နှစ်ခန်းအတွင်းသို့ တံခါးခေါက် ၀င်ရောက်လာကာ ဆရာများနှင့် ကျောင်းသားများအား ဓားဖြင့်ခုတ်ခဲ့ခြင်းဖြစ်ပြီး ကျောင်းဆရာတစ်ဦးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားကာ အသက် ၁၇ နှစ်အရွယ် ကျောင်းသားတစ်ဦးမှာ ဒဏ်ရာဖြင့် ဆေးရုံတွင် သေဆုံးခဲ့သည်။

    အခြားကျာင်းသားများမှာလည်း ထိုဖြစ်အပျက်တွင် ဒဏ်ရာရရှိခဲ့သည်။ ၎င်းကျောင်းထဲသို့ ၀င်ရောက်လာချိန်တွင် ကျောင်းသားတစ်ချို့မှာ ၎င်းနှင့် အတူတွဲ၍ ဓာတ်ပုံရိုက်ခဲ့ကြသည်။

    ရဲတပ်ဖွဲ့ပြောရေးဆိုခွင့်ရှိသူကမူ တိုက်ခိုက်သူ၏ ပြုမူဆောင်ရွက်ပုံ၊ ၎င်း၏ တိုက်ခန်းတွင် တွေ့ရှိခဲ့သည့် အရာများ၊ ဓားဖြင့်ခုတ်ရန် လူရွေးချယ်မှု၊ အ၀တ်အစား ၀တ်စားဆင်ယင်ပုံတို့ကို ကြည့်ရှု၍ ၎င်းမှာ လက်ယာစွန်းရောက် လူမျိုးရေးလှုံ့ဆောင်မှုကြောင့် ကျူးလွန်ခဲ့ခြင်းဖြစ်သည်ဟု ကောက်ချက်ချခဲ့ကြောင်း ပြောကြားခဲ့သည်။

    ဆွီဒင်မီဒီယာများကမူ ကျူးလွန်သူမှာ အန်တန် လန်ဒင် ပတ်တာဆန်ဆိုသူ ဖြစ်သည်ဟု ဖော်ပြခဲ့ကြသည်။ ဆွီဒင် သတင်းစာတစ်စောင်ဖြစ်သည့် Aftonbladet ကမူ ပတ်တာဆန်မှာ အခင်းဖြစ်ပွားခဲ့သည့် အဆိုပါ ထရိုလ်ဟတ္တန်မြို့တွင်ပင် နေထိုင်သူဖြစ်ကြောင်း၊ ယခု ဓားဖြင့် ၀င်ရောက်ခုတ်သည့် ကျောင်းမှာ ၎င်း တက်ဖူးခဲ့သည့် ကျောင်းများထဲမှ တစ်ခုဖြစ်ကြောင်း ဖော်ပြခဲ့သည်။

    ၎င်း၏ အထက်တန်းကျောင်းနေဖက်တစ်ဦးကမူ ပတ်တာဆန်မှာ အမြဲတမ်း အနက်ရောင်ဝတ်ရုံရှည်ကို ၀တ်လေ့ရှိသည်ဟု ပြောကြားခဲ့သည်။ ပတ်တာဆန် ကျောင်းထွက်ပြီးနောက်တွင် ၎င်း၏ ဆံပင်ကို ညှပ်ပစ်လိုက်ပြီး ဟစ်တလာနှင့် နာဇီဝါဒတို့အား ၀ါဒဖြန့်သည့် ဆိုရှယ်မီဒီယာပေ့ခ်ျများကို Like လုပ်ကာ၊ ဆွီဒင်နိုင်ငံက ကမ္ဘာတစ်ဝှမ်းမှ ဒုက္ခသည်များ လက်ခံရေးအစီအစဉ်ကို ရပ်တန့်ရန် Facebook မှတစ်ဆင့် ပြုလုပ်သည့် တောင်းဆိုချက်တစ်ခုကိုလည်း လက်မှတ်ရေးထိုးခဲ့ဖူးကြာင်း Aftonbladet သတင်းစာက ထည့်သွင်းဖော်ပြခဲ့သည်။

    ဆွီဒင်နိုင်ငံတွင် ထိုကဲ့သို့ကျူးလွန်မှုမှာ အလွန်အင်မတန်ဖြစ်ခဲပြီး ယခုအဖြစ်အပျက်က တစ်နိုင်ငံလုံးကို တုန်လှုပ်စေခဲ့သည်။

    Ref: Foxnews, CNN