အောက်တိုဘာ ၂၆၊ ၂၀၁၅
M-Media
– ကနေဒါနိုင်ငံ ဗန်ကူးဗားကျွန်း အနောက်ဖက် ကမ်းရိုးတန်းရှိ တိုဖီနိုမြို့တွင် ကမ္ဘာ့လှည့်ခရီးသည် ၂၇ ဦး လိုက်ပါသွားသည့် ဝေလငါးကြည့် သင်္ဘောတစ်စင်း ယမန်နေ့ ညနေပိုင်းတွင် တိမ်းမှောက်မှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့သည်ဟု ကယ်ဆယ်ရေး တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ထိုအထဲမှ ၂၁ ဦးကို ကယ်တင်နိုင်ခဲ့ပြီး ၁၈ ဦးမှာ ဆေးရုံ၌ ဆေးကုသမှု ခံယူနေကာ တစ်ဦးမှာမူ ပျောက်ဆုံးနေသည်။ အန္တရာယ်ကျရောက်နေသည်ဟု သင်္ဘောမှ အချက်ပြမှု ရရှိခဲ့ပြီးနောက် စစ်ဘက်ဆိုင်ရာ ရဟတ်ယာဉ်တစ်စီးကို စေလွှတ်ခဲ့ကာ ကမ်းခြေစောင့်တပ်ဖွဲ့မှ သင်္ဘောများနှင့် ငါးဖမ်းသင်္ဘောများကလည်း ကယ်ဆယ်ရေးလုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။
အဆိုပါ တိုဖီနိုမြို့မှာ လူဦးရေ ၂၀၀၀ ခန့်သာရှိသော ကမ်းရိုးတမ်းမြို့ငယ်လေးဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းမှ ရေလှိုင်းစီးသူများ၊ ဝေလငါး ကြည့်ရှုသူ နိုင်ငံခြားသာများဖြင့် စည်ကားသည့် မြို့တစ်မြို့လည်း ဖြစ်သည်။ ၁၉၉၈ ခုနှစ်ကလည်း ယခု တိမ်းမှောက်သွားသည့် သင်္ဘောကို ပိုင်ဆိုင်သော ကုမ္ပဏီမှ ဝေလငါးကြည့် သင်္ဘောတစ်စီး တိမ်းမှောက်ခဲ့ဖူးပြီး သင်္ဘောကပ္ပတိန်နှင့် ဂျာမနီ ကမ္ဘာလှည့်ခရီးသည်တစ်ဦး သေဆုံးခဲ့သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.