News @ M-Media
Blog
  • ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ
    ၃၀ ပြည့်သော်လည်း နောက်ထပ်နှစ်များစွာ ကစားနိုင်မည်ဟု ရူနီယုံကြည်နေ
    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media
    ronney
    – လာမည့် စနေနေ့တွင် အသက် ၃၀ ပြည့်မည်ဖြစ်သော်လည်း မိမိအနေဖြင့် လာမည့်နှစ်အတော်ကြာ ထိပ်တန်းအဆင့်တွင် ဆက်လက်ကစားနိုင်မည်ဟု ယုံကြည်ကြောင်း မန်ယူတိုက်စစ်မှူး ၀ိန်းရူနီက ပြောကြားလိုက်သည်။
    အသက် ၁၆ နှစ်အရွယ် ၂၀၀၂ ခုနှစ်က အဲဗာတန်အသင်းနှင့် ပွဲထွက်ခွင့်ရရှိခဲ့သော ရူနီမှာ အနိမ့်အမြင့် အတက်အကျများဖြင့် ပရီးမီးယားလိဂ်တွင် ကျင်လည်ခဲ့ရသည်မှာ ၁၄ နှစ် ရှိလာခဲ့ပြီဖြစ်သည်။
    “ရုပ်ပိုင်းဆိုင်ရာအရ ကျွန်တော်ဟာ အဆင်ပြေပြီး၊ အသက် ၃၀ ပြည့်မွေးနေ့ဆိုတာ လူတစ်ယောက်ရဲ့ဘ၀မှာ ကြီးကျယ်တဲ့ မွေးနေ့တစ်ခုပါပဲ။ ဒါပေမယ့် ကျွန်တော့် ဘောလုံးသမားဘ၀အတွက်ဆိုရင်တော့ ကျွန်တော်ဟာ တော်တော်ငယ်သေးပြီး နောက်ထပ် နှစ်အတော်များများ ကစားလို့ရပါသေးတယ်” ဟု ရူနီက ပြောကြားခဲ့သည်။
    Ref: Goal
  • ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန် ၀န်ထမ်းများအကြား ပစ်ခတ်မှုဖြစ်ပွား
    ဖိလစ်ပိုင်တွင် တရုတ်ကောင်စစ်ဝန် ၀န်ထမ်းများအကြား ပစ်ခတ်မှုဖြစ်ပွား
    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media
    china
    – ဖိလစ်နိုင်ငံ၏ ဒုတိယမြို့တော်ဖြစ်သော စီဘူးမြို့ရှိ စားသောက်ဆိုင်တစ်ခုတွင် ယနေ့နေ့လည်ပိုင်းက တရုတ်အမျိုးသမီးတစ်ဦးမှာ တရုတ် ကောင်စစ်ရုံးမှ ၀န်ထမ်းနှစ်ဦးကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည်ဟု သိရသည်။
    ပစ်ခတ်မှုတွင် ကောင်စစ်ဝန် ဗိုလ်ချုပ် ဆွန် ရွန်ဟွာမှာ ဒဏ်ရာရရှိခဲ့သောကြောင့် ဆေးရုံသို့ အလျင်အမြန် တင်ပို့ခဲ့ရပြီး ပစ္စတိုဖြင့် ပစ်ခတ်ခဲ့သူ တရုတ်အမျိုးသမီးအား ဖမ်းဆီးထားကာ ၎င်း၏ ခင်ပွန်းကိုလည်း စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ထိန်းသိမ်းထားသည်ဟု ဖိလစ်ပိုင် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူတစ်ဦးက ပြောကြားခဲ့သည်။ ပစ်ခတ်သူ အမျိုသမီးမှာ ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းတစ်ဦးဖြစ်သည်။
    ကျူးလွန်ရသည့် အကြောင်းအရင်းကို သိရှိရခြင်း မရှိသေးဘဲ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ရန်အတွက် ဘာသာပြန်များ လိုအပ်နေသည်ဟု ဆိုသည်။ ကောင်စစ်ဝန်ရုံးမှ ၀န်ထမ်းများမှာ စားသောက်ဆိုင်၏ သီးသန့်အခန်းတစ်ခုတွင် ဗိုလ်ချုပ် ဆွန်ရွန်ဟွာ၏ မွေးနေ့ပွဲ ကျင်းပပြုလုပ်နေစဉ် ပစ်ခတ်မှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
    Ref: Aljazeera
  • ပါလက်စတိုင်း မငြိမ်သက်မှုအတွင်း သေဆုံးသူများ မြင့်တက်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဟု ဘန်ကီမွန်ပြော
    ပါလက်စတိုင်း မငြိမ်သက်မှုအတွင်း သေဆုံးသူများ မြင့်တက်၊ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရမည်ဟု ဘန်ကီမွန်ပြော
    အောက်တိုဘာ ၂၁၊ ၂၀၁၅
    M-Media
    pla
    – တင်းမာမှုများ မြင့်တက်နေသော ပါလက်စတိုင်း ပိုင်နက်များ၌ အစ္စရေးစစ်တပ်က ယမန်နေ့တွင် ပါလက်စတိုင်း ၅ ဦးကို ပစ်သတ်ခဲ့ပြီး၊ ထိုအထဲတွင် မိသားစုတစ်ခုတည်းမှ ဆယ်ကျော်သက် လူငယ်နှစ်ဦး ပါဝင်ခဲ့သည်။
    ထိုလူငယ်နှစ်ဦးကို ယမန်နေ့ညနေပိုင်းတွင် ပါလက်စတိုင်းပိုင် အနောက်ဖက်ကမ်းရှိ ဟီဘရွန်မြို့၌ အစ္စရေး တပ်ဖွဲ့များက ပစ်သတ်ခဲ့ခြင်းဖြစ်ပြီး စစ်သားများအား ဓားဖြင့်တိုက်ခိုက်ရန် ကြိုးစားသည်ဟု ဆိုသည်။ အစ္စရေးစစ်သာတစ်ဦးမှာ ထိုအဖြစ်အပျက်တွင် ဒဏ်ရာရရှိခဲ့သည်။
    ယမန်နေ့ မနက်ပိုင်းကလည်း အသက် ၂၄ နှစ်အရွယ် အဒီဟာရှင်မ် မက်စ်လာမဟ်ဟု အမည်ရသည့် ပါလက်စတိုင်းတစ်ဦးကို ဟီဘရွန်မြို့အနီးတွင်ပင် အစ္စရေးတပ်ဖွဲ့က ပစ်သတ်ခဲ့ပြီး ဓားဖြင့်ထိုးရန် ကြိုးစားသည်ဟုပင် သတင်းထုတ်ပြန်ခဲ့သည်။
    ဂါဇာကမ်းမြှောင်တွင်လည်း အသက် ၂၇ နှစ်အရွယ် အဟ်မဒ် အလ်-ဆာဟီမှာ အစ္စရေး၏ ပစ်ခတ်မှုကြောင့် သေဆုံးခဲ့သည်။
    ပါလက်စတိုင်းပိုင်နက်များတွင် အစ္စရေးက ဆောက်လုပ်ထားသော တရားမ၀င်အိမ်ယာများ၌ နေထိုင်သူ ဂျူးတစ်ဦးမှာ ယမန်နေ့က ဟီဘရွန်မြို့အနီးတွင် သေဆုံးခဲ့ပြီး မျက်မြင်သက်သေများကမူ ၎င်းမှာ ထိုဒေသရှိ ပါလက်စတိုင်းခရီးသွားများအား တိုက်ခိုက်မှုများ ပြုလုပ်စဉ် ကားတစ်စီးက ၎င်းအား ၀င်တိုက်ခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    အနောက်ဘက်ကမ်းရှိ ရာမာလာတွင် ယမန်နေ့က ပါလက်စတိုင်းများမှုာ အစ္စရေး၏ ဖိနှိပ်ချုပ်ချယ်မှုများကို ဆန့်ကျင်သည့်အနေဖြင့် ဆန္ဒပြမှုများ ပြုလုပ်ခဲ့ပြီး အစ္စရေးရဲတပ်ဖွဲ့က မျက်ရည်ယိုဗုံးများသုံးကာ လူစုခွဲခဲ့သည်။
    ပြီးခဲ့သည့်လအတွင်းက အနောက်ဖက်ကမ်းရှိ အလ်-အက်ဆွာ ဗလီဝတ်ကျောင်းတော်အတွင်းသို့ အစ္စရေး စစ်သားများနှင့် ဂျူးအစွန်းရောက်များက ၀င်ရောက်စီးနင်းကာ ပါလက်စတိုင်းဝတ်ပြုသူများအား တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း ပါလက်စတိုင်းများအကြား တင်းမာမှုများ မြင့်တက်လာခဲ့ကာ မငြိမ်မသက်မှုများ ဖြစ်ပွားလာခဲ့သည်။
    ၃ ပတ်တာ ကြာမြင့်နေပြီဖြစ်သည့် အဆိုပါ မငြိမ်မသက်မှုများအတွင်း အစ္စရေးစစ်တပ်နှင့် ဂျူးအခြေချနေထိုင်သူများ၏ ပစ်ခတ်မှု၊ တိုက်ခိုက်မှုတို့ကြောင့် ယနေ့အထိ ပါလက်စတိုင်းပြည်သူ ၅၀ သေဆုံးခဲ့ရပြီး၊ ပါလက်စတိုင်းများ၏ တိုက်ခိုက်မှုကြောင့် အစ္စရေး ၉ ဦးသေဆုံးခဲ့သည်။
    စုံစမ်းစစ်ဆေးမည်
    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်ကမူ ထိုတိုက်ခိုက်မှုများအား အဆုံးသတ်ရန် ယနေ့တွင် တိုက်တွန်းခဲ့ပြီး ထိုသတ်ဖြတ်မှုများအတွက် သေသေချာချာ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရမည်ဟု ရာမာလာတွင် ပါလက်စတိုင်း သမ္မတ မဟ်မူးဒ်အဘတ်စ်နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
    “အဓိပ္ပါယ်ရှိတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေ ပြုလုပ်လို့ရမယ့် အခြေအနေတွေ ဖြစ်လာအောင် ကြိုးပမ်းအားထုတ်မှုတွေကို ကျွန်တော်တို့ ထောက်ခံအားပေးပါမယ်။ ဒါပေမယ့် ကျိန်းသေတာကတော့ ဒါဟာ ပါလက်စတိုင်းနဲ့ အစ္စရေးတွေအတွက် ငြိမ်းချမ်းရေးကို ရွေးချယ်ဖို့ပါပဲ။ ကျွန်တော်တို့အတွက် အရင်ဆုံး စိန်ခေါ်မှုကတော့ လက်ရှိ တိုက်ခိုက်မှုတွေကို ရပ်တန့်ပြီး နောက်ထပ် အသက်ဆုံးရှုံးမှုတွေ ထပ်မဖြစ်ဖို့ပါပဲ” ဟု ဘန်ကီမွန်က ပြောကြားခဲ့သည်။
    ယမန်နေ့က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုနှင့် တွေ့ဆုံစဉ်အတွင်း ဘန်က တိုက်ခိုက်မှုများကို ဖြေရှင်းရန် နည်းလမ်းမှာ အစ္စရေး၏ ကျူးကျော်သိမ်းပိုက်မှုများကို အဆုံးသတ်ရန် အပါအ၀င် နိုင်ငံရေးအခြေအနေများကို အမှန်တကယ် တိုးတက်အောင် ဆောင်ရွက်ရေးပင်ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    Ref: Aljazeera
  • အုပ်စုဖွဲ့ဆောင်ရွက်ခြင်း (သို့မဟုတ်) Team Work
    အုပ်စုဖွဲ့ဆောင်ရွက်ခြင်း (သို့မဟုတ်) Team Work
    အောင်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    နှင်းဆီခင်ရေးသည်။
    teamwork-success2
    လူဆိုတာလောကအလယ်မှာ ထီးတည်းနေလို့ရတာမျိုး မဟုတ်လို့ အပေါင်းအသင်း မိတ်ဆွေဆိုတာ ရှိစမြဲပါပဲ။ ကိုယ်နှင့်သဟဇာတမျှပြီး ဆက်ဆံရေး အဆင်ပြေလွယ်ကူသူတွေရှိသလို မေးခွန်းတစ်ခွန်းဖြေတစ်ခွန်း၊ မျက်နှာမှုန်ကုပ်ကုပ်နှင့် ဆက်ဆံရေး ခက်သူတွေလည်း ရှိပြန်တယ်။ အရာခပ်သိမ်း ကိုယ့်သဘောဆန္ဒနှင့် ကိုက်ညီသူတွေချည်း ကြုံဆုံရဖို့ကတော့ အခက်သားလား။ တစ်ခါတစ်ရံမှာတော့ ကိုယ့်မိသားစုဝင်တွေကို အပထား။ ကိုယ့်စိတ်နှင့်ကိုယ့်ကိုယ်တောင်သိပ်ပြီး အဆင်မပြေချင်လှဘူး။ သူစိမ်းတစ်ရံဆိုလို့ကတော့ ဝေးလာဝေးပေါ့။
    ပထမအရွယ်ငယ်တုန်းကတော့ ပညာပြီး ပညာအရယူ ရှာဖွေကြရတဲ့အခါ ကိုယ်နှင့်အဆင်မချောတဲ့အတန်းဖော်တွေကို ကြုံရတတ်တယ်။ ပုံသေတော့ မဟုတ်ပေမယ့် ယေဘုယျ အနေနှင့်ကတော့ အကျိုးလိုတဲ့အခါ တစ်ရင်းတစ်နှီး ခင်မင်ချင်ဟန်ပြပြီး လိုဘပြည့်တဲ့အခါမှာတော့ လှည့်ကြည့်ဖော်မရတဲ့ လူစားမျိုးတွေ့ကြုံရတတ်တယ်။ခက်တာက ကိုယ့်ဘာသာ တစ်ယောက်တည်း လေ့လာသင်ယူလို့ချည်း မရနိုင်ပါဘူး။ အတန်းဖော်တွေနဲ့ရောထွေး ဆက်ဆံပြီး စုပေါင်းဆောင်ရွက်ရတာမျိုးတွေက ရှောင်လွဲလို့မရအောင် ရှိနေတတ်တာကိုး။ အဲဒီအခါ မနာလိုဝန်တိုစိတ်အားကြီးသူ၊ ကိုယ့်ကို မနာလိုဝန်တိုဖြစ်နေသူဆိုသလို ရှိနေနိုင်ပါတယ်။ အတူပူးပေါင်းဆောင်ရွက်ရတဲ့ ကျောင်းတွင်းကျောင်းပြင်တာဝန်တွေ ကိစ္စရပ်တွေမှာ ကိုယ်နှင့်စရိုက်တူတာ မတူတာ အမထားဆက်ဆံရသည်ပဲပေါ့။
    ကောင်းပြီ။ ပညာသင်ယူရတဲ့ကျောင်းသူကျောင်းသား ဘဝက လွတ်မြောက်လာလို့ လုပ်ငန်းခွင်ဝင်ရတဲ့အခါကျပြန်တော့လည်း ဒီလိုပါပဲ။ လူအမျိုးမျိုး စိတ်ထားအမျိုးမျိုးရှိသူတွေနှင့်ဆက်ံရပြန်ရော။ လုပ်ငန်းသဘာဝအရ ဆက်စပ်နေတာဆိုတော့ စုပေါင်းပြီးအုပ်စုဖွဲ့ဆောင်ရွက်ရတဲ့အခါ အခက်အခဲတွေ အနည်းနှင့်အများကြုံရတဲ့သဘော။ အစစအဆင်ပြေပြီးလုပ်ငန်းခွင်မှာ လုပ်ငန်းခွင်မှာပျော်မွေ့နေသူ မရှိမဟုတ် ရှိတယ်။ ဒါပေမယ့် ရှားတော့ရှားတယ်။ ဘာပဲဖြစ်ဖြစ်ပေါ့လေ စုပေါင်းဆောင်ရွက်ရတဲ့အခါ မလွှဲမရှောင်သာကြုံဆုံရတာတွေအတွက် ထွက်ပေါက်ရှာနည်းလမ်းတွေ အသုံးပြုဖို့တော့ လိုပါလိမ့်မယ်။
    လူ့သဘာဝအရစရိုက်တွေရှိကြပါတယ်။ အဲဒီအထဲမှ ဖော်ရွေခင်မင်တတ်သူတွေလည်း မနည်းမနောရှိနေတတ်တယ်။ အဲဒီသူတွေမှာ မိတ်ဆွေအပေါင်းအသင်းကတော့ များမှများပေါ့။ ဒါပေမယ့် တချို့ကျပြန်တော့ ပင်ကိုယ်သဘာအရ အေးဆေးတယ်။ တစ်ယောက်တည်းအထီးကျန်နေတတ်တယ်။ အဲဒီလိုလူစားမျိုးတွေအတွက် စုပေါင်းဆောင်ရွက်တတ်ဖို့ဆိုတာ တော်တော်ခဲယဉ်းတဲ့ အလုပ်မျိုးပါ။ စုပေါင်းဆောင်ရွက်ကြရတဲ့အခါ ကိုယ့်တာဝန်ကို ပိုင်ပိုင်နိုင်နိုင် မထမ်းဆောင်ရင် ပိုဆိုးတယ်။ တကယ်တော့ မလွှဲသာမရှောင်သာ စုပေါင်းဆောင်ရွက်ရတော့မယ်ဆိုရင် တာဝန်ယူတတ်တဲ့စိတ်ထားမျိုးကို မဖြစ်မနေမွေးမြူရမှာပါ။ ဒါဟာမရှိမဖြစ်လိုအပ်ချက်တစ်ခုဖြစ်လို့ပါပဲ။
    အုပ်စုဖွဲ့ဆောင်ရွက်တယ်ဆိုတာ သူများတကာတွေရဲ့ အပြုသဘော အပျက်သဘောဆောင်တဲ့ စရိုက်တွေကို ကျင့်သားရအောင် လုပ်ယူရတာပါပဲပေါ့။ သူတို့တစ်ဦးချင်စီရဲ့ စရိုက်သဘာ၊ အကျင့်စာရိတ္တကအစ နားလည်နိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ ကိုယ်က ဦးဆောင်ရတော့မယ်ဆိုရင်လည်း အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရလိမ့်မယ်။
    နေ့စဉ်ဘဝမှာလည်း လူတွေနှင့် ဆက်ဆံမှုကနေ ရှောင်ပြေးချင်လို့လည်း မလွတ်တာပဲနော့။ ဒီတော့ ဘာလုပ်မလဲ။ အခက်အခဲတွေ အဆင်မပြေမှုတွေ ဖြစ်လာလေ မလားလို့တွေးပြီး စိုးရိမ်နေတာထက် အကောင်းဆုံးဦးဆောင်မှုပေးနိုင်အောင် ကြိုးစားရတော့မှာဖြစ်တယ်။ အဲဒီအခါ အရာရာမှာ ဦးဆောင်ဦးရွက်ပြုနိုင်တဲ့ အရည်အသွေးတွေ တိုးတက် ဖွံ့ဖြိုးလာမှာတော့ သေချာတယ်။ ကောင်းပြီ။ အုပ်စုဖွဲ့ဆောင်ရွက် ရတော့မယ်ဆိုရင် ဦးတည်ချက်ကဘာလဲဆိုတာ သိအောင်ဦးဆုံး လုပ်သင့်တယ်။ အဲဒီဦးတည်ချက်ကို ကိုယ့်ရဲ့အုပ်စုဝင်တွေသိအောင် ချပြပေးရမယ်။ ဘယ်သူ့မှာ ဘယ်လိုစရိုက်သဘာဝရှိတယ်၊ ဘယ်လိုအရည်အချင်းရှိတယ်ဆိုတာ ကိုယ်က ခွဲခြားသိမြင်ပြီး သင့်တော်သလို စီမံခန့်ခွဲရင်း တာဝန်ခွဲဝေပေးနိုင်ရမယ်။ ဒါဟာ အရေးကြီးဆုံးနှင့် အခြေခံအကျဆုံးဆောင်ရွက်မှုပါပဲ။ အုပ်စုဝင်တိုင်းဟာ လုပ်ငန်းပြီးမြောက်ဖို့ တာဝန်ရှိတယ်ဆိုတာရယ်၊ လူတိုင်းဟာ အရေးပါအရာရောက်တယ်ဆိုတာကို သူတို့အားလုံးသိပါစေ။ အလုပ်တစ်ခုကိုဆောင်ရွက်တဲ့အခါ ကိုယ်ကခေါင်းဆောင် သူတို့အားလုံးကငယ်သားဆိုတဲ့ သဘောမျိုး မပြောမဆိုမိဖို့နှင့် ခိုင်းစေတဲ့သဘောမျိုး မသက်ရောက်အောင်တော့ သတိပြုရမှာပါ။ စုပေါင်းဆောင်ရွက်ပြီး ရည်မှန်းချက်ပြည့်အောင် လုပ်ဆောင်နေတာပါဆိုတဲ့အသိကို မဖြစ်မနေအသိပေးရမယ်။
    နားမလည်တာတွေ မရှင်းတာတွေ သူများ မကျွမ်းကျင်တာတွေကို ကိုယ်တိုင်ကူညီစဉ်းစားဖြေရှင်းပေးရင်း ရဲဘော်ရဲဘက် စိတ်ထားလို့ကတော့ သေချာတယ်။ အလုပ်အောင်မြင်မှာပါပဲ။ ကိုယ်တစ်ယောက်တည်း ဦးနှောက်ပူအောင် စဉ်းစားပြီး အဖြေရှာနေတာထက် အားလုံးစုပြီး ဆွေးနွေးမှု အကြိမ်ကြိမ်လုပ်တာ၊ အကြံဥာဏ်တွေ တင်ပြပြီး ဖလှယ်ယူကြတာ၊ မျှတတဲ့ ဝန်ဆောင်မှုတွေ လုပ်ကြတာဟာ စုပေါင်းဆောင်ရွက်ခြင်းအတွက် အောင်မြင်မှုရဖို့ ရာခိုင်နှုန်းတော်တော်များများ သေချာနေပါပြီ။ လူတိုင်းကိုသူတို့ရဲ့ကိုယ်ပိုင်အရည်အသွေးတွေ ထုတ်ဖော်ခွင့်ပေးတဲ့အခါ ပြောရဲဆိုရဲ ရှိလာကြမယ်။ ရင်းနှီးဖော်ရွေမှုရမယ်။ နောက်ပြီး အထီးကျန်နေတတ်တာမျိုးလည်း ရှိနိုင်မှာ မဟုတ်တော့ဘူး။
    လူတိုင်းတာဝန်ကိုယ်စီယူတတ်လာတာနှင့်အမျှ သတ်မှတ်ကာလမှာ အလုပ်ပြီးမြောက်ဖို့ သေချာနေပါပြီး ဦးဆောင်ရသူမှာလည်း ဝန်ပိုပိနေတာမျိုး မရှိနိုင်တော့တာမို့ စိတ်ဖိစီးတင်းကျပ်မှုတွေလျော့ပါးသွားမှာ သေချာတယ်။ တစ်ဦးနှင့်တစ်ဦးအဆင်ပြေပြေဆက်ဆံပြီး လုပ်ငန်းအဆင်ချောဖို့ဆိုတာ နည်းနိဿယတွေ၊ စာအုပ်ကြီးအတိုင်းကူးချပြီး ဆောင်ရွက်ရတာမျိုး မဟုတ်ဘူးလေ။ ဒီတော့ ကိုယ်နှင့် ဆက်နွယ်နေသူတွေရဲ့ အရည်အသွေးကောင်းလေးတွေကိုချည်း ရွေးမြင်တတ်တဲ့အကျင့်ရှိမယ်ဆိုရင်ပေါ့။ သူစိမ်းတစ်ရံဆံနှင့်အတူ လက်တွဲပြီး ပျော်ပျော်ကြီး ဆောင်ရွက်နိုင်ပါတယ်ဆိုတဲ့အကြောင်း။
    နှင်းဆီခင်
  • မိုဒီ၏ အာဏာ အရှိန်ဖြင့် ဟိန္ဒူ  အမျိုးသားရေး အစွန်းရောက်ဝါဒ အားကောင်းလာ
    မိုဒီ၏ အာဏာ အရှိန်ဖြင့် ဟိန္ဒူ အမျိုးသားရေး အစွန်းရောက်ဝါဒ အားကောင်းလာ
    အောက်တိုဘာ ၂၁ ၊ ၂၀၁၅
    M-Media
    hindutva
    – ၂၀၁၄ ခုနှစ် မေလတွင် လက်ယာယိမ်း BJP ပါတီခေါင်းဆောင် ဟိန္ဒူ အမျိုးသားရေးဝါဒီ နရန်ဒရာမိုဒီ ဝန်ကြီးချူပ် ဖြစ်လာကတည်းက ဟိန္ဒူ အမျိုးသားရေး အုပ်စုများမှာ နိုင်ငံတစ်ဝှမ်းရှိ ဘာသာရေး လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ပြုလုပ်လာခဲ့ကြသည်။
    ထိပ်တန်း ခရစ်ယာန်လူ့အခွင့်အရေးအဖွဲ့တစ်ခု၏ အဆိုအရ မိုဒီ ရွေးကောက် တင်မြှောက်ခံရပြီးချိန်မှ ယခုနှစ် သြဂုတ်လအထိ ဟိန္ဒူ အမျိုးသားရေးဝါဒီများ၏ တိုက်ခိုက်မှုမှာ အနည်းဆုံး ၆၀၀ နီးပါး ရှိခဲ့သည်ဟု သိရသည်။ ထိုတိုက်ခိုက်မှုများထဲမှ ၁၄၉ ခုမှာ ခရစ်ယာန်များအပေါ် ကျူးလွန်ခဲ့ခြင်းဖြစ်ပြီး ကျန်သည့်အကြိမ်များက နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအပေါ် ကျူးလွန်ခဲ့ကြခြင်း ဖြစ်သည်။
    ဝေဖန်သူများက ထိုတိုက်ခိုက်မှုများကို ဟိန္ဒူအမျိုးသားရေးနှင့် နိုင်ငံရေးဖိအားပေးအုပ်စု Rashtriya Swayamsevak Sangh (RSS ) ကို သစ္စာခံသည့် အစွန်းရာက်အုပ်စုများက စီစဉ်ကျူးလွန်ကြခြင်းဖြစ်သည်ဟု ဆိုသည်။
    မွတ်စလင်များကိုလည်း အတင်းအဓမ္မ ဟိန္ဒူထဲသို့ ပြောင်းခိုင်းသည်။ အမဲသားစားသည်ဟုဆိုကာ အိမ်များကို မီးရှို့ပြီး လူများကိုလည်း သတ်ကြဖြတ်ကြလေသည်။ ဟိန္ဒူအယူဝါဒတွင် နွားက အထူးအခြေအနေတွင် ရှိလေသည်။
    တစ်ချိန်တည်းမှာပင် ဟိန္ဒူအမျိုးသားရေးဝါဒီများက အချို့ပြည်နယ်ရှိ ကျောင်းပြဌာန်းစာအုပ်များကို ပြင်ဆင်ကြပြီး၊ မိန်းကလေးငယ်များနှင့် ယောက်ျားလေးငယ်များအတွက် စခန်းသွင်းလေ့ကျင့်မှုများ ပြုလုပ်ပေးကာ ၎င်းတို့၏ လုပ်ရပ်များတွင် ကလေးများကို ပြောင်ပြောင်တင်းတင်းပင် သွတ်သွင်းရန် ကြိုးစားလာကြသည်။
    ဟိန္ဒူနိုင်ငံစစ်စစ် လိုချင်သူများကို ရှာဖွေရန်နှင့် ၎င်းတို့၏ နိုးကြားမှုက ကမ္ဘာ့ လူဦးရေအထူထပ်ဆုံး ဘာသာရေးမနွယ်သော ဒီမိုကရေစီကျင့်သုံးသည့် အိန္ဒိယနိုင်ငံ၏ အနာဂတ်အတွက် မည်သည့် အဓိပ္ပါယ်ရှိသည်ကို ဖော်ထုတ်ရန် ဟိန္ဒူဒါရိုက်တာနှင့် ဂျာနစ်လစ်အမျိုးသမီး မန်ဒါကီရီ ဂါလော့တ်အား မိမိတို့က တောင်းဆိုခဲ့သည်။
    8fec474dae1640eebffbe6d7aff4d50c_18
    ဂါလော့တ်၏ အမြင်
    ———————–
    စက်တင်ဘာ ၂၈ ရက်နေ့တွင် အသက် ၅၂ နှစ်အရွယ် မွတ်စလင်အမျိုးသား မိုဟာမက် အက်ခ်လားက်မှာ အမဲသားစားသည်ဆိုသော ကောလဟလဖြင့် ဟိန္ဒူလူအုပ်စုကြီး၏ ရိုက်သတ်မှုကို ခံခဲ့ရသည်။
    ၎င်း၏ အသက် ၂၂ နှစ်အရွယ် သားဖြစ်သူက ထိုတိုက်ခိုက်မှုအတွင်း ဒဏ်ရာအများအပြား ရရှိခဲ့သည်။ အပ်ချုပ်စက်နှင့် ခေါင်းကို အရိုက်ခံရခြင်းဖြစ်ပြီး ဆေးရုံတွင် ဦးခေါင်းကို အဓိကခွဲစိတ်မှု ၂ ကြိမ်တိုင်တိုင် ပြုလုပ်ခဲ့ရလေသည်။
    ဟိန္ဒူအယူဝါဒတွင် နွားက မြင့်မြတ်သည့် တိရစ္ဆာန်ဖြစ်သည်ဟု ယူဆပြီး နိုင်ငံတစ်ဝှမ်းတွင် ကျယ်ကျယ်ပြန့်ပြန့် ကိုးကွယ်ကြလေသည်။ အိန္ဒိယရှိ ပြည်နယ်အများအပြားတွင် ကျွဲနွားသတ်ဖြတ်မှု ထိန်းချုပ်သည့် ဥပဒေများကို ပြဌာန်းထားကြသည်။ သို့သော်လည်း ထိုဥပဒေကို ပိုမို တင်းတင်းကြပ်ကြပ် ပြဌာန်းရန် မကြာမီကာလအတွင်း ဟိန္ဒူအမျိုးသားရေးဝါဒီများက တောင်းဆိုလာကြပြီး အမဲသားအား ပိတ်ပင်ရန်ပင် ဆော်သြလာကြတော့သည်။ မတ်လအတွင်းက ဝန်ကြီးချူပ် မိုဒီ၏ BJP ဟိန္ဒူအမျိုးသားရေးပါတီ အာဏာရှိသည့် မဟာရက်ရှ်ထရာပြည်နယ်မှ အစိုးရမှာ ထိုအတိုင်း လုပ်လာခဲ့ပြီး အမဲသား ရောင်းချမှုနှင့် စားသုံးမှုတို့ကို ပိတ်ပင်ခဲ့လေသည်။
    လမ်းပေါ်တွင်လည်း ဟိန္ဒူအမျိုးသားရေး ၀ါဒီများ ထွက်ပေါ်လာက အခြားပြည်နယ်များတွင် ထိုဥပဒေအ တိုင်း ပြဌာန်းပေးရန် တောင်းဆိုကြလေတော့သည်။ ပြီးခဲ့နှစ်ကစ၍  နိုင်ငံတစ်ဝှမ်းတွင် ဟိန္ဒူအမျိုးသားရေးဝါဒီများ ထိုကိစ္စများနှင့်ပတ်သက်၍ ကိုယ့်လက်ကိုယ်ခြေ လုပ်လာကြသည်။ အစွန်းရောက်အုပ်စု Bajrang Dal မှ ခေါင်းဆောင်ဖြစ်သူ အက်ဂျူ ခိုဟန်က ၎င်းတို့အုပ်စု၏ ကင်းလှည့်မှုတွင် လိုက်လံရိုက်ကူးရန် မိမိတို့အား ခွင့်ပြုခဲ့သည်။ ခိုဟန်မှာ ဟိန္ဒူအမျိုးသားရေး လှုပ်ရှားမှုတွင် ၎င်းတို့က ခြေလျင်တပ်သားများဖြစ်သည်ဟု မှတ်ယူထားသူဖြစ်သည်။
    ၎င်းတို့အုပ်စု မြို့တွင်းရှိ လမ်းတစ်လျှောက် ကားများကို စစ်ဆေးခြင်းနှင့် နွားပေါ်ရန် ယူဆောင်လာသူများကို ရှာဖွေခြင်းလုပ်ငန်းစဉ်တွင် မိမိတို့က လိုက်ပါသွားခဲ့လေသည်။ ဖမ်းမိသူများ ဘာဖြစ်မည်ဆိုသည်နှင့်ပတ်သက်၍ ခိုဟန်က ပွင့်ပွင့်လင်းလင်းပင် ပြောသည်။
    “သူတို့ အသတ်ခံရမည် မဟုတ်သော်လည်း အသက်ထွက်လုမတတ် အရိုက်ခံရမည်ဟူ၏”
    564d5c1c4d5c4d53a14e34faad5e76cc_18
    ခိုဟန်နှင့် ၎င်းကဲ့သို့သော လူများကို တွန်းအားဖြစ်စေသည့် အရာကတော့ ဟိန္ဒူများမှာ ဖယ်ကျဉ်ခံနေရပြီး ၎င်းတို့၏ ဇာတိမြေတွင်ပင် ဘုံပျောက်နေသည်ဆိုသည့် အယူအဆပင် ဖြစ်လေသည်။
    “ကျွန်တော်တို့ပိုင်ဆိုင်တာကို ပြန်ယူဖို့ အချိန်ကြပါပြီ။ ဟင်ဒူစတန်ဒေသဟာ ဟိန္ဒူတွေအတွက်လို့ ကျွေးကြော်ဖို့ပေါ့ဗျာ” ဟု ခိုဟန်က မိမိတို့အား မကြာခဏ ပြောခဲ့လေသည်။
    တကယ်တော့ ဘာသာရေးတရားများ အပေါ် ယုံကြည်သက်ဝင်မှု ကိန်းဂဏန်းက ခိုဟန်ကျွေးကြော်မှုမှ ခြားနားသည့် အခြေအနေမျိုး ဖြစ်နေသည်။ ယခုလက်ရှိတွင် ဟိန္ဒူဘာသာမှာ အိန္ဒိယနိုင်ငံတွင် အလွန်အမင်းများပြားသည့် အဓိက ဘာသာရေးအုပ်စုကြီးဖြစ်ပြီး နိုင်ငံလူဦးရေ၏ ၇၉.၈ ရာခိုင်နှုန်းအထိပင် ရှိလေသည်။ ဒုတိယအကြီးဆုံး ဘာသာဝင်အုပ်စုက မွတ်စလင်များဖြစ်ပြီး ၁၄.၂၈ ရာခိုင်နှုန်း ရှိနေလေ၏။
    အစွန်းရောက် ဟိန္ဒူအုပ်စုများ၏ လှုပ်ရှားမှုများကို မိမိက လိုက်လံစောင့်ကြည့်နေသည်မှာ ယခုဆိုလျှင် နှစ်ပေါင်း အတော်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လွန်ခဲ့သည့် ၁၈ လလောက်တွင်မှ လက်မခံနိုင်ဖွယ်ရာ၊ သည်းမခံနိုင်ဖွယ်ရာ ကိစ္စများ တစ်ခါတစ်ရံတွင် ၎င်းတို့၏ “ဟင်ဒူစတန်” (ဟိန္ဒူနိုင်ငံ) တိုင်းပြည်ဖြစ်ရမည်ဟူသော သဘောထားမှ သွေဖယ်သည့် မည်သူ့ကိုမဆို အကြမ်းဖက်မှုများ ပြုလုပ်သည်ကို ပို၍ တွေ့လာရသည်။
    နွားသားစားသည်ဟု စွပ်စွဲကာ တိုက်ခိုက်ခံခဲ့ရသည့် အက်ခ်လားက်တို့ အမှုက အူတာပရာဒက်ရှ်ပြည်နယ်ရှိ မြို့တော် နယူးဒေလီနှင့် ကီလိုမီတာ ၁၀၀ ပျော့ပျော့သာဝေးသော ဘီဆာရာမြို့တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်အဖွဲ့မှ မှတ်တမ်းယူထားသည့် တိုက်ခိုက်မှုများထဲမှ အများအပြားမှာ ဤပြည်နယ်တွင် ဖြစ်ပွားခဲ့သည်။
    အက်ခ်လားက်အား သတ်ဖြတ်မှုဖြင့် ဖမ်းဆီးထားသည့် လူ ၁၁ ဦးမှ ၈ ဦးမှာ ဒေသတွင်း BJP စည်းရုံးရေးမှူး ဆန်ဂျေးရာနာနှင့် တိုက်ရိုက် အဆက်အသွယ်ရှိသူများဖြစ်ပြီး ၁ ဦးက ၎င်း၏သား ဖြစ်နေသည်။
    သို့သော်လည်း အစိုးရရုံးစိုက်ရာနေရာနှင့် မလှမ်းမကမ်းတွင် ဖြစ်ပွားခဲ့ပြီး အမုန်းတရားအခြေခံ ရာဇ၀တ်မှုအဖြစ် ထင်ရှားနေသော်လည်း အရေးယူရန်၊ ဖြေရှင်းရန် ဆော်သြမှုကို ၀န်ကြီးချုပ် မိုဒီတစ်ယောက် မသိချင်ယောင် ဆောင်နေလေသည်။ နိုင်ငံတစ်ဝှမ်း ကျယ်ကျယ်ပြန့်ပြန့် ဆန့်ကျင်မှုများ ပြုလုပ်နေပြီး မိုဒီကတော့ သိသိသာသာပင် နှုတ်ဆိတ်နေ၏။
    အခြားသော BJP ပါတီဝင်များက ထိုကိစ္စနှင့်ပတ်သက်၍ ခပ်ကြမ်းကြမ်းပင် မှတ်ချက်ပေးခဲ့ကြသည်။ လွှတ်တော်အမတ်တစ်ဦးဖြစ်သူ ဆက်ရှီ မဟာရဂ်ျက ၎င်းအနေဖြင့် နွားကို ကာကွယ်ရန်အတွက် လူသတ်ရန် ဆန္ဒရှိပြီး၊ သတ်လည်းသတ်သွားမည်ဟု ဗြောင်ပြောခဲ့သည်။
    ဟိန္ဒူအယူဝါဒမှာ ကမ္ဘာပေါ်တွင် ကြီးကျယ်သည့် ဘာသာတရား တစ်ခုဖြစ်ပြီး ရှေ့ဆက်၍လည်း ထိုကဲ့သို့ပင် ဖြစ်သွားမည်ဖြစ်သည်။ နတ်ဘုရားအများအပြားကို ကိုးကွယ်သည့် ဟိန္ဒူတို့၏ အယူဝါဒက (တစ်ခါတစ်ရံ မိသားစု တစ်ခုတည်းမှာပင် ကိုးကွယ်သည့် နတ်ဘုရားများ မတူကြ) မတူညီသော အမြင်များအတွက် သဘောထားကြီးမှုကို ဖော်ကျူးနေသည်။ ထိုသဘောထားကြီးမှုမှာ မျိုးဆက်ပေါင်း များစွာကြာအောင် ဟိန္ဒူဝါဒ၏ အမှတ်အသား ဖြစ်ခဲ့သည်။
    သို့သော်လည်း ဟိန္ဒူ အမျိုးသားရေးလှုပ်ရှားမှုက မိမိတို့၏ ဘာသာရေးအမှတ်သညာကို ပြန်ပေးဆွဲကာ အခြားသော အမြင်များကို မသိကျိုးကျွံပြု၍ တစ်ခါတစ်ရံ တိုက်ခိုက်၍ ၎င်းတို့၏ ကိုယ်ပိုင်အမြင်ဖြင့် ကျင့်သုံးရန် ကြိုးစားလာကြသည်။
    အိန္ဒိယမှာ ကမ္ဘာပေါ်တွင် ဘာသာရေး မနွယ်သော ဒီမိုကရေစီကျင့်သုံးသည့် လူဦးရေ အများဆုံး နိုင်ငံဖြစ်သည်။ နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေက လူနည်းစုများ ၎င်းတို့၏ ဘာသာတရားကို ကြောက်ရွံ့ခြင်း မရှိဘဲ လွတ်လပ်စွာကျင့်သုံးရန် အာမခံပေးထားလေသည်။ သို့သော်လည်း ယနေ့ခေတ်တွင်မူ မွေးရာပါ အခွင့်အရေးဖြစ်သော လွတ်လပ်စွာ ဖော်ထုတ်ခွင့်နှင့် ကိုးကွယ်ယုံကြည်ခွင့်မှာ ခြိမ်းခြောက်ခံနေရသည်ဟူသော စိုးရိမ်မှုများ ရှိလာခဲ့လေသည်။
    လူနည်းစုများအား တိုက်ခိုက်နေသော်လည်း ပြန်လည်ဆန်းသစ်လာသည့် ဟိန္ဒူ အမျိုးသားရေးဝါဒ ရှေ့တန်းတင်သော အဖွဲ့များမှာ ယခင်က ကြုံတွေ့ခဲ့ရဖူးသည်ထက် ပို၍ ထင်သာမြင်သာရှိကာ အန္တရာယ်အရိပ်အရောင် ပိုရှိနေသည်ဟု စာရေးဆရာများ၊ ပညာတတ်များက ရေးသားပြောဆိုနေကြလေသည်။ ဖြစ်ပျက်နေသည့် အခြေအနေထက် ၀န်ကြီးချုပ် မိုဒီ၏ ထိုကိစ္စအပေါ် ဆိတ်ဆိတ်နေခြင်းက ပို၍ ထိုထက် ပို၍ နိမိတ်မကောင်းပုံ ပေါ်နေလေ၏။
    Aljazeera တွင် ဖော်ပြခဲ့သည့် India’s Hindu Fundamentalists ဆောင်းပါးကို မိုးဝေ ဆီလျော်အောင် ဘာသာပြန်ဆို တင်ဆက်သည်။