News @ M-Media

Blog

  • အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အမေရိကန် ထိပ်တန်းလုံခြုံရေး တာဝန်ရှိသူများ၏ အီးမေးလ်များ ချိုးဖောက်ခံရ

    အောက်တိုဘာ ၂၀၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ထောက်လှမ်းရေးဌာန စီအိုင်အေအကြီးအကဲ ဂျွန်ဘရန်နန်နှင့် ပြည်တွင်းလုံခြုံရေး အတွင်းရေးမှူး ဂျီဟ် ဂျွန်ဆင်တို့၏ အီးမေးလ်များမှာ ချိုးဖောက်တိုက်ခိုက်ခံခဲ့ရပြီး ဖိနှိပ်ခံ ပါလက်စတိုင်းများကို ထောက်ခံသည့် အဖွဲ့မှ အမေရိကန်လူငယ် ဟက်ကာတစ်ဦးက ထိုကိစ္စအတွက် တာဝန်ယူခဲ့သည်။

    FBI နှင့် စီအိုင်အေတို့မှာ ထိုကိစ္စအတွက် စုံစမ်စစ်ဆေးမှုများ ပြုလုပ်နေပြီး တာဝန်ရှိသူတစ်ဦးကမူ ထိုချိုးဖောက်မှုအတွင်း လျှို့ဝှက်သတင်းအချက်အလက်များ ပေါက်ကြားခဲ့မှုမရှိဟု CNN သတင်းဌာနသို့ ပြောကြားခဲ့သည်။

    လူငယ်ဟက်ကာကမူ ဘရန်နန်၏ အီးမေးလ်အကောင့်မှ အမေရိကန် ထောက်လှမ်ရေး တာဝန်ရှိသူ ၁၂ ဦးကျော်၏ ဖုန်းနံပါတ်များကဲ့သို့ အချက်အလက်များကို ရရှိခဲ့သည်ဟု ပြောကြားခဲ့ပြီး၊ စာမျက်နှာ ၅၀ နီးပါးရှိသည့် ဘရန်နန်၏ လုံခြုံရေးဆိုင်ရာ ထိပ်တန်း စာရွက်စာတမ်းများကိုလည်း ရရှိခဲ့သည်ဟုဆိုသည်။ ဂျွန်ဆင်၏ အီးမေးလ်မှ အရေးအကြီးအချက်အလက် မည်မျှပါသွားသည်ကို တိတိကျကျ သိရှိခြင်း မရှိသေးပေ။

    Ref: RT

  • နိုင်ငံ၏ စီးပွားရေးပြဿနာ ပြေလည်စေရန် ဇမ်ဘီယာတွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ပြုလုပ်

    နိုင်ငံ၏ စီးပွားရေးပြဿနာ ပြေလည်စေရန် ဇမ်ဘီယာတွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ပြုလုပ်

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    zambi

    – နိုင်ငံ၏ငွေကြေး ဆိုးဝါးဝါးကျဆင်းမှုကို ရပ်တန့်ရန်အတွင် ဇမ်ဘီယာသမ္မတ အဒ်ဂါ လွန်ဂူမှာ ယမန်နေ့တွင် တစ်နိုင်ငံလုံး ဆုတောင်းပွဲ ကျင်းပခဲ့ပြီး အရက်ဘားများနှင့် ဘောလုံးပွဲများကိုလည်း ရပ်နားခဲ့သည်။

    နိုင်ငံ၏ အဓိကပို့ကုန်ဖြစ်သော ကော့ပါဈေးများ သိသိသာသာ ကျဆင်းမှုကြောင့် ဇမ်ဘီယာငွေ ကွာချာ (kwacha) မှာ ယခုနှစ်အစောပိုင်းမှစ၍ ၄၅ ရာခိုင်နှုန်း ကျဆင်းခဲ့ပြီး သမ္မတလွန်ဂူမှာ ပြီးခဲ့သည့်လက ဆုတောင်းပွဲကျင်းပရန် အမိန့်ပေးခဲ့သည်။

    စားသောက်ကုန်ဈေးနှုန်းများလည်း မြင့်တက်ခဲ့ပြီး နိုင်ငံ၏ ဒေသအများစုကို လျှပ်စစ်ဓာတ်အား ဖြန့်ဝေပေးနေသည့် ရေအားလျှပ်စစ်စက်ရုံ တည်ရှိရာ ကာရီဘာ ကန်ကြီးမှာလည်း ရေများ ခန်းလာသောကြောင့် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့်လည်း ကြုံတွေ့ခဲ့ရသည်။

    အကြံကောင်းဥာဏ်ကောင်းများ

    ကွာချာငွေကြေး ၄၅ ရာခိုင်နှုန်းအထိ ကျဆင်းမှုမှာ ကမ္ဘာ့ငွေကြေး ၁၅၅ ခုတွင် ယခုနှစ်အတွင်း အဆိုးရွားဆုံး ကျဆင်းမှုလည်း ဖြစ်သည်။

    “ကျွန်တော်တို့ရဲ့ ဘုရားသခင်က ကျွန်တော်တို့ရဲ့ ငိုကြွေးမှုတွေကို ကြားသိပါတယ်။ ကျွန်တော်တို့ရဲ့ အပြစ်တွေကိုလည်း လွတ်ငြိမ်းချမ်းသာခွင့် ပေးပါတယ်။ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့ လူမှုစီးပွား ပြဿနာတွေကို ဘုရားသခင်က ပြေလည်စေလိမ့်မယ်လို့ ကျွန်တော်တို့ အသေအချာ ယုံကြည်ပါတယ်” ဟု မြို့တော် လူဆာကာ၌ ပြုလုပ်ပြီး လူပေါင်း ၅၀၀၀ ခန့် တက်ရောက်ခဲ့သည့် ဆုတောင်းပွဲတွင် လွန်ဂူက ပြောကြားခဲ့သည်။

    ထိုဆုတောင်းပွဲသို ယခင်သမ္မတဟောင်းများ ဖြစ်ကြသော ကန်နက်သ် ကွန်ဒါနှင့် ရူပီယာ ဘန်ဒါတို့လည်း တက်ရောက်ခဲ့ကြသည်။ လွန်ဂူကမူ ကြုံတွေ့နေရသော ပြဿနာအတွက် အကြံကောင်းဥာဏ်ကောင်း ပေးနိုင်သူများ ရှေ့ထွက်လာရန် တောင်းဆိုခဲ့ပြီး မိမိတို့အစိုးရမှာ တံခါးဖွင့်ထားသည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “ဘုရားသခင်ဟာ ချစ်ခြင်းမေတ္တာဆိုတာ ခင်ဗျားတို့အားလုံး သိကြပါတယ်။ ခင်ဗျားတို့အားလုံး အကောင်းဆုံး ဆောင်ရွက်ဖို့နဲ့ ကျန်တာတွေကို ဘုရားသခင်ကို လွှဲထားဖို့ ကျွန်တော် မေတ္တာရပ်ခံချင်ပါတယ်” ဟု လွန်ဂူက ထည့်သွင်း ပြောကြားခဲ့သည်။

    ဇမ်ဘီယာအား တည်ထောင်ခဲ့သော သမ္မတဟောင်း ကွန်ဒါကလည်း ကြုံတွေ့နေရသည့် ပြဿနာများကို လွန်ဂူက ရင်ဆိုင်ဖြေရှင်းရာတွင် ကူညီပေးရန် ဘုရားသခင်ထံ ဆုတောင်းခဲ့သည်။

    အရက်ဘားများ ပိတ်

    “အိုဘုရားသခင် – ဒီလူငယ်များ အနာဂတ်တွင် ကြုံတွေ့ရနိုင်သည့် ပြဿနာများကို ဖြေရှင်းရာတွင်လည်း ကူညီစောင်မတော်မူပါ” ဟု ကွန်ဒါမှာ လွန်ဂူ၏ ခေါင်းပေါ်သို့ လက်တင်၍ ဆုတောင်းပေးခဲ့သည်။

    တနင်္ဂနွေနေ့တွင် ကစားမည့် ဘောလုံးပြိုင်ပွဲအားလုံးကို ဇမ်ဘီယာ ဘောလုံးအဖွဲ့ချုပ်က ရပ်နားပေးခဲ့ပြီး အစိုးရကလည်း အရက်ဘားများအနေဖြင့် ဆုတောင်းပွဲနေ့တွင် ညနေ ၆ နာရီနောက်ပိုင်းသာ ဖွင့်ရမည်ဟု ကြေငြာခဲ့သည်။

    အစိုးရကို ဝေဖန်သူများက လွန်ဂူမှာ နိုင်ငံ၏ စီးပွားရေးပြဿနာများကို ဖြေရှင်းနိုင်ခြင်းမရှိဘဲ ယခု ဆုတောင်းပွဲမှာလည်း လူများအား အာရုံပြောင်းခြင်းသာဖြစ်သည်ဟု ပြစ်တင်ပြောဆိုခဲ့သည်။

    ဆုတောင်းပွဲအခမ်းနားတွင် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ပီတာ နဒ်လိုဗူက ဝေဖန်သူများကို ပြန်လည်တုန့်ပြန်ခဲ့သည်။

    “ရွှေတို့၊ ငွေတို့ဟာ ဘုရားသခင်သာ ပိုင်တယ်လို့ သမ္မာကျမ်းစာမှာ ပြောထားပါတယ်။ တကယ်လို့ ငါတို့ ဆုတောင်းရင် ဘုရားသခင်က ငါတို့ရဲ့ စီးပွားရေးကို ပြန်ကောင်းလာအောင် လုပ်ပေးလိမ့်မယ်”

    Ref: Aljazeera

  • “အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”

    “အနာဂတ်ရှိခြင်း နှင့် မရှိခြင်း”

    ၂ ရက်အတွင်း ထပ်ဆင့် ရှယ်သူ ၁သောင်းခွဲ ကျော်သွားပြီဖြစ်တဲ့ လူကြိုက်များတဲ့ အတွေးအမြင်ဆောင်းပါးလေးကို အမ်မီဒီယာ စာဖတ် ပရိတ်သက် ဖတ်ရှုနိုင်ဖို့ ထပ်ဆင့်မျှဝေလိုက်ပါတယ်။

    ဆောင်းပါးရှင်
    Min Myat Maung

    10342807_501317983361852_3895813451612472125_n

    မယုံနိုင်စရာ ထူးဆန်းလွန်းလို့ နိုင်ငံတကာက တုန်လှုပ်ခြောက်ခြားသွားတဲ့ မှုခင်းကြီး တစ်ခု ၂၀၁၃ ခုနှစ်တုန်းက အမေရိကားမှာ ပေါ်ပေါက်လာခဲ့တယ်။ တရားခံကို ထောင်တစ်သက် လွတ်ရက်မရှိ ပြစ်ဒဏ်အပြင် နောက်ထပ် နှစ် ၁,၀၀၀ ပေါင်းလိုက်သေးတယ် ဆိုတော့ ဘယ်လောက် အပြစ်ကြီးတဲ့ အမှုလဲဆိုတာ စဉ်းစားသာ ကြည့်ပါ။

    အဲဒီမှုခင်းဟာ စဉ်းစား အဖြေရှာစရာတွေ အများကြီး ရှိခဲ့ပါတယ်။ ဒီမှုခင်းကို လေ့လာကြည့်မယ်ဆိုရင် ကျနော်တို့ မြန်မာပြည်သူတွေ လည်း တူညီတဲ့ ဖြစ်ရပ်တွေ အတွေးထဲမှာ အလိုလို ပေါ်လာပါလိမ့်မယ်။

    အေရီယယ်လ် ကတ်စထရို ဆိုတဲ့ လူတစ်ယောက်က ပြန်ပေးဆွဲ ဖမ်းဆီးထားပြီး ၁၀ နှစ်ကျော် နှစ်ရှည်ကြာ မုဒိမ်းကျင့်နေတဲ့ အမျိုးသမီး သုံးယောက်နဲ့ ၆ နှစ်အရွယ် သမီးလေးကို ၂၀၁၃ ခုနှစ် မေလ ၆ ရက်နေ့က ကယ်တင်လိုက်နိုင်တဲ့ ကိစ္စဟာ မယုံနိုင်စရာ အထူးခြားဆုံး သတင်း ဖြစ်သွားခဲ့တယ်။

    အေရီယယ်လ် ကတ်စထရိုဟာ အသက် ၄၁ နှစ်ကျော် အရွယ်၊ ၂၀၀၂ ခုနှစ်က စပြီး အမျိုးသမီး သုံးယောက်ကို တစ်ယောက်ပြီး တစ်ယောက် ဖမ်းဆီးခဲ့ပါတယ်။ အရင်အိမ်ထောင်ဟောင်းက သူ့သမီးအရင်းရဲ့ ၁၄ နှစ်ရွယ် သူငယ်ချင်းမလေးကို ၂၀၀၄ ခုနှစ်မှာ နောက်ဆုံး သုံးယောက်မြောက်အဖြစ် ဖမ်းဆီးပြီး သူ့အိမ်မှာ ဖမ်းဆီးချုပ်နှောင်ထားတယ်။

    ၁၀ နှစ်ကျော် ချုပ်နှောင်ထားရင်း အမျိုးသမီး သုံးယောက်ကို နေ့စဉ် မုဒိမ်းကျင့်နေတာ ပတ်ဝန်းကျင်က လုံးဝ မသိကြဘူး။ သူ့အိမ်က မြို့ပြင် လူနေကျဲပါးတဲ့နေရာ ခြံကြီးဝင်းကြီးထဲမှာ မဟုတ်ဘဲ လူနေစိတ်တဲ့ ကလိဗ်လင်း မြို့လယ် သာမန်ရပ်ကွက်ထဲမှာပါ။ ကျယ်ကျယ်အော်ရင် ဘေးအိမ်တွေက ကြားနိုင်အောင် အိမ်ချင်း ကပ်နေပါတယ်။

    ပြီးတော့၊ တရားခံဟာ နေ့မှာ အချိန်ပြည့် အလုပ်သွားနေရင် အိမ်ထဲမှာ အမျိုးသမီး အကျဉ်းသား သုံးယောက်တည်း ကျန်ခဲ့တာပါ။ ဘာဖြစ်လို့ ထွက်ပြေးဖို့ မကြိုးစားကြတာလဲ၊ ဘာဖြစ်လို့ အော်ဟစ် အကူအညီမတောင်းကြတာလဲ၊ ဘာဖြစ်လို့ သုံးယောက်နဲ့ တစ်ယောက် မခုခံ မတိုက်ခိုက်ကြတာလဲ ဆိုတဲ့ မေးခွန်း ပဟေဠိတွေ အများကြီး ထွက်ပေါ်လာခဲ့တယ်။

    ကျနော့အတွက်တော့ ဒီဖြစ်ရပ်ဟာ ဘဝရဲ့ အသိဉာဏ် အလင်းရောင်တွေ အများကြီး ရလိုက်တာကြောင့် မမေ့မပျောက် မှတ်တမ်းတင်ထားရမှာပါ။

    သူတို့ လွတ်မြောက်လာတဲ့ ဖြစ်စဉ်မှာ ကျနော့ အာရုံကို ဖမ်းစားလိုက်တဲ့ ကိစ္စကတော့ ဒီလိုပါ။

    အသက် ၁၇ နှစ်အရွယ် ၂၀၀၃ ခုနှစ်ကတည်းက ပြန်ပေးဆွဲခံရတဲ့ အာမန်ဒါ ဘယ်ရီက အော်ဟစ် အကူအညီတောင်းလို့ အိမ်နီးချင်းတွေ သွားပြီး ကယ်တင်တဲ့အခါ အသက်၂၇ နှစ် ရှိနေပြီ ဖြစ်တဲ့ အာမန်ဒါနဲ့ သူ့ရဲ့ ၆ နှစ်သမီးလေးတို့ အိမ်ထဲက လွတ်မြောက်လာပါတယ်။ တစ်ခြားအမျိုးသမီး နှစ်ယောက်ကတော့ အိမ်ထဲမှာပဲ ကျန်နေပြီး ရဲတွေရောက်လာမှ ကယ်တင်လိုက်ရပါတယ်။

    ဒီအမျိုးသမီး နှစ်ယောက်ဟာလည်း ၁၁ နှစ်ကျော် အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက် (အခု ၃၂ နှစ်) နဲ့ ၁၀ နှစ်နီးပါး အဖမ်းခံထားရတဲ့ ဂျီနာ ဒီဟေးဆုစ်(အခု ၂၄ နှစ်) တို့ ဖြစ်ပါတယ်။ သူတို့ကို တွေ့တဲ့အချိန်မှာ ဘာမှ ချည်နှောင် ဖမ်းဆီးထားတာ မရှိပဲ ထွက်ပြေးချင်ရင် ပြေးလို့ရပါတယ်။

    သူတို့ သုံးယောက်ကို ဖမ်းထားခါစမှာပဲ သံကြိုးတွေနဲ့ တုပ်နှောင်ပြီး မြေအောက်ခန်းမှာ ချုပ်ထားခဲ့ပေမဲ့ နောက်ပိုင်းမှာ အနှောင်အဖွဲ့မရှိပဲ အိမ်ထဲမှာ လွတ်လွတ်လပ်လပ် နေခွင့်ရှိတယ်။ ထွက်ပြေးဖို့ အခွင့်အလမ်းအများကြီး ရှိတယ်။

    အဲဒီမှာ မေးစရာ မေးခွန်းကြီးတခု ပေါ်လာပါတော့တယ်။ အိမ်နီးချင်းတွေက အိမ်ရှေ့တံခါးကို ဖျက်ပေးလိုက်တဲ့ အပေါက်ကနေ အာမန်ဒါနဲ့ သူ့သမီးလေး ထွက်ပြေးသွားသလို သူတို့ နှစ်ယောက်က ဘာဖြစ်လို့ လိုက်မသွားပဲ အိမ်ထဲမှာ နေရစ်ခဲ့သလဲ ဆိုတဲ့ မေးခွန်းကြီးပါပဲ။

    အက်ဖ်ဘီအိုင်က မှုခင်းစိတ်ပညာရှင်တစ်ဦးကို CNN သတင်းဌာနက တွေ့ဆုံမေးမြန်းခန်း အင်တာဗျူးမှာ အဲဒီမေးခွန်းတွေကို ဖြေကြားသွားတာ အလွန်ကို စိတ်ဝင်စားစရာ ကောင်းလှပါတယ်။

    သူတို့လည်း ထွက်ပြေးဖို့ ကြိုးစားခဲ့ဖူးပါတယ်။ ဒါပေမယ့်၊ ကတ်စထရိုက သော့ခတ်ဖို့ မေ့သလိုလို၊ တံခါး ပွင့်နေသလိုလို တမင် ထောင်ချောက်ဆင်ထားတာ ဖြစ်လေတော့ ပြေးဖို့ကြံရင် မိပြီး သေလုမျောပါး နှိပ်စက်ခံရတယ်။ တစ်ပတ်လောက် အစာမကျွေးဘဲ အငတ်ထားတယ်။ ဒါကြောင့်၊ အခွင့်အလမ်း ပေါ်လာတာတောင် တစ်ကယ်လား၊ ထောင်ချောက်လား မခွဲခြားနိုင်ဘဲ မပြေးရဲတော့ဘူးတဲ့။

    ပြီးတော့၊ သူတို့ သုံးယောက်ကို စိတ်ပိုင်းဆိုင်ရာလည်း ကတ်စထရိုက ချုပ်ကိုင်ထားတယ်။ အချင်းချင်း မတည့်အောင် ရန်တိုက်ပေးထားလို့ တစ်ယောက်နဲ့တစ်ယောက် တစ်နှစ်လောက် မခေါ်မပြော ဖြစ်ကြတာမျိုးတွေ ရှိသေးတယ်။ ဒါက လွယ်တယ်လေ။ တစ်ယောက်ကို အခွင့်အရေး ပိုပေးရင် ကျန်တဲ့ နှစ်ယောက်က မနာလိုဖြစ်၊ တစ်ယောက်ကို မဲပြီး ညှဉ်းပန်းနှိပ်စက်နေရင် ကျန်တဲ့နှစ်ယောက်က ကိုယ်နဲ့ မပတ်သက်အောင် ဝေးဝေးရှောင်ကြတော့ စိတ်ဝမ်းကွဲတော့တာပေါ့။ အကျဉ်းစံဘဝက လွတ်မြောက်အောင် အတူတူ စည်းစည်းလုံးလုံး ကြိုးစားဖို့ထက် အချင်းချင်း ငြူစူစောင်းမြောင်း ရန်ဖြစ်နေကြတယ်။

    ပြီးတော့၊ သူတို့ထဲက အသက်အကြီးဆုံး၊ အချိန်အကြာဆုံး အဖမ်းခံထားရတဲ့ မစ်ရှယ်လ် နိုက်ဆိုရင် ၁၁ နှစ်ကာလအတွင်းမှာ ကိုယ်ဝန် ၅ ကြိမ်ရခဲ့တယ်။ အဲဒီ ၅ ကြိမ်စလုံး အပြင်းအထန် ရိုက်နှိက်၊ ဝမ်းဗိုက်ကို ထိုးကြိတ် ကန်ကျောက်ပြီး ကိုယ်ဝန်ပျက်ကျအောင် လုပ်တယ်။

    သူတို့ဟာ ပြင်းထန်တဲ့ နှိပ်စက်ညှဉ်းပန်းမှု၊ လူ့ဂုဏ်သိက္ခာကို တန်ဖိုးမထားတဲ့ နှိမ်ချဆက်ဆံမှုတွေကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်အားကိုးစိတ် ကုန်ခမ်းနေပါပြီ။ သူတို့ ဒီဘဝက လွတ်မြောက်မှာ မဟုတ်တော့ဘူးလို့ စိတ်အစွဲ ဖြစ်နေတာတဲ့။

    သူတို့ရဲ့ ဘဝဟာ လွတ်မြောက်ရင်လည်း လူ့အသိုင်းအဝိုင်းမှာ မဝင်ဆန့်တော့ပါဘူးဆိုတဲ့ အောက်ဆုံးအဆင့်အထိ စိတ်နှလုံး ဂျုံးဂျုံးကျသွားပြီ ဆိုပါတော့။

    တစ်နည်းအားဖြင့် သူတို့ဟာ ‘စိတ်ရဲ့ အကျဉ်းသား’ (mind prisoner) ဖြစ်နေတာပါ။ သူတို့ကို ဖမ်းထားသူဟာ တရားခံ အေရီယယ်လ် ကတ်စထရို မဟုတ်တော့ပါဘူး၊ သူတို့ရဲ့ စိတ်က သူတို့ကို ဖမ်းထားတာပါလို့ စိတ်ပညာရှင်က ရှင်းပြပါတယ်။

    အဲဒီမှာ ထပ်ဆင့်မေးခွန်းက ကဲ…ဒါဖြင့် အာမန်ဒါကျတော့ ဘာဖြစ်လို့ လွတ်ဖို့ ကြိုးစားသလဲ၊ ဘာဖြစ်လို့ ပြေးသလဲ။

    အဖြေကတော့ သူဟာ တစ်ခြားအမျိုးသမီး နှစ်ယောက်နဲ့ အခြေအနေချင်း မတူပါဘူး။ သူ့မှာ ၆ နှစ်အရွယ် လူမမယ်သမီးလေး ရှိတယ်။ သူ့အတွက် မစဉ်းစားရင်တောင် သူ့သမီးလေးအတွက် စဉ်းစားရတော့မယ်။

    အာမန်ဒါ ဘယ်ရီဟာ လူယုတ်မာ ကတ်စထရိုနဲ့ပဲ ကိုယ်ဝန်ရလာတော့ လူမသိအောင် ဖုံးဖိထားတယ်။ ရှေ့က မစ်ရှယ်လ် နိုက်ရဲ့ အဖြစ်ဆိုးတွေကို မြင်တွေ့ထားတယ်လေ။ ကိုယ်ဝန် လရင့်လာမှ ကတ်စထရို သိသွားတော့ ဖျက်ဖို့ မလွယ်တော့ဘဲ မွေးခွင့်ပေးလိုက်ရတယ်။ (သူ့ကို သတ်ပြီး အစဖျောက် မပစ်လိုက်တာ ကံကောင်းပါသေးရဲ့။)

    အကျဉ်းစံအိမ် မြေတိုက်ခန်းထဲက ကစားစရာ လေမှုတ်ရေကန်လေးထဲမှာ သမီးလေးကို ဖွားမြင်ခဲ့ရတယ်။ ဒီသမီးလေး မွေးဖွားလာခြင်းဟာ သူတို့အားလုံးအတွက် အပြောင်းအလဲ တစ်ခု ဖြစ်စေခဲ့တယ်။ သမီးလေးအပေါ် အားလုံးက ချစ်ခင် မေတ္တာထားကြလို့ အရင်တုန်းက မတည့်တဲ့ အမျိုးသမီး သုံးယောက်လည်း ပြန်ပြီး အဆင်ပြေလာတယ်။ လူယုတ်မာကလည်း သမီးလေးကြောင့် တင်းကျပ်ချုပ်ကိုင်မှုတွေကို နည်းနည်းပါးပါး လျှော့ပေါ့ပေးခဲ့တယ်။

    သမီးလေးရဲ့အနာဂတ်ကို ဒီလို အကျဉ်းစံဘဝနဲ့ပဲ အလဟဿ အဆုံးရှူံးခံမလား၊ လွတ်မြောက်ရေးအတွက် စွန့်စားမလား ဆိုတာကို အာမန်ဒါ အလေးအနက် စဉ်းစားလာရပြီလို့ စိတ်ပညာရှင်က တင်ပြပါတယ်။ (ဒီအချက်ကို စာဖတ်သူအားလုံး သတိပြုစေချင်ပါတယ်။)

    ကျောင်းနေရမယ့် အရွယ်ရောက်နေပြီ ဖြစ်တဲ့ သမီးလေးကို ဦးစားပေးပြီး ထွက်ပြေးဖို့ ပြတ်ပြတ်သားသား ဆုံးဖြတ်ချက်ချလိုက်တဲ့ အချိန်ကို စိတ်ပညာရှင်က ‘အလှည့်အပြောင်းမှတ်’(breaking point) လို့ ခေါ်ပါတယ်။

    ဒါကြောင့် အခွင့်အရေး ရခိုက်မှာ အာမန်ဒါက လွတ်မြောက်ရေးအတွက် ကြိုးစားတယ်၊ အော်ဟစ် အကူအညီတောင်းတယ်၊ ဖောက်ပေးတဲ့အပေါက်က သမီးလေးကို အပါခေါ်ပြီး မတွန့်မဆုတ် သူ ထွက်ပြေးတဲ့အချိန်မှာ တခြားနှစ်ယောက်ကတော့ အကျဉ်းစံအိမ်ထဲမှာပဲ ကျန်နေခဲ့ကြတယ်။ ရဲတွေက အိမ်ထဲအထိ ဝင်ပြီး ခေါ်ထုတ်မှ အပြင်ကို ထွက်ရဲကြတယ်။

    မှုခင်းစိတ်ပညာရှင်ရဲ့ ရှင်းလင်း ပြောကြားချက်ကို ကြည့်ရှုနားထောင်ပြီးချိန်မှာတော့ ကျနော့နားထဲမှာ ‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…‘စိတ်ရဲ့အကျဉ်းသား’…ဆိုတဲ့ အသံက မြည်ဟီး ရိုက်ခတ်နေပါတယ်။

    ကျနော် နားမလည်တဲ့ ပဟေဠိတခုရဲ့ အဖြေကိုလည်း လင်းကနဲ တွေ့လိုက်ရသလိုပါပဲ။

    ကျနော်တို့ မြန်မာပြည်သူတွေရဲ့ ဘဝဟာလည်း အခု ပြောပြခဲ့တဲ့ ဖြစ်ရပ်မှန် မှုခင်းနဲ့ တော်တော်ကို တူနေတာ တွေ့ရပါလိမ့်မယ်။

    နှစ် ၅၀ ကျော် စစ်အာဏာရှင်ရဲ့ သံလှောင်အိမ်ထဲမှာ အကျဉ်းကျနေတဲ့ မြန်မာပြည်သူတွေလည်း လွတ်မြောက်ရေးအတွက် အကြိမ်ကြိမ် ကြိုးစားခဲ့ကြတယ်။ ကြိုးစားတိုင်းလည်း သွေးချောင်းစီး နှိမ်နင်းသတ်ဖြတ်ခံကြရတယ်။ နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ဘဝဆုံးကြရတယ်။ ဒါကြောင့်၊ လွတ်မြောက်ရေး ကြိုးပမ်းချင်စိတ်တွေ အားလျော့လာကြတော့တယ်။ တစ်နည်းအားဖြင့်၊ စိတ်ရဲ့ အကျဉ်းသားဘဝကို အလိုလို ရောက်သွားကြရပြီလေ။ လက်ရှိအခြေအနေမှာ မသေရုံတမယ် အသက်ရှင်နေရတာလေးကိုပဲ တင်းတိမ်ကျေနပ်ပြီး ဘဝအပြောင်းအလဲအတွက် ရုန်းကန်ကြိုးစားဖို့ အားမထုတ်ချင်တော့ဘူး။ စိတ်လျှော့ အရှုံးပေးထားလိုက်ပြီ။

    အဲဒီကြားထဲမှာ အာဏာရှင်က အခွင့်အရေးပေးသူနဲ့ ဖိနှိပ်ခံရသူ ဆိုပြီး အချင်းချင်း သွေးခွဲလာတော့ စည်းလုံးညီညွတ်ရေးလည်း ဖရိုဖရဲ ဖြစ်နေလေရဲ့။ အာဏာနဲ့ အခွင့်အရေး မစို့မပို့ ပေးထားတဲ့ ကြံ့ဖွတ်တွေ၊ စွမ်းအားရှင်တွေက မောက်မာထောင်လွှားပြီး လူတန်းစားတစ်ရပ်လို ဖြစ်လာတယ်။ သာမန် ပြည်သူတွေကို မတူမတန် ဖိနှိပ်ဆက်ဆံကြတယ်။ သူတို့အတွက် စစ်အာဏာရှင်တွေကသာ ကျေးဇူးရှင်တွေ ဖြစ်လာပြီး ဒီအခွင့်အရေးတွေ လက်လွတ်သွားမှာ စိုးလို့ ခေတ်ပြောင်းမှာကို သေမလောက် ကြောက်ရွံ့နေကြလေရဲ့။

    အခုအခါမှာတော့၊ ၂၀၁၅ ရွေးကောက်ပွဲဆိုတဲ့ ထွက်ပေါက်က လင်းရောင်ခြည်တန်းလေး မြင်လာရပြီ။ ဒီလိုအခွင့်အခါကောင်းမှာ အနာဂတ်အတွက် မျှော်လင့်ချက်နဲ့ ပြည်သူတွေ စည်းလုံးမိကြပြီ။ အတူတူ ရုန်းကန်နိုးထလာကြတာ အားရစရာပါ။ ပြည်သူလူထုကြီးက လွတ်မြောက်ရေးအတွက် အားသွန်ခွန်စိုက် ကြိုးပမ်းချိန်မှာ အခွင့်ထူးခံ ကြံ့ဖွတ်တွေနဲ့အတူ တစ်စင်ထောင် နှောင့်ယှက်လာတာကတော့ မ.ဘ.သ. ဆိုတဲ့ ဘာသာရေး အစွန်းရောက်ဂိုဏ်းပဲ။

    ကျနော်ပြောခဲ့တဲ့ မှုခင်းအကြောင်း ပြန်စဉ်းစားကြည့်လေ။ သားသမီး မရှိတဲ့ အမျိုးသမီးနှစ်ယောက်က ဖြစ်သမျှ ခေါင်းငုံ့ခံဖို့ မလှုပ်ရဲချိန်မှာ အာမန်ဒါကတော့ သမီးလေးအတွက် အသက်သေချင် သေပစေ၊ စွန့်စွန့်စားစား အားမာန်အပြည့်နဲ့ ကြိုးစားတယ်။ အဲဒါဟာ အနာဂတ်မရှိသူနဲ့ ရှိသူ စဉ်းစားတွေးခေါ်ပုံ ကွာခြားတာပဲ။

    သားသမီးရှိသူတွေဟာ ကိုယ့်အတွက်သာမကဘဲ နောင်မျိုးဆက်အတွက်ပါ စဉ်းစားကြတယ်။ သားသမီးရဲ့ အနာဂတ်ဘဝ သာယာလှပရေးကို ဦးစားပေးကြတယ်။

    ဒါပေမယ့်၊ မ.ဘ.သ.ဆိုတဲ့ ဘုန်းကြီး၊ မယ်သီလ အရေခြုံတွေမှာ သားသမီး မရှိဘူး။ (လုံးဝ သေချာတယ်၊ မှားရင် လည်ဖြတ်ခံမယ်။) သူတို့ရဲ့ စဉ်းစားတွေးခေါ်ပုံဟာ မိသားစုဘဝ တည်ဆောက်နေတဲ့ မိခင်ဖခင်တွေနဲ့ လုံးဝ ကွဲပြားခြားနားတယ်။ သူတို့ဟာ “ဗုဒ္ဓဘာသာ” ဆိုတဲ့ သာသနာတော်ကြီးကို ဗန်းပြပြီး ကိုယ်တစ်ဦးတည်း စားဝတ်နေရေး အဆင်ပြေအောင် လုပ်ကြတဲ့ အချောင်သမားတွေသာ ဖြစ်တယ်။

    သူတို့ရဲ့ တစ်ကိုယ်ရေဘဝမှာ သူတစ်ပါးကို ခေတ်ဆိုးခေတ်ပျက်ကြီးထဲက လွတ်မြောက်အောင် မကယ်တင်တဲ့အပြင် ဆွဲနှစ်ပြီး ကိုယ်ကျိုးစီးပွားရှာသူများပါပဲ။ ဘဒ္ဒန္တ အဂ္ဂမဟာ ပဏ္ဍိတ အဘိဓဇ ဂုရု ဆိုတဲ့ ဘွဲ့တွေ အရှည်ကြီးရပြီး စစ်အာဏာရှင်တွေက ချီးမြှင့်မြှောက်စားရင် ကျေနပ်ပြီလေ။ နောင်လာနောက်သား မျိုးဆက်သစ်များကို နှမ်းတစ်စေ့လောက်တောင် တန်ဖိုးမထားတတ်သူတွေပါ။ စစ်မှန်တဲ့ ရဟန်းသံဃာများက ကိုးကွယ်သူ ဒကာဒကာမတွေကို သံသရာ ဝဋ်ဆင်းရဲမှ လွတ်ကင်းအောင် ငြိမ်းချမ်းတဲ့ တရားရေအေး တိုက်ကျွေးကြတယ်။ မ.ဘ.သ.တွေကတော့ ပူလောင်ဆင်းရဲစေတဲ့ ဘာသာရေး၊ လူမျိုးရေး အမုန်းတရားများသာ ဟောကြားပြီး အာဏာရှင်စနစ် သက်ဆိုးရှည်အောင် လုပ်နေကြလေရဲ့။

    သူတို့ပြောသမျှ ယုံစားနေတဲ့ လူဝတ်ကြောင် မ.ဘ.သ.များ စဉ်းစားစေချင်တယ်။ အနာဂတ်မျိုးဆက်သစ်အတွက် အပြောင်းအလဲဖြစ်အောင် ရုန်းထွက်ကြမလား။ သားသမီးတွေကို စစ်ကျွန်ဘဝမှာ နှစ်ထားခဲ့မလား။

    တစ်ကယ်တော့ မြန်မာ့ အနာဂတ်မျိုးဆက်သစ်အတွက် “ပြောင်းလဲချိန်တန်ပြီ” ။

  • ၂၀၁၅ ရွေးကောက်ပွဲနှင့် အကြမ်းဖက် ပဋိပက္ခများ ဖြစ်နိုင်ချေ အလားအလာ

    ၂၀၁၅ ရွေးကောက်ပွဲနှင့် အကြမ်းဖက် ပဋိပက္ခများ ဖြစ်နိုင်ချေ အလားအလာ

    အောက်တိုဘာ ၁၉ ၊ ၂၀၁၅
    M-Media
    မင်းစော ရေးသည်။
    2015-election
    ၂၀၁၅ ရွေးကောက်ပွဲကြီးကျင်းပရန် ရက်ပိုင်းမျှသာ လိုပါတော့တယ်။ ဒီအချိန်မှာ မွတ်ဆလင် လူနည်းစုတွေရဲ့ စိုးရိမ်သောကကလည်း တရိပ်ရိပ် တိုးလာတာကို သတိထားမိပါတယ်။ ဒီတော့ ၂၀၁၅ ရွေးကောက်ပွဲကို အကြောင်းခံပြီး ဖြစ်လာနိုင်ချေရှိတဲ့ အခြေအနေတချို့ကို သုံးသပ်ကြည့်ထားပါတယ်။

    မြန်မာ့နိုင်ငံရေး အသွင်ကူးပြောင်းမှုက စစ်အာဏာရှင် စနစ်ကနေ စစ်တပ်စောင့်ကြပ် ကွပ်ကဲမှုရှိတဲ့ အာဏာရှင် တပိုင်းစနစ် (praetorian hybrid regime) ဆီကို ဦးတည်နေတယ်လို့ ပြောနိုင်ပါတယ်။ ၂၀၀၈ အခြေခံဥပဒေက အမြင်သာဆုံး အထောက်အထားပါ။ ဒီစနစ်ကိုလေ့လာကြည့်ရင် စစ်တပ်က နိုင်ငံကို တိုက်ရိုက်အုပ်ချုပ်နေစရာ မလိုတော့ဘဲ နိုင်ငံရေးခွင်ရဲ့ အပြင်ဘက်ကနေ အနီးကပ်စောင့်ကြပ်ကွပ်ကဲနေပြီး သူတို့ အကျိုးစီးပွားထိပါးလာမယ့် အခြေအနေမျိုးမှသာ အခြေခံဥပဒေနဲ့အညီ တရားဝင်ရရှိထားတဲ့ အခွင့်အရေးကိုအသုံးချပြီး နိုင်ငံတော်အာဏာကို ပြန်လည်ထိန်းချုပ်မှာ ဖြစ်ပါတယ်။ သူတို့ရဲ့ အနေအထားက နိုင်ငံတော် အချုပ်အခြာအာဏာနဲ့ ကင်းလွှတ်ပြီး သီးခြားအချုပ်အခြာအာဏာ ရှိနေတာတွေ့နိုင်ပါတယ်။ ဒါ့အပြင် ၂၀၀၈ အခြေခံဥပဒေအရ ရွေးကောက်ပွဲကျင်းပပြီး ဖြစ်လာသမျှသော အစိုးရတိုင်းသည် စစ်တပ်ထက် အဆင့်နိမ့်သော အနေအထားတွင်သာ ရှိနေမှာဖြစ်တယ်။ ပြည်သူလူထုနှင့် နိုင်ငံတကာ၏ အသိအမှတ်ပြု လက်ခံမှုအတိုင်းအတာ(legitimacy) ကိုကြည့်လျှင် စစ်အာဏာရှင် စနစ်တွင် အလွန်နည်းပါးသော်လည်း၊ ဒီလို praetorian hybrid regime တွင်မူ သိသာထင်ရှားစွာ ပိုမိုရရှိတာ တွေ့ရပါတယ်။ အရေးအကြီးဆုံးအချက်က ဒီစနစ်ဟာ ယခင်အာဏာရှင်ဟောင်းများရဲ့ အသက်၊အိုးအိမ်နဲ့ အကျိုးစီးပွားများကိုလည်း ကောင်းစွာ ကာကွယ် ထားနိုင်တဲ့အပြင် အာဏာဆက်လက် ချုပ်ကိုင်ထားနိုင်စေရန် စနစ်တကျစီမံထားတဲ့ နိုင်ငံရေးစနစ်ကြီးလည်း ဖြစ်တယ်။

    တရားမျှတမှုမရှိတဲ့ ရွေးကောက်ပွဲတွေ ကျင်းပပေးတာဟာ ဒီစနစ်ရဲ့ အဓိကကျတဲ့ လက္ခဏာတွေထဲက တစ်ချက်ဖြစ် ပါတယ်။ ရွေးကောက်ပွဲမှာ မဲလိမ်၊ မဲခိုး၊ မဲညှစ်၊ မဲဝယ်၊ ပေါင်းရိုက်၊ ချောင်းရိုက်၊ နှစ်ပေါက် တစ်ပေါက်ရိုက်၊ အတုလုပ်ပြီး ရိုက်၊ အကြပ်ကိုင်ခြိမ်းခြောက် စတဲ့နည်းလုံးပေါင်းစုံ သုံးပြီး မဲရဖို့ကြိုးစားကြမှာ ဖြစ်ပေမယ့်၊ ရှုံးမှာကြောက်လို့ ရွေးကောက်ပွဲ မကျင်းပတော့ဘဲ ဖျက်သိမ်းလိုက်တာမျိုးက ဖြစ်နိုင်ချေ နည်းပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလို ရွေးကောက်ပွဲတွေ ကျင်းပခြင်းကိုက သူတို့ရပ်တည်နေမှု အတွက် တရားမျှတကြောင်း၊ သင့်မြတ်လျော်ကန်မှုရှိကြောင်း ဖေါ်ပြခြင်းတစ်မျိုးပါ။ တနည်းအားဖြင့် သူတို့ပြောနေတဲ့ ဒီမိုကရေစီစနစ်မှာ အဓိကပြစရာဆိုလို့ ရွေးကောက်ပွဲပဲ ရှိပါတယ်။

    အထက်ပါအချက်တွေကနေ ကျနော်ကောက်ချက် ဆွဲတာက မြန်မာအစိုးရဟာ ၂၀၁၅ရွေးကောက်ပွဲကိုတော့ မဖြစ်မနေကျင်းပပါလိမ့်မယ်။ USDP နဲ့ အစိတ်သားပေါင်းရင် အစိုးရဖွဲ့နိုင်လောက်တဲ့ အရေအတွက်ရတဲ့အထိ ရအောင်၊ တနည်းပြောရရင် USDP က အနည်းဆုံး ၂၆% ရတဲ့ အထိရအောင်တော့ တတ်နိုင်သမျှ နည်းလမ်း ပေါင်းစုံသုံးပြီး ညစ်ပတ်ပါမယ်။ အဲဒါတောင်မှ မအောင်မြင်ခဲ့ရင်လည်း NLD ကို အစိုးရဖွဲ့ခွင့် ပေးနိုင်ပါ သေးတယ်။ ရွေးကောက်ပွဲမှာ NLD နိုင်သွားခြင်းဟာ စစ်တပ် မျှော်လင့်မထားတဲ့ အဖြေ (သို့မဟုတ်) စစ်တပ်ရဲ့ တည်ရှိနေမှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေနိုင်တဲ့ အခြေအနေတစ်ရပ်အဖြစ် ကျနော် မယူဆတဲ့အတွက် NLD နိုင်ရင်လည်း အစိုးရ ဖွဲ့စည်းခွင့်ကို စစ်တပ်က ခွင့်ပြုနိုင်သေးတယ်လို့ ကျနော်ယူဆတယ်။ ဒီလိုခွင့်ပြုခြင်းဖြင့် စစ်တပ်ရဲ့ ဂုဏ်သိက္ခာလည်း မြှင့်တက်သွားနိုင်ပါတယ်။ ၁၉၉၀ တုန်းက စစ်ခေါင်းဆောင်တွေရဲ့ အနေအထားနဲ့ ခုလက်ရှိအနေအထားက အများကြီး ကွာခြားသွားပြီဖြစ်လို့ အဲဒီတုန်းကလို အာဏာပြန်သိမ်းစရာ အကြောင်း ပြချက်လည်း မရှိတော့ပါဘူး။ အမှန်တကယ်က ဘယ်အစိုးရ တက်လာလာ အဓိကကျတဲ့ အာဏာက စစ်တပ်လက်ဝယ် ရှိနေဆဲမို့ပါ။ ဒါဆို ဘာစိုးရိမ်စရာ ရှိလို့လဲလို့ မေးစရာပေါ်လာပြန်ရော။

    ရွေးကောက်ပွဲနိုင်တာနဲ့ တပြိုင်နက်တည်း အနိုင်ရပါတီက အစိုးရ တန်းဖွဲ့စည်းခွင့်ရမှာ မဟုတ်ပါဘူး။ ဥပဒေအရ ရက်ပေါင်း(၉၀)လောက် ထိတော့ ဦးသိန်းစိန်အစိုးရကပဲ caretaker government အဖြစ် ဆက်ရှိနေ ပါဦးမယ်။ ဒီအတောအတွင်းမှာ state institutions တွေ အားနည်းနေနိုင်ပါတယ်။ ဒါကြောင့်မို့ ပြဿနာတစ်ခုခု ပေါ်လာရင် တုန့်ပြန်ရတာ ခက်ပါလိမ့်မယ်။ ဒီထက်ပို စဉ်းစားသင့်တဲ့အချက်က ရှုံးသွားတဲ့အစိုးရက အစိုးရသစ် အတွက် ပြဿနာတွေ လက်ဆောင် ပေးသွားနိုင်ပါတယ်။ နောက်ပြီး စစ်တပ်ရဲ့ နိုင်ငံရေး အခန်းကဏ္ဍက လက်ရှိအချိန်မှာ  လိုအပ်နေသေးကြောင်း ပြဖို့အတွက် အစိုးရသစ်ကို ပညာပေးနိုင်ပါတယ်။ ဒီလိုလုပ်မယ်ဆိုရင် ဖြစ်နိုင်ချေ အရှိဆုံးက အသင့်ဖြစ်နေတဲ့ အားကောင်းမောင်းသန် မဘသ အဖွဲ့ကြီးနဲ့ အချက်ပြရင် ဒေါသထွက် တတ်တဲ့ လူအုပ်ကြီးကို အသုံးချမှာပါ။ အလွယ်ကူဆုံး သားကောင်ကတော့ ဘယ်တော့မှ မရိုးနိုင်သေးတဲ့ ‘ကုလား’ပါပဲ။ ဒီနေရာမှာ လိုအပ်လာရင် ကမ္ဘာပေါ်မှာ မရှိတော့တဲ့ RSO တွေ မြန်မာပြည်ထဲ ၀င်လာပြီး ဗုံးခွဲသယောင်ယောင် ဆေးစွဲနေတဲ့ ကုလား တစ်ယောက်ကို ဘုရားနားဗုံးထောင်ခိုင်းခြင်းကဲ့သို့ real terrorist attack တွေ လုပ်လာနိုင်ပါတယ်။ အဲဒါ မှမရသေးရင်တော့ တိုင်းရင်းသား လက်နက်ကိုင်တွေ၊ အထူးသဖြင့် တရုတ်နယ်စပ်က ကိုးကန့်လို တပ်ဖွဲ့တွေနဲ့ ချပြပါလိမ့်မယ်။ ဒါက စစ်တပ်နဲ့ အစိုးရပိုင်းကို သုံးသပ်ကြည့်ခြင်းပါ။

    မဘသကို သုံးသပ်ကြည့်ရင် မဘသ အဖွဲ့ကြီးရဲ့လှုပ်ရှားမှုတွေက နှစ်ပိုင်းရှိနေတာတွေ့ရပါတယ်။ တစ်ပိုင်းက ရွေးကောက်ပွဲမှာ USDP အနိုင်ရအောင် ကူညီဖို့ဖြစ်ပြီး၊ ကျန်တစ်ပိုင်းက သူတို့ရဲ့ အန္တိမ ရည်မှန်းချက်ဆီ အရောက်လှမ်းဖို့ ဖြစ်တယ်။ အဲဒီရည်မှန်းချက်ကတော့ ဗုဒ္ဓဘာသာမြန်မာနိုင်ငံဖြစ်လာပြီး အစိုးရပေါ်မှာ သြဇာ လွှမ်းမိုးနိုင်တဲ့ supreme power ရှိတဲ့ ဘုန်းကြီးများပေါ်လာစေဖို့ ဖြစ်တယ်လို့ ခန့်မှန်းမိတယ်။ ဒီရည်မှန်းချက် ပြည့်လာစေဖို့အတွက်လည်း မဘသအဖွဲ့ဟာ အချိန်ကြာလာတာနဲ့အမျှ ပိုမိုလိမ်မာပါးနပ်ပြီး မဟာဗျူဟာ ကျတဲ့ နည်းနာတွေ တဖြေးဖြေး သင်ယူ တတ်မြောက်လာနိုင်တဲ့ပုံ တွေ့ရပါတယ်။ ၀ီရသူ၊ သီတဂူ စတဲ့ ဘုန်းကြီးတွေရဲ့စကားတချို့က ဒီလှုပ်ရှားမှုရဲ့ အချက်ပြမှု(signals)တွေဖြစ်တယ်လို့ သဘောပိုက်မိတယ်။ နောက်ပြီး သူတို့ဆီမှာ ကိုယ်ပိုင် agenda တွေ၊ ကိုယ်ပိုင် ရည်မှန်းချက်တွေ၊ ကိုယ်ပိုင်ဆုံးဖြတ်ချက်နဲ့ လုပ်ကိုင် ဆောင်ရွက်မှုတွေ ရှိနေတာတွေ့ရတဲ့အတွက် မဘသအဖွဲ့ကို ပါတီတစ်ခုရဲ့ နောက်မြီးဆွဲ အဖွဲ့အစည်းတစ်ခု အဖြစ် ရှုမြင်သုံးသပ်လို့ မရနိုင်ပါဘူး။ ဒါကြောင့် ရွေးကောက်ပွဲအပြီးမှာ မဘသအဖွဲ့ ဘာလုပ်မလဲဆိုတာ သီးခြား ဆန်းစစ်ကြည့်ရင် အခုလက်ရှိအချိန်မှာ USDP ရွေးကောက်ပွဲအောင်နိုင်ရေး အတွက် မျက်နှာပြောင် တိုက်ပြီး မဲဆွယ်ပေးခဲ့တဲ့ အတွက် မြောင်းထဲရောက်သွားတဲ့ သူတို့ပုံရိပ်ကို ပြန်အဖတ်ဆယ်ဖို့ ရွေးကောက်ပွဲ အပြီး အစိုးရသစ် မလာခင် စပ်ကူးမတ်ကူး ကာလမျိုးမှာ ‘ကုလား’တရားခံဆွဲထုတ်ပြီး အမျိုး ဘာသာ သာသနာ စောင့်ပြနိုင်တဲ့ အန္တရာယ်လည်း ရှိနေပါတယ်။ အဲလိုသာဖြစ်လာခဲ့ရင် ရွေးကောက်ပွဲလည်း ပြီးပြီဆိုတော့ ကိုကို ဒီမိုတို့လည်း ငုပ်လျိုးနေတဲ့မျိုးချစ်စိတ်တွေ အချောင်းလိုက် အချောင်းလိုက် ထကြွလာမှာ မြင်ယောင် မိတယ်။ တပ်မတော်နဲ့ လက်တွဲပြီး တိုင်းပြည်ကို ကာကွယ်မည့် ဆရာသမားတွေလည်း နောက်ကျန်နေခဲ့မှာ မဟုတ်ဘူးဆိုတာ ယုံပါတယ်။

    အားလုံးပြန်ခြုံငုံ သုံးသပ်ကြည့်ရင်တော့ ရွေးကောက်ပွဲမတိုင်ခင် ကျန်သေးတဲ့ ရက်တွေထက်စာရင် ရွေးကောက်ပွဲ အပြီး လေးလလောက် အတွင်းမှာ ပဋိပက္ခတွေ (post-election conflicts) ဖြစ်လာနိုင်ချေ ပိုများတယ်လို့ သုံးသပ်မိပါတယ်။ နိုင်ငံတကာဖြစ်ရပ်တွေကို ကိုးကားပြီး တခြားရှုထောင့်က ဖြစ်နိုင်ချေတွေကိုပါ အသေးစိတ် ရေးချင်ပေမယ့်လည်း အချိန် အခက်အခဲကြောင့် ဒီလောက်နဲ့ပဲ နိဂုံးချုပ်ပါတယ်။    ။

  • မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ အသင်းနှင့် လမ်းခွဲ

    မြန်မာ့လက်ရွေးစင်ဘောလုံးအသင်း နည်းပြ အသင်းနှင့် လမ်းခွဲ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    myan

    – မြန်မာ့လက်ရွေးစင် ဘောလုံးအသင်း၏ နည်းပြဖြစ်သည့် ရာဒို့ဂ်ျကို အေဗရာမိုဗစ်မှာ အသင်းနှင့် ရုတ်တရက် လမ်းခွဲခဲ့သည်ဟု သိရသည်။

    အသက် ၆၅ နှစ်အရွယ်ရှိပြီဖြစ်ပြီး စင်ကာပူအသင်း၏ နည်းပြဟောင်းဖြစ်သူ အေဗရာမိုဗစ်မှာ ပြီးခဲ့သည့်နှစ် ဖေဖော်ဝါရီလက မြန်မာ့လက်ရွေးစင်အသင်း နည်းပြအဖြစ် ဆောင်ရွက်ခဲ့သူဖြစ်ပြီး ယခုနှစ် ဇူလိုင်လတွင် စာချုပ်သစ် ချုပ်ဆိုခဲ့သည်။ သို့သော်လည်း ကမ္ဘာ့ဖလား ခြေစစ်ပွဲတွင် ဆိုးရွားသည့် ရလဒ်များကြောင့် ယခုကဲ့သို့ လမ်းခွဲရခြင်း ဖြစ်နိုင်သည်။

    မြန်မာ့လက်ရွေးစင် ဘောလုံးအသင်းမှာ ၂၀၁၈ ကမ္ဘာ့ဖလား အာရှဇုန်ခြေစစ်ပွဲ အုပ်စု G တွင် ၅ ပွဲကစားပြီး ၁ ပွဲသာ အနိုင်ရထားကာ ရမှတ်လေးမှတ်ဖြင့် တောင်ကိုရီးယား၊ ကူဝိတ်နှင့် လက်ဘနွန်တို့၏အောက် စတုတ္ထနေရာတွင် ရှိနေသည်။

    ဆားဘီးယားနည်းပြ အေဘရာမိုဗစ်၏ ရုတ်တရတ်လမ်းခွဲမှုမှာ မလေးရှားလက်ရွေးစင်အသင်း၏ လစ်လပ်နေသော နည်းပြနေရာကို ရယူရန် ဖြစ်နိုင်သည်ဟု ပြောဆိုမှုများလည်း ရှိနေသည်။

    မြန်မာ့လက်ရွေးစင်အသင်းကို မြန်မာ ယူ ၁၉ အသင်းအား ယူ ၂၀ ကမ္ဘာ့ဖလား ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရအောင် စွမ်းဆောင်ပေးနိုင်ခဲ့သည့် နည်းပြ ဂျာ့ဒ်ဇီစီက ကိုင်တွယ်သွားမည်ဖြစ်သည်။ ၎င်း၏ ပထမဆုံးပွဲမှာ နိုင်ဘာ ၁၂ ရက်နေ့တွင် ကစားမည့် တောက်ကိုရီးယားအသင်းနှင့် ကမ္ဘာ့ဖလား ခြေစစ်ပွဲဖြစ်သည်။

    Ref: Channelnewsasia