News @ M-Media

Blog

  • ပါကစ္စတန်ရှိ မွတ်စလင်ပရဟိတအဖွဲ့ ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

    ပါကစ္စတန်ရှိ မွတ်စလင်ပရဟိတအဖွဲ့ ၃၅ နှစ်ပြည့်အခမ်းအနား ကျင်းပ

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    paki

    – ပရဟိတလုပ်ငန်းများ လုပ်ဆောင်မှု ၃၅ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် ပါကစ္စတန်မှ မင်ဟာဂျွလ်ကုရ်အာန် အင်တာနေရှင်နယ် MQI အဖွဲ့မှာ အောက်တိုဘာ ၁၇ ရက်နေ့တွင် အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    “ဒီနေ့ဆိုရင် ကျွန်တော်တို့ဟာ ပြည်သူကို အလုပ်အကျွေးပြုလာတာ ၃၅ နှစ်ပြည့်ပြီ ဖြစ်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ တဟ်ရီက် မင်ဟာဂျွလ် ကုရ်အာန်အဖွဲ့ဟာ ပါကစ္စတန်က ချို့တဲ့တဲ့ပြည်သူတွေကို အလုပ်အကျွေးပြုရာမှာ ဘယ်တော့မှ နှောင့်မနှေးခဲ့ပါဘူး” ဟု ပါကစ္စတန် အေ၀ါမီ တဟ်ရီးက် Awami Tehreek အဖွဲ့ ဥက္ကဌဖြစ်ပြီး MQI အဖွဲ့ကို စတင်တည်ထောင်ခဲ့သူ ဒေါက်တာ တာဟီရွလ် ကွာဒရီက ထိုအခမ်းအနားမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

    လာဟိုးမြို့တွင် ကျင်းပပြုလုပ်ခဲ့သည့် အဆိုပါအခမ်းအနားတွင် လွန်ခဲ့သည့် နှစ် ၃၀ အတွင်း အရည်အသွေးမြင့်သည့် ပညာရေးမှတစ်ဆင့် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးသတင်းစကားကို မြှင့်တင်ရန် အဖွဲ့၏ အားထုတ်လုပ်ဆောင်မှုများကို ပြန်ပြောင်း ဖွင့်ဟခဲ့သည်။

    အဖွဲ့အား စတင်တည်ထောင်သူ တာဟီရွလ်ကွာဒရီ၏ ပြောကြားမှုအရ ၎င်းတို့အဖွဲ့မှာ အစ္စလာမ်၏ စစ်မှန်သော သတင်းစကားကို ကမ္ဘာတစ်ဝှမ်းသို့ အောင်မြင်စွာ ဖြန့်ချီနိုင်ခဲ့သည်ဟု ဆိုသည်။

    MQI အဖွဲ့မှာ မသန်စွမ်းသော ပါကစ္စတန်ပြည်သူများအား ကူညီဖေးမပေးသည့်အပြင် ပါကစ္စတန်တွင်သာမက ကမ္ဘာတစ်ဝှမ်းတွင်ပါ အကြမ်းဖက်ဝါဒကို တိုက်ဖျက်ရေးအတွက် အဓိကအခန်းကဏ္ဍမှ ပါဝင်လုပ်ဆောင်နေသော အဖွဲ့လည်းဖြစ်သည်။

    အစ္စလာမ်အား အလွဲသုံးစားလုပ်၍ ဖော်ဆောင်နေသော အကြမ်းဖက်ဝါဒကို ဆန့်ကျင်ဖြေရှင်းထားသည့် ၎င်းတို့အဖွဲ့မှ ထုတ်ဝေသော စာမျက်နှာ ၆၀၀ ပါ ဖြေရှင်းချက်တစ်ခုကိုလည်း ကမ္ဘာ့အဓိကဘာသာစကား အားလုံးနီးပါးသို့ ပြန်ဆိုခဲ့ပြီးဖြစ်သည်။.

    ထိုအဖွဲ့မှာ အစ္စလာမ်သာသနာက သွန်သင်ထားသည့် ချစ်ခြင်းမေတ္တာနှင့် ငြိမ်းချမ်းရေးကိုလည်း လူအမျာသိစေရန် မြှင့်တင်ဖော်ဆောင်လျက် ရှိနေသည်။

    MQI အဖွဲ့ကို ၁၉၈၀ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွဲ့စည်းခဲ့ပြီး ပါကစ္စတန်နိုင်ငံတွင် အစိုးရမဟုတ်သော အကြီးဆုံးအဖွဲ့များတွင်လည်း တစ်ခုအပါအ၀င်ဖြစ်ကာ ငြိမ်းချမ်းရေး၊ သဟာဇာတဖြစ်ရေး၊ ဘာသာပေါင်းစုံချစ်ကြည်ရေး၊ ပညာရေးနှင့် အစွန်းရောက် အကြမ်းဖက်ဝါဒ တိုက်ဖျက်ရေးတို့ကို ဇောက်ချလုပ်ကိုင်နေသည့် အဖွဲ့လည်းဖြစ်သည်။

    ထို့ပြင် အမျိုးသမီးများအား စွမ်းအားမြှင့်တင်ပေးခြင်း၊ ဖွံ့ဖြိုးတက်မှုနှင့် အသိပညာပေးလုပ်ငန်းများ၊ လူမှုဖူလှုံရေးနှင့် လူအခွင့်အရေးဆိုင်ရာ မြှင့်တင်ပေးမှုများကိုလည်း လုပ်ဆာင်နေသည်။ အစ္စလာမ့် သိပ္ပံပညာများ ပြန်လည်ထွန်းကာရေး၊ မွတ်စလင်လူ့အဖွဲ့အစည်း၏ ကိုယ်ကျင့်တရားပိုင်းဆိုင်ရာနှင့် ယုံကြည်ချက်ပိုင်းဆိုင်ရာ ကောင်းမွန်ခိုင်မာရေး၊ စစ်မှန်သည့် အစ္စလာမ့်သွန်သင်မှုများနှင့် အစ္စလာမ့်ဒဿနများကို သင်ကြားပေးရေးတွင်လည်း MQI အဖွဲ့က အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိနေသည်။

    ယူကေတွင်လည်း ပါကစ္စတန် ဘာသာရေးပညာရှင် တာဟီရ် အူလ်-ကွာဒရီက မင်ဟာဂျွလ်ကုရ်အာန်ဟူသည့်အဖွဲ့ကို တည်ထောင်ခဲ့သည်။ ကွာဒရီမှာ ၂၀၁၀ ခုနှစ်တွင် အကြမ်းဖက်ဝါဒနှင့် အသေခံဗုံးခွဲမှုတို့ကို ဆန့်ကျင်ကန့်ကွက်သော ဖသ်ဝါ ဓမ္မသတ်ကို ထုတ်ပြန်ခဲ့သည်။

    Ref: Onislam

  • အောင်မြင်ကျော်ကြားသော်လည်း မိမိမှာ မပျော်ရွှင်ဟု တိုးယေးပြော

    အောင်မြင်ကျော်ကြားသော်လည်း မိမိမှာ မပျော်ရွှင်ဟု တိုးယေးပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    toure

    – မိမိ၏ အောင်မြင်မှုများ၊ ၀င်ငွေများကိုကြည့်၍ လူများက မိမိမှာ ပျော်ရွှင်နေသည်ဟု ထင်မြင်နေကြသော်လည်း တကယ်တမ်းတွင် မိမိမှာ မပျော်ရွှင်ဟု မန်စီးတီး၏ ကွင်းလယ်ဗိုလ်ချုပ် ယာယာတိုးယေးက ပြောကြားလိုက်သည်။

    ဘာစီလိုနာမှ ၂၀၁၀ ပြည့်နှစ်တွင် မန်စီးတီးတို့ ရောက်ရှိလာခဲ့သည့် တိုးယေးမှာ ပရီးမီးယားလိဂ်ဖလား ၂ လုံး၊ FA ဖလားတစ်လုံးနှင့် လိဂ်ဖလားတစ်လုံးတို့ကို မန်စီးတီးနှင့်အတူ ဆွတ်ခူး ရရှိထားသည်။ လက်ရှိတွင် တစ်ပတ်ပေါင် ၂၂၀၀၀၀ ဖြင့် စာချုပ် ၁၈ လ ကျန်နေသေးပြီး တိုးယေးကမူ မီဒီယာများမှာ မိမိအား ဦးတည်၍ ဝေဖန်နေသည်ဟုလည်း ထင်မြင်နေသည်။

    “တစ်ခါတစ်ရံကျရင် ကျွန်တော် တော်တော်လေး မပျော်ရွှင်ဘူးလို့ ခံစားရပါတယ်။ ၂၀၁၀ ခုနှစ်မှာ မန်စီးတီးကို ရောက်လာတဲ့အခါ ကျွန်တော်က ဘောလုံးလောကကို သတ်ပစ်မယ်လို့ လူတွေပြောတာ ကျွန်တော်ကြားခဲ့ပါတယ်။ ဂျာနယ်လစ်တွေကလည်း ကျွန်တော့်လစာအကြောင်း ပြောကြတယ်။ ဒါပေမယ့် ကျွန်တော်ဒီကလပ်မှာရှိနေတာဟာ တိုးတက်ဖို့နဲ့ ဖလားတွေရအောင် ကူညီဖို့ပါ။ လူတော်တော်များများက ကျွန်တော်ဒါမျိုးပြောရင် ရယ်ကျဲ့ကျဲ့လုပ်ကြပါတယ်” ဟု ယာယာတိုးယေးက ပြောကြားခဲ့သည်။

    Ref: Dailymail

  • တရုတ်စီးပွားရေးကော်မရှင် ထိပ်တန်းအရာရှိများ ခြစားမှုဖြင့် စစ်ဆေးခံနေရ

    တရုတ်စီးပွားရေးကော်မရှင် ထိပ်တန်းအရာရှိများ ခြစားမှုဖြင့် စစ်ဆေးခံနေရ

    အောက်တိုဘာ ၁၉၊ ၂၀၁၅

    M-Media

    china

    – တရုတ်နိုင်ငံ၏ စီးပွားရေးကို အဓိက စီမံခန့်ခွဲနေသည့် အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြုပြင်ပြောင်းလဲရေး ကော်မရှင် NDRC မှ တာဝန်ရှိသူ ၃ ဦးကို ခြစားမှုသံသယဖြင့် စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု အာဏာရ ကွန်မြူနစ်ပါတီ၏ ခြစားမှု တိုက်ဖျက်ရေးအဖွဲ့က ယနေ့တွင် ပြောကြားလိုက်သည်။

    စစ်ဆေးခံနေရသူများမှာ ကော်မရှင်၏ လူမှု ဖွံ့ဖြိုးရေးဌာန အကြီးအကဲ ၀မ်ဝေ၊ အရည်သွေး စစ်ဆေးရေးဌာနမှ သုတေသနပညာရှင်များ ဖြစ်ကြသည့် ရန်ဝေနှင့် ဇူဟေယူတို့ဖြစ်ကြပြီး စည်းကမ်းများကို ဆိုးဆိုးဝါးဝါး ချိုးဖောက်ခဲ့သည်ဟုဆိုကာ အသေးစိတ် အချက်အလက်များကို ထုတ်ပြန်ခဲ့ခြင်းမရှိချေ။

    NDRC ကလည်း စုံစမ်းစစ်ဆေးမှုကို အတည်ပြုခဲ့ပြီး ပါတီ၏ အမိန့်များကို လိုက်နာကာ ခြစားမှုများကို ပြင်းပြင်းထန်ထန် တိုက်ဖျက်သွားမည်ဟု ပြောကြားခဲ့သည်။ တရုတ်သမ္မတ ဇီဂျင်ပင်းမှာ ၂၀၁၂ နှောင်းပိုင်းတွင် ပါတီခေါင်းဆောင်နေရာ ရလာပြီး ၂၀၁၃ ခုနှစ်တွင် အာဏာရပြီးကတည်းက ခြစားမှုများကို ပြင်းပြင်းထန်ထန် ကိုင်တွယ်ခဲ့ပြီး အကြီးတန်းအရာရှိ အများအပြားကို စစ်ဆေးခြင်း၊ ထောင်ချခြင်းများ ပြုလုပ်ခဲ့သည်။

    Ref: Reuters

  • ဘိုင်ယန်ပွဲတွင် အားကုန်ထုတ်မည်ဟု ၀င်းဂါးပြော

    ဘိုင်ယန်ပွဲတွင် အားကုန်ထုတ်မည်ဟု ၀င်းဂါးပြော

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    wenger

    – အင်္ဂါနေ့ညတွင် အိမ်ကွင်း၌ကစားမည့် ဘိုင်ယန်မြူးနစ်နှင့် ချန်ပီယံလိဂ်ပွဲတွင် မိမိအသင်းမှာ အားကုန်ထုတ်သွားမည်ဟု အာဆင်နယ်နည်းပြ အာဆင်ဝင်းဂါးက ပြောကြားလိုက်သည်။

    ချန်ပီယံလိဂ် ကစားပြီးခဲ့သည့် အုပ်စုပွဲစဉ် ၂ ခုစလုံးတွင် အနိုင်ရရှိထားသည့် ဘိုင်ယန်မှာ ပုံစံကောင်းကို ပြသနေပြီး နောက်ဆုံး ၁၂ ပွဲစလုံးကို အနိုင်ကစားထားနိုင်သည်။ အာဆင်နယ်ကမူ ဒိုနုမိုဇာဂရက်ဘ်နှင့် အိုလံပီယာကော့စ်တို့ကို အံ့သြဖွယ်ရှုံးနိမ့်ထားကာ ချန်ပီယံလိဂ် အုပ်စု F တွင် အောက်ဆုံးရောက်နေသည်။

    “ကျွန်တော်တို့ ပရီးမီးယားလိဂ်မှာ အကောင်းဆုံးဖြစ်နေပါတယ်။ တစ်ခြားတစ်ဖက်မှာလည်း ဘိုင်ယန်ပွဲအတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ ကျွန်တော်တို့မှာ ဒဏ်ရာရသူတွေမရှိဘဲ ၃ မှတ် ရယူရမယ်ဆိုတဲ့ အတွက်ကြောင့်ပါ။ ပွဲအတွက် တကယ့်ကို အာရုံစိုက်နိုင်တဲ့ အခြေအနေမျိုးမှာ ကျွန်တော်တို့ ရှိနေပါတယ်။ ပြီးတော့ အင်္ဂါနေ့ညမှာ ကျွန်တော်တို့ အားကုန်ထုတ်သွားမှာပါ။ အခုအချိန်မှာ ဘယ်လောက်ပြင်ဆင်ထားလဲ၊ ဘယ်လို ကျွန်တော်တို့ ချဉ်းကပ်ချင်သလဲဆိုတာ ကြည့်ရမှာပါ” ဟု ၀င်းဂါးက ၀က်ဖို့ဒ်အား ၃ ဂိုးပြတ်ဖြင့် အနိုင်ရခဲ့သည့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

    Ref: Goal

  • ဖိလစ်ပိုင်မုန်တိုင်း လူအသေအပျောက်များနိုင်

    ဖိလစ်ပိုင်မုန်တိုင်း လူအသေအပျောက်များနိုင်

    အောက်တိုဘာ ၁၉၊ ၂၀၁၅
    M-Media

    ph

    – ဖိလစ်ပိုင် မြောက်ပိုင်းသို့ အင်အားပြင်းထန်သည့် တိုင်ဖုန်း ကော့ပူ ယမန်နေ့က စတင်ဝင်ရောက်ခဲ့ပြီး ကမ်းရိုးတမ်းဒေသများတွင် လေပြင်းများ တိုက်ခတ်မှုကြောင့် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကာ ပြည်သူ ၁၆၀၀၀ ကျော်မှာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရသည်ဟု အမျိုးသား သဘာဝကပ်ဘေး အေဂျင်စီက သတင်းထုန်ပြန်ခဲ့သည်။

    မြောက်ပိုင်းရှိ အဓိကကျွန်း လူဇွန်မှာ မုန်တိုင်းဒဏ်ကို အဓိကခံစားခဲ့ရပြီး နေအိမ်များ၊ တံတားများ ပြိုကျပျက်ဆီးခြင်း၊ သစ်ပင်များ ပြိုလဲခြင်းတို့လည်း ရှိခဲ့သည်။ လျှပ်စစ်ဓာတ်တိုင်များ ကျိုးကျခြင်းကြောင့် ဓာတ်အားပြတ်တောက်မှုများလည်း ရှိနေပြီး အဆိုပါ မုန်တိုင်းမှာ ၃ ရက်ခန့် ဆက်လက် ကြာမြင့်မည်ဟု ခန့်မှန်းထားသည်။

    မုန်းတိုင်းပြင်းထန်သည့် ဒေသတွင် ပိတ်မိနေသူများ ရှိနေကာ၊ လုံခြုံရေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် စိုးရိမ်ရမှုများလည်း ရှိနေပြီး သေဆုံးသူများလည်း ဆက်လက်မြင့်တက်လာနိုင်သည်။

    Ref: Aljazeera