News @ M-Media

Blog

  • နန်ဂျင်းသတ်ဖြတ်မှု ကုလ၏ ဆုံးဖြတ်ချက်ကို ဂျပန်မကျေနပ်၍ ရန်ပုံငွေဖြတ်တောက်မည်

    နန်ဂျင်းသတ်ဖြတ်မှု ကုလ၏ ဆုံးဖြတ်ချက်ကို ဂျပန်မကျေနပ်၍ ရန်ပုံငွေဖြတ်တောက်မည်

    အောက်တိုဘာ ၁၄၊ ၂၀၁၅
    M-Media

    japan

    – တရုတ်နိုင်ငံတွင် ၁၉၃၇ ခုနှစ် စစ်ပွဲကာလအတွင်းက ဂျပန်မှ ကျူးလွန်ခဲ့သော နန်ဂျင်း အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု စာရွက်စာတမ်းများအား ကမ္ဘာ့သမိုင်းမှတ်တမ်းများစာရင်းတွင် ယူနက်စကိုက ထည့်သွင်းသည်ကို မကျေနပ်သောကြောင့် ဂျပန်နိုင်ငံက အေဂျင်စီကို ထောက်ပံ့နေသည့် ရန်ပုံငွေများ ပေးမည်မဟုတ်တော့ဟု ပြောကြားလိုက်သည်။

    ထိုစာရွက်စာတမ်းများတွင် ၁၉၃၇ ခုနှစ်မှ ၁၉၄၈ ခုနှစ်အထိ ဖြစ်ပွားခဲ့သည့် သတ်ဖြတ်မှု ဓာတ်ပုံများ၊ မှတ်တမ်းများနှင့် ရုပ်ရှင်များလည်း ပါဝင်သည်။ ဒုတိယကမ္ဘာစစ်မဖြစ်ခင် ဂျပန်မှာ ၁၉၃၀ ပြည့်နှစ်များက တရုတ်နိုင်ငံအား ကျူးကျော်သိမ်းပိုက်ခဲ့သည်။

    နန်ဂျင်းတွင် အုပ်စိုးခဲ့သည့် ၁၉၃၇ ခုနှစ် နှစ်ကုန်ပိုင်းမှ ၁၉၃၈ ခုနှစ်အထိ ဂျပန်စစ်သားများ၏ မုဒိမ်းကျင့်ခြင်း၊ လုယက်ခြင်းနှင့် သတ်ဖြတ်မှုများကြောင့် ပြည်သူ ၃ သိန်းခန့် သေကြေပျက်ဆီးခဲ့သည်ဟု တရုတ်က ပြောကြားခဲ့သည်။ သို့သော်လည်း စစ်အပြီး မဟာမိတ်ခုံရုံးက ထိုအရေအတွက်၏ တစ်ဝက်ခန့်သာ သေဆုံးခဲ့သည်ဟု သတ်မှတ်ခဲ့သည်။

    ဂျပန်ကတ်ဘိနက်မှ အတွင်းရေးမှူးချုပ် ယိုရှီဟိုင်ဒီ ဆူဂါကမူ ယူနက်စကို၏ ထိုလုပ်ရပ်မှာ ပြဿနာဖြစ်စေနိုင်သည့် ဘက်လိုက်မှုဖြစ်ကြောင်း၊ ထို့ကြောင့် ယူနက်စကိုအပေါ် ရန်ပုံငွေထောက်ပံ့မှုများကို ရပ်ဆိုင်းသွားမည်ဖြစ်ပြီး ရှေ့ဆက်တိုးပါက ကုလအေဂျင်စီအားလုံးသို့ ပေးအပ်နေသည့် ရန်ပုံငွေများကိုလည်း ရပ်ဆိုင်းသွားမည်ဟု ယမန်နေ့တွင် သတိပေး ပြောကြားခဲ့သည်။

    ဂျပန်မှာ ယူနက်စကိုသို့ ၂၀၁၄ ခုနှစ်က ကန်ဒေါ်လာ ၃၁ သန်း ထောက်ပံ့ခဲ့ပြီး စုစုပေါင်းရန်ပုံငွေ၏ ၁၀.၈ ရာခိုင်နှုန်လည်းဖြစ်သည်။

    Ref: CNN

  • ကမ္ဘာ့ရေနံဝယ်လိုအား လာမည့်နှစ်တွင် ကျဆင်းမည်

    ကမ္ဘာ့ရေနံဝယ်လိုအား လာမည့်နှစ်တွင် ကျဆင်းမည်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    oil

    – ကမ္ဘာ့စီးပွားရေး ကျဆင်းမည်ဟု ခန့်မှန်းထားခြင်းနှင့် ရေနံစိမ်းဈေးကွက်တွင် ရောင်းလိုအား များပြားဖွယ် ရှိနေသောကြောင့် လာမည့် ၂၀၁၆ ခုနှစ်တွင် ကမ္ဘာ့ရေနံဝယ်လိုအားမှာ ကျဆင်းမည်ဟု နိုင်ငံတကာ စွမ်းအင်အေဂျင်စီ IEA က ယနေ့တွင် ပြောကြားလိုက်သည်။

    ယခုနှစ်တွင် တစ်ရက်လျှင် ရေနံ စည်ပေါင်း ၁.၈ သန်း ၀ယ်လိုအားရှိနေပြီး ၅ နှစ်အတွင်း အမြင့်ဆုံးဖြစ်ကာ လာမည့်နှစ်တွင် တစ်ရက် ရေနံစည်ပေါင်း ၁.၂ သန်းသာ ၀ယ်လိုအားရှိမည်ဟု ခန့်မှန်းထားသည်။ လာမည့်နှစ်ဆန်းတွင် အီရန်၏ ရေနံများမှာလည်း ကမ္ဘာ့ဈေးကွက်သို့ ၀င်ရောက်လာဖွယ် ရှိနေသည်။

    ကမ္ဘာတစ်ဝှမ်း တစ်ရက်လျှင် ရေနံသုံးစွဲမှုနှုန်းမှာ လာမည့်နှစ်တွင် စည်ပေါင်း ၉၅.၇ သန်း ရှိမည်ဖြစ်ပြီး ပြီးခဲ့သည့်လက ခန့်မှန်းချက်ထက် စည်တစ်သိန်း ကျခဲ့ခြင်းလည်း ဖြစ်သည်။ စက်တင်ဘာလတွင် ရေနံစိမ်းဈေးမှာ အလွန်တည်ငြိမ်ခဲ့သော်လည်း ယခုလဆန်းမှစ၍ တက်လာခဲ့ပြီး အမေရိကန်မှ ထုတ်လုပ်မှု နည်းသွားမည်ဟု ခန့်မှန်းထားခြင်းနှင့် အရှေ့အလယ်ပိုင်း ပဋိပက္ခများကြောင့်ဖြစ်သည်။

    Ref: Channelnewsasia

  • မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ လာမည့်နှစ်တွင် ဆောက်မည်

    မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ လာမည့်နှစ်တွင် ဆောက်မည်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    solar

    – မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မီဂါဝပ် ၂၂၀၀ ထုတ်လုပ်ပေးနိုင်မည့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Green Earth Power က ဆောက်လုပ်သွားမည်ဟု သိရသည်။

    မကွေးတိုင်း မင်းဘူးမြို့၌ ၂၀၁၆ ခုနှစ် ပထမသုံးလအတွင်း စတင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှ၌ အကြီးဆုံး နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်လာဖွယ် ရှိနေသည်။ အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ် အစောပိုင်းကတည်းက စတင်ရန် စီစဉ်ထားသော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။

    စီမံကိန်း၏ ဒီဇိုင်းပိုင်းနှင့် အကြံပေးမှုဆိုင်ရာ ၀န်ဆောင်မှုများ ပေးအပ်ရန် အမေရိကန် ကုမ္ပဏီဖြစ်သော Black & Veatch ကို Green Earth Power က ငှားရမ်းထားသည်။

    Black & Veatch မှ နိုင်ငံတကာ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရစ်ခ် အို ကွန်နဲလ်က “လျှပ်စစ်စွမ်းအင်ဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေးဖြစ်ပြီး စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုတွေမှာ ဆိုးရွားတဲ့ အခက်အခဲလည်း ဖြစ်နေပါတယ်။ နေစွမ်းအင်သုံး စက်ရုံတွေဟာ အလျင်အမြန် တည်ဆောက်နိုင်တာကြောင့် ဓာတ်အားလိုင်းထဲကို မြန်မြန် ဓာတ်အားပေါင်းထည့်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ပြီးတော့ လူနေမှုအရည်အသွေးအပေါ်မှာ အဓိပ္ပါယ်ရှိတဲ့ အကျိုးသက်ရောက်မှုတွေလည်း အသေအချာ ရှိပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် မြန်မာနိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှုမှာ ၂၅၀၀ မီဝါ၀ပ်သာ ရှိပြီး အစိုးရမှာ ၂၀၃၀ ခုနှစ်အရောက်တွင် မီဂါဝပ် ၃၀၀၀၀ ခန့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။

    Ref: pv-ech.org

  • မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု ပက်ကွီအိုပြော

    မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု ပက်ကွီအိုပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    pqp

    – မိမိ၏ပုခုံးဒဏ်ရာမှာ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ သက်သာနေပြီး လာမည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ ပြန်ဝင်မည်ဖြစ်ကာ မေ၀ယ်သာနှင့် မကျေပွဲပြန်နွှဲရန် မျှော်လင့်နေသည်ဟု ပက်ကွီအိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလက မေ၀ယ်သာအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပုခုံးဒဏ်ရာရခဲ့သည့် ပက်ကွီအိုမှာ လာမည့် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွင် လေ့ကျင့်ခန်းဆင်းနိုင်မည်ဖြစ်ပြီး နှစ်ဆန်းတွင် တစ်ပွဲထိုးသတ်မည်ဖြစ်သည်။

    “တကယ်လို့ (မေ၀ယ်သာနဲ့ ပြန်ထိုးချင်လားလို့) မေးရင်တော့ တကယ်ပါ ကျွန်တော် ပြန်ထိုးချင်ပါတယ်။ သူအနားယူသွားပြီလို့ ကျွန်တော်ကြားတယ်။ တကယ်လို့ သူတကယ်ပဲ အနားယူသွားတယ်ဆိုရင်တော့ ပွဲဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ရင်တော့… (မကျေပွဲနွှဲချင်ပါတယ်)။ (ပြီးခဲ့တဲ့ပွဲမှာ) သူက ပတ်ပြေးနေပြီး ကျွန်တော့်ကို သူ ယှဉ်မထိုးချင်ဘူးဗျ” ဟု ပက်ကွီအိုက ပြောကြားခဲ့ပြီး ပုခုံးဒဏ်ရာသက်သာသည့် ၎င်းမှာ မေ၀ယ်သာအား ဒုက္ခပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိတွင် အမီးရ်ခန်းနှင့် ပက်ကွီအိုတို့ ထိုးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ပက်ကွီအိုကမူ အမီးရ်ခန်းမှာ မိမိ၏ပြိုင်ဘက် ဖြစ်လာနိုင်သော်လည်း ဆုံးဖြတ်ချက်မချရသေးဟု ပြောကြားခဲ့သည်။

    Ref: Dailymail