News @ M-Media

Blog

  • ရခိုင်ပြည်နယ်ရှိ အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်က ရခိုင်အမျိုးသားပါတီ ANP ကို ချဉ်းကပ်ခဲ့

    ရခိုင်ပြည်နယ်ရှိ အကျိုးစီးပွားများကို ကာကွယ်ရန် တရုတ်က ရခိုင်အမျိုးသားပါတီ ANP ကို ချဉ်းကပ်ခဲ့

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    – ရခိုင်အမျိုးသားပါတီ ANP မှ ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင် မကြာသေးမီက တရုတ်နိုင်ငံသို့ သွားရောက်မှုအတွင်း တရုတ်ကွန်မြူနစ်အာဏာပိုင်များက ချဉ်းကပ်ကာ ကမ်းလှမ်းမှုတစ်ခုကို ပြုလုပ်ခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြလိုက်သည်။

    “တရုတ် ဒါမှမဟုတ် အမေရိကန်၊ စင်ကာပူတို့လို နိုင်ငံတွေကိုလည်း ကျွန်တော်တို့ လိုချင်ပါတယ်။ တကယ်လို့ အိန္ဒိယအစိုးရက ကျွန်တော့်ကို ဖိတ်ရင်လည်း ကျွန်တော် ကြိုဆိုမိမှာပါ။ ကျွန်တော်တို့ဒေသ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ရင်းနှီးမြှုပ်နှံမှု အများအပြား လိုအပ်ပါတယ်” ဟု ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံ၏ ထိုကဲ့သို့ ချဉ်းကပ်မှုမှာ ရခိုင်ပြည်နယ်အတွင်းရှိ မဟာဗျူဟာအကျဆုံးသော ရင်းနှီးမြှုပ်နှံမှုများဖြစ်သည့် ရေနံနှင့် သဘာဝဓာတ်ငွေ့ပိုက်လိုင်း၊ ရေနက်ဆိပ်ကမ်းတို့အား ကာကွယ်ရန် ဆောင်ရွက်မှုလည်းဖြစ်ပြီး၊ ကွန်မြူနစ်ပါတီ၏ မစွက်ဖက်ရေး ပေါ်လစီ ပြောင်းလဲမှုကို ဖော်ပြနေခြင်းလည်း ဖြစ်သည်။

    မွတ်စလင်ဆန့်ကျင်ရေး သဘောထားများကို လှုံ့ဆော်ပေးပြီး ရခိုင်ဗုဒ္ဓဘာသာဝင်များဖြင့် ဖွဲ့စည်းထားသည့် ANP ပါတီမှာ နှစ်ပေါင်း ၂၅ နှစ်အတွင်း ပထမဆုံး လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်လာမည်ဟု မျှော်မှန်းထားသော လာမည့် နိုဝင်ဘာရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်၌ အပြတ်အသတ် အနိုင်ရမည့် အခြေအနေ ရှိနေသည်။

    မြန်မာနိုင်ငံတွင် တရုတ်၏ ရင်းနှီးမြှုပ်နှံထားမှုများမှ အရေးပါဆုံးမှာ ရခိုင်ပြည်နယ်တွင် ရှိနေသောကြာင့် ဒေါက်တာအေးမောင်မှာ ဘေဂျင်းအတွက် အလားအလာရှိသည့် မဟာမိတ်အဖြစ် ရှုမြင်ခံရခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ၃ နှစ်က ရခိုင်များနှင့် ရိုဟင်ဂျာများအကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့သည့် ကျောက်ဖြူမြို့မှာ တရုတ်နိုင်ငံ၏ ရင်းမြစ်အသစ်နှင့် ကုန်သွယ်ရေးလမ်းကြောင်းအတွက် အဓိကကျသည့် ဒေသ ဖြစ်နေသည်။

    ဒေါက်တာအေးမောင်ကမူ ကွန်မြူနစ်ပါတီမှာ ၎င်းအား ဇူလိုင်လက ဖူဂျီယန်နှင့် ဂွီဇူ ပြည်နယ်များသို့ ဖိတ်ကြားခဲ့ပြီး အစည်းအဝေးတစ်ခုတွင် ကွန်မြူနစ်ပါတီ နိုင်ငံရေးရာဌာနမှ တာဝန်ရှိသူတစ်ဦးက ၎င်းတို့မှာ သမ္မတဦးသိန်းစိန်၏ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ANP ပါတီ – ထို ၃ ခုနှင့်သာ စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

    “ကျွန်တော်တို့က အဖွဲ့ ၃ ခုနဲ့ပဲ ဆက်သွယ်ခဲ့တယ်။ ခင်ဗျားတို့ပါတီက မြန်မာနိုင်ငံမှာ တိုင်းရင်းသားအဖွဲ့တွေထဲက ကျွန်တော်တို့နဲ့ ဆက်သွယ်တဲ့ တစ်ခုတည်းသောပါတီပဲလို့ – သူတို့က ကျွန်တော့်ကို ပြောပါတယ်” ဟု ၎င်းမဲဆွယ်မှု လုပ်နေသော ကျောက်ဖြူမြို့တွင် ပြုလုပ်သည့် အင်တာဗျူး၌ ဒေါက်တာအေးမောင်က ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံသို့ နှစ်ကြိမ်တိုင်တိုင်သွားရောက်ခဲ့သည့် ဒေါက်တာအေးမောင်၏ ခရီးစဉ်ကို တရုတ်နှင့် မြန်မာတို့မှ မီဒီယာများက အကျဉ်းချုပ်သာ ဖော်ပြခဲ့ပြီး၊ မည်သည့်ဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်ကို အကျယ်တ၀င့် တင်ပြခဲ့ခြင်း မရှိချေ။

    သမ္မတဦးသိန်းစိန်ရုံးမှ တာဝန်ရှိသူတစ်ဦးကမူ သမ္မတမှာ မြန်မာနိုင်ငံမှ အန်ဂျီအိုများ၊ နိုင်ငံရေးပါတီများနှင့် တရုတ်နိုင်ငံတို့အကြား ဆက်သွယ်မှုကို အားပေးသည်ဟု ဆိုသည်။

    “ANP နဲ့ ဆက်ဆံရေးတိုးတက်အောင် ကြိုးစားတာဟာ သူတို့ရဲ့ပေါ်လစီအသစ် အကောင်အထည်ဖော်မှု တစ်စိတ်တစ်ပိုင်းလို့ ကျွန်တော်ထင်ပါတယ်” ဟု သမ္မတရုံးမှ ဦးဇော်ဌေးက ပြောကြားခဲ့သည်။

    တရုတ်နိုင်ငံမှာ မြန်မာနိုင်ငံ၏ ပြည်တွင်း နိုင်ငံရေးကိစ္စများတွင် ကြားဝင်ခြင်းမပြုသည့် ပေါ်လစီကို ဆယ်စုနှစ်ပေါင်းများစွာ ကျင့်သုံးလာခဲ့သော်လည်း လက်ရှိအချိန်တွင် ထိုနည်းလမ်းက တရုတ်၏ အကျိုးစီးပွားကို ကာကွယ်ရန် မလုံလောက်ဟု သမ္မတဇီဂျင်ပင်းအစိုးရက ယူဆနေသည်ဟု ဆန်းစစ်သူများက သုံးသပ်ကြသည်။

    “ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ အာဏာရပါတီတစ်ခုတည်းနဲ့ ဆက်သွယ်မှုကြောင့် ကျွန်တော်တို့ ကြီးမားတဲ့ဆုံးရှုံးမှုတွေကို ခံစားခဲ့ရပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အတွက် ပြောင်းလဲဖို့ လိုအပ်လာပါပြီ” ဟု တရုတ်အစိုးရ၏ ထိပ်တန်း တတ်သိပညာရှင်များအဖွဲ့ဖြစ်သော တရုတ်လူမှုသိပ္ပံအကယ်ဒမီမှ အာရှ-ပစိဖိတ် လှုမှုရေးနှင့် ယဉ်ကျေးမှုဆိုင်ရာ လေ့လာရေးဌာန အကြီးအကဲ ဇူလီပင်းက ပြောကြားခဲ့သည်။

    အန္တရာယ်ရှိသည့် ရလဒ်များ

    ဒေါက်တာအေးမောင်ကမူ ၎င်းအနေဖြင့် တရုတ်နိုင်ငံ၏ ကမ်းလှမ်းမှုကို တုန့်ပြန်ခဲ့ခြင်း မရှိသော်လည်း ရခိုင်ပြည်နယ်၏ လယ်ယာလုပ်ငန်းများအတွက် ထွန်စက်များနှင့် လယ်ယာသုံး စက်ကိရိယာများကို လိုချင်ပြီး ပညာတော်သင်ဆုများအတွက်လည်း ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

    ၂၀၁၄ ခုနှစ် ကမ္ဘာ့ဘဏ်မှ ထုတ်ပြန်သော အစီရင်ခံစာတွင် ရခိုင်ပြည်နယ်၏ ဆင်းရဲမွဲတေမှုမှာ ၇၈ ရာခိုင်နှုန်းရှိနေသည်ဟု ဖော်ပြထားသည်။

    ပြည်နယ်အတွင်း လိုအပ်နေသော ရင်းနှီးမြှုပ်နှံမှုများကို ရရှိအောင် လုပ်နိုင်မှုက ဒေါက်တာအေးမောင်၏ သြဇာကို ပိုမို ခိုင်မာလာစေနိုင်သော်လည်း တရုတ်၏ လုပ်ငန်းများကြောင့် မြေယာများ ဆုံးရှုံးခြင်းနှင့် သဘာဝပတ်ဝန်းကျင် ပျက်စီးခြင်းတို့က မြန်မာနိုင်ငံတွင် တရုတ်ဆန့်ကျင်ရေး ပေါ်လစီကို မီးထိုးပေးသကဲ့သို့ ဖြစ်နေပြီး တရုတ်နှင့်ပူးပေါင်းခြင်းကလည်း အန္တရာယ်ရှိလာနိုင်သည်။

    “ဒေါက်တာအေးမောင်ရဲ့ ခရီးစဉ်နဲ့ပတ်သက်ပြီး ဒေသတွင်းအဖွဲ့အစည်းတွေနဲ့ လူငယ်တွေထံကနေ ဝေဖန်မှုတွေ အများအပြား ကြားခဲ့ရပါတယ်။ လူငယ်တွေက အနောက်နိုင်ငံတွေရဲ့ ပေါ်လစီနဲ့ အကူအညီကို ကြိုက်ပါတယ်။ တရုတ်ရဲ့ ပေါ်လစီကို မဟုတ်ပါဘူး” ဟု ANP ကိုယ်စားပြု ၀င်ရောင်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်းဖြစ်သူ ထွဋ်မေက ပြောကြားခဲ့သည်။

    အထူးစီးပွားရေးဇုန် အပါအ၀င် တရုတ်နိုင်ငံက ရခိုင်ပြည်နယ်တွင် လက်ရှိ ပြုလုပ်ရန် စီစဉ်ထားမှုများ နောက်ထပ် နှစ် ၂၀ အတွင်း အကောင်အထည်ပေါ်လာပါက ကန်ဒေါ်လာ ဘီလီယံ ၁၀၀ ဖိုးခန့် တန်ဖိုးရှိမည်ဟု သိရသည်။

    သို့သော်လည်း ယခုအချိန်အထိ တည်ဆောက်ပြီးစီးထားသော ရေနံနှင့်သဘာဝဓာတ်ငွေ့ ပိုက်လိုင်းများမှာ ၎င်းတို့အား မည်သည့်အလုပ်အကိုင်မှ မပေးဟု ဒေသခံများက ဖွင့်ဟခဲ့သည်။

    “သဘာဝဓာတ်ငွေ့ စီမံကိန်းအကြောင်းပြောရရင်- သူတို့လာရင် ဒေသခံပြည်သူတွေကို အလုပ်ခန့်မယ်လို့ပဲ လူတိုင်းက မျှော်လင့်ခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့လည်းရောက်လာရော ထမင်းချက်ကအစ တရုတ်တွေဖြစ်နေတယ်” ဟု ဒေသတွင်း တက်ကြွလှုပ်ရှားသူ အသက် ၃၆ နှစ်အရွယ် ထွန်းထွန်းနိုင်က ပြောကြားခဲ့သည်။

    Ref: Reuters

  • အီရန်စစ်သားထောင်ပေါင်းများစွာ ဆီးရီးယားသို့ ရောက်ရှိ

    အီရန်စစ်သားထောင်ပေါင်းများစွာ ဆီးရီးယားသို့ ရောက်ရှိ

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    syria

    – ဆီးရီးယားအစိုးရ၏ ထိုးစစ်ဆင်မှုများကို ကူညီရန်အတွက် အီရန်မှ စစ်သား ထောင်ပေါင်းများစွာမှာ လာတာကီယာ ပြည်နယ်ရှိ လေဆိပ်သို့ ရောက်ရှိလာနေကြသည်ဟု တက်ကြွလှုပ်ရှားသူများနှင့် လန်ဒန်အခြေစိုက် ဆီးရီးယားအရေး စောင့်ကြည့်အဖွဲ့က ပြောကြားလိုက်သည်။

    ဆီးရီးယားအစိုးရမှာ နိုင်ငံတောင်ပိုင်း မဟာဗျူဟာကျသည့် ဟုမ်းစ်မြို့ကို သိမ်းယူရေး ထိုးစစ်ဆင်မှုများ ပြုလုပ်နေပြီး ရုရှားနှင့် အီရန်တို့ လေတပ်အခြေစိုက်စခန်းအဖြစ် အသုံးပြုနေသည့် ဂျာဘလေမြို့မှ ဘက်စ်ဆဲလ် အလ်-အာဆဒ် လေဆိပ်ကို ယနေ့တွင် ပိတ်ပစ်ခဲ့သည်။ ထိုကဲ့သို့ ရောက်ရှိလာခြင်းက IS အဖွဲ့အား နှိမ်နှင်းရေးအတွက် ဖြစ်ပုံရသည်ဟု ဆိုသည်။

    “အမေရိကန်နဲ့ သူတို့ရဲ့ မဟာမိတ်တွေက ဒီဆောင်ရွက်မှုမှာ စိတ်ပါလက်ပါ မပါဝင်ကြဘဲ ကလေးကစားသလို လုပ်နေပါတယ်။ ဒါ့ကြောင့် မဟာမိတ်အသစ်နဲ့ အဖွဲ့အသစ်တွေဟာ ဒီအခြေအနေမျိုးမှာ ၀င်ပါခဲ့ရပြီး တကယ်လည်း စိတ်ပါလက်ပါ ရှိပါတယ်။ ဒါက ဒေသတွင်းအခြေအနေ တိုးတက်မှုအသစ်ရဲ့ အစိတ်အပိုင်းဖြစ်တယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ” ဟု အီရန်ပါလီမန်၏ အမျိုးသားလုံခြုံရေးနှင့်
    နိုင်ငံခြားရေးပေါ်လစီကော်မရှင် အကြီးအကဲ အလက်ဒင် ဘိုရူဂျာဒီက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • အ၀တ်လဲခန်းအတွင်း ပြုတ်ကျမှုအတွက် တင်းနစ်အဖွဲ့ချုပ်ကို အမေရိကန်တင်းနစ်မယ် တရားစွဲ

    အ၀တ်လဲခန်းအတွင်း ပြုတ်ကျမှုအတွက် တင်းနစ်အဖွဲ့ချုပ်ကို အမေရိကန်တင်းနစ်မယ် တရားစွဲ

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    tennis

    – ယူအက်စ်အိုးပင်း တင်းနစ်ပြိုင်ပွဲတွင် အ၀တ်လဲခန်း၌ ချော်ကျကာ ခေါင်းကွဲမှုအတွက် အမေရိကန်တင်းနစ်မယ် ယူဂျီနီ ဘောက်ချာ့ဒ်မှာ အမေရိကန် တင်းနစ်အဖွဲ့ချုပ်ကို တာဝန်ပေါ့လျော့မှုဖြင့် တရားစွဲဆိုလိုက်သည်။

    စတုတ္ထအဆင့် ပွဲစဉ်မတိုင်ခင် စက်တင်ဘာ ၄ ရက်နေ့က နှစ်ယောက်တွဲ ပွဲစဉ်အပြီး ဖြစ်ပွားခဲ့သည့် အဆိုပါ ချော်ကျမှုကြောင့် ဘောက်ချာ့ဒ်မှ ဦးခေါင်းတွင် ပြင်းထန်စွာ ဒဏ်ရာရခဲ့ပြီး ယူအက်စ်အိုပင်းမှ နှုတ်ထွက်ခဲ့ရကာ ဂျပန်အိုးပင်း၊ ၀ူဟန်အိုးပင်း၊ ဟောင်ကောင်အိုးပင်း စသည့်ပြိုင်ပွဲများနှင့် လွဲချော်ခဲ့ရသည်။ ထို့ပြင် ကမ္ဘာ့အဆင့်တွင်လည်း ၁၃ ဆင့် ကျဆင်းခဲ့သည်။

    ဘရွတ်ကလင်းရှိ နယူးယောက်အရှေ့ပိုင်းခရိုင် တရားရုံး၌ ဘောက်ချာ့ဒ်၏ စွဲဆိုမှုဖိုင်တွင် အမေရိကန်တင်းနစ်အဖွဲ့ချုပ်၏ ပေါ့လျော့မှုကြောင့် အ၀တ်လဲခန်းရှိ ကြမ်းပြင်မှာ ချောနေပြီး မိမိ ခြေချော်ခဲ့ခြင်းဖြစ်ကြောင်း၊ ကြမ်းပြင် ထိုကဲ့သို့ အခြေအနေရှိသည်ကို မိမိအား အဖွဲ့ချုပ်က မပြောပြခဲ့ကြောင်း၊ မိမိ၏ ထိုခိုက်ဒဏ်ရာရမှုနှင့် ဆုံးရှုံးမှုများအတွက် တရားရုံးက ကြားနာပေးစေလိုကြောင်း ဖော်ပြထားသည်။

    အမေရိကန်တင်းနစ်အဖွဲ့ချုပ်ကမူ ထိုကိစ္စအတွက် မည်သည့်မှတ်ချတ်မှ မပေးခဲ့ချေ။

    Ref: Dailymail

  • အန်ကာရာ ဗုံးပေါက်ကွဲမှုအတွက် လုံခြုံရေးအကြီးအကဲများကို တူရကီ ထုတ်ပယ်

    အန်ကာရာ ဗုံးပေါက်ကွဲမှုအတွက် လုံခြုံရေးအကြီးအကဲများကို တူရကီ ထုတ်ပယ်

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    turkery

    – စနေနေ့က မြို့တော်အန်ကာရာတွင် ပြည်သူထောင်ပေါင်းများစွာ ငြိမ်းချမ်းရေး ဆန္ဒပြမှုအတွင်း ဗုံးပေါက်ကွဲမှုနှစ်ခုအတွက် အန်ကာရာ ရဲတပ်ဖွဲ့အကြီးအကဲ ကဒ်ရီ ကာတဲလ်နှင့် အခြား လုံခြုံရေးအကြီးအကဲ နှစ်ဦးတို့အား ရာထူးမှ ထုတ်ပယ်လိုက်သည်ဟု တူရကီ ပြည်ထဲရေးဝန်ကြီးဌာနက ကြေငြာခဲ့သည်။

    အဆိုပါ ဗုံးပေါက်ကွဲမှုတွင် လူ ၉၇ ဦး သေဆုံးခဲ့ပြီး IS အစွန်းရောက်များက အသေခံ ဖောက်ခွဲခဲ့ခြင်းဖြစ်သည်ဟု တူရကီအစိုးရက ပြောကြားခဲ့သည်။ သမ္မတ အာဒိုဂန်ကမူ မိမိတို့၏ လုံခြုံရေးလုပ်ငန်းများတွင် ချို့ယွင်ချက်များ ရှိခဲ့သည်ဟုလည်း ၀န်ခံခဲ့သည်။

    ထိုကဲ့သို့ လုံခြုံရေးအရာရှိများကို ထုတ်ပယ်ခြင်းမှာ စုံစမ်းစစ်ဆေးမှုများအား လွတ်လပ်စွာ လုပ်ဆောင်နိုင်ရန်ဖြစ်သည်ဟု ၀န်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ပြည်သူများကမူ ထိုပေါက်ကွဲမှုများအတွက် သမ္မတနှင့် အစိုးရတို့အား ပြင်းပြင်းထန်ထန် ပြစ်တင်ဝေဖန်ခဲ့ကြသည်။

    Ref: Aljazeera

  • အင်္ဂလန်အသင်း၌ ကစားခွင့်ကို ချက်ခြင်းပယ်ချခဲ့ဟု ဘေးလ်ပြော

    အင်္ဂလန်အသင်း၌ ကစားခွင့်ကို ချက်ခြင်းပယ်ချခဲ့ဟု ဘေးလ်ပြော

    အောက်တိုဘာ ၁၅၊ ၂၀၁၅
    M-Media

    bale

    – အဘွားဘက်မှ မျိုးရိုးကြောင့် အင်္ဂလန်အသင်းတွင် ကစားခွင့် ရခဲ့သော်လည်း မိမိအနေဖြင့် ချက်ခြင်းပင် ပယ်ချကာ ဝေးလ်အသင်းအတွက်ပင် ကစားရန် ရွေးချယ်ခဲ့သည်ဟု တိုက်စစ်မှူး ဘေးလ်က ပြောကြားလိုက်သည်။

    ယူရို ၂၀၁၆ ခြေစစ်ပွဲ ၁၀ ပွဲတွင် ဘေးလ်မှာ ၇ ဂိုး သွင်းယူပေးခဲ့ပြီး နောက်ဆုံးအဆင့်တွင် ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရန် ကူညီနိုင်ခဲ့သည်။ ထိုအခွင့်အရေးမှာ ၁၉၅၈ ကမ္ဘာ့ဖလားနောက်ပိုင်း အဓိက ပြိုင်ပွဲတစ်ခုတွင် ဝေးလ်က ပထမဆုံးအကြိမ် ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းလည်း ဖြစ်သည်။

    “(အင်္ဂလန်အသင်းအတွက် ကမ်းလှမ်းခြင်းခံရသည့်အချိန်က) ကျွန်တော် တော်တော် ငယ်ပါသေးတယ်။ ကျွန်တော်အေးဂျင့်လည်း ကမ်းလှမ်းတဲ့အထဲမှာ ပါပါတယ်။ ဒါပေမယ့် ဒါက တစ်ခဏလောက်ပဲကြာတဲ့ စကားဝိုင်း ဖြစ်ခဲ့ပါတယ်။ ကျွန်တော်က ‘တော်ပါတော့ – ဒါဘယ်တော့မှ ဖြစ်လာမှာမဟုတ်ဘူး’ လို့ပဲ ပြောခဲ့ပါတယ်။ ကျွန်တော်က ဝေးလ်နိုင်ငံသားပါ။ ကျွန်တော် ဝေးလ်ကိုချစ်တယ်။ ဝေးလ်အတွက် ကစားရတာကို ကျွန်တော် မြတ်နိုးတယ်ဆိုတာ လူတိုင်း သိကြပါတယ်။ ကျွန်တော့် အဘွားက အင်္ဂလိပ်ပါ။ ဒါပေမယ့် ကျွန်တော် ဝေလ ပါ။ ဒါပါပဲ။ ဒါဟာ ဘယ်တော့မှ ချွင်းချက်မဟုတ်ပါဘူး” ဟု ဘေးလ်က Daily Mirror သို့ ပြောကြားခဲ့သည်။

    Ref: Goal