News @ M-Media

Blog

  • မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ လာမည့်နှစ်တွင် ဆောက်မည်

    မြန်မာနိုင်ငံ၌ နေစွမ်းအင်သုံး ဓာတ်အားပေးစက်ရုံ လာမည့်နှစ်တွင် ဆောက်မည်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    solar

    – မြန်မာနိုင်ငံ၏ လျှပ်စစ်ဓာတ်အား လိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် မီဂါဝပ် ၂၂၀၀ ထုတ်လုပ်ပေးနိုင်မည့် နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ထိုင်းကုမ္ပဏီတစ်ခုဖြစ်သော Green Earth Power က ဆောက်လုပ်သွားမည်ဟု သိရသည်။

    မကွေးတိုင်း မင်းဘူးမြို့၌ ၂၀၁၆ ခုနှစ် ပထမသုံးလအတွင်း စတင် ဆောက်လုပ်သွားမည်ဖြစ်ပြီး အရှေ့တောင်အာရှ၌ အကြီးဆုံး နေစွမ်းအင်သုံး လျှပ်စစ်ဓာတ်အားပေးစက်ရုံ ဖြစ်လာဖွယ် ရှိနေသည်။ အဆိုပါစီမံကိန်းကို ၂၀၁၃ ခုနှစ် အစောပိုင်းကတည်းက စတင်ရန် စီစဉ်ထားသော်လည်း ဘဏ္ဍာရေးအခက်အခဲကြောင့် နောက်ဆုတ်ခဲ့ရခြင်း ဖြစ်သည်။

    စီမံကိန်း၏ ဒီဇိုင်းပိုင်းနှင့် အကြံပေးမှုဆိုင်ရာ ၀န်ဆောင်မှုများ ပေးအပ်ရန် အမေရိကန် ကုမ္ပဏီဖြစ်သော Black & Veatch ကို Green Earth Power က ငှားရမ်းထားသည်။

    Black & Veatch မှ နိုင်ငံတကာ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ဒါရိုက်တာဖြစ်သူ ရစ်ခ် အို ကွန်နဲလ်က “လျှပ်စစ်စွမ်းအင်ဟာ မြန်မာနိုင်ငံမှာ အဓိကဦးစားပေးဖြစ်ပြီး စီးပွားရေးနဲ့ လူမှုရေးတိုးတက်မှုတွေမှာ ဆိုးရွားတဲ့ အခက်အခဲလည်း ဖြစ်နေပါတယ်။ နေစွမ်းအင်သုံး စက်ရုံတွေဟာ အလျင်အမြန် တည်ဆောက်နိုင်တာကြောင့် ဓာတ်အားလိုင်းထဲကို မြန်မြန် ဓာတ်အားပေါင်းထည့်ဖို့ ကောင်းမွန်တဲ့ နည်းလမ်းတစ်ခုပါပဲ။ ပြီးတော့ လူနေမှုအရည်အသွေးအပေါ်မှာ အဓိပ္ပါယ်ရှိတဲ့ အကျိုးသက်ရောက်မှုတွေလည်း အသေအချာ ရှိပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    လက်ရှိတွင် မြန်မာနိုင်ငံ၏ ဓာတ်အားထုတ်လုပ်မှုမှာ ၂၅၀၀ မီဝါ၀ပ်သာ ရှိပြီး အစိုးရမှာ ၂၀၃၀ ခုနှစ်အရောက်တွင် မီဂါဝပ် ၃၀၀၀၀ ခန့် ထုတ်လုပ်နိုင်ရန် ရည်ရွယ်ထားသည်။

    Ref: pv-ech.org

  • မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု ပက်ကွီအိုပြော

    မေ၀ယ်သာနှင့် မကျေပွဲနွှဲချင်သည်ဟု ပက်ကွီအိုပြော

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    pqp

    – မိမိ၏ပုခုံးဒဏ်ရာမှာ ၈၀ ရာခိုင်နှုန်းမှ ၉၀ ရာခိုင်နှုန်းအထိ သက်သာနေပြီး လာမည့်နှစ်တွင် ကြိုးဝိုင်းထဲသို့ ပြန်ဝင်မည်ဖြစ်ကာ မေ၀ယ်သာနှင့် မကျေပွဲပြန်နွှဲရန် မျှော်လင့်နေသည်ဟု ပက်ကွီအိုက ပြောကြားလိုက်သည်။

    ပြီးခဲ့သည့်မေလက မေ၀ယ်သာအား ရှုံးနိမ့်ခဲ့သည့်ပွဲတွင် ပုခုံးဒဏ်ရာရခဲ့သည့် ပက်ကွီအိုမှာ လာမည့် နိုဝင်ဘာ သို့မဟုတ် ဒီဇင်ဘာလတွင် လေ့ကျင့်ခန်းဆင်းနိုင်မည်ဖြစ်ပြီး နှစ်ဆန်းတွင် တစ်ပွဲထိုးသတ်မည်ဖြစ်သည်။

    “တကယ်လို့ (မေ၀ယ်သာနဲ့ ပြန်ထိုးချင်လားလို့) မေးရင်တော့ တကယ်ပါ ကျွန်တော် ပြန်ထိုးချင်ပါတယ်။ သူအနားယူသွားပြီလို့ ကျွန်တော်ကြားတယ်။ တကယ်လို့ သူတကယ်ပဲ အနားယူသွားတယ်ဆိုရင်တော့ ပွဲဖြစ်လာမှာ မဟုတ်ပါဘူး။ အဲဒီလို မဟုတ်ရင်တော့… (မကျေပွဲနွှဲချင်ပါတယ်)။ (ပြီးခဲ့တဲ့ပွဲမှာ) သူက ပတ်ပြေးနေပြီး ကျွန်တော့်ကို သူ ယှဉ်မထိုးချင်ဘူးဗျ” ဟု ပက်ကွီအိုက ပြောကြားခဲ့ပြီး ပုခုံးဒဏ်ရာသက်သာသည့် ၎င်းမှာ မေ၀ယ်သာအား ဒုက္ခပေးနိုင်မည်ဟု မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    လက်ရှိတွင် အမီးရ်ခန်းနှင့် ပက်ကွီအိုတို့ ထိုးသတ်ရန် ဆွေးနွေးမှုများ ပြုလုပ်နေသည်ဟု သတင်းများ ထွက်ပေါ်နေပြီး ပက်ကွီအိုကမူ အမီးရ်ခန်းမှာ မိမိ၏ပြိုင်ဘက် ဖြစ်လာနိုင်သော်လည်း ဆုံးဖြတ်ချက်မချရသေးဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဗုဒ္ဓဘာသာပုံရိပ်အား ထိခိုက်စေနိုင်သည့် ရုပ်ရှင်တစ်ကားကို ထိုင်း ပိတ်ပင်

    ဗုဒ္ဓဘာသာပုံရိပ်အား ထိခိုက်စေနိုင်သည့် ရုပ်ရှင်တစ်ကားကို ထိုင်း ပိတ်ပင်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    thai

    – နိုင်ငံ၏ အဓိက ဘာသာတရားဖြစ်သော ဗုဒ္ဓဘာသာ၏ ပုံရိပ်အား ထိခိုက်စေနိုင်သည့်အတွက် ဘုန်းကြီးများနှင့် ပတ်သက်၍ ရိုက်ကူးထားသည့် ထိန့်လန့်ဖွယ်ရာ ရုင်ရှင်တစ်ကားကို ကို ပိတ်ပင်လိုက်သည်ဟု ထိုင်းအာဏာပိုင်များက ယနေ့တွင် ပြောကြားခဲ့သည်။

    Arbat ဟုအမည်ရသည့် ရုပ်ရှင်ကားဖြစ်ပြီး နမ်းရှုံ့သောအခန်းနှင့် ဘုန်းကြီးတစ်ပါး၏ မူးယစ်ဆေးဝါးသုံးစွဲသော အခန်းတို့ အပါအ၀င် အချို့သောဇာတ်ဝင်ခန်းများကို ထိုင်းယဉ်ကျေးမှုဝန်ကြီးဌာနက ပယ်ချခဲ့ခြင်းဖြစ်သည်။

    ဗုဒ္ဓဘာသာဝင်အများစုဖြစ်သော ထိုင်းနိုင်ငံတွင် ဘုန်းတော်ကြီးများမှာ ယခင်ကတည်းက လေးစားကြည်ညိုခြင်း ခံခဲ့ရသော်လည်း ပြီးခဲ့သည့်နှစ်အနည်းငယ်အတွင်း လောင်းကစားမှုနှင့် လိင်မှုကိစ္စများအပါအ၀င် ကဲရဲ့ပြစ်တင်ဖွယ်ရာ လုပ်ရပ်များ ရှိလာခဲ့ပြီး ယုံကြည်ကိုးစားသူများထံမှ ရရှိသည့် အလှူငွေများဖြင့် အလွန်အမင်း ချမ်းသာလာသည့် ဘုန်းကြီးကျောင်းများမှာ ငွေကြေးအလွဲသုံးစားလုပ်မှုနှင့် ဆယ်နွယ်ခြင်း စသည့်ပြဿနာများဖြင့် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့သည်။

    “ဒီရုပ်ရှင်မှာ ဗုဒ္ဓဘာသာကို ပျက်ဆီးစေမယ့် အခန်းအချို့ ပါဝင်ပါတယ်။ တကယ်လို့ ဒါကိုပြသရင် လူတွေရဲ့ ဗုဒ္ဓဘာသာအပေါ် ယုံကြည်မှုဟာ ပျက်ယွင်းသွားပါလိမ့်မယ်” ဟု ထိုင်းနိုင်ငံလုံးဆိုင်ရာ ဗုဒ္ဓဘာသာရုံးမှ ပြောရေးဆိုခွင့်ရှိသူ ဆွမ်ချိုင်း ဆူရာချက်ထရီက AFP သတင်းဌာနသို့ ပြောကြားခဲ့သည်။

    ၎င်းတို့အဖွဲ့မှာ ယဉ်ကျေးမှုဝန်ကြီးဌာန၏ ဆင်ဆာကော်မတီတွင်လည်း အဖွဲ့ဝင်အဖြစ် ပါဝင်သည်။

    ရုပ်ရှင်ထုတ်လုပ်သည့် Sahamongkol Film International ကုမ္ပဏီကမူ ၎င်းတို့မှာ ရုပ်ရှင်၏ အစိတ်အပိုင်းတစ်ချို့ကို ပြင်ဆင်ရန် စီစဉ်နေပြီး ဆင်ဆာအဖွဲ့သို့ ပြန်လည်စဉ်းစားပေးရန် တင်ပြသွားမည်ဟု ပြောကြားခဲ့သည်။

    “ရုပ်ရှင်ရဲ့ အနှစ်သာရနဲ့ ဇာတ်လမ်းကို ကျွန်တော်တို့ တတ်နိုင်သလောက် ထိန်းသိမ်းသွားမှာပါ” ဟု ကုမ္ပဏီ၏ Facebook စာမျက်နှာတွင် ဖော်ပြထားသည်။

    Arbat(အာဘတ်) မှာ ထိုင်းဘာသာစကားဖြင့် “ဘုန်းကြီးများ၏ ချိုးဖောက်မှုများ” ဟု အမည်ရပြီး နိုင်ငံတစ်ဝှမ်းတွင် ကြာသာပတေးနေ့၌ ပြသရန် စီစဉ်ထားသည်။

    ခြစားမှုဇာတ်လမ်းများ

    မကြာသေးမီနှစ်များအတွင်း စီးပွားရေသောင်းကြမ်းမှုအတွက် ထိုင်းဘုန်းကြီးများမှာ ဝေဖန်မှုများကို တိုးမြှင့်ခံစားနေရသည်။

    ပြီးခဲ့သည့်ဧပြီလက နိုင်ငံအတွင်း အချမ်းသာဆုံး ဘုန်းကြီးကျောင်းမှ တစ်ခုဖြစ်သော Dhammakaya မှာ ကုမ္ပဏီအမှုဆောင် လူကြီးတစ်ဦးက လှူဒါန်းထားသော ကန်ဒေါ်လာ သန်း ၂၀ ကို ပြန်ပေးခဲ့ပြီး နောက်ပိုင်းတွင် ထိုငွေများမှာ အလွဲသုံးစားလုပ်ထားသည့် ငွေများဖြစ်သည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

    အလှူအတန်းပြုခြင်းက ထိုင်းနိုင်ငံရှိ ဗုဒ္ဓဘာသာ၏ အရင်းအမြစ်ဖြစ်ခဲ့သည်မှာ ကြာမြင့်နေပြီဖြစ်သည်။ နေ့စဉ် နံနက်တိုင်း ဘုန်းတော်ကြီးများမှာ ၎င်းတို့ သီတင်းသုံးရာ ကျောင်းတိုက်များမှ ပတ်ဝန်းကျင်ဒေသများသို့ ခြေဗလာဖြင့် ဆွမ်းခံကြွလေ့ရှိပြီး ပြည်သူများကလည်း ဘုန်းကြီးကျောင်းများအား လှူဒါန်းခြင်းဖြင့် ကုသိုလ် ယူကြသည်။

    ထိုင်းဘုန်းတော်ကြီးတစ်ဦးဖြစ်သူ Wiraphol Sukphol မှာ စင်လုံးငှားလေယာဉ်တွင် selfie ဓာတ်ပုံများ ရိုက်သည့် ကိစ္စမှာလည်း ထိုင်းနိုင်ငံတွင် နာမည်ကြီးခဲ့ကာ ဝေဖန်မှုများ ရှိခဲ့သည်။

    ပြီးခဲ့သည့် လများအတွင်းက ထိုင်းဘုန်းကြီးများအကြား ဖြစ်ပွားခဲ့သည့် ရှက်စရာကိစ္စများတွင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုကြောင့် ဖမ်းဆီးခံရသည့်ကိစ္စ၊ လူဝတ်ကြောင်ဖြင့် အရက်သောက်သုံးသည့် ကိစ္စ၊ ကားတိုက်မှုကိစ္စနှင့် အိမ်ထောင်ပြု၍မရသည့် ဘုန်းကြီးများ ရည်းစားထားခြင်းကိစ္စများလည်း ပါဝင်ခဲ့သည်။

    Ref: AFP

  • ၂၀၁၅ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး မွတ်စလင် ၅၀၀ တွင် အမေရိကန်မွတ်စလင်များ ပိုမိုပါဝင်

    ၂၀၁၅ ခုနှစ် ကမ္ဘာ့သြဇာအလွှမ်းမိုးဆုံး မွတ်စလင် ၅၀၀ တွင် အမေရိကန်မွတ်စလင်များ ပိုမိုပါဝင်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    world

    – ၂၀၁၅ ခုနှစ်အတွက် ကမ္ဘာပေါ်တွင် သြဇာအလွှမ်းမိုးဆုံး မွတ်စလင် ၅၀၀ စာရင်းကို ထုတ်ပြန်ခဲ့ရာ အမေရိကန်မှ မွတ်စလင်များမှာ အခြားနိုင်ငံများထက် ထိပ်ပိုင်းတွင် ပိုမိုပါဝင်နေပြီး အမေရိကန်မွတ်စလင်များ၏ အောင်မြင်မှုကို ထင်ဟပ်နေခြင်းလည်း ဖြစ်သည်။

    “ဒီစာရင်းဟာ မွတ်စလင်လူ့အဖွဲ့အစည်းမှာ ယနေ့ရှိနေတဲ့ စိန်ခေါ်မှုတွေနဲ့ ရှေ့ဆောင်အောင်မြင်မှုတွေအပေါ် မီးမောင်းထိုးပြဖို့ အခွင့်အလမ်းတစ်ခု ဖြစ်ပါတယ်” ဟု ထို ထုတ်ပြန်မှု၏ နိဒါန်းတွင် ဖော်ပြထားသည်။

    ၂၀၁၂ ခုနှစ်မှစ၍ ထိုစာရင်းတွင် အမေရိကန်မွတ်စလင်များမှာ အခြား မွတ်စလင်အများစုရှိရာ နိုင်ငံများထက် ပိုမို၍ ပါဝင်လေ့ရှိပြီး ပါကစ္စတန်မှ ၃၃ ဦး၊ ဆော်ဒီမှ ၃၂ ဦး၊ အီဂျစ်မှ ၂၇ ဦးနှင့် ယူကေမှ ၂၇ ဦးရှိနေချိန်တွင် အမေရိကန်က အနည်းဆုံး ၄၀ ဦးခန့် ပါဝင်နေတတ်သည်။

    သို့သော်လည်း ပြီးခဲ့သည့်နှစ်များအတွင်း ကမ္ဘာ့ထိပ်တန်း မွတ်စလင် ၅၀ စာရင်းတွင် Zaytona ကောလိပ်ကို ပူးတွဲတည်ထောင်သူ ရှိခ် ဟမ်ဇာ ယူစွဖ် ဟန်ဆန်၊ ဂျော့ဝါရှန်တန်တက္ကသိုလ်မှ အစ္စလာမ့်ရေးရာပါမောက္ခ ဆယဒ် ဟိုစိန် နဆာရ်တို့ကဲ့သို့ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်ထားသော အမေရိကန်မွတ်စလင်များသာ ပါဝင်လေ့ရှိကြသည်။

    ဂျော်ဒန် တတ်သိပညာရှင်များအဖွဲ့ဖြစ်သော Royal Islamic Strategic Studies Center မှ ၇ ကြိမ်မြောက်ထုတ်ပြန်သည့် ယခုနှစ်စာရင်း၏ ထိပ်ဆုံး ၅၀ နေရာတွင်မူ အမေရိကန်မွတ်စလင်များက ၇ ဦးအထိ ရှိလာခဲ့ပြီး မျက်နှာသစ် ၃၃ ဦး ပါဝင်လာသည်။

    သြဇာလွှမ်းမိုးသော မွတ်စလင်အဖြစ် ရွေးချယ်ရာတွင် ထိုစင်တာမှာ မွတ်စလင်ကမ္ဘာအတွက် ထူးခြားသည့် အကျိုးသက်ရောက်မှုကို ဆောင်ရွက်ပေးနိုင်သောသူဟူသော စံဖြင့် သတ်မှတ်ခြင်းဖြစ်သည်။

    Notre Dame တက္ကသိုလ်မှ အစ္စလာမ့်ရေးရာ ပါမောက္ခ အီဗရာဟင်မ် မူဆာကမူ ၎င်းမှာ ထိုစာရင်းတွင် ၅ နှစ်ကြာ ကင်းကွာနေရာမှ ယခုကြိမ်တွင် ပြန်လည်ပါဝင်လာခဲ့သည်ဟု ပြောကြားခဲ့သည်။

    “အမေရိကန်မွတ်စလင်တွေက ပိုပြီး သြဇာသက်ရောက်မှုရှိတယ်လို့ ကျွန်တော် မထင်ပါဘူး။ ဒါပေမယ့် တစ်ချို့လူတွေက အမေရိကန်မွတ်စလင်တွေရဲ့ အောင်မြင်မှုကို ကြည့်ကြတာပါ” ဟု ပါမောက္ခ မူဆာက ဆိုသည်။

    Royal Islamic Strategic Studies Center ရှိရာ The Royal Aal al-Bayt Institute for Islamic Thought အဖွဲ့မှာ အစိုးရမဟုတ်သည့် လွတ်လပ်သော အဖွဲ့အစည်းဖြစ်ပြီး ဂျော်ဒန်ဘုရင့်နိုင်ငံမြို့တော် အမ်နန်တွင် ရုံးစိုက်သည်။

    သြဇာလွှမ်းမိုးသော မွတ်စလင်များစာရင်းကို နှစ်စဉ်ထုတ်ပြန်ခြင်းမှာ မွတ်စလင်ကမ္ဘာအား ဦးဆောင်နေကြသူများနှင့် ကိုင်လှုပ်နေကြသူများကို မြင်လာစေရန်၊ မွတ်စလင်များ၏ ကမ္ဘာကြီးအား အကျိုးပြုမှုနှင့် ယနေ့ခေတ် ပြည်သူများမှာ မွတ်စလင်များအဖြစ် မည်ကဲ့သို့ ညီညွတ်စွာ နေထိုင်သည်ကို ပြသခြင်းလည်း ဖြစ်သည်။

    Ref: Onislam

  • ယူကရိန်းတွင် ပျက်ကျသည့် မလေးလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    ယူကရိန်းတွင် ပျက်ကျသည့် မလေးလေယာဉ် ဒုံးကျည်ဖြင့် ပစ်ချခံရခြင်းဖြစ်

    အောက်တိုဘာ ၁၃၊ ၂၀၁၅
    M-Media

    mh1

    – ပြီးခဲ့သည့်နှစ်က ပဋိပက္ခများဖြစ်ပွားရာ ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 17 လေယာဉ်မှာ ရုရှားက ထုတ်လုပ်သည့် BUK ဖြင့် ပစ်ချခံလိုက်ရခြင်းဖြစ်သည်ဟု ဒက်ခ်ျစုံစမ်းစစ်ဆေးရေးအဖွဲ့ Dutch Safety Board က ယနေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။

    ဒုံးကျည်မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်းပေါင်း ၂၉၈ ဦး လိုက်ပါသွားသည့် အဆိုပါ လေယာဉ် လေယာဉ်မှူးအခန်း၏ ဘယ်ဘက်ကို ထိမိခဲ့ခြင်းကြောင့် ပေါက်ကွဲပျက်ကျခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် နယ်သာလန်မှ ၁၉၃ ဦးဖြင့် အများဆုံးဖြစ်သည်။

    “ဒီထိပ်ဖူးဟာ မြေပြင်က ဝေဟင်ပစ် BUK ဒုံးကျည်စနစ်မှာ တပ်ဆင်တဲ့ ဒုံးကျည်နဲ့ ကိုက်ညီနေပါတယ်” ဟု ဘုတ်အဖွဲ့၏ ဥက္ကဌ တီဂျီဘီ ဂျူစထရာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

    သို့သော်လည်း ထိုဒုံးကျည်ပစ်ခတ်မှုအတွက် တာဝန်ရှိသူကိုမူ ဖော်ပြခဲ့ခြင်းမရှိဘဲ ရုရှားလိုလားသူများနှင့် စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံအရှေ့ပိုင်း လေပိုင်နက်ကို ယူကရိန်းက ပိတ်ပစ်သင့်သည်ဟု ဂျူစထရာက ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ပဋိပက္ခများဖြစ်နေသည့် အဆိုပါ ခွဲထွက်ရေးသူပုန်များကို ရုရှားက BUK ဒုံးကျည်စနစ် ပေးထားသည်ဟု ယခင်က သတင်းထွက်ဖူးသည်။

    ထို့ပြင် ထိုလေပိုင်နက်အတွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း ၆၁ လိုင်းအနေဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သတိပြုရန်လည်း ဘုတ်အဖွဲ့က သတိပေးခဲ့ကာ လေကြောင်းလိုင်းများမှာ ၎င်းတို့၏ လမ်းကြောင်းရွေးချယ်မှုအတွက် ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် တွန်းအားပေးသည့် ဥပဒေများကိုလည်း နိုင်ငံတကာ လေကြောင်းဥပဒေများတွင် ထည့်သွင်းပြဌာန်းသင့်သည်ဟု အကြံပြုခဲ့သည်။

    Ref: Channelnewsasia