အောက်တိုဘာ ၁၃၊ ၂၀၁၅
M-Media
– ပြီးခဲ့သည့်နှစ်က ပဋိပက္ခများဖြစ်ပွားရာ ယူကရိန်းအရှေ့ပိုင်းတွင် ပျက်ကျခဲ့သည့် မလေးရှားလေကြောင်းလိုင်းမှ MH 17 လေယာဉ်မှာ ရုရှားက ထုတ်လုပ်သည့် BUK ဖြင့် ပစ်ချခံလိုက်ရခြင်းဖြစ်သည်ဟု ဒက်ခ်ျစုံစမ်းစစ်ဆေးရေးအဖွဲ့ Dutch Safety Board က ယနေ့တွင် တရားဝင် ထုတ်ပြန်လိုက်သည်။
ဒုံးကျည်မှာ ခရီးသည်နှင့် လေယာဉ်အမှုထမ်းပေါင်း ၂၉၈ ဦး လိုက်ပါသွားသည့် အဆိုပါ လေယာဉ် လေယာဉ်မှူးအခန်း၏ ဘယ်ဘက်ကို ထိမိခဲ့ခြင်းကြောင့် ပေါက်ကွဲပျက်ကျခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့မှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။ သေဆုံးသူများထဲတွင် နယ်သာလန်မှ ၁၉၃ ဦးဖြင့် အများဆုံးဖြစ်သည်။
“ဒီထိပ်ဖူးဟာ မြေပြင်က ဝေဟင်ပစ် BUK ဒုံးကျည်စနစ်မှာ တပ်ဆင်တဲ့ ဒုံးကျည်နဲ့ ကိုက်ညီနေပါတယ်” ဟု ဘုတ်အဖွဲ့၏ ဥက္ကဌ တီဂျီဘီ ဂျူစထရာက သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
သို့သော်လည်း ထိုဒုံးကျည်ပစ်ခတ်မှုအတွက် တာဝန်ရှိသူကိုမူ ဖော်ပြခဲ့ခြင်းမရှိဘဲ ရုရှားလိုလားသူများနှင့် စစ်မက်ဖြစ်ပွားနေသည့် နိုင်ငံအရှေ့ပိုင်း လေပိုင်နက်ကို ယူကရိန်းက ပိတ်ပစ်သင့်သည်ဟု ဂျူစထရာက ပြောကြားခဲ့သည်။ ယူကရိန်းနှင့် ပဋိပက္ခများဖြစ်နေသည့် အဆိုပါ ခွဲထွက်ရေးသူပုန်များကို ရုရှားက BUK ဒုံးကျည်စနစ် ပေးထားသည်ဟု ယခင်က သတင်းထွက်ဖူးသည်။
ထို့ပြင် ထိုလေပိုင်နက်အတွင်း ပျံသန်းနေသည့် လေကြောင်းလိုင်း ၆၁ လိုင်းအနေဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်ကို သတိပြုရန်လည်း ဘုတ်အဖွဲ့က သတိပေးခဲ့ကာ လေကြောင်းလိုင်းများမှာ ၎င်းတို့၏ လမ်းကြောင်းရွေးချယ်မှုအတွက် ပိုမို ပွင့်လင်းမြင်သာမှုရှိစေရန် တွန်းအားပေးသည့် ဥပဒေများကိုလည်း နိုင်ငံတကာ လေကြောင်းဥပဒေများတွင် ထည့်သွင်းပြဌာန်းသင့်သည်ဟု အကြံပြုခဲ့သည်။
Ref: Channelnewsasia
Leave a Reply
You must be logged in to post a comment.