News @ M-Media

Blog

  • ပဋိပက္ခဖြစ်နေသည့်နိုင်ငံများအတွက် ကုလက ဘဏ္ဍာရေးထောက်ပံ့မှု တိုးမြှင့်မည်

    ပဋိပက္ခဖြစ်နေသည့်နိုင်ငံများအတွက် ကုလက ဘဏ္ဍာရေးထောက်ပံ့မှု တိုးမြှင့်မည်

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    ref

    – သန်းပေါင်းများစွာသော ဒုက္ခသည်များအရေး ကိုင်တွယ်ဆောင်ရွက်ရန်နှင့် ပဋိပက္ခများအပြီး တိုင်းပြည်အား ပြန်လည်ထူထောင်ရန်အတွက် အရှေ့အလယ်ပိုင်းနှင့် မြောက်အာဖရိကနိုင်ငံများသို့ ဘဏ္ဍာရေးထောက်ပံ့မှုများ တိုးမြှင့်ပေးသွားမည်ဟု ကုလသမဂ္ဂနှင့် ကမ္ဘာ့ဘဏ်တို့က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    “ဒီနေ့ခတ်ကမ္ဘာကြီးမှာ ဒုတိယကမ္ဘာစစ်နောက်ပိုင်း အမြင့်ဆုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးရမှုတွေ ဖြစ်ပွားနေတယ်ဆိုတာ မျက်မြင်လက်တွေ့ပါပဲ။ ပဋိပက္ခရဲ့ အခြေအနေ၊ သဘာဝတွေကို ဖြေရှင်းဖို့အတွက် ကျွန်တော်တို့ဟာ ချဉ်းကပ်မှုအသစ်တွေ လိုအပ်ပါတယ်။ ကုလရဲ့ အနီးကပ် မိတ်ဖက်ဖြစ်တဲ့ ကမ္ဘာ့ဘဏ်နဲ့ အခြားသော နိုင်ငံတကာ ဘဏ္ဍာရေးအဖွဲ့အစည်းတွေဟာ ပဋိပက္ခတွေဖြစ်ပွားနေတဲ့ ဒေသတွေမှာ အဓိကထားပြီး တက်တက်ကြွကြွ ရင်းနှီးမြှုပ်နှံဖို့ အရေးကြီးပါတယ်” ဟု ကုလသမဂ္ဂ ထွေထွေအတွင်းရေးမှူး ဘန်ကီမွန်က ပြောကြားခဲ့သည်။

    ထိုထောက်ပံ့မှုများကို ပုံစံနှစ်မျိုးဖြင့် ပေးအပ်သွားမည်ဖြစ်ပြီး၊ အစီအစဉ်အတွက် အစ္စလာမ့်ဖွံ့ဖြိုးရေးဘဏ်နှင့်လည်း ပူးပေါင်းဆောင်ရွက်သွားမည်ဟု ဆိုသည်။

    ပုံစံတစ်မျိုးမှာ အလှူရှင်နိုင်ငံများထံမှ ရရှိသည့် ငွေများ အတိုးမယူဘဲ အစ္စလာမ့်နည်းကျ ငွေချေးသည့် sukuk ငွေချေးစနစ်အပါအ၀င် အထူးငွေချေးစနစ်များဖြင့် ထုတ်ပေးသွားမည်ဖြစ်သည်။ ဒုတိယနည်းလမ်းတွင် ပြီးခဲ့သည့် လေးနှစ်အတွင်း ဒေသတွင်း ပဋိပက္ခများကြောင့် ထွက်ပြေးခဲ့ရသော ဒုက္ခသည် ၁၅ သန်းခန့်ကို လက်ခံထားရသည့် နိုင်ငံများအား အတိုးနည်းနည်းဖြင့် ကာလရှည် ငွေချေးမည့် ပုံစံဖြစ်သည်။

    “ဆိုးဆိုးဝါးဝါး ထိခိုက်နေတဲ့ ဒီနိုင်ငံတွေက လိုအပ်နေမှုပမာဏကို ပြည့်မီစေဖို့အတွက် ခိုင်မာတဲ့ ပူးပေါင်းဆောင်ရွက်မှုနဲ့ ဆန်းသစ်တဲ့ ဘဏ္ဍာရေးထောက်ပံ့မှုတွေ လိုအပ်ပါတယ်။ ဒီလို ခက်ခဲကျပ်တည်းနေတဲ့ အချိန်မျိုးမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိက နိုင်ငံတွေကိုထောက်ပံ့ကူညီဖို့ဆိုတာ ကျွန်တော်တို့အားလုံးရဲ့ တာဝန်ဝတ္တရားဖြစ်ပြီး၊ နိုင်ငံတစ်ခု အဖွဲ့အစည်းတစ်ခုက ထောက်ပံ့နိုင်တာထက်ကိုပိုတဲ့ ထိရောက်တဲ့ရင်းမြစ်တွေလည်း လိုအပ်ပါတယ်” ဟု ကမ္ဘာ့ဘဏ် ဥက္ကဌ ဂျင် ယုံ ကင်က ပြောကြားခဲ့သည်။

    ပီရူးနိုင်ငံ လီမာမြို့၌ ယခုတစ်ပတ်အတွင်း ပြုလုပ်ခဲ့သည့် ကမ္ဘာ့ဘဏ်နှင့် နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF တို့၏ နှစ်ပတ်လည်အစည်းအဝေးတွင် အဖွဲ့များက သီးခြား ဆွေးနွေးပြီးနောက် ထိုကဲ့သို့ ကူညီထောက်ပံ့မှုများ တိုးမြှင့်ပေးရန်အတွက် သဘောတူညီခဲ့ခြင်းဖြစ်သည်။

    Ref: Channelnewsasia

  • ဖီဖာချစားမှုပြဿနာ ထင်ထားသည်ထက် ပိုဆိုးနိုင်

    ဖီဖာချစားမှုပြဿနာ ထင်ထားသည်ထက် ပိုဆိုးနိုင်

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    fifa

    – ဖီဖာကျင့်ဝတ်ကော်မတီမှ ရရှိခဲ့သည့် ဘဏ္ဍာရေးဆိုင်ရာ အရှုပ်အထွေး အထောက်အထားအသစ်များအရ ဖီဖာဥက္ကဌ ဘလတ္တာနှင့် ယူအီးအက်ဖ်အေ ဥက္ကဌ ပလာတီနီတို့မှာ ဘောလုံးလောကမှ နှစ်ပေါင်းများစွာ အနားယူရနိုင်သည်ဟု ဖီဖာ၏ အကြီးတန်း တာဝန်ရှိသူတစ်ဦးက The Mail သတင်းဌာနသို့ ယနေ့တွင် ပြောကြားခဲ့သည်။

    “အခုအချိန်မှာ ဇာတ်ရှိန်က မြင့်နေပြီး လူတွေ ထင်ထားတာထက်ကို ပိုပြီး ဆိုးရွားပါတယ်။ တကယ်တမ်း ဒီကိစ္စဟာ ပုံပျက်ပန်းပျက်တာထက်ကို ကျော်ပြီး ရာဇ၀တ်မှုဆိုင်ရာ ကိစ္စ ဖြစ်သွားနိုင်ပါတယ်” ဟု ကျင့်ဝတ်ကော်မတီနှင့် နီးစပ်သည့် အဆိုပါတာဝန်ရှိသူက ပြောကြားခဲ့သည်။

    ပလာတီနီနှင့် ဘလတ္တာတို့မှာ လက်ရှိအချိန်တွင် ငွေကြေးကိစ္စနှင့် ပတ်သက်၍ ရက်ပေါင်း ၉၀ ရာထူးမှ အနားပေးခြင်းခံထားရပြီး နှစ်ဦးစလုံးက ၎င်းတို့မှာ အပြစ်မရှိဟု ငြင်းဆိုထားကြသည်။ ချစားမှုပြဿနာများနှင် ရင်ဆိုင်နေရသည့် ဖီဖာမှာ လာမည့် ဖေဖော်ဝါရီတွင် ဥက္ကရွေးချယ်ပွဲရှိနေပြီး ယခုပြဿနာကြောင့် ထိုရွှေးကောက်ပွဲမှာလည်း မရေရာဖြစ်နေသည်။

    Ref: Dailymail

  • မဲပေးမယ်ဆို ဒုက္ခပေးတာ ခဏနားမယ် (ကာတွန်း)

    မဲပေးမယ်ဆို ဒုက္ခပေးတာ ခဏနားမယ် (ကာတွန်း)

    131

    ကာတွန်း လဂွန်းအိမ် ရဲ့ လက်ရာဟောင်းလေးပါ။

    ** ရွေးကောက်ပွဲ အချိန်အခါနဲ့ တိုက်ဆိုင်လို့ ပြန်လည်မျှဝေ တင်ဆက်လိုက်ပါတယ်။

  • အမေရိကန်-အီးယူ ကုန်သွယ်ရေးဇုန် ဆွေးနွေးမှုကို ဂျာမန်ပြည်သူများ ကန့်ကွက်

    အမေရိကန်-အီးယူ ကုန်သွယ်ရေးဇုန် ဆွေးနွေးမှုကို ဂျာမန်ပြည်သူများ ကန့်ကွက်

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    Consumer rights activists take part in a march to protest against the Transatlantic Trade and Investment Partnership (TTIP), mass husbandry and genetic engineering, in Berlin, Germany, October 10, 2015.   REUTERS/Fabrizio Bensch

    – လွတ်လပ်သော ကုန်သွယ်ရေးဇုန် ထူထောင်ရေးအတွက် ဥရောပသမဂ္ဂနှင့် အမေရိကန်တို့အကြား ဆွေးနွေးမှုကို ဆန့်ကျင်သည့်အနေဖြင့် သောင်းနှင့်ချီသော ဂျာမန်ပြည်သူများက ယမန်နေ့တွင် မြို့တော်ဘာလင်၌ ဆန္ဒပြခဲ့ကြသည်။

    နိုင်ငံရေးပါတီများ၊ ကုန်သွယ်ရေးသမဂ္ဂများ၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် ဂလိုဘယ်လိုက်ဇေးရှင်းကို ဆန့်ကျင်သော အဖွဲ့များ စုစုပေါင်း ၂ သောင်းကျော်ခန့် တက်ရောက်ခဲ့ကာ အဓိက ရထားဘူတာမှ ကုန်သွယ်ရေးသဘောတူညီချက်ကို ဆန့်ကျင်သော ကျွေးကြော်သံများကို ကျွေးကြော်ကာ မြို့တစ်လျှောက် လှည့်လည် ဆန္ဒပြခဲ့ကြခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ်မှ စတင်ခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် အဆုံးသတ်ရန် ရည်ရွယ်ထားသည့် အမေရိကန်နှင့် ဥရောပ ၂၈ နိုင်ငံတို့၏ အဆိုပါ ကုန်သွယ်ရေးသဘောတူညီချက် ရရှိပါက ကမ္ဘာပေါ်တွင် အကြီးဆုံး ကုန်သွယ်ရေးဇုန်ကြီး ဖြစ်လာမည်ဖြစ်ပြီး ထောက်ခံသူများကမူ အဆိုပါ သဘောတူညီချက်က စီးပွားရေး တိုးတက်စေမည်ဖြစ်ပြီး အလုပ်အကိုင်အခွင့်အလမ်းများကို ဖန်တီးပေးနိုင်မည်ဟု ပြောကြားခဲ့ကြသည်။

    Ref: Aljazeera

  • ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၃ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံး

    ဂါဇာတွင် အစ္စရေး၏ ဗုံးကြဲမှုအတွင်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ၃ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံး

    အောက်တိုဘာ ၁၁၊ ၂၀၁၅
    M-Media

    plas

    – ယနေ့မနက် ဂါကမ်းမြှောင်တွင် အစ္စရေးက လေကြောင်းမှ တိုက်ခိုက်မှုအတွင်း ကိုယ်ဝန် ၅ လဆောင်ထားသည့် ပါလက်စတိုင်း အမျိုးသမီးတစ်ဦးနှင့် ၎င်း၏ ၃ နှစ်အရွယ် သမီးငယ်တို့ သေဆုံးခဲ့ကြသည်ဟု သိရသည်။

    သေဆုံးသွားသူများမှာ အသက် ၃၀ အရွယ် နူရ် ဟာဆန်နှင့် သူမ၏ သမီး ရှဟ်ဒ်ဆိုသူတို့ဖြစ်ပြီး ၎င်းတို့အိမ်အနီးရှိ ဟားမက်စ်၏ လေ့ကျင့်ရေးစခန်းနှစ်ခုကို အစ္စရေးက ဗုံးကြဲမှုအတွင်း ၎င်းတို့၏ အိမ်ပါ ပြိုကျကာ သေဆုံးခဲ့ခြင်းဖြစ်သည်။

    အစ္စရေးစစ်တပ်ကမူ ၎င်းတို့မှာ ဟားမက်စ်၏ လက်နက်ထုတ်လုပ်သည့် စက်ရုံနှစ်ခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့သည်ဟု ပြောကြားခဲ့သည်။ ထိုတိုက်ခိုက်မှုအတွင်း အခြား ပါလက်စတိုင်း ၃ ဦးလည်း ဒဏ်ရာရရှိခဲ့သည်။ ပါလက်စတိုင်း ကယ်ဆယ်ရေးအဖွဲ့များကမူ အပျက်အစီးများကြားတွင် ဆက်လက် ရှာဖွေလျက် ရှိနေသည်။

    ယမန်နေ့ကလည်း ဂါဇာရှိ ပါလက်စတိုင်းများ၏ ဆန္ဒပြမှုအတွင်း ပါလက်စတိုင်း ဆယ်ကျော်သက်များကို အစ္စရေးစစ်တပ်က ပစ်သတ်ခဲ့ပြီး ၂၄ နာရီအတွင်း ပါလက်စတိုင်း ၆ ဦး သေဆုံးခဲ့သည်။ ဂါဇာ၌ အစ္စရေးစစ်တပ်နှင့် ပါလက်စတိုင်းပြည်သူများ ယမန်နေ့ ထိပ်တိုက်တွေ့ဆုံမှုအတွင်း အနည်းဆုံး ပါလက်စတိုင်း ၂၃ ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆေးဘက်ဆိုင်ရာ ရင်းမြစ်များက အတည်ပြုခဲ့သည်။

    အောက်တိုဘာ ၁ ရက်နေ့နောက်ပိုင်း အစ္စရေးစစ်တပ်မှ ပစ်သတ်၍ သေဆုံးခဲ့သည့် ပါလက်စတိုင်းပြည်သူများမှာ ၂၀ ဦး ရှိသွားပြီး ၉ ဦးမှာ ဂါဇာ၌ဖြစ်ကာ၊ ၁၁ ဦးမှာ အစ္စရေးက သိမ်းပိုက်ပိတ်ဆို့ထားသည့် အနောက်ဘက်ကမ်းနှင့် အရှေ့ဂျေရုစလင်တို့တွင် ဖြစ်သည်ဟု ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ယမန်နေ့တွင် ၎င်းတို့၏ Facebook စာမျက်နှာ၌ ဖော်ပြခဲ့သည်။

    နူရ်ဟာဆန်နှင့် သူမ၏သမီးငယ်တို့ သေဆုံးမှုကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၂ ဦး ရှိခဲ့ပြီဖြစ်သည်။

    Ref: Aljazeeras