News @ M-Media

Blog

  • အင်္ဂါဂြိုဟ်တွင် တစ်ချိန်က ကြီးမားသည့် ရေအရင်းအမြစ်များ တည်ရှိခဲ့

    အင်္ဂါဂြိုဟ်တွင် တစ်ချိန်က ကြီးမားသည့် ရေအရင်းအမြစ်များ တည်ရှိခဲ့

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    mars

    – လွန်ခဲ့သော နှစ်ဘီလီယံပေါင်းများစွာက အင်္ဂါဂြိုဟ်တွင် ရေကန်များနှင့် မြစ်ချောင်းများရှိခဲ့သည်ဟု နာဆာ သိပ္ပံပညာရှင်များက ရှာဖွေတွေ့ရှိခဲ့ပြီး၊ သုတေသနပညာရှင်များ ယခင်က ထင်မြင်ယူဆထားသည်ထက် အင်္ဂါဂြိုဟ်တွင် တစ်ချိန်က ပို၍ကောင်းမွန်သော သက်ရှိဝန်းကျင်ရှိမည်ဆိုသည့် သက်သေပြချက်လည်း ဖြစ်လေသည်။

    နာဆာ၏ အင်္ဂါဂြိုဟ်သိပ္ပံစမ်းသပ်ခန်းနှင့် Curosity (အင်္ဂါဂြိုဟ်သို့ လွှတ်တင်ထားသည့်ယာဉ်) အဖွဲ့သားများ၏ လေ့လာမှုများအရ အင်္ဂါဂြိုဟ်တွင် တွေ့ရပြီး ၉၆ မိုင်ခန့် ကျယ်ရှိသော Gale Crater ချိုင့်ခွက်ကြီးတွင် လွန်ခဲ့သည့် နှစ်ထောင်ပေါင်းများစွာ သို့မဟုတ် ထိုထက်ပို၍ ကြာမြင့်သော အချိန်က သန့်ရှင်းလတ်ဆတ်သည့် ရေကန်များ တည်ရှိနိုင်သည်ကို တွေ့ရှိခဲ့ရခြင်း ဖြစ်သည်။

    ထိုလေ့လာမှုအား Curiosity ယာဉ်မှ ရရှိသော အချက်အလက်အသစ်များကို အခြေခံကာ ပြုလုပ်ခြင်းဖြစ်သည်။

    “ဒီယာဉ်ငယ်ကနေ ရရှိတဲ့ စူးစမ်းမှုအရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃.၈ နဲ့ ၃.၃ ဘီလီယံကြားက တစ်ချိန်ချိန်မှာ အချိန်ကြာကြာစီးဆင်းခဲ့တဲ့ မြစ်ချောင်းတွေ၊ ရေကန်တွေရှိခဲ့တယ်ဆိုတာ ပြသနေပါတယ်။ အဲဒီ ရေကန်တွေ မြစ်ချောင်းတွေကနေ ရွှံ့မြေတွေဟာ Mount Sharp ရဲ့ အောင်ပိုင်းအလွှာတွေမှာ တဖြည်းဖြည်းချင်း စုပုံခဲ့ပါတယ်” ဟု အင်္ဂါဂြိုဟ်ဆိုင်ရာ သိပ္ပံဓာတ်ခွဲခန်းမှ ပညာရှင်ဖြစ်သူ အက်ရှ်ဝင် ဗာဆာဗာဒါက ပြောကြားခဲ့သည်။

    အဆိုပါ ရွံ့ညွန်များမှာ Gale Crater ချိုင့်ခွက်ကြီး၏ အောက်ခြေတွင် ဖုံးလွှမ်းပြီး ချိုင့်ခွက်ကြီး၏ အလယ်တွင်ရှိသော Mount Sharp တောင် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

    အင်္ဂါဂြိုဟ်သို့ Curiosity ယာဉ်ငယ်မှာ ၂၀၁၂ ခုနှစ်တွင် ရောက်ရှိခဲ့ပြီး ယခင်က သုတေသနပညာရှင်များမှာ လေနှင့်အတူ ပါလာသည့် အမှုန်များ၊ သဲများဖြင့် ဖွဲ့စည်းထားသည့် ရွံ့ညွန်များက Gale Crater ချိုင့်ခွက်ကြီးအား ဖုံးလွှမ်းထားသည်ဟု ယူဆခဲ့ကြသည်။

    Ref: RT

  • ဥရောပက ရုရှားကို ပိုချဉ်းကပ်ရမည်ဟု အီးယူ ဥက္ကဌပြော

    ဥရောပက ရုရှားကို ပိုချဉ်းကပ်ရမည်ဟု အီးယူ ဥက္ကဌပြော

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    eu

    – ဥရောပနိုင်ငံများအနေဖြင့် ရုရှားနိုင်ငံအား ပိုမို၍ သင့်တင့်လျောက်ပတ်စွာ ဆက်ဆံရမည်ဖြစ်ပြီး၊ ဆက်သွယ်မှုကိုလည်း တိုးမြှင့်ရမည်ဖြစ်ကာ မိမိတို့ဒေသ၏ ပေါ်လစီများကို အမေရိကန် ဆန္ဒအတိုင်း ဆောင်ရွက်ခွင့် မပြုသင့်ဟု ဥရောပကော်မရှင်အကြီးအကဲ ဂျီန် ကလုဒ် ဂျန်ကာက ယမန်နေ့ ဂျာမနီမိန့်ခွန်း၌ အံ့အားသင့်ဖွင့် ထည့်သွင်းပြောဆိုခဲ့သည်။

    “ရုရှားနဲ့ လက်တွေ့ကျတဲ့ဆက်ဆံရေး ဖြစ်လာအောင် ကျွန်တော်တို့ ကြိုးပမ်းရပါမယ်။ ဒါက စတန့်ထွင်တာ မဟုတ်ပါဘူး။ တကယ်လုပ်ရမှာပါ။ ကျွန်တော်တို့ ဒီလိုမျိုး နေသွားလို့ မရပါဘူး” ဟု ဂျန်ကာက ပြောကြားခဲ့သည်။

    ထို့ပြင် ဥရောပနိုင်ငံများ၏ အခြားသောနိုင်ငံများနှင့် ဆက်ဆံရေးတွင် အမေရိကန်အနေဖြင့် ၎င်း၏သြဇာ ဖြန့်ကျက်ရန်မလိုဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။ ဥရောပနှင့် ရုရှားနိုင်ငံတို့၏ ဆက်ဆံရေးမှာ ယူကရိန်းပြဿနာနှင့် ပတ်သက်၍ ဥရောပက ရုရှားအပေါ် ပိတ်ဆို့မှုများ ချမှတ်ခဲ့ပြီးနောက်ပိုင်း ဆိုးရွားလာခဲ့ခြင်းဖြစ်သည်။

    Ref: RT

  • ဒေါ့မွန်နည်းပြဟောင်းကလော့ပ် လီဗာပူးလ်နှင့် စာချုပ်ချုပ်ဆို

    ဒေါ့မွန်နည်းပြဟောင်းကလော့ပ် လီဗာပူးလ်နှင့် စာချုပ်ချုပ်ဆို

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    liver

    – ဒေါ့မွန်အသင်း၏ နည်းပြဟောင်းဖြစ်သူ ဂျာဂန်ကလော့ပ်မှာ ယမန်နေ့က တစ်နှစ်လစာ ပေါင် ၆ သန်းဖြင့် လီဗာပူးအသင်းနှင့် ၃ နှစ်စာချုပ် ချုပ်ဆိုလိုက်ပြီဟု သိရသည်။

    ယမန်နေ့ ဒေသစံတော်ချိန် ညနေ ၅ နာရီတွင် ဒေါ့မွန်မှ စင်းလုံးငှားလေယာဉ်ဖြင့် မာဆေးဆိုက်သို့ မိသားစုနှင့်အတူ ရောက်ရှိလာသည့် ကလော့ပ်မျာ စာချုပ်ချုပ်ဆိုမှုများ ပြုလုပ်ခဲ့ပြီးနောက် လီဗာပူးလ်ဥက္ကဌ တွမ်ဝါနာပါအ၀င် အသင်းတာဝန်ရှိသူများနှင် ညစာ စားခဲ့ကြသည်။

    ယနေ့မနက် ၁၀ နာရီတွင် ကလော့ပ်မှာ မီဒီယာများနှင့် တွေ့ဆုံမည်ဖြစ်ပြီး အောက်တိုဘာ ၁၇ ရက်နေ့တွင် စပါးအသင်းနှင့်ကစားမည့် ပရီးမီးယားလိဂ် အဝေးကွင်းပွဲစဉ်တွင် အသင်းအား ပထမဆုံး ကိုင်တွယ်ရမည်ဖြစ်သည်။

    Ref: Dailymail

  • ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    ၂၀၁၅ ခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆု ဘီလာရုဇ် စာရေးဆရာမတစ်ဦး ရရှိ

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    nob

    – ယခုနှစ်အတွက် စာပေဆိုင်ရာ နိုဘယ်ဆုကို ဆိုဗီယက်ယူနီယံအတွင်းရှိ ကြမ်းတမ်းသောဘ၀များအကြောင်း ရေးသားခဲ့သည့် ဘီလာရုဇ်မှ စာရေးဆရာမ ဆဗက်လာနာ အလက်ဇီဗစ်ခ်ျက ရရှိခဲ့သည်ဟု သိရသည်။

    နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့ဖြစ်သော ဆွီဒင်တော်ဝင်အကယ်ဒမီကမူ ပထမကမ္ဘာစစ်အတွင်း ဆီုဗီယက်အမျိုးသမီးများ၏ ဘ၀၊ ချာနိုဘီလ်တွင် ၁၉၈၆ က ဖြစ်ပွားခဲ့သည့် နျူကလီးယား ဖြစ်ရပ်ဆိုးကြီး၏ နောက်ဆက်တွဲ အဖြစ်အပျက်များနှင့် အာဖဂန်နစ္စတန်တွင် ဆိုဗီယက်စစ်တပ်များ ၀င်ရောက်ကျူးကျော်မှုများအကြောင်းကို ရေးသားခဲ့သည့် အလက်ဇီဗစ်ခ်ျ၏ ၀ထ္တုများမှာ “မိမိတို့ခေတ်တွင် ခံစားရမှုနှင့် ရဲစွမ်းသတ္တိများ၏ အထိမ်းအမှတ်များ” ဖြစ်သည်ဟု ကင်ပွန်းတပ်ခဲ့သည်။

    အလက်ဇီဗစ်ခ်ျမှာ ထို ဆိုးရွားသော အဖြစ်အပျက်များနှင့် ကြုံတွေ့ခဲ့ရသူ ရာပေါင်းများစွာအား တွေ့ဆုံမေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ၎င်း၏ စာအုပ်များတွင် စနစ်တကျ ထည့်သွင်းရေးသားခဲ့ကာ “တေးသံသာတစ်ပုဒ် သီကုံးခြင်း” ကဲ့သို့ ပြေပြစ်ညက်ညောလှသည်ဟုလည်း နိုဘယ်ဆု ရွေးချယ်ရေးအဖွဲ့က ပြောကြားခဲ့သည်။

    “လူသားတွေရဲ့ အသံတွေကို ဂရုတစ်စိုက် သီကုံးခြင်းဆိုတဲ့ တစ်မူထူးခြားတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ခေတ် တစ်ခေတ်လုံးရဲ့ သဘောပေါက်နားလည်နိုင်စွမ်းကို အလက်ဇီဗစ်ခ်ျက နက်ရှိုင်းစေခဲ့ပါတယ်” ဟု အကယ်ဒမီက ထုတ်ပြန်သည့် ကြေငြာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

    ၁၉၄၈ ခုနှစ်တွင် ယူကရိန်း၌ မွေးဖွားသည့် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်အစိုးရအား ဝေဖန်မှုကြောင့် နိုင်ငံရပ်ခြားတွင် နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရပြီး ပြီးခဲ့သည့် ၄ နှစ်အရင်က နိုင်ငံအတွင်းသို့ ပြန်လာခဲ့ကာ နိုင်ငံရေးလောကမှ ဝေးဝေးနေခဲ့သည်။

    နိုဘယ်ဆုရရှိကြောင်း ကြေငြာခံရပြီးနောက်ပိုင်းတွင် အလက်ဇီဗစ်ခ်ျမှာ ဘီလာရုဇ်၏ သဘောထားတင်းမာသော ခေါင်းဆောင် အလက်ဇန်ဒါ လူကာရှန်ကိုအား ဝေဖန်ခဲ့ကာ ယူကရိန်းကို ရုရှားမှ ကျူးကျော်မှုကိုလည်း ရှုတ်ချခဲ့သည်။

    “ဒါဟာ မတရားသိမ်းပိုက်မှုပါ။ နိုင်ငံတစ်နိုင်ငံကို ကျူးကျော်မှုပါ။ ကောင်းမွန်တဲ့ ရုရှားနိုင်ငံကြီး၊ လူသားချင်းစာနာထောက်ထားတဲ့ ရုရှားနိုင်ငံကြီးကို ကျွန်မ ချစ်ပါတယ်။ ဒါပေမယ့် ဘီရီယာ(စတာလင်ခေတ် အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုအတွက် တာဝန်ရှိသူ လုံခြုံရေး အကြီးအကဲ)၊ စတာလင်နဲ့ ရှီဂူ (လက်ရှိ ရုရှားကာကွယ်ရေးဝန်ကြီး) တို့ရဲ့ ရုရှားနိုင်ငံကြီးကိုတော့ ကျွန်မ မုန်းပါတယ်” ဟု သတင်းစာရှင်းလင်းပွဲတွင် အလက်ဇီဗစ်ခ်ျက ပြောကြားခဲ့သည်။

    Ref: Aljazeera

  • လစ်ဗျားပြဿနာဖြေရှင်းရေး ညီညွတ်သောအစိုးရဖွဲ့စည်း

    လစ်ဗျားပြဿနာဖြေရှင်းရေး ညီညွတ်သောအစိုးရဖွဲ့စည်း

    အောက်တိုဘာ ၉၊ ၂၀၁၅
    M-Media

    libya

    – အစိုးရနှစ်ခုဖြစ်နေပြီး မငြိမ်မသက်ဖြစ်နေသည့် လစ်ဗျားပြဿနာ ပြီးဆုံးရေးအတွက် ညီညွတ်သော အစိုးတစ်ရပ်ကို ဖွဲ့စည်းပေးနိုင်ခဲ့ပြီဟု ကုလသမဂ္ဂက ကိုယ်စားလှယ် ဘာနာဒီနို လီယွန်က ယမန်နေ့တွင် ကြေငြာလိုက်သည်။

    မော်ရိုကိုတွင် ပြုလုပ်ခဲ့သည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် ထိုကဲ့သို့ ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်အဖြစ် ထရီပိုလီအခြေစိုက် အုပ်ချုပ်ရေးအဖွဲ့ဝင် ဖယက်ဇ် ဆာရာဂ်ျကို ခန့်အပ်ထားကာ၊ နိုင်ငံအရှေ့ပိုင်း၊ အလယ်ပိုင်းနှင့် အနောက်ပိုင်းတို့ကို ကိုယ်စားပြုထားသည့် လက်ထောက်ဝန်ကြီးချုပ် ၃ ဦး၊ သမ္မတကောင်စီတွင် နောက်ထပ် ၀န်ကြီး ၂ ဦး ပါဝင်မည်ဖြစ်သည်။

    ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ပြိုင်ဘက်အဖွဲ့များက ထိုညီညွတ်သောအစိုးရသစ်အား လက်ခံခဲ့သော်လည်း ၎င်းတို့အစိုးရအဖွဲ့များ၏ ပါလီမန်များက လက်ခံကြောင်း အတည်ပြုရမည်ဖြစ်သည်။

    Ref: Aljazeera