News @ M-Media
Blog
  • ၂၀၁၅ ရွေးကောက်ပွဲ အဆုံးအဖြတ်နှင့် ကမ္ဘာ့က စောင့်ကြည့်နေသည့် အချက် ၇ ချက်
    ၂၀၁၅ ရွေးကောက်ပွဲ အဆုံးအဖြတ်နှင့် ကမ္ဘာ့က စောင့်ကြည့်နေသည့် အချက် ၇ ချက်
    အောက်တိုဘာ ၇ ၊ ၂၀၁၅
    M-Media
    Myanmar pro-democracy leader Aung San Suu Ky smiles as she greets her supporters during her campaign in her constituency of Kawhmu township outside Yangon September 21, 2015. Suu Kyi was touring her constituency on the outskirts of Myanmar's commercial capital of Yangon on Monday, kicking off the third week of campaigning for the first free national vote in 25 years. REUTERS/Soe Zeya Tun - RTS251B
    မည်သို့ပင်ဆိုစေ သိသာ ထင်ရှားတဲ့ပြဿနာတွေ ကျန်ရှိနေဆဲပါ။ လက်ရှိ လွှတ်တော်အမတ် ဖြစ်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဗြိတိန်နိုင်ငံသားနဲ့ ထိမ်းမြားခဲ့ခြင်း၊ သူမရဲ့သားနှစ်ဦးကလည်း ဗြိတိန်နိုင်ငံသားဖြစ်နေခြင်း ဆိုတဲ့အကြောင်းကြောင့် သမ္မတဖြစ်ခွင့်ကို တားဆီးခံ ထားရပါတယ်။ ဒီဖွဲ့စည်းပုံအခြေခံဥပဒေ စည်းမျဉ်းများကတော့ ယခင်စစ်အစိုးရက အထူးသဖြင့် အများကြိုက် ဒီမိုကရေစီနိုင်ငံရေးခေါင်းဆောင်ကို ဖယ်ထုတ်နိုင်ရေး အတွက် ရေးသွင်းထားခဲ့ခြင်းပဲဖြစ်ပါတယ်။
    ပြီးခဲ့တဲ့ရက်သတ္တပတ် အင်္ဂါနေ့မှာ NLD က မဲစာရင်းများ မှားယွင်းနေမှု၊ ဒေါ်စုကြည်အပေါ် အသရေဖျက်မှု၊ စစ်တပ်ကျောထောက်နောက်ခံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီအပေါ် ဘက်လိုက်နေမှုများနဲ့ စပ်လျဉ်းပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားချက်တစ်ရပ် တင်သွင်းခဲ့ပါတယ်။
    ဒါတွေဟာ ၀ါရှင်တန်ကို စိုးရိမ်မှုဖြစ်စေပါတယ်။ အမေရိကန် သမ္မတ ဘားရက် အိုဘားမားက ယခင် သုံးနှစ်တာအတွင်း မြန်မာနိုင်ငံကို ဒီမိုကရက်တစ် အကူးအပြောင်းအပေါ် ရပ်တည်ပေးဖို့နဲ့ စီးပွားရေး ပိတ်ဆို့မှု ဖယ်ရှားပေးဖို့ နှစ်ကြိမ်တိုင်တိုင် လာရောက်ခဲ့ပါတယ်။ ဒါဟာ နှယ်နှယ်ရရ ကောင်းကျိုး လိုလားမှု မဟုတ်ပါဘူး။ သူ့အစိုးရရဲ့ အာရှချိန်ခွင်လျှာပြန်လည်ထိန်းညှိရေး အခွင့်အလမ်းဖော်ဆောင်မှုကို မြန်မာဖက်က သက်သေပြရမှာဖြစ်ပါတယ်။ အပြန်အလှန်အားဖြင့် မည်သည့်ရွေးကောက်ပွဲဆိုင်ရာ ကလိမ်ကကျစ် မဆို စိတ်ကွက်စရာ ဖြစ်သွားစေမှာပါပဲ။
    နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲရဲ့ မဲအဆုံးအဖြတ်ဟာ အောက်ဖော်ပြပါ အချက် ၇ ရပ်ပေါ် မူတည်နေပါလိမ့်မယ်။
    ၁။ စမ်းတ၀ါးဝါးလမ်းမှ NLD
    ကျောင်းသားထုဦးဆောင်တဲ့ ဒီမိုကရေစီတော်လှန်ရေးက တိုင်းပြည်ကို လှုပ်ခါနိုင်ခဲ့တယ်။ နောက် ၂ နှစ်အကြာ ၁၉၉၀ ခုနှစ် မေလ ၂၇ ရက်မှာ အကြီးအကျယ် ကျင်းပတဲ့ ရွေးကောက်ပွဲအတွင်း NLD က ၆၀ ရာခိုင်နှုန်းမဲအသာစီးနဲ့တစ်ကွ အမတ်နေရာရဲ့ ၈၀ ရာခိုင်နှုန်း (၄၈၅ အနက် ၃၉၂ နေရာ) ရရှိခဲ့တယ်။ ဒါပေမယ့် စစ်တပ်က ရွေးကောက်ပွဲရလဒ်ငြင်းပယ်ပြီး မြန်မာနိုင်ငံကို အာဏာရှင်စနစ် လက်အောက်ထဲ ပြန်လည် သွတ်သွင်းခဲ့တယ်။ ဒီကြားကာလမှာ ဒေါ်စုကြည်ဟာ နေအိမ်အကျယ်ချုပ်ဘ၀နဲ့ ၁၅ နှစ် ဖြတ်သန်းခဲ့ရတယ်။  ပြန်လည် လွတ်မြောက်လာပြီး ၂၀၁၂ ဧပြီလ ကြားဖြတ်ရွေးကောက်ပွဲမှာ လစ်လပ်အမတ်နေရာ ၄၅ နေရာအနက် ၄၃ နေရာရရှိအောင်မြင်ခဲ့တယ်။ တကယ်လို့ ၂၀၁၅ ရွေးကောက်ပွဲဟာ အလားတူ လွတ်လပ်မျှတမှုရှိမယ်ဆိုရင်တော့ NLD အနေနဲ့ အဆိုပါ အနေအထားမျိုးထိ ခုန်တက်သွားပါလိမ့်မယ်။
    သို့ပင်သို့ငြား ကျင့်ထုံးနည်းနာမှာ စိတ်ပျက်စရာအသွင်ဆောင်နေပါတယ်။ ပါတီရဲ့ ကိုယ်စားလှယ် စာရင်းထဲမှာ နိုင်ငံရေး အကျဉ်းသားဟောင်းများ အပါအ၀င် စွမ်းဆောင်ရည်မြင့်တဲ့ ပုဂ္ဂိုလ်များ ဖယ်ကြဉ်ခံရပါတယ်။ ကိုယ်စားလှယ်အမည်စာရင်း ၁၀၉၀ အနက် မွတ်စ်လင်မ် တစ်ဦးမျှ မပါဝင်ခဲ့ပါဘူး။ တစ်ယူသန်ဗုဒ္ဓဘာသာဝင်အုပ်စုရဲ့ ရာဇသံအောက် အလိုတူအလိုပါ အသံကျယ်ကျယ် ထုတ်လိုက်ကြပါတယ်။ အဲ့ဒီဆုံးဖြတ်ချက်များ အရ ပါတီရဲ့ ထိပ်တန်းအဖွဲ့ဝင်များစွာ ဖယ်ထုတ်ခံလိုက်ရတယ်။ ဒီမိုကရေစီထောက်ခံတဲ့ ပါတီထဲမှာ ဒီမိုကရေစီစနစ်ကင်းမဲ့နေတယ်လို့ စွပ်စွဲချက်တွေ ချက်ခြင်း ထွက်ပေါ်လာပါတော့တယ်။ ဒါ့အပြင် တစ်လောတုန်းကလည်း ကိုယ်စားလှယ်လောင်းများဟာ ရက်သတ္တသုံးပတ်အထိ မီဒီယာများနဲ့ တွေ့ဆုံပြောကြားမှုမပြုရ ဆိုပြီး NLD ခေါင်းဆောင်ပိုင်းက အတိအလင်း ပိတ်ပင်ခဲ့ပါတယ်။
    ဒေါ်စုကြည်ဟာ သမ္မတနေရာအတွက် ပိတ်ပင်ခံထားရလင့်ကစား သမ္မတနေရာအတွက် တင်သွင်းမယ့်သူ မရှိသေးပါဘူး။ “လူကိုကြည့်ပြီး မဲထည့်ရမှာမဟုတ်ဘူး။ အပြောင်းအလဲအတွက် မဲထည့်ရမှာဖြစ်တယ်” ဆိုပြီး သူမက ပါတီထောက်ခံသူများကို ပြောကြားခဲ့ပါတယ်။ နောက်ဆုံးတော့ ရွေးကောက်ပွဲဆိုင်ရာ ပါတီမူဝါဒများ ထုတ်ပြန်ခဲ့သော်လည်း ဒီအပြောင်းအလဲပန်းတိုင်ဆီ ဘယ်ပုံဘယ်နည်းနဲ့ အတိအကျလှမ်းမယ်ဆိုတဲ့အချက်က မှုန်ဝါးဝါးဖြစ်နေပါတယ်။
    ၂။ USDP ရဲ့ အက်ကြောင်းထသံ
    ရာစုနှစ်တစ်ဝက်ကျော် အာဏာရှင် လက်ရာများကို ခံစားလာခဲ့ရတဲ့အတွက် စစ်ဗိုလ်ချုပ်ဟောင်းတွေ ဦးစီးပြီး နိုင်ငံရေးအင်အားစု အသွင် ရပ်တည်နေတဲ့ USDP ဟာ ဒီမိုကရေစီ အကူးအပြောင်း ဖန်တီးနိုင်လိမ့်မယ်လို့ မျှော်လင့်သူ မရှိသလောက်ပါပဲ။ သို့သော်လည်း ဒီပါတီက အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေတဲ့  လက်ျာစွန်းရောက် ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေနဲ့ ပိုပြီးပေါင်းစည်း နီးကပ်လာပါတယ်။
    တစ်ချိန်တည်းမှာပဲ USDP ပါတီတွင်း အားပြိုင်မှု တစ်ရပ်ဖြစ်လာတယ်။ စစ်အစိုးရဟောင်း အဖွဲ့ရဲ့ တတိယအဆင့်၊ ပါတီရဲ့ဥက္ကဋ္ဌ၊ အောက်လွှတ်တော် သဘာပတိဖြစ်သူ သူရဦးရွှေမန်းကို ချိုးနှိမ်လိုက်တဲ့အဖြစ်က ဒီအချက်ကို မီးမောင်းထိုးပြသနေပါတယ်။ ဦးရွှေမန်းဟာ ဒေါ်စုကြည်နဲ့ မဟာမိတ်ဖွဲ့ဖို့ သိသာထင်ရှားတဲ့ လက္ခဏာပြလာတဲ့အခါ သူ့ပါတီထဲက စစ်တပ်ယိမ်းနဲ့ ရှေးရိုးစွဲတွေကို ဒေါသူပုန် ထသွားစေခဲ့ပါတယ်။
    ဒီကာလအတွင်းမှာပဲ အလယ်အလတ် ၀ါဒီတစ်ဦးအဖြစ် ရှုမြင်သုံးသပ်နေကြတဲ့ သမ္မတရုံးဝန်ကြီးတစ်ဖြစ်လဲ လက်နက်ကိုင် တိုင်းရင်းအုပ်စုများနဲ့ စေ့စပ်ရေးခေါင်းဆောင် ဦးအောင်မင်း အပါအ၀င် ပါတီရဲ့အခြားထိပ်တန်းခေါင်းဆောင်များလည်း လမ်းခွဲခဲ့ကြတယ်။ တန်ခိုးထွားတဲ့ စက်မှုဝန်ကြီးဟောင်း ဦးစိုးသိန်းနဲ့ အတူ ဦးအောင်မင်းဟာ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲဝင်ဖို့ USDP ကနေနှုတ်ထွက် ခဲ့ကြပါတယ်။
    ၃။ မဘသ
    တစ်လမ်းမောင်း ဗုဒ္ဓ အမျိုးသားရေး ၀ါဒကလည်း ပြုပြင်ရေးကာလအလွန် မြန်မာပြည်ထဲ တစ်စစ တိုးမြင့်အားကောင်းလာနေပါတယ်။ ကနဦးပိုင်းက မွတ်စ်လင်မ်စီးပွားရေးနဲ့ လုပ်ငန်းများကို သပိတ်မှောက်နေတဲ့ ၉၆၉ အဖွဲ့ဟာ အမျိုးဘာသာသာသနာ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ (မဘသ)အဖြစ် အသွင်ပြောင်းပေါ်ထွန်းလာခဲ့တယ်။ ဗုဒ္ဓဘာသာဝင်များ ကောင်းစားရေး၊ ဗုဒ္ဓဘာသာဝင်နဲ့ မွတ်စ်လင်မ်တို့ကို ပိုင်းခြားရေးအတွက် ဘာသာရေး အခြေပြု လှုံ့ဆော်မှုတွေ လုပ်နေကြပါတယ်။ လူ့အခွင့်အရေးစောင့်ကြည့်ရေး အဖွဲ့ရဲ့ အထက်တန်းသုတေသီ David Mathieson က “အဲ့ဒီအဖွဲ့ကို ထိပ်တန်းအဆင့်ရှိ ဆရာတော်ကြီး အချို့က ဦးဆောင်နေပါတယ်” လို့ ဆိုပါတယ်။
    ဇူလိုင်လမှာ အပြင်းစားချိုးနှိမ် ဆက်ဆံရေးဥပဒေလေးရပ် အတည်ပြုပြဋ္ဌာန်းခဲ့တယ်။ ဘာသာမတူ ထိမ်းမြားမှုကို တားမြစ်ခြင်း၊ ဗုဒ္ဓဘာသာဝင် အမျိုးသမီးများ ဘာသာပြောင်းခွင့်ကို ကန့်သတ်ခြင်း၊ ဦးတည်အုပ်စုများရဲ့ ကလေးမွေးဖွားနှုန်းကို ကန့်သတ်ခြင်း၊ တစ်လင်တစ်မယားစနစ် စတာတွေ ပါဝင်ပါတယ်။ “အခြေခံအားဖြင့် သူတို့က အမျိုးသမီးရဲ့ခန္ဓာကိုယ်တွေကို ထိန်းချုပ်ချင်နေကြတယ်” လို့ David Mathieson က ပြောကြားပါတယ်။
    မဘသဟာ သြဇာကြီးသထက် ကြီးထွားလာနေပါတယ်။ နိုင်ငံတစ်ဝှမ်းမှာ အခြေစိုက်ဋ္ဌာနပေါင်း ၂၅၀၊ အဖွဲ့ဝင်ပေါင်း ၁၀ သန်းအထိ ရှိတယ်လို့ ဆိုကြတယ်။ မဘသနဲ့ USDP တို့က အလွန်နီးကပ်တဲ့ ဆက်ဆံရေးရှိကြပြီး ပါတီအကြီးအကဲများက မဘသရည်ရွယ်ချက် အထမြောက်ရေး အတွက် မျက်နှာပြောင်တိုက် ပေးကမ်းလှူဒါန်းနေကြတဲ့အပြင် NLD ကို ပစ်မှတ်ထား ထိပ်တိုက်တွေ့စေ ပါတယ်။ ဒေါ်စုကြည်သည် ပင်လျှင် မဘသရဲ့ သိက္ခာမဲ့ အယူသည်း အစီအမံတွေ အပေါ် ပြတ်ပြတ်သားသား ရှုတ်ချဖို့ ငြင်းဆန်ရတဲ့ အထိ မဘသက သြဇာညောင်းလွန်းနေပါပြီ။
    ၄။ ရိုဟင်ဂျာတို့ကို မျိုးတုန်းရှင်းလင်းမှု
    ရိုဟင်ဂျာမွတ်စ်လင်မ် လူနည်းစုရဲ့အကြပ်အတည်းက ပြန်လည်ပြုပြင်ရေးရဲ့အတိုင်းအတာကို မီးမောင်းထိုးပြသနေပါတယ်။ သူတို့ကို ကမ္ဘာ့ကုလသမဂ္ဂက ကမ္ဘာ့အညှင်းပန်းခံရဆုံးလူစု အဖြစ် အသိအမှတ်ပြုထားပါတယ်။ ၂၀၁၂ ခုနှစ် မေလ အကြမ်းဖက်ဖြစ်စဉ်နောက်ပိုင်း တစ်သိန်းလေးသောင်းခန့်ရှိတဲ့ ရိုဟင်ဂျာတွေဟာ အိုးအိမ်မဲ့ဖြစ်ရပြီး လက်ရှိမှာ ရခိုင်ပြည်နယ် အနောက်ပိုင်းက ပေတေညစ်ပတ်တဲ့ ဒုက္ခသည်စခန်းများအတွင် နေထိုင်နေကြရတယ်။ အစာရေစာ၊ နေရာထိုင်ခင်း၊ ဆေးဝါးအကူအညီ လုံလောက်မှုမပေးဘဲ အကျယ်ချုပ်အသွင် ထားရှိခံနေရပါတယ်။ လှေငယ်လေးများနဲ့ ထွက်ပြေးကြသူ ထောင်ချီနေပါပြီ၊ မကြာခဏဆိုသလို လူကုန်ကူးသူများရဲ့ သားကောင်ဘ၀ ရောက်နေကြရပါတယ်။
    အကြီးအကျယ် နာမည်ပျက်ခဲ့ရတဲ့ ၂၀၁၀ ရွေးကောက်ပွဲကာလအတွင်း ဗဟိုအစိုးရက USDP အပေါ် ထောက်ခံတဲ့ ရိုဟင်ဂျာတွေကို မဲပေးခွင့်ပြုခဲ့တယ်။ ဒါဟာ နိုင်ငံရေးအရ ဒေသခံရခိုင်ပါတီကို အလဲထိုးအနိုင်ယူဖို့ဖြစ်ပြီး ရိုဟင်ဂျာနဲ့ရခိုင်တို့ ကာလရှည်ရန်သူတော်များ ဆက်ဖြစ်သွားစေခဲ့ပါတယ်။ ရိုဟင်ဂျာအမတ်တစ်ချို့ကို လွှတ်တော်တွင်းမှာ တွေ့မြင်ခဲ့ကြရပြီးလည်းဖြစ်ပါတယ်။
    ယခုနှစ်မှာတော့ အဲ့ဒီမဲပေးခွင့်အားလုံး ရုပ်သိမ်း ပလပ်ခံလိုက်ရပါပြီ။ မည်သည့်ရိုဟင်ဂျာမှ အမတ်လောင်းအဖြစ် ၀င်ပြိုင်ခွင့် မပေးတော့ပါဘူး။ ရခိုင်ပြည်နယ်ထဲ လူ့အခွင့်အရေးအခြေအနေ မှတ်တမ်းပြုစုပြီး လွန်ခဲ့တဲ့ သုံးပတ်ကမှ ပြန်ရောက်လာသူ Fortify Rights NGO တည်ထောင်သူ Matthew Smith က “ဒီအနေအထားဟာ လုံးဝဥဿုံ မျှော်လင့်ချက်မဲ့သွားစေခဲ့တယ်။ လူတွေက ပင်လယ်ထဲထွက်ဖို့ စီစဉ်နေပြန်ပါပြီ” လို့ ပြောပြပါတယ်။ အမေရိကန်ရဲ့ထောက်ပံ့မှုတစ်စိတ်တစ်ဒေသ ရယူထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရိုဟင်ဂျာတွေအပေါ် နိုင်ငံတော်အဆင့် စနစ်တကျ ခွဲခြားမှုကို ဖုံးကွယ်ထားခြင်းဟာ ၀မ်းနည်းစရာကောင်းလှပါတယ်။
    ၅။ တိုင်းရင်းသားအရေး မပြေလည်မှု
    ၁၉၈၂ ခုနှစ်မှာ ရိုဟင်ဂျာတွေကို စာရင်းပယ်ထားသည့်တိုင် တိုင်းရင်းသား ၁၃၅ မျိုးရှိတယ်လို့ တရားဝင်ထုတ်ပြန်ထားပါတယ်။
    မြန်မာပြည်မှာ သက်ဆိုင်ရာတိုင်းရင်းသားအမည်ကိုအစွဲပြုခေါ်ဝေါ်ထားတဲ့ ပြည်နယ် ၇ ခုရှိပါတယ်။ အဲ့ဒီပြည်နယ်တွေဟာ ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ တရုတ်၊ လာအို၊ ထိုင်းနိုင်ငံတို့နဲ့ နယ်နမိတ်ချင်း ထိစပ်နေပါတယ်။ ဒီလူနည်းစုဝင်များဟာ ၅၁ သန်းသော လက်ရှိ မြန်မာ့လူဦးရေရဲ့ သုံးပုံတစ်ပုံ ရှိပါတယ်။ သူတို့တစ်တွေဟာ ဗမာလူမျိုးကြီးစိုးတဲ့ ဗဟိုအစိုးရရဲ့နှိပ်စက်မှုကို ခံနေရဆဲပါလို့ ဆိုကြပါတယ်။ ဗမာစစ်တပ်ရဲ့ အာဏာလက်ဝါးကြီးအုပ်မှုကို ဆန့်ကျင်ပြီး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့အတွက် လက်နက်ကိုင်တိုင်းရင်းသားများအနေနဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ဖြစ်လာခဲ့ပြီးပါပြီ။
    လတ်တစ်လောမှာ ငြိမ်းချမ်းရေးစကားဝိုင်းပြုလုပ်နေပေမယ့် တိုက်ပွဲများကတော့ ရှေ့ဆက်နေတုန်းပါ။ ပြန်လည်ပြုပြင်ရေးကို ဦးတည်ပါတယ်ဆိုတဲ့ ဦးသိန်းစိန်လက်ထက်အတွင်း စစ်ပွဲများကြောင့် လူပေါင်း သုံးသိန်းအထက် နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်။
    `        လုံခြုံရေးအာမခံချက် မရှိတဲ့ မဲဆန္ဒနယ်များမှာ မဲပေးခြင်းကို ဆိုင်းငံ့ရွှေ့ဆိုင်းစေအောင် ကြိုကြားကြိုကြား အကြမ်းဖက်မှုတွေ ဖြစ်လာနိုင်ဖွယ်ရှိပါတယ်။ ခွဲခြားခံလူ့အဖွဲ့အစည်းတွေအနေနဲ့ ဒီမိုကရေအကူးအပြောင်းထဲက ဖယ်ကြဉ်ခံရတယ်လို့ ခံစားမိကြမှာအမှန်ပါပဲ။ “ဒေသခံပြည်သူတွေက တပ်မတော်(ဗမာစစ်တပ်)အပေါ် ယခင် ကျွန်တော်တို့ တွေ့မြင်ခဲ့ရတာထက် ပိုပြီး မုန်းတီး စက်ဆုပ်နေကြပါတယ်။ ရွေးကောက်ပွဲက တင်းမာမှုကို ပိုပြီး ကြီးထွားလာစေဖို့ပဲ ရှိနေပါတယ်” လို့ Smith ကဆိုပါတယ်။
    တစ်ချိန်တည်းမှာပဲ တိုင်းရင်းသားပါတီများကလည်း သက်ဆိုင်ရာပြည်နယ်ထဲမှာ ပေါင်းစည်းညီညွတ်ပြီး လွှတ်တော်သစ်အတွင်း နိုင်ငံရေးအင်အားစုတစ်ရပ်အဖြစ် အုပ်စုဖွဲ့တာ၊ ကိုယ်ပိုင်အုပ်ချုပ်စီမံခွင့်ရရေးပန်းတိုင်ကို ရောက်ရှိဖို့ NLD နဲ့ နားလည်မှုယူပူးပေါင်းတာ ဖြစ်လာကောင်းဖြစ်လာနိုင်ပါတယ်။ အဲ့ဒီဒေသများက ကျောက်စိမ်း၊ ကျွန်းသစ်၊ သဘာဝ သယံဇာတတွေကို အမြတ်ထုတ်နေတဲ့ စစ်တပ်အကြီးအကဲတွေအဖို့ စိုးရိမ်စရာကိစ္စပါပဲ။ ဒါပေမယ့် ငြိမ်းချမ်းရေးသဘောတူညီမှုအပေါ် စစ်တပ်က ဖြောင့်ဖြောင့်တန်းတန်း ဆက်လျှောက်မလျှောက်၊ မဲကိစ္စ မှန်မှန်ကန်ကန် လုပ်မလုပ် ဆိုတဲ့အပေါ် အကြွင်းမဲ့ မူတည်နေပါတယ်။
    ၆။ ရှေ့မတိုးသာနောက်မဆုတ်သာ စီးပွားရေး
    နိုင်ငံတကာစည်းဝိုင်းထဲ မြန်မာနိုင်ငံက ပြန်လှည့်လိုက်လာခြင်းမှာ အနောက်တိုင်း စီးပွားရေးလုပ်ငန်းရှင်တွေက အနိမ့်စားလုပ်ခ၊ ပေါကြွယ်လှတဲ့ သဘာဝရင်းမြစ်၊ အိန္ဒိယနဲ့တရုတ် စူပါပါဝါနှစ်ခုကြားက သွားရည်ကျစရာ ပထ၀ီဝင်အနေအထားများအကြား ကမူးရှူးထိုး စွန့်စားဝင်ရောက်လာတဲ့ ဖြစ်အင်ကို တွေ့ကြရပါတယ်။ ရန်ကုန်လမ်းမပေါ် သစ်လွင်တောက်ပြောင်တဲ့ ကားတွေ များပြားပြီး၊ အလှကုန်ပစ္စည်းတွေ ပြောင်းလဲလာသော်လည်း စီးပွားရေးပိတ်ဆို့မှု ပြန်လည် ရုပ်သိမ်းယုံမျှနှင့် အများစုမျှော်လင့်ထားတဲ့နိုးကြားလာမှုမျိုးရဲ့ ရှေ့ပြေးလက္ခဏာလို့ မဆိုနိုင်သေးပါ။
    သြစတေးလျ Macquarie တက္ကသိုလ်က မြန်မာ့စီးပွားရေးကျွမ်းကျင်ပညာရှင် ပါမောက္ခ Sean Turnell ရဲ့အဆိုအရ ရွေးကောက်ပွဲအကြို မဲဆွယ်မှု၊ စစ်အစိုးရလက်ထွက် အင်အားကြီးခရိုနီတွေရဲ့ လော်ဘီများကြောင့် အရောင်းအ၀ယ် တုန့်ဆိုင်းနေရတယ်။ သြဂုတ်လကုန်ပိုင်း လွှတ်တော်ရပ်နားချိန်မှာ သင့်လျော်လျောက်ပတ်အရေးပါသော စီးပွားရေးဆိုင်ရာ ဥပဒေများ ခွင့်ပြုချမှတ်ဖို့ အများအပြား ကျန်ရစ်နေခြင်းကိုကြည့်ရင် ထင်ရှားပါတယ်။ မြန်မာနိုင်ငံရဲ့ ခေတ်နောက်ပြန်ဆွဲ ဘဏ်စနစ်နဲ့ ကုမ္ပဏီဥပဒေများက ၁၉၁၄ ကိုလိုနီခေတ်ဥပဒေကိုသာ အခြေပြုနေဆဲဖြစ်တယ်။ အရေးကြီးတဲ့စီးပွားရေးဆိုင်ရာဥပဒေတွေကို အစိုးရကိုယ်တိုင် တွန်းအားပေးဖို့ ပျက်ကွက်နေပြီး မျိုးစောင့်ဥပဒေလေးရပ် ပြဋ္ဌာန်းဖို့ကိုတော့ အချိန်များစွာ အသုံးပြုခဲ့ကြောင်း Turnell က ထောက်ပြထားပါတယ်။
    ၇။  စစ်တပ်ရဲ့ အခန်းကဏ္ဍ
    စစ်တပ်က ဆက်လက်ပြီး လွှတ်တော်အမတ်နေရာ ၂၅ ရာခိုင်နှုန်း အရံသင့်နေရာယူထားခြင်း၊ အခြေခံ ဥပဒေများ ပြောင်းလဲပြင်ဆင်ဖို့ ထောက်ခံမဲ ၇၅ ရာခိုင်နှုန်း လိုအပ်ခြင်း၊ အဲ့ဒီအတွက် စစ်တပ်က ဗီတိုအာဏာရှိနေခြင်း ဆိုတဲ့ ဖွဲ့စည်းပုံစည်းမျဉ်းက နိုဝင်ဘာရွေးကောက်ပွဲဟာ လွတ်လပ်ပြီး တရားမျှတမယ်လို့ မျှော်လင့်ချက်ကို အားပျော့မှေးမှိန်သွားစေပါတယ်။ “ဆန္ဒမဲရဲ့ ၂၅ ရာခိုင်နှုန်းကို သူတို့က ထည့်သွင်း ရယူထားပြီးဖြစ်နေတယ်” လို့ Mathieson က ဆိုပါတယ်။
    ဦးရွှေမန်းက ဒီကဏ္ဍကိုပြင်ဆင်ဖို့အားပေးတာကြောင့် ဖယ်ထုတ်ခံရဖွယ်ရှိကြောင်း၊ အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေဟာ အငြိမ်းစားဆိုတဲ့ ခေါင်းစည်းထဲက လက်စောင်းထက်စွာ ချုပ်ကိုင်နေဆဲဖြစ်ကြောင်း လေ့လာသူများက သုံးသပ်ကြပါတယ်။ ဗိုလ်ချုပ်များက စစ်တန်းလျားကို မပြန်ချင်ကြပါဘူး။ သူတို့စိတ်ကြိုက်မတွေ့တဲ့ မဲစာရင်း ရလဒ်သာထွက်ခဲ့မယ်ဆိုရင် နောက်တစ်ကြိမ် အာဏာသိမ်းနိုင်ဖွယ် ရှိနေပါတယ်။ NLD အနေနဲ့ ပါးနပ်ပိုင်နိုင်စွာ ဆောင်ရွက်နိုင်ဖို့၊ နောက်တကြိမ် အာဏာသိမ်းတာ ဖြစ်မလာဖို့ မျှော်လင့်လိုက်ရပါတယ်။
    Ref : Time
    Charlie Campbell ရေးသားသော 7 Things to Know About Burma’s Upcoming Elections ကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင် ပြန်ဆိုသည်။
  • IS က တိုယိုတာကားများ အသုံးပြုမှု အမေရိကန် စစ်ဆေးနေ
    IS က တိုယိုတာကားများ အသုံးပြုမှု အမေရိကန် စစ်ဆေးနေ
    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    is
    – အရှေ့အလယ်ပိုင်းတွင် အကြမ်းဖက်လုပ်ရပ်များ လုပ်ဆောင်နေသည့် IS တပ်ဖွဲ့ထံသို့ တိုယိုတာကားများ မည်ကဲ့သို့ ရောက်ရှိသည်ဆိုသည်နှင့် ပတ်သက်၍ အမေရိကန်ငွေတိုက်ဌာနက စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေသည်ဟု တိုယာတာမှ ယနေ့တွင် ထုတ်ပြန်သည့် ကြေညာချက်၌ ဖော်ပြထားသည်။
    ထိုစစ်ဆေးမှုတွင် မိမိတို့ကလည်း တစ်စိတ်တစ်ပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်နေပြီး မိမိတို့မှာ နိုင်ငံတစ်ခုချင်းစီ၏ ဥပဒေနှင့် စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန် ဆုံးဖြတ်ထားပြီး တစ်ဆင့်ဖြန့်ချီသူများကလည်း လိုက်နာရန် လိုအပ်ကြောင်း၊ အရှေ့အလယ်ပိုင်းသို့ ငွေကြေးနှင့် ကုန်ပစ္စည်းများ စီးဆင်းမှုအတွက် အမေရိကန် ငွေတိုက်ဌာန၏ စုံစမ်းစစ်ဆေးမှုကို ထောက်ခံကြောင်း တိုယာတာမှ ပြောရေးဆိုခွင့်ရှိသူ အဒ် လူးဝစ်က ပြောကြားခဲ့သည်။
    IS မှာ ၎င်းတို့၏ စစ်ရေးလုပ်ငန်းများအတွက် တိုယိုတာကားများကို တွင်တွင်ကျယ်ကျယ် အသုံးပြုနေပြီး လူးဝစ်ကမူ မိမိတို့မှာ အားလုံးကိုလိုက်၍ ထိန်းချုပ်ရန် မဖြစ်နိုင်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
    Ref: CNN
  • အာဂျင်တီးနားအသင်း၌ မက်ဆီ၏ နံပါတ် ၁၀ ဂျာစီ အဂူရိုဝတ်မည်
    အာဂျင်တီးနားအသင်း၌ မက်ဆီ၏ နံပါတ် ၁၀ ဂျာစီ အဂူရိုဝတ်မည်
    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    aguro
    – အာဂျင်တီးနားအသင်း တိုက်စစ်မှူးမက်ဆီ ၀တ်ဆင်သည့် နံပါတ် ၁၀ ဂျာစီကို ယခုတစ်ပတ်အတွင်း ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ကစားမည့် အီကွေဒေါနှင့် ပါရာဂွေးတို့၏ပွဲတွင် ၀တ်ဆင်သွားမည်ဟု မန်စီးတီးတိုက်စစ်မှူး အဂူရိုက ပြောကြားလိုက်သည်။
    ၁၉၈၆ ခုနှစ် ကမ္ဘာ့ဖလား ဂန္တ၀င်ကစားသမား မာရာဒိုနာကြောင့် နာမည်ကျော်ခဲ့သည့် အဆိုပါ နံပါတ်ကို နိုင်ငံအသင်းတွင် စတင်ကစားကတည်းက မက်ဆီမှာ ပင်တိုင်ဝတ်ဆင်ခဲ့ခြင်းဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် မက်ဆီမှာ ဒဏ်ရာကြောင့် အနားယူနေရသည်။
    “(နံပါတ် ၁၀ ဂျာစီဝတ်ဖို့) ကျွန်တော် အင်္ကျီစီစဉ်ပေးတဲ့သူကို ပြောခဲ့ပြီး အသင်းကစားသမားတွေရဲ့ နံပါတ်က ၁ ကနေ ၂၃ ဖြစ်ရမှာကြောင့် နံပါတ် ၁၀ က မ၀တ်မနေရလို့ သူက ပြောပါတယ်။ အမေရိကန်က ဘော့စနီးယားနဲ့ကစားတဲ့ ခြေစမ်းပွဲမှာ ကျွန်တော်ဟာ အဲဒီဂျာစီကို ၀တ်ဆင်ခဲ့ပါတယ်။ လီယို (မက်ဆီ) ကလည်း သူ မပါတဲ့အချိန် ကျွန်တော် ၀တ်လို့ရတယ်လို့ ပြောပါတယ်” ဟု အဂူရိုက ပြောကြားခဲ့သည်။
    Ref: Goal
  • UNHCR ၏ တစ်နှစ်တာဂုဏ်ပြုဆု အာဖဂန်မှ ပညာရေးမြှင့်တင်ပေးသူ အမျိုးသမီး ရရှိ
    UNHCR ၏ တစ်နှစ်တာဂုဏ်ပြုဆု အာဖဂန်မှ ပညာရေးမြှင့်တင်ပေးသူ အမျိုးသမီး ရရှိ
    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    un
    – ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR မှ ပေးအပ်ချီးမြှင့်သည့် 2015 Nansen Refugee Award ကို ဒုက္ခသည်များ ပညာရေးအတွက် စွမ်းစွမ်းတမံ ကြိုးစားဆောင်ရွက်နေသော အာဖဂန်မှ ကျောင်းဆရာမတစ်ဦးက ရရှိခဲ့သည်ဟု သိရသည်။
    ဆုရရှိခဲ့သူမှာ အကွီလာ အက်စ်အီဖီဖြစ်ပြီး ပါကစ္စတန်နိုင်ငံ မီယန်ဝါလီမြို့မှ အာဖဂန် ဒုက္ခသည်များ နေထိုင်သော ကော့တ် ချန်ဒါနာရွာတွင် မိန်းကလေးငယ်များ ပညာရေးသင်ကြားခွင့်ရရန် ရဲရဲဝင့်ဝင့်နှင့် မမောနိုင်မပမ်းနိုင် ကြိုးပမ်းဆောင်ရွက်ပေးသည့်အတွက် ရွေးချယ်ရခြင်းဖြစ်သည်ဟု UNHCR က ဖော်ပြခဲ့သည်။
    အက်စ်အီဖီမှာ လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်ကတည်းက ဒုက္ခသည်ကလေးငယ်များအား ပညာသင်ပေးသည့်အလုပ်ကို လုပ်ကိုင်ခဲ့ခြင်း ဖြစ်သည်။ ရင်းမြစ်များနည်းပါးပြီး ဓလေ့ထုံးတမ်းဆိုင်ရာ စိန်ခေါ်မှုများ ရှိနေသော်လည်း ထောင်နှင့်ချီသည့် ဒုက္ခသည်မိန်းကလေးငယ်များကို မူလတန်းပညာ ရရှိအောင် သူမက လမ်းညွှန်သင်ကြားပေးနိုင်ခဲ့သည်။ တနင်္လာနေ့က ဂျီနီဗာ၌ ပြုလုပ်ခဲ့သော ဆုပေးပွဲအခမ်းအနားတွင် ၎င်း၏ ဆောင်ရွက်မှုကို သူမက ဖွင့်ဟခဲ့သည်။
    “ကျွန်မ စပြီး ကျောင်းဖွင့်တုန်းက အရမ်းကြီး အကောင်းမမြင်ခဲ့ပါဘူး။ အောင်မြင်မှုကတော့ ကျွန်မ ထင်ထားတာထက်ကို ကျော်လွန်နေပါတယ်။ ငြိမ်းချမ်းရေးချိုးငှက်လေးတွေက ကျွန်မတို့ရဲ့ သတင်းစကား ပေးပို့သူ ဖြစ်ပါစေ။ စစ်ပွဲနဲ့ လက်နက်ယဉ်ကျေးမှုကို ရှောင်ရှားပြီး၊ ဖောင်တိန်ကိုင်တဲ့ ပညာရေးယဉ်ကျေးမှုကို မြှင့်တင်ကြပါစို့။ ကျွန်မတို့တိုင်းပြည်အတွက် ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုကို ဆောင်ကျဉ်းဖို့ ဒါဟာ တစ်ခုတည်းသော နည်းလမ်းပါပဲရှင်” ဟု အက်စ်အီဖီက ပြောကြားခဲ့သည်။
    UNHCR ကော်မရှင်နာမင်းကြီး အန်တိုနီယို ဂူတီယာရက်စ်ကလည်း သူမ၏ အားထုတ်မှုများအတွက် ချီးကျူးခဲ့သည်။
    “ကလေးတစ်ယောက်ရဲ့ဘ၀က ဆရာတစ်ဦးရဲ့ အခန်းကဏ္ဍဟာ ပြောင်းလဲမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အက်စ်အီဖီရဲ့ အခန်းကဏ္ဍဟာ အလွန်နက်ရှိုင်းပါတယ်။ သူမဟာ မိန်းကလေးငယ် ရာပေါင်းများစွာကို ပိုကောင်းတဲ့အနာဂတ် အိပ်မက်မက်ဖို့ အခွင့်အရေးတစ်ခု ဖန်တီးပေးခဲ့ပါတယ်” ဟု ဂူတီယာရက်စ်က ပြောကြားခဲ့သည်။
    အက်စ်အီဖီမှာ ၁၉၉၂ ခုနှစ်တွင် မိသားစုနှင့်အတူ အာဖဂန်နစ္စတန်အား စွန့်ခွာခဲ့ပြီး ပါကစ္စတန်ရှိ ကော့တ်ချန်ဒါနာ ရွာငယ်လေးတွင် ခိုလှုံခဲ့သည်။ ထိုရွာမှ မိန်းကလေးငယ်များ ပညာရေးချို့တဲ့သည်ကို တွေ့ရှိသည့်အခါ အက်စ်အီဖီမှာ စိုးရိမ်ခဲ့ပြီး ပညာရေးလိုအပ်နေသူများအတွက် အခွင့်အလမ်းရရှိရန် စတင် ဆောင်ရွက်ခဲ့သည်။
    သူမမှာ တဲတစ်ခုကိုတည်ဆောက်ကာ ကိုယ်ပိုင်ကျောင်းကို ထူထောင်ခဲ့ပြီး၊ ကျောင်းသားများအတွက် လေ့ကျင့်ခန်းစာရွက်များကို သူမ၏လက်ဖြင့် ကူးယူရေးသားကာ သင်ကြားပေးခဲ့သည်။ သူမ၏ကျေးဇူးကြောင့် ယခုအချိန်တွင် ထိုရွာမှ ကလေးငယ် ထောင်ကျော်မှာ အမြဲတမ်းပညာရေးကို ရရှိနေပြီဖြစ်သည်။
    Ref: UNHCR
  • ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ
    ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ
    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    chem
    – ၂၀၁၅ ခုနှစ်အတွက် ဓာတုဗေဒနိုဘယ်ဆုကို DNA ပြင်ဆင်ရေး လေ့လာမှုတွင် ကြိုးပမ်းခဲ့ကြသည့် သိပ္ပံပညာရှင် ၃ ဦးအား ရွေးချယ်လိုက်သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယနေ့တွင် ကြေငြာလိုက်သည်။
    သောမတ်စ် လင်ဒါလ်၊ ပေါလ် မိုဒရစ်ခ်ျနှင့် အဇစ်ဆန်ကာတို့ဖြစ်ပြီး မော်လီကျူးအဆင့်၌ ပျက်ဆီးသွားသော DNA ကို ဆဲလ်များက မည်ကဲ့သို့ ပြင်ဆင်ပေးသည်ဆိုသည်နှင့် မျိုးရိုးဗီဇအချက်အလက်ကို မည်ကဲ့သို့ ထိန်းညှိပေးသည်ဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် နိုဘယ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။
    “သူတို့ရဲ့ ဖော်ထုတ်မှုက ရှင်သန်နေတဲ့ဆဲလ်တွေ ဘယ်လို အလုပ်လုပ်ကြလဲဆိုတာနဲ့ ကင်ဆာကုထုံးအသစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုသုံးလို့ရလဲဆိုတဲ့ အခြေခံကျတဲ့ အသိကို ပေးပါတယ်” ဟု အကယ်ဒမီက ပြောကြားခဲ့သည်။ ထို့ပြင် ထိုပညာရှင်များ၏ တွေ့ရှိမှုကို ဖော်ပြထားသည့် ရုပ်ပုံများကိုလည်း Twitter စာမျက်နှာတွင် တစ်ဆင့် မျှဝေခဲ့သည်။
    လင်ဒါလ်မှာ ဆွီဒင်နိုင်ငံသားဖြစ်ပြီး မိုဒရစ်ခ်ျမှာ အမေရိကန်ဖြစ်ကာ အဇစ်ကမူ အမေရိကန်-တူရကီနွယ်ဖွား ဖြစ်သည်။
    ပြီးခဲ့သည့်နှစ်ကလည်း ဓာတုဗေဒနိုဘယ်ဆုကို အမေရိကန်နှစ်ဦးနှင့် ဂျာမန်တစ်ဦးက အလင်းနှင့်သက်ဆိုင်သည့် တွေ့ရှိမှုအတွက် ပူးတွဲရရှိခဲ့သည်။ ၁၉၀၁ ခုနှစ်မှစ၍ ယခုအချိန်အထိ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ၁၀၇ ကြိမ်ကို ကော်မတီက ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။
    Ref: CNN