News @ M-Media

Blog

  • ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ

    ဓာတုဗေဒနိုဘယ်ဆုကို DNA အကြောင်း လေ့လာသူများ ရရှိ

     

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    chem

    – ၂၀၁၅ ခုနှစ်အတွက် ဓာတုဗေဒနိုဘယ်ဆုကို DNA ပြင်ဆင်ရေး လေ့လာမှုတွင် ကြိုးပမ်းခဲ့ကြသည့် သိပ္ပံပညာရှင် ၃ ဦးအား ရွေးချယ်လိုက်သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယနေ့တွင် ကြေငြာလိုက်သည်။

    သောမတ်စ် လင်ဒါလ်၊ ပေါလ် မိုဒရစ်ခ်ျနှင့် အဇစ်ဆန်ကာတို့ဖြစ်ပြီး မော်လီကျူးအဆင့်၌ ပျက်ဆီးသွားသော DNA ကို ဆဲလ်များက မည်ကဲ့သို့ ပြင်ဆင်ပေးသည်ဆိုသည်နှင့် မျိုးရိုးဗီဇအချက်အလက်ကို မည်ကဲ့သို့ ထိန်းညှိပေးသည်ဆိုသည်ကို ဖော်ထုတ်နိုင်ခဲ့သည့်အတွက် နိုဘယ်ဆု ရရှိခဲ့ခြင်းဖြစ်သည်။

    “သူတို့ရဲ့ ဖော်ထုတ်မှုက ရှင်သန်နေတဲ့ဆဲလ်တွေ ဘယ်လို အလုပ်လုပ်ကြလဲဆိုတာနဲ့ ကင်ဆာကုထုံးအသစ် ဖွံ့ဖြိုးတိုးတက်မှုအတွက် ဘယ်လိုသုံးလို့ရလဲဆိုတဲ့ အခြေခံကျတဲ့ အသိကို ပေးပါတယ်” ဟု အကယ်ဒမီက ပြောကြားခဲ့သည်။ ထို့ပြင် ထိုပညာရှင်များ၏ တွေ့ရှိမှုကို ဖော်ပြထားသည့် ရုပ်ပုံများကိုလည်း Twitter စာမျက်နှာတွင် တစ်ဆင့် မျှဝေခဲ့သည်။

    လင်ဒါလ်မှာ ဆွီဒင်နိုင်ငံသားဖြစ်ပြီး မိုဒရစ်ခ်ျမှာ အမေရိကန်ဖြစ်ကာ အဇစ်ကမူ အမေရိကန်-တူရကီနွယ်ဖွား ဖြစ်သည်။

    ပြီးခဲ့သည့်နှစ်ကလည်း ဓာတုဗေဒနိုဘယ်ဆုကို အမေရိကန်နှစ်ဦးနှင့် ဂျာမန်တစ်ဦးက အလင်းနှင့်သက်ဆိုင်သည့် တွေ့ရှိမှုအတွက် ပူးတွဲရရှိခဲ့သည်။ ၁၉၀၁ ခုနှစ်မှစ၍ ယခုအချိန်အထိ ဓာတုဗေဒဆိုင်ရာ နိုဘယ်ဆု ၁၀၇ ကြိမ်ကို ကော်မတီက ပေးအပ်ချီးမြှင့်ခဲ့ပြီး ဖြစ်သည်။

    Ref: CNN

  • ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ ပိုင်ရှင်အပြောင်းအလဲ ဖြစ်နိုင်

    ဖော်မြူလာဝမ်းကားမောင်းပြိုင်ပွဲ ပိုင်ရှင်အပြောင်းအလဲ ဖြစ်နိုင်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    f1– ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲ၏ အမှုဆောင်အကြီးအကဲဖြစ်သူ ဘာနီအက်လက်စ်တုန်းက ပြိုင်ပွဲ၏ပိုင်ရှင်မှာ ယခုနှစ်ကုန်ပိုင်းတွင် အပြောင်းအလဲဖြစ်ဖွယ် ရှိပြီး အဖွဲ့ ၃ ဖွဲ့က ၀ယ်ယူရန် စိတ်ဝင်စားနေသည်ဟု ပြောကြားလိုက်သည်။

    အဆိုပါ ကားမောင်းပြိုင်ပွဲကို ပုဂ္ဂလိက ရှယ်ယာကုမ္ပဏီတစ်ခုဖြစ်သော CVC Capital Partners က လွန်ခဲ့သည့် ၁၀ နှစ်လုံးလုံး ပိုင်ဆိုင်ထားခြင်းဖြစ်ပြီး ထိုကုမ္ပဏီမှာ ဖော်မြူလာဝမ်း၏ အဓိကရှယ်ယာ ၃၅.၅ ရာခိုင်နှုန်းကို အမေရိကန်-ကာတာ ကုမ္ပဏီတစ်ခုအား ရောင်းချရန် ဆွေးနွေးနေသည်ဟု ပြီးခဲ့သည့် နွေရာသီက သတင်းထွက်ပေါ်ခဲ့သည်။ အက်လက်စ်တုန်းကလည်း ၎င်း၏ ရှယ်ယာ ၅ ရာခိုင်နှုန်းကို ရောင်းချမည်ဟု အတည်ပြုပြောကြားခဲ့ဖူးသည်။

    ယမန်နေ့က သြစတြီးယား၌ ပြုလုပ်သည့် အစည်းအဝေးတစ်ခုတွင် ထိုကိစ္စနှင့်ပတ်သက်၍ သတင်းထောက်များက မေးမြန်ရာ အက်လက်စ်စတုန်းက ပိုင်ရှင်အပြောင်းအလဲ ဖြစ်နိုင်သည်ဟု ပြန်လည်ဖြေကြားခဲ့သည်။

    “တော်တော်လေး စိတ်ဝင်စားမှု ရှိပါတယ်။ အခုအချိန်အထိတော့ အဖွဲ့ ၃ ဖွဲ့လောက် ရှိနေပါတယ်။ သူတို့ ၃ ဖွဲ့ထဲက တစ်ဖွဲ့ဖွဲ့ဟာ ရှယ်ယာတွေကို မ၀ယ်ဘူးဆိုရင်တော့ ကျွန်တော် အံ့သြမိမှာပါပဲ”

    Ref: Dailymail

  • မြေထဲပင်လယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥရောပ စတင်

    မြေထဲပင်လယ်တွင် လူကုန်ကူးမှုတိုက်ဖျက်ရေး ဥရောပ စတင်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    lyb

    – မြေထဲပင်လယ်အတွင်းရှိ နိုင်ငံတကာရေပိုင်နက်တွင် လူကုန်ကူးသူများအား ရှာဖွေဖမ်းဆီးရန်အတွက် ဥရောပနိုင်ငံ ၆ နိုင်ငံမှ စစ်တပ်များက စစ်ဆေးရေးတစ်ခုကို ယနေ့တွင် စတင်လိုက်ပြီး ကင်းလှည့်စောင့်ကြပ်မှုများ ပြုလုပ်နေသည်။

    ဥရောပသို့ ဒုက္ခသည်များဝင်ရောက်ရာ လမ်းကြောင်းဖြစ်သည့် လစ်ဗျားကမ်းရိုတမ်းမှ စတင်ခြင်းဖြစ်ပြီး လူကုန်ကူးသူများအား နှိမ်နှင်းရေး ဒုတိယအဆင့်ကို ဆောင်ရွက်ခြင်းလည်းဖြစ်သည်။ ပထမအဆင့်မှာ အချက်အလက်များကို ရှာဖွေစုဆောင်းခြင်ဖြစ်ပြီး ယခုစစ်ဆင်ရေးတွင် လူကုန်ကူးသူများကို လိုက်လံဖမ်းဆီးခြင်း၊ ၎င်းတို့၏ သင်္ဘောများအား သိမ်းဆည်းခြင်းတို့ကို ပြုလုပ်မည်ဖြစ်သည်။

    စစ်ဆင်ရေးတွင် အီတလီ လေယာဉ်တင်သင်္ဘောတစ်စင်း၊ ပြင်သစ် ဖရီးဂိတ် စစ်ရေယာဉ်တစ်စင်း၊ ဗြိတိန်၊ စပိန်တို့မှ ရေယာဉ်တစ်စင်းစီနှင့် ဂျာမနီနိုင်ငံက ၂ စင်း ပါဝင်မည်ဖြစ်သည်။ လူကုန်ကူးမှု ဗဟိုချက်ဖြစ်သော လစ်ဗျားရေပိုင်နက်ထဲသို့ ၀င်ရောက်ရန်အတွက်မူ ကုလသမဂ္ဂ လုံခြုံရေးကောင်စီနှင့် လစ်ဗျားအာဏာပိုင်တို့၏ ခွင့်ပြုချက် လိုအပ်မည်ဖြစ်သည်။

    Ref: Aljazeera

  • လီဗာပူးလ်နည်းပြသစ်ကို သောကြာနေ့တွင် တရားဝင်ခန့်အပ်မည်

    လီဗာပူးလ်နည်းပြသစ်ကို သောကြာနေ့တွင် တရားဝင်ခန့်အပ်မည်

    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    liver

    – အဲဗာတန်အား ၁ ဂိုးစီသရေကျပြီးနောက် တနင်္ဂနွေနေ့ ညနေပိုင်းက ထုတ်ပယ်ခံလိုက်ရသည့် လီဗာပူးလ်အသင်းနည်းပြ ဘရန်ဒန်ရော်ဂျာ၏နေရာတွင် အစားထိုးရန် ဂျာမန်ကလပ် ဒေါ့မွန်အသင်းနည်းပြဟောင်း ဂျာဂန် ကလော့ပ်နှင့် လီဗာပူးလ်တို့ သဘောတူညီချက် ရရှိထားပြီး သောကြာနေ့တွင် တရားဝင် ခန့်အပ်သွားမည်ဟု သိရသည်။

    ကလော့ပ်အား လီဗာပူးလ်အသင်းက ဆက်သွယ်နေသည်ဟု ပြီးခဲ့သည့် သီတင်းပတ်များကတည်းက သတင်းထွက်ပေါ်နေပြီး ၎င်းနှင့် လီဗာပူးလ်တို့အကြား စာချုပ်စာတမ်းများ ချုပ်ဆိုထားခြင်း မရှိသေးသော်လည်း အနည်းဆုံး ၃ နှစ်စာချုပ် ချုပ်ဆိုရန် ရှိနေသည်ဟု Dailymail သတင်းစာက ဖော်ပြခဲ့သည်။

    ဒေါ့မွန်တွင် အတူတွဲလုပ်ခဲ့သော လက်ထောက်နည်းပြ ဇဲလ်က်ဂျို ဘူဗက်စ်နှင့် ပီတာ ကရာဝစ်ဇ်တို့မှာ ကလော့ပ်နှင့်အတူ လီဗာပူးလ်သို့ ပါလာဖွယ် ရှိနေသည်။ လီဗာပူးလ်၏ ဂန္တ၀င်ကစားသမားဖြစ်ပြီး အသင်း၏ သံတမန်အဖြစ် ဆောင်ရွက်နေသူ ရော်ဘီဖောင်လာကလည်း မိမိအနေဖြင့် ကလော့ပ်နှင့် လက်တွဲချင်သည်ဟု ပြောကြားခဲ့သည်။

    Ref: Dailymail

  • ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ

    ဂျပန်နှင့် ကနေဒါတို့မှ ပညာရှင်များ ယခုနှစ်အတွက် ရူပဗေဒ နိုဘယ်ဆု ရရှိ

    အေက်တိုဘာ ၇၊ ၂၀၁၅
    M-Media

    japan

    – ယခုနှစ် ရူပဗေဒ နယ်ပယ်အတွက် နိုဘယ်ဆုကို ဂျပန်နိုင်ငံမှ တာကာကီ ကာဂျီတာနှင့် ကနေဒါနိုင်ငံမှ အာသာမက်ဒေါ်နယ်တို့က ဆွတ်ခူးရရှိခဲ့သည်ဟု ဆွီဒင် တော်ဝင်သိပ္ပံအကယ်ဒမီက ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အသက် ၆၅ နှစ်အရွယ် ရှိပြီဖြစ်သည့် ကာဂျီတာမှာ တိုကျိုသဘာဝဓာတ်ရောင်ခြည် သုတေသနဌာန ICRR မှ ဒါရိုက်တာဖြစ်ပြီး နေရောင်ခြည်မှလာကာ ဒြပ်ထုမရှိဟု ယူဆထားကြသည့် နူထရီနိုအမှုန်များတွင် ဒြပ်ထုရှိသည်ကို ဖော်ထုတ်နိုင်သည့် neutrino oscillations ကို တွေ့ရှိခြင်းကြောင့် ရရှိခဲ့ခြင်းဖြစ်သည်။

    ကာဂျီတာမှာ ရူပဗေဒနှင့် ပတ်သက်၍ နိုဘယ်ဆုရရှိခဲ့သည့် ၁၁ ဦးမြောက် ဂျပန်နိုင်ငံသားဖြစ်ပြီး နောက်ဆုံး ရရှိခဲ့သူများမှာ ၂၀၁၄ ခုနှစ် နိုဘယ်ဆုရှင်များ ဖြစ်ကြသော အီဆာမူ အာကာဆာကီ၊ ဟီရိုရှီ အေမန်နိုနှင့် ရှူဂျီ နာကာမူရာတို့ ဖြစ်ကြသည်။ အာသာမက်ဒေါ်နယ်မှာ ကာဂျီတာပြုလုပ်ခဲ့သည့် သုတေသနလုပ်ငန်းများကို ဦးဆောင်ခဲ့သူဖြစ်သည်။

    “နှစ်တစ်ထောင်ဝန်းကျင်လောက် ကြာမှ တာကာကီ ကာဂျီတာဟာ လေထုထဲက နျူထရီနိုအမှုန်တွေ ဂျပန်နိုင်ငံက ဆူပါ-ကာမီအိုကန်ဒီ စမ်းသပ်ကိရိယာထဲကို ပုံစံနှစ်မျိုး ပြောင်းလာတယ်ဆိုတာ ပြသနိုင်ခဲ့ပါတယ်” ဟု အကယ်ဒမီမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ၁၉၈၈ ခုနှစ်တွင် ကာဂျီတာမှာ နျူထရီနိုများ၌ ဒြပ်ထုရှိနိုင်သည်ဆိုသည့် ယူဆချက်ကို ကြေငြာခဲ့သည်။ ကာဂျီတာကို ၁၉၅၉ ခုနှစ်က မွေးဖွားခဲ့ပြီး ဆိုင်တာမာ တက္ကသိုလ်မှ ရူပဗေဒဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ကာ ဂျပန်ရူပဗေဒပညာရှင် ပါမောက္ခ မာဆာတိုရှီ ကိုရှီဘာ၏ တိုကျိုက္ကသိုလ် ဓာတ်ခွဲခန်းနှင့် နောက်ပိုင်းတွင် ဆက်သွယ်ကာ သုတေသနလုပ်ငန်းများကို လုပ်ကိုင်ခဲ့သည်။ ကိုရှီဘာကိုယ်တိုင်လည်း
    ၂၀၀၂ ခုနှစ်တွင် ရူပဗေဒဘာသာရပ်ဖြင့် နိုဘယ်ဆုရခဲ့သည်။

    Ref: News.asiaone