News @ M-Media
Blog
  • မြန်မာအစိုးရ စစ်တပ်က ရှမ်းလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်
    မြန်မာအစိုးရ စစ်တပ်က ရှမ်းလက်နက်ကိုင်အဖွဲ့ကို တိုက်ခိုက်
    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    shan
    ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့သည့် ရှမ်းအမျိုးသားနေ့သို့ တက်ရောက်လာသည့် ရှမ်းပြည်နယ် တပ်မတော်
    – မြန်မာအစိုးရတပ်မှာ နိုင်ငံအရှေ့ပိုင်း ရှမ်းပြည်နယ်ရှိ တိုင်းရင်းသားလက်နက်ကိုင် အုပ်စုတစ်စုကို ယမန်နေ့က တိုက်ခိုက်မှု ပြုလုပ်ခဲ့ပြီး၊ ထိုအဖွဲ့၏ တာဝန်ရှိသူကမူ နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေးစာချုပ်ကို လက်မှတ်မထိုးသည့်အတွက် တုန့်ပြန်သည့်အနေဖြင့် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။
    တိုက်ခိုက်မှုမှာ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP ၏ လက်နက်ကိုင်တပ်ဖွဲ့ဖြစ်သော မြောက်ပိုင်း ရှမ်းတပ်မတော် SSA-N ဌာနချုပ်ရှိရာ လွိုင်လင်ခရိုင် မုန်းရှူးမြို့အနီး ဖြစ်ပွားခြင်းဖြစ်ပြီး ရွာ ၅ ရွာမှ ရှမ်းပြည်သူများမှာ ဘေးလွတ်ရာသို့ ထွက်ပြေးခဲ့ရသည်ဟု SSPP မှ ပြောရေးဆိုခွင့်ရှိသူ ဒုတိယဗိုလ်မှူးကြီး စိုင်းလက RFA သို့ ပြောကြားခဲ့သည်။
    “(ပြည်နယ်မြို့တော် တောင်ကြီးတွင် အခြေစိုက်သည့်) အရှေ့အလယ်ပိုင်းစစ်ဌာနချုပ်က အစိုးရတပ် အင်အား ၃၀၀ လောက်ဟာ မနက် ၈ နာရီ မိနစ် ၄၀ ၀န်းကျင်က မုန်းရှူးနားမှာ ကျွန်တော်တို့ကို တိုက်ခိုက်ပြီး တစ်နေ့လုံး ပစ်နေခဲ့ပါတယ်။ နှစ်ဖက်စလုံး အသေအပျောက်၊ ဒဏ်ရာရမှု ရှိလားဆိုတာ ကျွန်တော်တို့ သေချာ မသိသေးပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
    တိုက်ခိုက်ခံရသည့် ၎င်းတို့၏စခန်းမှာ ၀မ်ဟိုင်းရွာရှိ SSA-N ဌာနချုပ်သို့သွားရာ လမ်းကြောင်း၏ ရှေ့တန်းစစ်မျက်နှာတွင် ရှိသည်ဟု ဆိုပြီး၊ ယမန်နေ့ နေ့လည်ပိုင်းအထိ အစိုးရတပ်များမှာ ထိုနေရာတွင် ရှိနေသည်ဟု စိုင်းလက ထည့်သွင်းပြောကြားခဲ့သည်။
    “SSPP/SSA-N ဟာ (အစိုးရ ညှိနှိုင်းဆွေးနွေးရေးမှူး) ဦးအောင်မင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကြား ပြုလုပ်ခဲ့တဲ့ အောက်တိုဘာ ၄ ရက်နေ့ အစည်းအဝေးကို မတက်ခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုဟာ ခြိမ်းခြောက်မှုတစ်ခုလို့ ကျွန်တော်ထင်ပြီး နိုင်ငံလုံးဆိုင်ရာ အပစ်ရပ်ရေး သဘောတူညီချက် NCA ကို ကျွန်တော်တို့ လက်မှတ်ထိုးဖို့ သတိပေးလိုက်တာပါပဲ”
    သမ္မတ ဦးသိန်းစိန်အစိုးရမှာ NCA ကို လာမည့် နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲမတိုင်မီ လက်မှတ်ရေးထိုးနိုင်ရန် အပြင်းအထန် ကြိုးစားနေကာ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး တိုင်းရင်းသားလက်နက် ၁၉ ဖွဲ့မှ ၇ ဖွဲ့သာ လက်မှတ်ရေးထိုးရန် သဘောတူညီခဲ့သည်။
    Ref: RFA
  • ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ၅ နှစ်ဆက်တိုက် ကျဆင်း
    ကမ္ဘာ့နိုင်ငံများ၏ စီးပွားရေး ၅ နှစ်ဆက်တိုက် ကျဆင်း
    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    imf
    – ကုန်ကြမ်းပစ္စည်းများ၏ ဈေးနှုန်းများ မတည်ငြိမ်မှု၊ တရုတ်နိုင်ငံ၏ လိုက်မမှီသော စီးပွားရေးတိုးတက်မှု နှေးကွေးလာခြင်းတို့ကြောင့် ကမ္ဘာတစ်ဝှမ်းရှိ နိုင်ငံများ၏ နှစ်အလိုက် စီးပွားရေးအခြေအနေမှာ ၅ နှစ်ဆက်တိုက်အဖြစ် ကျဆင်းခဲ့သည်ဟု နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ IMF က ယမန်နေ့တွင် ပြောကြားလိုက်သည်။
    ကမ္ဘာတစ်ဝှမ်း စစ်တမ်းကောက်ယူမှုများအရ ကုန်စည်ဈေးကွက်များ ပြောင်းလဲခြင်း၊ နိုင်ငံရေး တင်းမာမှုများ မြင့်တက်လာခြင်း၊ တရုတ်နိုင်ငံ၏ စီးပွားရေး အရှိန်အဟုန် ခေတ္တပြုတ်ကျသွားခြင်းတို့မှာ ကမ္ဘာ့နိုင်ငံများမှ ဈေးကွက်များအား ထိခိုက်စေခဲ့သည်ဟု ဆိုသည်။
    ဈေးကွက်ကြီးမားသည့် နိုင်ငံများနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများမှာ ၂၀၁၅ နှင့် ၂၀၁၆ ခုနှစ်များတွင် စီးပွားရေးတိုးတက်မှု ၄.၀ ရာခိုင်နှုန်းနှင့် ၄.၅ ရာခိုင်နှုန်း ရှိရမည်ဖြစ်သော်လည်း ဇူလိုင်လတွင်ပြုလုပ်ခဲ့သော ခန့်မှန်းချက်ထက် ၂ ရာခိုင်နှုန်း ကျဆင်းသည်ကို တွေ့ခဲ့ရသည်။
    အဆိုးဝါးဆုံး ကျဆင်းသည့်နိုင်ငံမှာ ရုရှားဖြစ်ပြီး ယခုနှစ်အတွင်း ဂျီဒီပီ ၃.၈ ရာခိုင်နှုန်းနှင့် လာမည့်နှစ်တွင် ၀.၆ ရာခိုင်နှုန်း ကျဆင်းမည့်အလားအလာ ရှိနေသည်။ ဘရာဇီးလ်ကလည်း ယခုနှစ်တွင် ၃ ရာခိုင်နှုန်း၊ လာမည့်နှစ်တွင် ၁ ရာခိုင်နှုန်း ကျဆင်းမည်ဖြစ်သည်။
    တရုတ်နိုင်ငံ၏ စီးပွားရေးမှာလည်း ဆက်လက်ကျဆင်းနေပြီး ကမ္ဘာ့ဈေးကွက်များအတွက် စိုးရိမ်မှုများလည်း ရှိနေသည်။ တောင်အာဖရိက၏ ဂျီဒီပီမှာမူ ယခုနှစ်တွင် ၁.၄ ရာခိုင်နှုန်း တက်လာမည်ဟု ခန့်မှန်းထားပြီး လာမည့်နှစ်တွင် ၁.၃ ရာခိုင်နှုန်း မြင့်တက်ရန် ရှိနေသည်။
    စီးပွားရေးအခြေအနေ အကောင်းဆုံးမှာ အိန္ဒိယနိုင်ငံဖြစ်ပြီး ယခုနှစ်နှင့် လာမည့်နှစ်တွင် ၇.၃နှင့် ၇.၅ ရာခိုင်နှုန်း အသီးသီးတက်ရန် ရှိနေသည်။
    Ref: Channelnewsasisa
  • ကုလတာဝန်ရှိသူဟောင်း လာဘ်ယူမှုဖြင့် အဖမ်းခံရ
    ကုလတာဝန်ရှိသူဟောင်း လာဘ်ယူမှုဖြင့် အဖမ်းခံရ
    အောက်တိုဘာ ၇၊ ၂၀၁၅
    M-Media
    un
    – ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဥက္ကဌဟောင်းဖြစ်ပြီး အန်တီဂွာနှင့် ဘာဘူဒါနိုင်ငံဆိုင်ရာ ကုလ သံတမန်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးသူ ဂျွန်အက်စ်ဟီမှာ တရုတ်စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံမှ လာဘ်ငွေ ကန်ဒေါ်လာ ၁.၃ သန်း ရယူမှုအတွက် တရားစွဲဆိုခံခဲ့ရသည်ဟု သိရသည်။
    ၂၀၁၃ ခုနှစ် စက်တင်ဘာလမှစ၍ အထွေထွေညီလာခံဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် အက်စ်ဟီမှာ ကုလ၏ ညီလာခံစင်တာကို မက္ကာအိုတွင်ဖြစ်အောင် အဆိုတင်သွင်းပေးမည်ဟုဆိုကာ တရုတ်အိမ်ခြံမြေလုပ်ငန်းရှင် နက်ဂ် လက် ဆန်ထံမှ လာဘ်ယူခဲ့ခြင်းဖြစ်သည်။ ထို့ပြင် ၂၀၁၁ ခုနှစ်မှ ၂၀၁၄ ခုနှစ်အတွက် အက်စီမှာ အခြားသူများထံမှလည်း လာဘ်ငွေများ ယူခဲ့သည်ဟု ယမန်နေ့က တရားရုံးမှထုတ်ပြန်သော အချက်အလက်များ၌ ဖော်ပြထားသည်။
    နက်ဂ်ကိုယ်တိုင်မှာ အမေရိကန်သို့ ၂ နှစ်အတွင်း ငွေသား ကန်ဒေါ်လာ ၄.၅ သန်း တရားမ၀င် ခိုးသွင်းလာမှုနှင့်ပတ်သက်၍ ပြီးခဲ့သည့်လက နယူးယောက်တွင် အဖမ်းခံခဲ့ရသည်။ အက်စ်ဟီ၏ ကိစ္စနှင့်ပတ်သက်၍ ကုလမှ အခြားသော ၀န်ထမ်းများလည်း ဖမ်းဆီးခံရနိုင်ဖွယ်ရှိသည်ဟု သတင်းများက ဖော်ပြကြသည်။
    Ref: Aljazeera
  • အမေရိကန်တွင် ၈ နှစ်အရွယ်မိန်းကလေးကို ၁၁ နှစ်အရွယ်ကောင်လေးက သေနတ်ဖြင့် ပစ်သတ်
    အမေရိကန်တွင် ၈ နှစ်အရွယ်မိန်းကလေးကို ၁၁ နှစ်အရွယ်ကောင်လေးက သေနတ်ဖြင့် ပစ်သတ်
    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media
    usa
    သေဆုံးသွားသူ မက်ကလေဒိုင်ယာ
    – အမေရိကန်ပြည်ထောင်စု တန်နက်စီးပြည်နယ်တွင် အိမ်မွေးခွေးကိစ္စကြောင့် အသက် ၈ နှစ်အရွယ် မိန်းကလေးငယ်ကို သေနတ်ဖြင့်ပစ်သတ်မှုဖြင့် အသက် ၁၁ နှစ်အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးလိုက်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
    အိုဟိုင်းယိုးပြည်နယ်တွင်လည်း ပြီးခဲ့သည့်ရက်ပိုင်း၌ အသက် ၁၁ နှစ်အရွယ် ကောင်လေးက ၎င်းထက် အသက်တစ်နှစ်ကြီးသည့် အစ်ကိုအား စားပွဲပေါ်တွင် ကျည်အပြည့်ဖြည့်ကာ တင်ထားသော သေနက် ၃ လက်မှ တစ်လက်ကို ယူ၍ ပစ်သတ်မှု ဖြစ်ပွားခဲ့သည်။ အာဏာပိုင်များက ထိုပစ်ခတ်မှုမှာ မတော်တဆ ဖြစ်ပွားပုံရသည်ဟု ပြောကြားခဲ့သည်။
    Ref: BBC
  • လူနာများအား အသည်းရောဂါစီပိုး ကူးစက်မှုအတွက် စင်ကာပူဆေးရုံကြီး တောင်းပန်
    လူနာများအား အသည်းရောဂါစီပိုး ကူးစက်မှုအတွက် စင်ကာပူဆေးရုံကြီး တောင်းပန်
    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media
    sg
    – ကျောက်ကပ်ကုသမှု ဌာနအတွင်း အသည်းရောဂါ စီပိုး ကူးစက်ခဲ့မှုအတွက် စင်ကာပူ အထွေထွေဆေးရုံကြီး SGH က ယနေ့တွင် ကြေငြာချက်ထုတ်ကာ တရားဝင်တောင်းပန်လိုက်သည်ဟု သိရသည်။
    ထိုကြေငြာချက်တွင် မိမိတို့မှာ ယခုနှစ်ဇွန်လကတည်းက စီပိုးကူးစက်မှု မြင့်တက်လာခဲ့ခြင်းကို သတိပြုမိခဲ့ပြီး ထိုပိုးမှာ အသည်းရောဂါကို ဖြစ်ပွားစေခြင်းကြောင့် အသည်းအလုပ်လုပ်မှု မူမမှန်သော လူနာများတွင် ပိုးရှိမရှိကို စစ်ဆေးခဲ့သည်ဟု ဖော်ပြထားသည်။ထိုသို့စစ်ဆေးရာ၌ လူနာ ၂၂ ဦးတွင် အသည်းရောဂါ စီပိုးကို တွေ့ရှိခဲ့ရပြီး ထိုအထဲမှ ၄ ဦးမှာ သေဆုံးခဲ့သည်ဟု ဆိုသည်။
    သေဆုံးသွားသော လူနာများတွင် အခြားသောရောဂါများ၊ ပိုးဝင်မှုများ ရှိခဲ့သော်လည်း၊ စီပိုးနှင့် ထိုသေဆုံးမှုအကြား ဆက်သွယ်မှုရှိမည် ဆိုခြင်းနှင့်ပတ်သက်၍ ဆေးရုံက မငြင်းခဲ့ပေ။ ကနဦးစစ်ဆေးမှုများအရ အဆိုပါ လူနာ ၂၂ ဦးစလုံးကို ဧပြီနှင့် ဇွန်လအကြားတွင် သီးသန့်အဆောင်၌ ထားခဲ့ပြီး ရောဂါပိုး ကူးစက်ခဲ့သည့် အသည်းရောဂါကု အဆောင်ကိုလည်း ပြန်လည်ပြင်ဆင်ခဲ့သည်ဟု SGH က ပြောကြားခဲ့သည်။
    အသည်းရောဂါ စီပိုး ကူးစက်မှု အကြောင်းအရင်းကို စုံစမ်းမှုများ ပြုလုပ်နေပြီး ကနဦးတွေ့ရှိချက်အရ သွေးကြောထဲသို့ ထိုးသွင်းသည့် ပစ္စည်းများက ကူးစက်နိုင်သော ရင်းမြစ်တစ်ခု ဖြစ်နိုင်သည်ဟု ဆိုသည်။
    စင်ကာပူဆေးရုံကြီး ဆေးဘက်ဆိုင်ရာဘုတ်အဖွဲ့မှ ဥက္ကဌဖြစ်သူ ပါမောက္ခ ဖွန်ကော့က်ယွန်က ရောဂါပိုးကူးစက်မှုအား ထိန်းချုပ်ရန်အတွက် စုံစမ်းစစ်ဆေးမှုမှ တွေ့ရှိသော ပြဿနာများအား ဖြေရှင်းရေး အသေအချာ ဆောင်ရွက်သွားမည်ဟု ပြောကြားခဲ့သည်။
    ယနေ့အချိန်အထိ ဆေးရုံမှာ အသည်းအလုပ်လုပ်မှု ပုံမှန်မဟုတ်သူများကို စောင့်ကြည့်လျက်ရှိနေပြီး စီပိုးကူးစက်မှု ထပ်မံ၍ ဖြစ်ပွားခြင်းမရှိဟု ဆိုသည်။
    Ref: Yourhealth