News @ M-Media

Blog

  • တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီက မိုင်းများထောင်ထား

    တရုတ်ဓာတ်ငွေ့ပိုက်လိုင်း ပတ်ဝန်းကျင်တွင် စစ်ကောင်စီက မိုင်းများထောင်ထား

    ဇန်နဝါရီ ၂၀၊ ၂၀၂၂
    M-Media

    -ရှမ်းပြည်နယ်မြောက်ပိုင်း သီပေါမြို့နယ်က တရုတ်ဓာတ်ငွေ့ပိုက်လိုင်းနားမှာ စစ်ကောင်စီ တပ်တွေက မြေမြှုပ်မိုင်းတွေ ထောင်ထားပြီး ဒေသခံတွေ စိုးရိမ်မှု ရှိနေတယ်လို့ ရှမ်းလူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (SHRF) က ထုတ်ပြန်ပါတယ်။

    နောင်အန်းကျေးရွာအနီးက ပိုက်လိုင်းထိန်းချုပ်ရေးစက်ရုံရဲ့ ပတ်ဝန်းကျင်တစ်၀ိုက်က တောတွေထဲမှာ မိုင်းတွေထောင်ထားတာ ဖြစ်ပါတယ်။ အဲဒီစက်ရုံမှာ အရင်က လုံခြုံရေးမရှိပေမယ့် နိုဝင်ဘာလကစပြီး စစ်သား အယောက် ၂၀ လောက်က စောင့်ကြပ်နေတယ်လို့လည်း SHRF က ဆိုပါတယ်။

    ရခိုင်ကမ်းရိုးတန်းကနေ တရုတ်နိုင်ငံအထိသွယ်တန်းကာ ရေနံနဲ့ သဘာ၀ဓာတ်ငွေ့ပို့တဲ့ ပိုက်လိုင်းရဲ့ ၃ ပုံ ၁ ပုံဟာ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ တည်ရှိတာဖြစ်ပါတယ်။ ပိုက်လိုင်း စတင်တည်ဆောက်ကတည်းက ဒေသခံတွေ ကန့်ကွက်ခဲ့ကြတာ ဖြစ်ပါတယ်။

    ‘မိုင်းတွေဟာ စစ်ကောင်စီရဲ့ လုံခြုံရေးအတွက်ပဲဖြစ်ပါတယ်။ ဒေသခံတွေရဲ့ လုံခြုံရေးအတွက် မဟုတ်ပါဘူး’ လို့ SHRF အဖွဲ့ဝင် Sai Hor Hseng က ပြောပါတယ်။

    နိုဝင်ဘာလကလည်း သီပေါမြို့နယ် ချောင်းခြောက်ကျွေးရာအုပ်စု အုပ်ချုပ်ရေးမှူးကို စစ်ကောင်စီတပ်တွေက ခေါ်ယူပြီး ဒေသတစ်၀ိုက် မိုင်းထောင်ထားတာကြောင့် အဲဒီနေရာတွေကို ရွာသားတွေ မသွားဖို့ သတိပေးခဲ့ပါတယ်။

    ကျေးရွာတွေက ရွာသားတွေဟာ အနီးအနားပတ်ဝန်းကျင်က တောတွေထဲမှာ ထင်းခုတ်၊ မှိုရှာတာ၊ အမဲလိုက်တာတွေ လုပ်ဆောင်လေ့ရှိပြီး အခုလို မိုင်းထောင်ထားတာကြောင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေကို ထိခိုက်ကြောင်း၊ ရွာသားတွေက မိုင်းဖယ်ရှားပေးဖို့ ပြောပေမယ့် စစ်ကောင်စီတပ်တွေက မဖယ်ပေးကြောင်း SHRF ရဲ့ အင်္ဂါနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref : SHRF



  • ကမ္ဘောဒီးယားက အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စစ်ဆေးမည်

    ကမ္ဘောဒီးယားက အတိုက်အခံခေါင်းဆောင်ကို နိုင်ငံတော်သစ္စာဖောက်မှုဖြင့် စစ်ဆေးမည်

    ဇန်နဝါရီ ၁၉၊ ၂၀၂၂
    M-Media

    ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ကမ်ဆိုခါ

    -ကမ္ဘောဒီးယား အတိုက်အခံနိုင်ငံရေးခေါင်းဆောင် ကမ်ဆိုခါအပေါ် နိုင်ငံတော်သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားမှုကို ဒီကနေ့မှာ ပြန်လည်ကြားနာမယ်လို့ သိရပါတယ်။

    အာဏာကို နှစ်ပေါင်း ၃၀ ကြာ ချုပ်ကိုင်ထားတဲ့ ဝန်ကြီးချုပ်ဟွန်ဆန် အစိုးရဟာ ကမ်ဆိုခါကို ၂၀၁၇ ခုနှစ်မှာ ဖမ်းဆီးခဲ့ပြီး သူ့ရဲ့ပါတီ CNRP ကိုလည်း ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် မတရားအသင်းအဖြစ် ကြေငြာကာ ပါတီဝင်တွေကို ဖမ်းဆီးထောင်ချခဲ့ပါတယ်။

    အတိုက်အခံမရှိတဲ့ ၂၀၁၈ ရွေးကောက်ပွဲမှာ ဟွန်ဆန်ရဲ့ပါတီ CPP က ၁၀၀ ရာခိုင်နှုန်း အနိုင်ရခဲ့ပါတယ်။

    ကမ်ဆိုခါဟာ ၂၀၁၉ ခုနှစ်မှာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်လာခဲ့ပေမယ့် နိုင်ငံရေး ဆောင်ရွက်လို့ မရပါဘူး။

    အမေရိကန်နဲ့ ပူးပေါင်းပြီး အစိုးရကို ဖြုတ်ချဖို့ ကြိုးစားတယ်ဆိုတဲ့ စွဲချက်နဲ့ ဝန်ကြီးချုပ်ဟွန်ဆန်အစိုးရက ကမ်ဆိုခါကို နိုင်ငံတော် သစ္စာဖောက်မှုနဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။ တရားရုံး ကြားနာမှုကို ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်တာ ရပ်ဆိုင်းထားရကနေ ဒီကနေ့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

    ကမ်ဆိုခါက ဒီစွပ်စွဲချက်ကို ငြင်းဆိုထားပြီး ဖနွမ်းပင်မြို့ အမေရိကန်သံရုံးကလည်း အတိုက်အခံတွေအပေါ် နိုင်ငံရေးအရ နှိပ်ကွပ်လိုတဲ့ တရားစွဲဆိုမှုတွေ လုပ်နေတာကို ရပ်တန့်ဖို့ ကြေငြာချက် ထုတ်ပြန်ပါတယ်။

    ကမ္ဘောဒီးယား တရားရေးဝန်ကြီးဌာနက တရားစွဲဆိုမှုဟာ နိုင်ငံရေးအရ နှိပ်ကွပ်တာမျိုးမဟုတ်ဘဲ အမေရိကန်အနေနဲ့ ပြည်တွင်းရေးကို ဝင်မစွက်ဖို့ တုန့်ပြန်ခဲ့ပါတယ်။

    ကမ်ဆိုခါက တရားရုံးအနေနဲ့ စွဲချက်ကို ပယ်ဖျက်ပြီး အမျိုးသားရင်ကြားစေ့ရေး၊ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး သဘောတူညီချက်တစ်ခု ရရှိလိမ့်မယ်လို့ မျှော်လင့်ကြောင်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    Ref: CNA

  • အိန္ဒိယတွင် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်လာတော့မည်ဟု ဂျီနိုဆိုက်အရေး ကျွမ်းကျင်သူ သတိပေး

    အိန္ဒိယတွင် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်လာတော့မည်ဟု ဂျီနိုဆိုက်အရေး ကျွမ်းကျင်သူ သတိပေး

    ဇန်နဝါရီ ၁၈၊ ၂၀၂၂
    M-Media

    -အိန္ဒိယမှာ မွတ်စလင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု(ဂျီနိုဆိုက်) မကြာခင်ဖြစ်လာတော့မယ်လို့ ဂျီနိုဆိုက်အရေးကျွမ်းကျင်သူ ဂရီဂိုရီ စတန်တန်က ပြောကြားလိုက်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း လူမျိုးတုန်းသတ်ဖြတ်မှု စောင့်ကြည့်ရေးအဖွဲ့ Genocide Watch ကို တည်ထောင်ထားသူ စတန်တန်ဟာ ၁၉၉၄ ခုနှစ် ရဝမ်ဒါနိုင်ငံမှာ ဟူတူတွေက တွတ်ဆီလူမျိုးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု မဖြစ်ခင် နှစ်အနည်းငယ်အရင်ကတည်းက ဒီကိစ္စကို သတိပေးခဲ့ဖူးသူလည်း ဖြစ်ပါတယ်။

    တနင်္လာနေ့က အမေရိကန်လွှတ်တော်တွင်း ဆွေး​နွေးပွဲမှာ အာသံပြည်နယ်နဲ့ အိန္ဒိယက ထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသတို့မှာ လူမျိုးတုန်းသတ်ဖြတ်မှုရဲ့ အစောပိုင်း ‘လက္ခဏာတွေ၊ လုပ်ငန်းစဉ်တွေ’ ကို တွေ့ရှိနေရပြီလို့ စတန်တန်က ပြောကြားခဲ့ပါတယ်။

    “အိန္ဒိယမှာ ဂျီနိုဆိုက် ကောင်းကောင်းဖြစ်နိုင်နေပြီလို့ ကျွန်တော်တို့ သတိပေးနေပါတယ်”

    လူမျိုးတုန်းသတ်ဖြတ်မှု (ဂျီနိုဆိုက်) ဆိုတာ ရုတ်တရက်ထပြီး ဖြစ်ပွားတဲ့ အဖြစ်အပျက်မျိုးမဟုတ်ဘဲ အဆင့်ဆင့် စီစဉ်ကျူးလွန်တာမျိုးဖြစ်ကြောင်း၊ အိန္ဒိယဝန်ကြီးချုပ် မိုဒီအစိုးရက ဖော်ဆောင်နေတဲ့ မူဝါဒတွေ၊ ရိုဟင်ဂျာမွတ်စလင်တွေအပေါ် မြန်မာစစ်တပ်က ကျင့်သုံးတဲ့ မူဝါဒတွေဟာ လူမျိုးတုန်းသတ်​ဖြတ်မှု လုပ်ငန်းစဉ်တွေ ​ဖြစ်ကြောင်း စတန်တန်က ပြောပါတယ်။

    ကက်ရှ်မီးယားဒေသကို အိန္ဒိယအခြေခံဥပဒေက ပေးထားတဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို ၂၀၁၉ ခုနှစ်မှာ ရုပ်သိမ်းတာ၊ အခြား ဘာသာရေးလူနည်းစုတွေအတွက်သာ အကြုံးဝင်ပြီး မွတ်စလင်တွေအတွက် အကြုံးမဝင်တဲ့ နိုင်ငံသား ဥပဒေတစ်ခုကို ပြဌာန်းတာတွေကိုလည်း သူက ထောက်ပြပါတယ်။

    ရိုဟင်ဂျာတွေကို ပထမဆုံး နိုင်ငံသားမဟုတ်ကြောင်း ကြေငြာပြီး နောက်ပိုင်းမှာ အကြမ်းဖက်သတ်ဖြတ်၊ မောင်းထုတ်ကာ လူမျိုးတုန်းသတ်ဖြတ်တဲ့အထိ ဖြစ်လာတဲ့ အခြေအနေမျိုး အိန္ဒိယမှာ ဖြစ်လာမှာကို စိုးရိမ်တယ်လို့ စတန်တန်က ဆိုပါတယ်။

    “ကျွန်တော်တို့ အခုမြင်နေရတာက တစ်ပုံစံတည်းပါ”

    စတန်တန် ဦးဆောင်တဲ့ Genocide Watch အဖွဲ့ဟာ ၁၉၉၉ ခုနှစ်ကတည်းက စတင်ကာ ကမ္ဘာတစ်ဝှမ်း လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်လာနိုင်တဲ့ ​လက္ခဏာတွေကို စောင့်ကြည့်လေ့လာဖော်ထုတ်ကာ သတိပေးနေတာ ဖြစ်ပါတယ်။

    အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP နဲ့ နောက်လိုက်တွေ ကျင့်သုံးဖို့ ကြိုးစားနေတဲ့ Hindutva ဝါဒဟာ အိန္ဒိယသမိုင်းကြောင်း၊ ဖွဲ့အစည်းပုံအခြေခံဥပဒေနဲ့ ဆန့်ကျင်နေသလို၊ မိုဒီကလည်း အစွန်းရောက်တစ်ဦးဖြစ်တယ်လို့ စတန်တန်က မှတ်ချက်ပြုပါတယ်။

    ရဝမ်ဒါကိစ္စ

    ရဝမ်ဒါမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေ ဖြစ်လာနိုင်ကြောင်း ၁၉၈၉ ခုနှစ်မှာ အဲဒီတုန်းက ရဝမ်ဒါသမ္မတ ဂျီဗီနဲလ် ဟာဗြာရီမာနာကို စတန်တန်က သတိပေးခဲ့ဖူးပါတယ်။ ဂျီနိုဆိုက်ဖြစ်မယ့်လက္ခဏာတွေကို ‘တားဆီးဟန့်တားမှုတွေ မလုပ်ရင် နောက် ၅ နှစ်အတွင်း လူမျိုးတုန်းသတ်ဖြတ်မှုဖြစ်မယ်’ လို့ စတန်တန်က ပြောခဲ့ပြီး ၁၉၉၄ ခုနှစ်မှာ ဟူတူတွေက တွတ်ဆီလူမျိုးတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှု ဖြစ်ခဲ့ပါတယ်။

    ရ၀မ်ဒါဂျီနိုဆိုက်မှာ တွတ်ဆီလူမျိုး နည်းဆုံး ၈ သိန်းနီးပါးလောက် အသတ်ခံခဲ့ရပါတယ်။

    “အိန္ဒိယမှာ ဒီလိုမျိုး အဖြစ်ခံလို့ မရတော့ပါဘူး”

    ၂၀၀၂ ခုနှစ် ဂူဂျာရတ်ပြည်နယ်မှာ ၃ ရက်ကြာမြင့်ခဲ့ပြီး မွတ်စလင် တစ်ထောင်ကျော် အသတ်ခံခဲ့ရတဲ့ အဖြစ်အပျက်အပြီးကတည်းက Genocide Watch ဟာ အိန္ဒိယမှာ မွတ်စလင်တွေ လူမျိုးတုန်းသတ်ဖြတ်ခံရနိုင်မှုကို စတင်သတိပေးခဲ့တာ ဖြစ်ပါတယ်။

    BJP ပါတီ အာဏာရတဲ့ ၂၀၁၄ ခုနှစ်ကစပြီး အိန္ဒိယမှာ မွတ်စလင်တွေ၊ ခရစ်ယာန်တွေနဲ့ ဒါလစ်ဇာတ်နိမ့်တွေအပေါ် ဟိန္ဒူလက်ယာစွန်း အဖွဲ့တွေရဲ့ တိုက်ခိုက်မှု သိသိသာသာ မြင့်တက်လာတာ ဖြစ်ပါတယ်။

    မွတ်စလင်တွေကို မျိုးဖြုတ်သတ်ဖြတ်ဖို့ တိုက်တွန်းဆော်ဩမှုတွေလည်း ဟိန္ဒူလူ့အဖွဲ့အစည်းအတွင်းမှာ ပိုမို ကြားလာရပြီး ဒီဇင်ဘာလ နိုင်ငံမြောက်ပိုင်း ဟိန္ဒူဘာသာရေးမြို့ ဟာရစ်ဒ်ဝါမှာလုပ်တဲ့ တရားပွဲအတွင်း ဟိန္ဒူဘုန်းကြီးတွေဟာ မြန်မာစစ်တပ်က မွတ်စလင်တွေကို အစုလိုက်အပြုံလိုက် သတ်ဖြတ်မောင်းထုတ်မှုအတိုင်း လုပ်ဆောင်ကြဖို့ နိုင်ငံရေးသမားတွေ၊ ရဲ၊ စစ်တပ်နဲ့ ဟိန္ဒူလူထုကို တိုက်တွန်းဆော်ဩခဲ့ပါတယ်။

    Ref: Aljazeera

  • Wave Money ကို ရောင်းချရန် တယ်လီနောနှင့် Yoma Strategic တို့ သဘောတူညီမှုရ

    Wave Money ကို ရောင်းချရန် တယ်လီနောနှင့် Yoma Strategic တို့ သဘောတူညီမှုရ

    ဇန်နဝါရီ ၁၇၊ ၂၀၂၂
    M-Media

    -ဒစ်ဂျစ်တယ်ငွေလွှဲလုပ်ငန်း Wave Money ကို ရောင်းချဖို့အတွက် တယ်လီနောဟာ Yoma Strategic လုပ်ငန်းစုနဲ့ သဘောတူညီမှု ရရှိသွားခဲ့တယ်လို့ သိရပါတယ်။

    တယ်လီနောဟာ သူတို့ရဲ့ ရှယ်ယာပိုင်ဆိုင်မှု ၅၁ ရာခိုင်နှုန်းကို အမေရိကန်ဒေါ်လာ ၅၃ သန်းနဲ့ ရောင်းချမှာဖြစ်ပြီး လက်ရှိမှာ အပြီးသတ်လုပ်ငန်းတွေ လုပ်ဆောင်နေပါတယ်။ အရောင်းအဝယ်ပြီးသွားရင် Yoma Strategic ဟာ Wave Money လုပ်ငန်းကို အပြည့်အ၀ ပိုင်ဆိုင်သူ ဖြစ်လာမှာပါ။

    Wave Money ကို ၂၀၁၆ ခုနှစ်မှာ ရိုးမဘဏ်နဲ့ တ​ယ်လီနောကုမ္ပဏီတို့ ပူးပေါင်းတည်ထောင်ခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံက အကြီးဆုံး ဒစ်ဂျစ်တယ်ငွှေလွှဲလုပ်ငန်း ဖြစ်လာပါတယ်။ ၂၀၂၀ ခုနှစ်မှာ Wave Money ရဲ့ ငွှေလွှဲမှုတန်ဖိုးဟာ စုစုပေါင်း ကန်ဒေါ်လာ ၈.၇ ဘီလီယံရှိပြီး တစ်နိုင်ငံလုံး GDP ရဲ့ ၁၂ ရာခိုင်နှုန်း ဖြစ်ပါတယ်။

    Yoma Strategic ရဲ့ စီအီးအို Melvyn Pun က မြန်မာနိုင်ငံရဲ့ ဒဏ်ဂျစ်တယ် ဘဏ္ဏာရေးလုပ်ငန်းကို ရေရှည်မှာ ခိုင်မာအောင် တည်ဆောက်လိုတဲ့ ရည်ရွယ်ချက်နဲ့ ဝယ်ယူတာဖြစ်ပြီး Wave Money ဟာ မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀အပေါ် ကောင်းကျိုးဖြစ်စေတဲ့အတွက် ဝမ်းမြောက်မိတယ်လို့ ပြောကြားခဲ့ပါတယ်။

    တယ်လီနောဟာ Wave Money ကို ရောင်းချဖို့အတွက် ၂၀၂၀ ခုနှစ် ဇွန်လကတည်းက Yoma Strategic နဲ့ ဆွေးနွေးနေတာ ဖြစ်ပါတယ်။ ဆက်သွယ်ရေးလုပ်ငန်း တယ်လီနောမြန်မာကိုလည်း လက်ဘနွန်အခြေစိုက် M1 Group ကို ရောင်းချဖို့ တယ်လီနောက စီစဉ်ထားပါတယ်။

    Ref: Globe News Wire

  • မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတွင် ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ်ဟု ဖိလစ်ပိုင်ပြော

    မြန်မာ့ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီအရေးတွင် ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ်ဟု ဖိလစ်ပိုင်ပြော

    ဇန်နဝါရီ ၁၇၊ ၂၀၂၂
    M-Media

    -နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စစ်ကောင်စီက ပြစ်ဒဏ်တွေ ချမှတ်မှုကို ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး တီယိုဒိုရို လိုစင်က ရှုတ်ချလိုက်ပြီး မြန်မာ့ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ သူမဟာ မရှိမဖြစ် ဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။

    ယခုနှစ် အာဆီယံဥက္ကဌအဖြစ် တာဝန်ယူမည့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က အာဏာသိမ်းစစ်ကောင်စီနဲ့ ဆက်ဆံရေး ကောင်းမွန်ဖို့ ကြိုးစားနေတဲ့အချိန် အခြားအာဆီယံအဖွဲ့ဝင် နိုင်ငံတွေက စစ်ကောင်စီကို ပိုမို ဖိအားပေးချင်နေတာ ဖြစ်ပါတယ်။

    မနေ့က သတင်းစာရှင်းလင်းပွဲမှာ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီးလိုစင်က အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထားတဲ့ အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့၊ အကြမ်းဖက်မှုတွေ ရပ်တန့်ဖို့နဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ စစ်ကောင်စီကို တိုက်တွန်းခဲ့ပါတယ်။

    စစ်ကောင်စီဟာ တရားရေးစနစ်ကို အမြတ်ထုတ်ပြီး အတိုက်အခံတွေကို နှိပ်ကွပ်နေတယ်လို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

    “အရပ်သားပြည်သူလူထုတွေ ထိခိုက်ခံစားနေရတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့ တော်တော်လေးကို စိုးရိမ်မိပါတယ်။ ပြီးပြည့်စုံတဲ့ ဆွေးနွေးညှိနှိုင်းမှုတွေမှာ ပါဝင်ဖို့နဲ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဥ်ကို ဆက်လက်ဆောင်ရွက်ဖို့ စစ်ခေါင်းဆောင်တွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်”

    ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတစ်၀ှမ်း စစ်ကောင်စီတပ်တွေက သတ်ဖြတ်မှုကြောင့် အနည်းဆုံး ပြည်သူ ၁၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီ ဖြစ်ပါတယ်။

    ဘယ်လို နိုင်ငံရေးဆွေးနွေးမှုမျိုးမှာမဆို ဒေါ်အောင်ဆန်းစုကြည် ပါဝင်ရမှာဖြစ်ပြီး သူမ မပါဝင်တဲ့ ငြိမ်းချမ်းဆွေးနွေးပွဲဟာ အဓိပ္ပါယ်ရှိမှာမဟုတ်ဘူးလို့လည်း ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    “ပြစ်ဒဏ်ချမှတ်ခံထားရပေမယ့် ဒေါ်အောင်ဆန်းစုကြည်က ပါဝင်ရမှာဖြစ်ပါတယ်။ စစ်တပ်အနေနဲ့ ဘာမှ ကြောက်စရာမလိုပါဘူး။ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်လည်ကျင့်သုံးရင် စစ်တပ်က ပိုတောင် အမြတ်ထွက်အုံးမှာပါ။ ဒီမိုကရေစီ ပြန်လည်ဖော်ဆောင်ရေးမှာ ဒေါ်အောင်ဆန်းစုကြည်က မရှိမဖြစ် ဖြစ်ပြီး၊ သူမကြောင့် မင်းမဲ့စရိုက်၊ တိုင်းပြည်ပြိုကွဲမှု၊ လူထု မတည်ငြိမ်မှု ဖြစ်လာမယ့် အန္တရာယ်မျိုး မရှိပါဘူး”

    အကြမ်းဖက်မှု ရပ်တန့်ရေး၊ နိုင်ငံရေးအဖွဲ့အစည်းတွေအကြား တွေ့ဆုံဆွေးနွေးရေး စတာတွေပါဝင်တဲ့ အာဆီယံ သဘောတူညီချက် ၅ ချက် တိုးတက်မှုတွေရရှိရေး တွန်းအားပေးလုပ်ဆောင်သွားမှာဖြစ်ပြီး ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကိုလည်း အပြည့်အ၀ ထောက်ခံသွားမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: South China Morning Post