News @ M-Media

Blog

  • အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အမေရိကန်လေယာဉ်မှူးတစ်ဦး လေပေါ်တွင်သေဆုံး

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    us

    – အမေရိကန်ပြည်ထောင်စု အနောက်ပိုင်း ဖီးနစ်မြို့မှ အရှေ့ပိုင်း ဘော်စတွန်မြို့သို့ ယမန်နေ့က ပျံသန်းလာသည့် American Airlines မှ လေယာဉ်တစ်စင်းပေါ်တွင် လေယာဉ်မှူး သေဆုံးမှုတစ်ခု ဖြစ်ပွားခဲ့သည်။

    ခရီးသည် ၁၄၇ ဦးနှင့် လေယာဉ်အမှူထမ်း ၅ ဦးကို တင်ဆောင်ကာ ဒေသစံတော်ချိန် ယမန်နေ့ည သန်းခေါင်ယံအချိန်တွင် စတင်ထွက်ခွာလာသည့် အဆိုပါ Aribus A320 လေယာဉ် ပျံသန်းနေခိုက် လေယာဉ်မှူးမှာ လဲကျသွားသောကြောင့် နယူးယောက်ရှိ လေယာဉ်ကွင်းတစ်ခုတွင် အရေးပေါ် ဆင်းသက်ခဲ့ရသည်။

    ဆေးဘက်ဆိုင်ရာ တာဝန်ရှိသူများကမူ လေယာဉ်မှူး၏အလောင်းအား ကနဦးစစ်ဆေးချက်အရ အဆိပ်အတောက်ဖြစ်မှုကို တွေ့ရှိခဲ့ရပြီး သာမန်ရောဂါကြောင့် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။ လေယာဉ်မှူးများ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေမှာ ဖြစ်ခဲပြီး သေဆုံးမှုမှာမူ မရှိသလောက် ရှားပါးသည်။

    Ref: CNN

  • ဘာသာရေးကို အသုံးချပြီး မဲမဆွယ်ဘူးလို့ ဆိုလာတဲ့ ပန်းဘဲတန်း တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးခင်မောင်ချို

    ဘာသာရေးကို အသုံးချပြီး မဲမဆွယ်ဘူးလို့ ဆိုလာတဲ့ ပန်းဘဲတန်း တစ်သီးပုဂ္ဂလ အမတ်လောင်း ဦးခင်မောင်ချို

    အောက်တိုဘာ ၆ ၊ ၂၀၁၅
    M-Media
    မိုးစက်တွေ့ဆုံမေးမြန်းသည်။
    panflag
    2015 ရွေးကောက်ပွဲတွင် ပန်းပဲတန်းမြို့နယ်မှနေ၍ တစ်သီးပုဂ္ဂလအဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ချိုနှင့် M-Media မှတွေ့ဆုံမေးမြန်းခဲ့ပါသည်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဘာကြောင့် တစ်သီးပုဂ္ဂလ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ခဲ့တာပါသလဲ။

    ဖြေ။    ။ မြန်မာနိုင်ငံမှာ ပါတီကြီးနှစ်ခုရှိတယ်။ အဲ့ပါတီကြီးတွေကနေ ရွေးကောက်ပွဲဝင်ဖို့ ကိုယ်စားလှယ်လောင်း ရွေးချယ်တဲ့အခါမှာ အစ္စလာမ်ဘာသာဝင်တွေ မပါတာကို တွေ့ရတယ်။ သူတို့ကိုတော့ ဘာမှမပြောလိုပါဘူး။ အဲ့လိုသူတို့ဆီမှာ ဝင်လို့မရတော့ ကိုယ့်ဟာကိုပဲ လုပ်မယ်ဆိုတာရယ် နောက်တစ်ခုက ပါတီတစ်ခုဆိုရင် ပါတီအတွင်းမှာ အချင်းချင်း အတွင်းကိစ္စတွေပေါ့။ အဲဒါတွေကိုရှောင်ရှားချင်လို့ အခုလို တစ်သီးပုဂ္ဂလကို ရွေးချယ်ခဲ့တာပါ။

    M-Media။    ။ တစ်သီးပုဂ္ဂလအနေနဲ့ ရပ်တည်ရတော့ အခက်အခဲရော ရှိပါသလား။
    ဖြေ။    ။အဲ့လိုအခက်အခဲတော့ မရှိပါဘူး။ ငွေရေးကြေးရေးကအစပေါ့နော်။ အန်ကယ့်ကို အစစအရာရာ ဝိုင်းဝန်းကူညီပံ့ပိုးသူတွေ များပါတယ်။

    M-Media။    ။ အခုလိုတစ်သီးပုဂ္ဂအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ရတော့ စိန်ခေါ်မှုတွေက ဘာတွေများဖြစ်မလဲ။
    ဖြေ။    ။ဘယ်အလုပ်မဆိုတာတော့ စိန်ခေါ်မှုတွေရှိတာပေါ့နော်။ အန်ကယ်က ခွင့်ပြုချက်ရတာကိုက သူများတွေထက်နောက်ကျပါတယ်။ ပြင်ဆင်စရာတွေအတွက် ဆယ်ရက်လောက်နာသွားတာပေါ့။ အဲ့အတွက် ပိုလုပ်နေရပါတယ်။

    M-Media။    ။ ပန်းဘဲတန်းမြို့နယ်မှာလည်း အင်အားကြီးပါတီတွေရှိနေတော့ အန်ကယ်အနေနဲ့က တစ်သီးပုဂ္ဂလဆိုတော့ စိုးရိမ်စိတ်တွေများရှိပါသလား။
    ဖြေ။    ။အန်ကယ်ကတော့ ဘာလုပ်လုပ် ဥပဒေဘောင်ထဲကပဲ လုပ်ပါတယ်။ မဲဆွယ်တဲ့အခါမှာလည်း စည်းကမ်းမှုတွေကို ကိုယ့်ဘာသာချထားပါတယ်။ အန်ကယ့် မူတွေက ဘာသာရေးကိုနိုင်ငံရေးမှာ အသုံးမချဘူး၊ နောက်ရွေးကောက်ပွဲအတွက် ချမှတ်ထားတဲ့ တည်ဆဲဥပဒေတွေကို မချိုးဖောက်ဘူး၊ ဥပဒေအတိုင်းပဲ လုပ်ဆောင်မယ်၊ နောက်တစ်ခါ ဘယ်နိုင်ငံရေးပါတီကိုမှ ပုတ်ခတ်ပြောဆိုတာမျိုး မလုပ်ဘူးပေါ့နော်။ အဲဒီအန်ကယ့်မှုသုံးချက်ကို အန်ကယ့်ကို ဒီကာလမှာ လိုက်လံကူညီမဲ့သူတွေကိုလည်း မလုပ်ဖို့ပြောထားတယ်။ အဲ့ဒီ မူတွေနဲ့ပဲ လုပ်ဆောင်သွားမယ်ဆိုတော့ ဘာမှစိုးရိမ်စရာမရှိပါဘူး။

    M-Media။    ။ ပန်းဘဲတန်းမြို့နယ်မှာရော မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပြီလား။
    ဖြေ။    ။လက်ကမ်းစာစောင်လေးတွေကို အိမ်တွေလိုက်ပေး၊ သူတို့တွေနဲ့တွေ့ပြီး မိသားစုနဲ့ တစ်အိမ်ချင်းပေါ့ သူတို့အခက်အခဲတွေကိုမေးပြီး ဆွေးနွေးတာမျိုးတွေတော့ လုပ်ပါတယ်။

    M-Media။    ။ ဒီပန်းဘဲတန်းကမဲဆန္ဒရှင်တွေအတွက် ဘာတွေလုပ်ဆောင်ပေးမလဲ။
    ဖြေ။    ။သူတို့နဲ့စည်းရုံးရေးဆင်းပြီး သေချာတွေ့မယ်။ ပြီးရင် လိုအပ်ချက်တွေကို မေးမြန်းပြီး လွှတ်တော်နဲ့ သူတို့ကြားမှာ ပေါင်းကူးပေါ့နော်။ လွှတ်တော်ကို တင်ပေးသင့်တာဆိုလည်း တင်ပေးပြီး ဒေသခံအာဏာပိုင်တွေနဲ့ ပူးပေါင်းဆောင်ရွက်လို့ရတာဆိုရင်လည်း ပူးပေါင်းပြီး ဆောင်ရွက်ပေးဖို့ ရည်ရွယ်ထားပါတယ်။ နောက် ရန်ကုန်မြို့ရဲ့ မြို့လယ်ခေါင်ဖြစ်တဲ့ ဒီပန်းဘဲတန်းမြို့နယ်မှာ ယာဉ်ကြောပိတ်ဆို့မှုဟာ တော်တော် အခက်အခဲဖြစ်တဲ့ကိစ္စပါ။ ဒီတစ်မြို့ထဲလည်း ဆောင်ရွက်လို့တော့ မရပါဘူး။ ဆက်စပ်မြို့နယ်တွေနဲ့ ပူးပေါင်းပြီး ဖြေရှင်းသွားဖို့လည်း စဉ်းစားထားပါတယ်။

    panflag2
    M-Media။    ။ အန်ကယ်က ရှေ့နေတစ်ယောက်ဆိုတော့ လွှတ်တော်ထဲကို ရောက်သွားခဲ့ရင် ဘာတွေကို ဦးစားပေး ဆောင်ရွက်မလဲ။
    ဖြေ။    ။လွှတ်တော်ထဲကိုရောက်သွားခဲ့ရင်တော့ လွှတ်တော်ထဲမှာ ဘယ်အဖွဲ့ ဘယ်ပါတီက ဒီမိုကရက်တစ် ဖြစ်လည်းဆိုတာ အရင်ကြည့်ပါ့မယ်။ ရှေ့ကိုဆက်မယ့် ဒီမိုကရေစီလမ်းကြောင်းကို သွားမဲ့ပုဂ္ဂိုလ်တွေနဲ့ ပူးပေါင်းသွားမှာပါ။ နောက်တိုင်းရင်းသားတွေဟာ လူနည်းစုအခွင့်အရေးကို ကာကွယ်တဲ့ ကိစ္စတွေ၊ တန်းတူညီမျှမှု ကိစ္စတွေ၊ဖက်ဒရယ်ကိစ္စတွေ အဲ့ကိစ္စတွေကို တိုင်းရင်းသားတွေနဲ့ ပူးပေါင်းလုပ်ဆောင်ဖို့ စဉ်းစားထားပါတယ်။

    M-Media။    ။ အန်ကယ့်ရဲ့ နိုင်ငံရေးဖြတ်သန်းမှုလေးလဲ သိပါရစေ။
    ဖြေ။    ။၁၉၈၈ ကစပြီးတော့ အရေးအခင်းမှာ မြန်မာနိုင်လုံးဆိုင်ရာတိုက်ပွဲဝင် ရှေ့နေကော်မတီဝင်လုပ်ခဲ့တယ်။ ၁၉၈၉ မှာ ဝန်ကြီးချူပ်ဟောင်း ဦးနု တည်ထောင်တဲ့ ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေး အဖွဲ့ ချူပ် ပါတီ (ဒီ/ငြိမ်း) အဖွဲ့မှာဝင်ရောက်ခဲ့တယ်။ ဒီ/ငြိမ်းက ဖွဲ့စည်းထားတဲ့ (၁၉၄၇ခုနှစ် မြန်မာနိုင်ငံ ဖွဲ့စည်းပုံအခြေခံ ဥပဒေပြင်ဆင်ရေးဆွဲရေး ကော်မတီဝင်ဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ နတ်တလင်း မဲဆန္ဒနယ် အမှတ်(၂) ကနေ ဒီ/ငြိမ်း ပါတီ ကိုယ်စားပြုပြီး ယှဉ်ပြိုင်ခဲ့ပါတယ်။ ကိုအောင်ထွန်းရေးသားတဲ့ ကျောင်းသားလှုပ်ရှားမှု သမိုင်းစားအုပ်အတွက် မှတ်တမ်းများကူညီ ရှာဖွေပေးမှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ပုဒ်မ ၅(ည)ဖြင့် ထောင် ၇ နှစ်ကျခံခဲ့ရပါတယ်။

    M-Media။    ။ အန်ကယ့်အနေနဲ့ ဘာများဖြည့်စွက်ပြောကြားချင်သေးလဲ။
    ဖြေ။    ။ ခုအခြေအနေကဒီမိုကရေစီအကူးအပြောင်းအချိန်ဖြစ်နေပါတယ်။ အဲတော့ ခုလိုချိန်မျိုးမှာ ပြည်သူတွေအားလုံးပါဝင်ပေးကြဖို့လိုတယ်။ မဲစာရင်းတွေကိုလည်း သွားရောက်ကြည့်ကြပြီး ကိုယ့်မဲပေးရမဲ့ အခွင့်အရေးမဆုံးရှုံးအောင် လုပ်ကြပါ။ ခုထိ လူတော်တော်များများဟာ မဲပေးပုံပေးနည်းတွေကို သေချာ မသိသေးတဲ့ လူတွေရှိသေးတယ်။ ဒါတွေအားလုံးကို သေသေချာချာ သိထားဖို့ လုပ်ထားသင့်ပါတယ်။

  • ၂၀၁၆ တွင် Facebook က ဂြိုဟ်တုလွှတ်၍ အင်တာနက်ပေးမည်

    ၂၀၁၆ တွင် Facebook က ဂြိုဟ်တုလွှတ်၍ အင်တာနက်ပေးမည်

    အောက်တိုဘာ ၆၊ ၂၀၁၅
    M-Media

    face

    – အာဖရိကတိုက်ရှိ ဝေးလံခေါင်ဖျားသော ဒေသများတွင် အင်တာနက်အသုံးပြုနိုင်စေမည့် ဂြိုဟ်တုတစ်ခုကို လွှတ်တင်သွားမည်ဟု Facebook တည်ထောင်သူ မာ့ခ် ဇူကာဘာ့ဂ်က ပြောကြားလိုက်သည်။

    ပြင်သစ်အခြေစိုက် Eutelsat နှင့် မိတ်ဖက်အဖြစ် ပူးပေါင်းကာ ထိုအစီအစဉ်ကို ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၁၆ ခုနှစ်တွင် လွှတ်တင်သွားမည်ဟု ဆိုသည်။

    “ကမ္ဘာတစ်ခုလုံးကို ချိတ်ဆက်ဖို့ ကျွန်တော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။ ကျွန်တော်တို့ ကမ္ဘာကြီးရဲ့ အပြင်ဘက်ကို ထွက်ကြည့်တယ်လို့ အဓိပ္ပါယ်ရတာပေါ့” ဟု ဇူကာဘာ့ဂ်က ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားဖော်ပြခဲ့သည်။

    အဆိုပါ အစီအစဉ်မှာ အချို့သောနိုင်ငံများတွင် ပြင်းပြင်းထန်ထန် ဝေဖန်မှုများ ခံနေရသည့် Facebook ၏ Internet.org စီမံကိန်းမှ တစ်စိတ်တစ်ပိုင်းလည်းဖြစ်သည်။ အထူးသဖြင့် အိန္ဒိယတွင် စီးပွားရေးလုပ်ငန်းရှင်များက ထိုစီမံကိန်းကို ဒေါသတကြီး တုန့်ပြန်ကြပြီး ဖွံ့ဖြိုးလာသော အင်တာနက်ဈေးကွက်တွင် Facebook နှင့် ၎င်း၏ မိတ်ဖက်များ၏ မမျှတသော အမြတ်ထုတ်မှုဟု စောဒက
    တက်ခဲ့ကြသည်။

    Internet.org အစီအစဉ်မှာ ဝေးလံခေါင်ဖျားသော ဒေသများအား နည်းလမ်းပေါင်းစုံဖြင့် အင်တာနက်ဝန်ဆောင်မှုပေးရန် စမ်းသပ်နေသော လုပ်ငန်းလည်းဖြစ်သည်။ မကြာသေးမီကပင် Facbook က အင်တာနက်ဆက်သွယ်မှု ဖြန့်ဖြူးပေးရန် တီထွင်ဖန်တီးထားသာ ဒရုန်းလေယာဉ်များကို မည်ကဲ့သို့ အသုံးပြုမည်ဆိုသည့် အစီအစဉ်ကိုလည်း ချပြခဲ့သည်။

    Ref: BBC

  • လေပိုင်နက် ကျော်လွန်ဝင်ရောက်မှု ရုရှားကို တူရကီသတိပေး

    လေပိုင်နက် ကျော်လွန်ဝင်ရောက်မှု ရုရှားကို တူရကီသတိပေး

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    turkey

    – ဆီးရီးယားတွင် ရုရှားက လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်စဉ်အတွင်း တူရကီလေပိုင်နက်ထဲသို့ ကျော်လွန်ဝင်ရောက်လာမှုအတွက် တူရကီဝန်ကြီးချုပ် အဟ်မတ် ဒါဗူတော့ဂ်လူက သတိပေးလိုက်ပြီး မည်သည့်ဝင်ရောက်မှုမျိုးကိုမဆို ရှင်းလင်းသွားရန် စစ်တပ်အား ညွှန်ကြားထားသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှားလေယာဉ်များမှာ တူရကီလေပိုင်နက်ထဲသို့ စနေနေ့က ၀င်ရောက်လာခဲ့ခြင်းဖြစ်ပြီး တူရကီမှ F-16 တိုက်လေယာဉ် ၂ စင်းက ပျံတက်ကာ သတိပေးခဲ့ရသည်။ တူရကီဝန်ကြီးချုပ်ကမူ မိမိတို့၏ မဟာမိတ်များနှင့် ရန်သူများအနေဖြင့် လေပိုင်နက်ကို ကျူးကျော်ဝင်ရောက်ခြင်းမပြုရန် သတိပေးခဲ့သော်လည်း ဆီးရီးယားပြဿနာကြောင့် မိမိတို့နှင့် ရုရှားမှာ မည်သည့်တင်းမာမှုမှမရှိဟု ဆိုသည်။

    တူရကီမှာ နေတိုးအဖွဲ့ဝင် ၂၈ နိုင်ငံထဲတွင် ပါဝင်သောကြောင့် ယခုကိစ္စအား ဖြေရှင်းရန်အတွက် နေတိုးအဖွဲ့ စစ်ဘက်ဆိုင်ရာ သံတမန်များ ယနေ့နေ့လည်တွင် တွေ့ဆုံဆွေးနွေးရန် စီစဉ်နေသည်ဟု အဖွဲ့၏ အထွေထွေ အတွင်းရေးမှူး ဂျန့်စ် စတိုလ်တန်ဘာ့ဂ်က ပြောကြားခဲ့သည်။

    Ref: Aljazeera

  • ယခုနှစ်တွင် ဂျာမနီမှလက်ခံမည့် ဒုက္ခသည်ဦးရေ ၁.၅ သန်း ရှိမည်

    ယခုနှစ်တွင် ဂျာမနီမှလက်ခံမည့် ဒုက္ခသည်ဦးရေ ၁.၅ သန်း ရှိမည်

    အောက်တိုဘာ ၅၊ ၂၀၁၅
    M-Media

    ref

    – ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း ဒုက္ခသည် ၁.၅ သန်းခန့် လက်ခံမည့်အစီအစဉ် ရှိနေသည်ဟု ယုံကြည်ရသည့် သတင်းရင်းမြစ်ကို ကိုးကား၍ ဂျာမန်သတင်းစာ Bild က ဖော်ပြလိုက်ပြီး တရားဝင်ထုတ်ပြန်ထားသည့် အရေအတွက်ထက် ပိုမိုများပြားနေသည်။

    အာဏာပိုင်များကမူ ဥရောပ၏ စီးပွားရေးအကြီးဆုံးဖြစ်သော ဂျာမနီနိုင်ငံမှာ ယခုနှစ်အတွင်း စံချိန်တင် ပမာဏအဖြစ် ဒုက္ခသည် ၈ သိန်းမှ တစ်သန်းကြားအထိ လက်ခံမည်ဟု ခန့်မှန်းထားသည်။ သို့သော်လည်း Blid ၏ ဖော်ပြမှုတွင် လာမည့် ၃ လအတွင်း ဒုက္ခသည်အရေအတွက် ၉၂၀၀၀၀ လက်ခံရန်ရှိနေပြီး နှစ်ကုန်တွင် ၁.၅ သန်း ရောက်လာမည်ဟု တွက်ချက်ထားသည်။

    ရောက်ရှိလာသူများမှာ ဒုက္ခသည်အဖြစ် နိုင်ငံအတွင်း နေုထိုင်ခွင့်ရမည်ဖြစ်ပြီး တစ်ဦးလျှင် မိသားစုဝင် ၄ ဦးမှ ၈ ဦးအထိ ခေါ်ဆောင်ခွင့်ရှိမည်ဖြစ်သောကြောင့် ကနဦးရောက်လာသည့် ၉၂၀၀၀၀ နှင့်ဆက်စပ်၍ လူပေါင်း ၇.၃၆ သန်းခန့်မှာ ဂျာမနီသို့ ရွှေ့ပြောင်းနေထိုင်ခွင့် ရမည်ဖြစ်သည်။

    ဥရောပနိုင်ငံတစ်ချို့က ဒုက္ခသည်များအား လက်ခံရေး ငြင်းဆန်ကြသော်လည်း ဂျာမနီနိုင်ငံက အဆီးအတားမရှိ လက်ခံခဲ့သည့်အတွက် ၀န်ကြီးချုပ် အိန်ဂျလာမာကဲလ်ကို ကမ္ဘာ့ခေါင်းဆောင်များက ချီးကျူးခဲ့ကြသည်။

    Ref: Aljazeera