News @ M-Media

Blog

  • လိင်တူချစ်သူ ကက်သလစ်ဘုန်းတော်ကြီးကို ဗာတီကန် ရာထူးမှထုတ်ပယ်

    လိင်တူချစ်သူ ကက်သလစ်ဘုန်းတော်ကြီးကို ဗာတီကန် ရာထူးမှထုတ်ပယ်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    vatican

    – လူမှုရေးကိစ္စများတွင် အသင်းတော်၏ ရပ်တည်ချက်နှင့်ပတ်သက်၍ ဆွေးနွေးမှုများပြုလုပ်ရန် အဓိကအစည်းအဝေးကို မိန်းမလျာပုံစံဖြင့် တက်ရောက်လာသည့် အကြီးတန်း ကက်သလစ်ဘုန်းတော်ကြီးတစ်ဦးကို ဗာတီကန်က ထုတ်ပယ်လိုက်သည်ဟု သိရသည်။

    ပိုလန်ဘုန်းတော်ကြီး ကာရ်ဇက်စ်တော့ဖ် ခါရမ်ဆာဆိုသူဖြစ်ပြီး ဘုန်တော်ကြီးအ၀တ်အစားကိုဝတ်ကာ ၎င်း၏ စပိန်လူမျိုးချစ်သူနှင့်အတူ တက်ရောက်လာခဲ့ခြင်းဖြစ်သည်။ သတင်းစာရှင်းလင်းပွဲတွင် လိင်လူနည်းစုများအပေါ် ကက်သလစ်အသင်းတော်မှ ပြုမူနေမှုများမှာ သူတော်ကောင်းယောင်ဆောင်ကာ၊ နားထင်သွေးရောက်သည့်ပုံစံမျိုး ဖြစ်နေသည်ဟု ဝေဖန်ပြောကြားခဲ့သည်။

    ထိုကိစ္စနှင့်ပတ်သက်၍ ဗာတီကန်က ယမန်နေ့တွင် ထုတ်ပြန်သော ကြေညာချက်၌ ပုပ်ရဟန်းမင်းကြီးဖရန်စစ်၏ ပြောရေးဆိုခွင့်ရှိသူက ခါရမ်ဆာ၏ လုပ်ရပ်မှာ အလွန်ဆိုးရွားပြီး တာဝန်မဲ့သော လုပ်ရပ်ဖြစ်ကြောင်း၊ ထိုလုပ်ရပ်ကြောင့် ဗာတီကန်တွင် ဘာသာရေးပညာရှင်ဖြစ်သည့် ၎င်း၏ရာထူးမှ အလိုအလျောက် ပြုတ်သွားပြီဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

    ခါရမ်ဆာမှာ ကက်သလစ်အသင်းတော်၏ အယူဝါဒပိုင်းနှင့်ပတ်သက်သည့် ဗာတီကန် ဗျူရိုကရေစီယန္တယားမှ အလယ်အလတ်အဆင့်ရှိ တာဝန်ရှိသူတစ်ဦးလည်း ဖြစ်သည်။

    ထိုကဲ့သို့ ရာထူးမှ ထုတ်ပယ်ခြင်းခံခဲ့ရမှုအတွက် ခါရမ်ဆာက “ကျွန်တော် အိမ်သာထဲက လွတ်မြောက်ပြီပေါ့ဗျာ။ ဒီအတွက် တော်တော်ကျေနပ်ပါတယ်။ ကျွန်တော်ဟာ လိင်ပိုင်းဆိုင်ရာ လူနည်းစုတွေ အားလုံးနဲ့ ကြိတ်မှိတ်ခံစားနေရတဲ့ သူတို့ရဲ့ မိသားစုဝင်တွေအတွက် အသံထုတ်သူ ဖြစ်ချင်ပါတယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် အနာဂတ်တွင် ဆောင်ရွက်ရန် စီစဉ်ထားသည့် ကိစ္စများလည်း ရှိနေပြီး ကက်သလစ်အသင်းတော်အတွင်း စနစ်တကျဆောင်ရွက်ထားသည့် လိင်တူချစ်သူကြောက်ရောဂါကို ဆန့်ကျင်သော အချက် ၁၀ ချက်ပါ “လွတ်မြောက်ရေး ကြေညာစာတမ်း” ကိုလည်း ၎င်းက ဖော်ပြခဲ့သည်။ ဗာတီကန်ရှိ ဘုန်းတော်ကြီးအများစုမှာ မိန်းမလျာများဖြစ်သည်ဟုလည်း ၎င်းက ဆိုသည်။

    ဗာတီကန် ဗျူရိုကရက်တစ် ယန္တရားအတွင်း ၁၂ နှစ်တာ နေထိုင်ခဲ့ရချိန်တွင် တွေ့ကြုံခဲ့သည့် အကြောင်းများကို စာအုပ်ထုတ်ရန် အစီအစဉ်ရှိနေသည်ဟု ခါရမ်ဆာက ထည့်သွင်းပြောကြားခဲ့သည်။

    “ကျွန်တော်လုပ်သမျှတွေဟာ လိင်တူချစ်သူ ဘုန်းတော်ကြီးတွေ အားလုံးအတွက်ပါ။ ကျွန်တော် ဒီနေ့လုပ်သလို လုပ်ဖို့ သတ္တိမျိုး သူတို့အများစုမှာ မရှိဘူးဆိုတာ ကျွန်တော် သိပေမယ့် သူတို့ ပျော်ရွှင်ပါစေလို့ ကျွန်တော် ဆန္ဒပြုပါတယ်။ အသင်းတော်အတွက်ဆိုရင်တော့ လိင်တူချစ်သူကြောက်ရွံ့မှုကို မုန်းတီးအောင်လုပ်တဲ့ လက်ရှိပတ်ဝန်းကျင်ကို ကျွန်တော် လက်မခံဘူး၊ ရှုတ်ချတယ်လို့ ပြောချင်ပါတယ်။ ခင်ဗျားတို့ရဲ့မျက်လုံးတွေဖွင့်ပြီး လိင်တူချစ်သူတွေရဲ့ ခံစားရမှုတွေ၊ သူတို့ရဲ့ ချစ်ခြင်းမေတ္တာတွေကို ကြည့်ကြပါ”

    Ref: Aljazeera

  • ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်နိုင်ငံသားတစ်ဦး အသတ်ခံရ

    ဘင်္ဂလားဒေ့ရှ်တွင် ဂျပန်နိုင်ငံသားတစ်ဦး အသတ်ခံရ

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    bang

    – ဘင်္ဂလားဒေ့ရှ်နိုင်ငံ မြို့တော်ဒါကာမြောက်ပိုင်း ရန်ဂ်ပူးရ်ခရိုင်တွင် ယမန်နေ့က ဂျပ်နိုင်ငံသားတစ်ဦးအား မျက်နှာဖုံးစွပ်ထားသည့် လူ ၃ ဦးက သေနတ်ဖြင့် ပစ်ခတ်သတ်ဖြတ်ခဲ့ပြီး တစ်ပတ်အတွင်း အသတ်ခံရသည့် ဒုတိယမြောက် နိုင်ငံခြားသားလည်းဖြစ်သည်။

    သေဆုံးသွားသူမှာ အသက် ၆၅ နှစ်အရွယ်ရှိ ကူနီယို ဟိုရှီဆိုသူဖြစ်ပြီး လူသုံးဦးက ဆိုင်ကယ်ဖြင့်လာရောက်ကာ ပစ္စတိုဖြင့် ပစ်သတ်သွားခဲ့ခြင်းဖြစ်သည်။ ထိုကိစ္စအတွက် လူ ၄ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးထားသည်။ ပြီးခဲ့သည့် အင်္ဂါနေ့ကလည်း အီတလီနိုင်ငံသား ဆီဆာရီ တာဗဲလ်လာမှာ ဒါကာမြို့ရှိ သံတမန်ရပ်ကွက်တွင် အပြေးလေ့ကျင့်ခန်း လုပ်နေစဉ် ထိုကဲ့သို့ သေနတ်ဖြင့် ပစ်သတ်ခြင်း ခံခဲ့ရသည်။

    ယခုအဖြစ်အပျက်ကြောင့် နိုင်ငံတွင်းရှိ နိုင်ငံခြားသားလူ့အဖွဲ့အစည်းအတွင်း စိုးရိမ်မှုများမြင့်တက်လာပြီး ဘင်္ဂလားဒေ့ရှ်ရှိ နိုင်ငံခြားသံရုံးများမှာ ၎င်းတို့ နိုင်ငံသားများအတွက် ခရီးသွား သတိပေးချက်များ ထုတ်ပြန်ထားသည်။ ဘင်္ဂလားဒေ့ရှ် တာဝန်ရှိသူများကလည်း ယမန်နေ့တွင် အဆင့်မြင့်အရာရှိများ အရေးပေါ် အစည်းအဝေးတစ်ခု ကျင်းပခဲ့ပြီး နိုင်ငံခြားသံတမန်များနှင့် နိုင်ငံခြားသားများ၏ အိမ်များ အလုပ်များတွင် လုံခြုံရေး တိုးမြှင့်ပေးရန် ဆုံးဖြတ်ခဲ့ကြသည်။

    Ref: Aljazeera

  • ရခိုင် အမျိုးသားရေးပါတီ နှင့် ရခိုင်က မွတ်စလင်မ်များအတွက်  အန္တရာယ်အရိပ်အယောင်

    ရခိုင် အမျိုးသားရေးပါတီ နှင့် ရခိုင်က မွတ်စလင်မ်များအတွက် အန္တရာယ်အရိပ်အယောင်

    အောက်တိုဘာ ၄ ၊ ၂၀၁၅
    M-Media

    စစ်တွေမြို့ရှိ Arakan National Party (ANP) ရုံးချုပ်
    စစ်တွေမြို့ရှိ Arakan National Party (ANP) ရုံးချုပ် (ဓာတ်ပုံ – စိုးဇေယျာထွန်း – ရိုက်တာသတင်းဋ္ဌာန)

    တစ်လတာမျှသာ အချိန် ကျန်တော့သည့် မြန်မာ့သမိုင်းဝင်ရွေးကောက်ပွဲနှင့် အတူ ကြောက်စရာကောင်းလောက်အောင် သဘောထားတင်းမာသည့်  ဗုဒ္ဓဘာသာဝင်တို့၏ ပါတီသည် မြန်မာနိုင်ငံမှ ဖိနှိပ်ခံ ရိုဟင်ဂျာ မွတ်စ်လင်မ် လူ့အဖွဲ့အစည်း၏ အခြေအနေ အတွက် ပိုမိုဆိုးရွားလာဖွယ် ရှိနေသည်။

    မြန်မာနိုင်ငံအနောက်ဖက်စွန်း ရခိုင်ပြည်နယ်ရှိ လူမျိုးစွဲ အမျိုးသားရေးဝါဒီတို့ထံ လုပ်ပိုင်ခွင့် အာဏာ လွှဲအပ်ပေးခြင်းမှာ လက်ရှိနှစ်များအတွင်း အိမ်နီးချင်းနိုင်ငံများသို့ ထောင်ချီ၍ ထွက်ပြေးနေကြရသည့် နိုင်ငံမဲ့ ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံမှု ပိုမိုပြင်းထန်လာနိုင်၏။

    ရိုဟင်ဂျာအများစုကို အစိုးရက မဲပေးခွင့်နှင့် အမတ်လောင်းမှတ်ပုံတင်ခွင့်များမှ တားမြစ်ထားသည်။ ၎င်းအပေါ် ကုသမဂ္ဂမှ ပြတ်ပြတ်သားသား ဝေဖန်ထားသလို၊ ယင်းသို့ ပြုလုပ်လိုက်ခြင်းက နိုဝင်ဘာ ၈ ရက်ရွေးကောက်ပွဲသည် ၂၅ နှစ်အတွင်း ပထမဆုံးသော လွတ်လပ်မျှတသည့်ရွေးကောက်ပွဲအဖြစ် ဖော်ပြနိုင်ရန် ကြိုးပမ်းနေခြင်းအား အမြစ်လှန်ရာလည်း ရောက်သွားပေသည်။

    ရခိုင်ဗုဒ္ဓဘာသာဝင်များ၏ အဖွဲ့အစည်းတစ်ခုဖြစ်သော Arakan National Party (ANP) ပါတီကို ယမန်နှစ်က ဖွဲ့စည်းခဲ့သည်။ ထိုအဖွဲ့သည် ရခိုင်ပြည်နယ်အတွင်း လူမျိုးရေးခွဲခြားမှုအခြေအနေ၌ ရှင်သန်နေကြသည့် ရိုဟင်ဂျာတစ်သန်းအပါအ၀င် မြန်မာနိုင်ငံ၏ ယာယီနိုင်ငံသားဆိုင်ရာ ကိစ္စများကို အပြင်းအထန် ဝေဖန်ကန့်ကွက်ခဲ့သည်။ ၎င်းအပြင် မြောက်များစွာသော ရိုဟင်ဂျာတို့သည် မြန်မာနိုင်ငံအတွင်း ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့လင့်ကစား သူတို့မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ တရားမ၀င် ပြောင်းရွှေ့လာသူများ အဖြစ် ဆက်လက် သတ်မှတ်ကြရန် ဆွယ်တရားဟောခဲ့ကြ၏။

    ရခိုင်ပြည်နယ်မြို့တော် စစ်တွေရှိ ANP ပါတီဋ္ဌာနချုပ် သင်ပုန်းပေါ်တွင် ကိုယ်ရည်သွေး စိုးမိုးလိုသည့် စာသားများရေးသားထားပြီး၊ လက်ကမ်းစာစောင်များတွင်လည်း “မိမိလူမျိုးကို ချစ်ပါ၊ သွေးမနှောပါစေနှင့်၊ ရခိုင်ပီသပါ၊ ANP ကို မဲပေးပါ” စသဖြင့် ဖော်ပြထားသည်။

    ရခိုင်ပြည်နယ် လူဦးရေ၏ သုံးပုံတစ်ပုံခန့်သည် ရိုဟင်ဂျာများဖြစ်ကြသည်။ ၎င်းတို့အနက် လူများစွာမှာ အကျဉ်းသားဟု အမည်မတပ် ယုံတမယ် ဒုက္ခသည်စခန်းထဲ၌ လည်းကောင်း၊ သီးခြားခွဲ ကန့်ထားသည့် ရွာငယ်များ၌လည်းကောင်း နေထိုင်နေကြရသည်။ လွတ်လပ်စွာ ခရီးသွာလာခွင့် မရှိကြ၊ အချို့ဒေသများတွင် ကျန်းမာရေးစောင့်ရှောက်မှုနှင့် ပညာရေးခံစားခွင့် မရကြပေ။

    Aye Nu Sein (L), vice president of Arakan National Party (ANP), speaks during an interview with Reuters at her party's head office in Sittwe September 3, 2015. REUTERS/Soe Zeya Tun
    ၂၀၁၅ ခုနှစ် စက်တင်ဘာ ၃ ရက်က ANP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန် (၀ဲဖက်)မှ စစ်တွေမြို့ပါတီဋ္ဌာနချုပ်ရုံးခန်းတွင် ရိုက်တာနှင့် အင်တာဗျူးပြုလုပ်နေစဉ်။ REUTERS/Soe Zeya Tun

    ယခင် စစ်အစိုးရလက်ထက်က ထုတ်ပေးခဲ့သော ယာယီနိုင်ငံသားလက်မှတ်များကို အသိအမှတ် မပြုတော့ဘဲ လက်ရှိဖျက်သိမ်းမှုအပေါ် မူတည်၍  “အခုဆိုရင် ၀ှိုက်ကဒ် ကိုင်ဆောင်သူများပြားတဲ့ မဲဆန္ဒနယ်တွေမှာ ကျွန်မတို့ အနိုင်ရဖို့ ပိုပြီး အခွင့်အလမ်းသာနေပါပြီ” ဟု ANP ပါတီ ဒုဥက္ကဋ္ဌ ဒေါ်အေးနုစိန်မှ ဆိုသည်။ “နိုင်ငံတကာအသိုင်းအ၀ိုင်းက အသုံးပြုနေတဲ့ နိုင်ငံမဲ့ ဆိုတဲ့ အသုံးအနှုန်းကို ကျွန်မတို့ လက်မခံပါဘူး။ ဘင်္ဂလားဒေ့ရှ်ကနေ သူတို့ လာခဲ့ကြတာပါ။ သူတို့ရဲ့ ဘာသာ၊ မျိုးနွယ်၊ ယဉ်ကျေးမှုနဲ့ အသိအမြင်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတွေနဲ့ အတူတူပါပဲ” ဟူ၍လည်း ထပ်လောင်းပြောကြားထားသည်။ သူမ၏အဆိုအရ ANP သည် ရိုဟင်ဂျာအားလုံးကို ဒုက္ခသည်စခန်းများသို့ ပို့ရန် သို့တည်းမဟုတ် တိုင်းပြည်မှနှင်ထုတ်ရန် အလိုရှိနေကြောင်း သိရ၏။

    “ရိုဟင်ဂျာနဲ့ အခြားလူနည်းစုဝင်တွေအပေါ် ဒီလောက်အထိ ခွဲခြားချိုးနှိမ်ဆက်ဆံနေမှုအပေါ် ကျွန်တော် အလွန်စိတ်ပျက်မိပါတယ်။ အလားတူစွာဘဲ လက်ရှိရိုဟင်ဂျာပါလီမန်အမတ် ဖြစ်နေသူတွေကို  နောက်ရွေးကောက်ပွဲမ၀င်နိုင်အောင် တားမြစ်ခြင်းကလည်း အလွန်အင်မတန် အကျည်းတန်လှပါတယ်” ဟူ၍ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းမှ ပြီးခဲ့သည့်လတွင် မနှစ်မြို့စွာ ပြောကြားသည်။

    ၂၀၁၀ ခုနှစ်က ရခိုင်ပြည်နယ်၏ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ၂၉ ဦးအနက် သုံးဦးမှာ ရိုဟင်ဂျာလူမျိုးဖြစ်သည်။ ထိုနှစ်အတွင်း ရခိုင်ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်  ၃၅ ဦးအနက်၌လည်း ရိုဟင်ဂျာအမတ်နှစ်ဦး ပါဝင်ခဲ့သည်။

    သို့သော် ယခုနှစ်တွင်မူ ANP အဖို့ လူမျိုးခြားတစ်ဦးမျှ မပါဝင်အောင် ရှင်းလင်း ဖယ်ရှားတော့မည် ဖြစ်သည်။ ပါတီသည် ပြည်နယ်တွင်းသာမက ပြည်နယ်ပြင်ပရှိ အမတ်နေရာများ တွင်လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    “တကယ်လို့ ANP က မျှော်မှန်းထားသလို အပြတ်အသတ်နိုင်ခဲ့ရင် ၀န်ကြီးချုပ်နေရာ အတွက် အပြင်းအထန် တောင်းဆိုလိမ့်မယ်။ မွတ်စ်လင်မ်တွေ အပေါ် ထပ်မံ ကန့်သတ်ထိန်းချုပ်နိုင်ချေရှိမှု အပါအ၀င် သူတို့ရဲ့နိုင်ငံရေး အစီအမံကို ပုံဖော်ကြလိမ့်မယ်။ အမျိုးသားနိုင်ငံရေးထဲ လက်ရှိ လုပ်ဆောင်နေတာထက် ပိုမိုကျယ်လောင်မယ့် အသံတစ်ရပ်ရပ် ထုတ်ဖော်ဖို့လည်း ရှိနေနိုင်ပါတယ်။ ပြီးတော့ ပါလီမန်သစ်ထဲမှာ ရှေးရိုးစွဲ ဗုဒ္ဓ၀ါဒီ အစုအဖွဲ့ တစ်ခုကို ပုံဖော်လာနိုင်ပါတယ်” ဟု ရန်ကုန် အခြေစိုက် အလွတ်တန်းနိုင်ငံရေး သုတေသီ ရစ်ချဒ် ဟော်စီ Richard Horsey က ပြောကြားသည်။

    မြန်မာနိုင်ငံမှ လူများစု ဗမာလူမျိုးတို့နှင့် ရခိုင်တို့သည် ဗျူဟာဆန်သော ဆက်ဆံရေး ရှိနေကြသည်။ ဗမာလူမျိုးအများစုမှာ ဗုဒ္ဓဘာသာဝင်များ ဖြစ်နေကြသော်လည်း ၎င်းတို့သည် မိမိတို့ဘာသာတရားကို ဆယ်စုနှစ်ပေါင်းများစွာ လျစ်လျူရှုထားကြသည်ဟု ရခိုင်များက ဆိုသည်။

    လက်ရှိအာဏာရ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP နှင့် အတိုက်အခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD – ပါတီနှစ်ခုစလုံး၌ အဓိကအားဖြင့် ဗမာလူမျိုးများ ပါဝင်နေကြ၏။

    NLD ခေါင်းဆောင် နိုဗယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် အောက်တိုဘာ လလယ်ပိုင်းတွင် ရခိုင်ပြည်နယ်သို့ သွားရောက်ရန် စီစဉ်ထားသည်။ သို့သော် သူမသည် ရိုဟင်ဂျာ သို့မဟုတ် နိုင်ငံသားရေးရာတို့ကို ပြောဆိုဆွေးနွေးမည် မဟုတ်ကြောင်း၊ “ကျွန်တော်တို့ အဲ့ဒါတွေကို လုပ်ဆောင်ရင် သူတို့က ကျွန်တော်တို့ကို တိုက်ခိုက်လာနိုင်တယ်။ NLD ကို မဲပေးဖို့လောက်ပဲ ကျွန်တော်တို့ ပြောဆိုသွားမှာ ဖြစ်ပါတယ်” ဟု NLD ထိပ်တန်းခေါင်းဆောင် ဦးဝင်းထိန်မှ ရိုက်တာသို့ ပြောကြားသည်။ ရခိုင်လူထုသည် လွန်ကဲသောမျိုးချစ်များ ဖြစ်နေကြကြောင်း၊ NLD အား မွတ်စ်လင်မ်ထောက်ခံသူ – ရိုဟင်ဂျာတို့ကိုစာနာသူအဖြစ် ရှုမြင်ထားကြသည့်အတွက် NLD အဖို့ တောင်ကုန်းတိုက်ပွဲသဖွယ် ရခိုင်ပြည်မဲဆန္ဒနယ်များတွင် ANP နှင့်အပြိုင် ရင်ဆိုင်ရဖွယ်ရှိရာ အခြေမလှနိုင်ကြောင်းကိုလည်း ထည့်သွင်းပြောကြားသွားသည်။

    နိုင်ငံ့အဆင်းရဲဆုံးပြည်နယ်တစ်ခု၏ ဖွံ့ဖြိုးတိုးတက်ရေးကို အလျဉ်းအလေးမထားဟု အာဏာရ USDP အပေါ် ရခိုင်ပြည်နယ်၌ အမြင်ထားရှိကြသည်။ USDP သည်လည်း စစ်တပ်ကြီးစိုးသော ဒေသများမှအပ ကာလရှည်ပဋိပက္ခများ ကြုံဆုံနိုင်ကြောင်း ကျွမ်းကျင်သူများက သုံးသပ်ကြသည်။

    ၂၀၁၁ ခုနှစ်ကစတင်လာခဲ့သော မွတ်စ်လင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုလှိုင်းလုံးက ANP ကို ပို၍ ရေပန်းစားအောင် လုပ်ပေးထားသည်။ ၂၀၁၂ ခုနှစ် လူမျိုးရေးအကြမ်းဖက်မှုဖြစ်ပွားလာရာ အနည်းဆုံး လူ ၂၀၀ အသက်ဆုံးရှုံးပြီး ရိုဟင်ဂျာအများစုပါဝင်သော လူပေါင်း တစ်သိန်းလေးသောင်းကျော် အိုးမဲ့ အိမ်မဲ့ ဖြစ်သွားခဲ့ရသည်။

    ရခိုင်ဗုဒ္ဓဘာသာဝင်များ၏အဆိုအရ သူတို့သည် နောက်တက်လာမည့် အစိုးရအပေါ်၌လည်း သံသယရှိသင့်သလောက်ရှိနေကြကြောင်း သိရသည်။

    စစ်တွေမြို့ရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုကျော်လွင်က ဤသို့ဆိုပါသည်။

    “ရခိုင်ပြည်နယ်မှာ ANP ပါတီက အင်အားအကောင်းဆုံးပဲ။ သူတို့(တခြားပါတီ)တွေ ဘယ်လို ကြိုးစားကြပါစေ၊ ကျွန်တော်တို့ရခိုင်ပြည်သူတွေကတော့ ရခိုင်ပါတီကိုသာ မဲပေးမှာဖြစ်ပါတယ်”။

    Xxxxxxxxxxxxxxxxxx

    Timothy Mclaughlin ၏ Rising Rakhine Party looming threat to Myanmar Muslim minority ရိုက်တာဆောင်းပါးကို မြင့်မိုရ်မောင်မောင်မှ ဆီလျော်အောင်ပြန်ဆိုသည်။

  • အာဖဂန်ဆေးရုံအား အမေရိကန်ဗုံးကြဲမှု ကုလက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်မည်

    အာဖဂန်ဆေးရုံအား အမေရိကန်ဗုံးကြဲမှု ကုလက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်မည်

    အောက်တိုဘာ ၄၊ ၂၀၁၅
    M-Media

    afg

    – အာဖဂန်မြောက်ပိုင်း ကန်ဒက်ဇ်မြို့ရှိ ဆေးရုံတစ်ရုံကို အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့က လေကြောင်းမှ တိုက်ခိုက်မှုမှာ ဆင်ခြေပေး၍မရဘဲ၊ ရဇာဝတ်မှုမြောက်သည်ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးအကြီးအကဲ ဇီအစ်ဒ် ရာအက်ဒ် အလ်ဟူစိန်က ပြောကြားလိုက်သည်။

    တာလီဘန်များကို တိုက်ထုတ်စဉ် ယမန်နေ့မနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF မှ အဖွဲ့ဝင် ၁၂ ဦးအပါအ၀င် လူ၁၉ ဦးသေဆုံးခဲ့ကာ ဒဏ်ရာရရှိသူမှာ ၃၇ ဦး ရှိခဲ့သည်။ ဒဏ်ရာရသူများတွင် MSF မှ ၁၉ ဦး၊ လူနာ ၁၈ ဦးတို့ ပါဝင်သည်ဟု အဖွဲ့က ပြောကြားခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် မိမိတို့မှာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ရန် အမိန့်ပေးထားသည်ဟု ပင်တဂွန်စစ်ဌာနချုပ်က သတင်းထုတ်ပြန်ခဲ့ပြီး အလ်-ဟူစိန်ကမူ ပြည့်ဝပြီး ပွင့်လင်းမြင်သာမှုရှိသည့် စစ်ဆေးမှုဖြစ်ရန် တောင်းဆိုခဲ့သည်။ ထို့ပြင် ဆေးရုံအား တိုခိုက်မှုမှာ တမင်သက်သက် ရည်ရွယ်၍ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု တရားရုံး၌ စစ်ဆေးတွေ့ရှိပါက စစ်ရာဇ၀တ်မှုအဖြစ် သတ်မှတ်သွားမည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    သေဆုံးသူများထဲတွင် ကလေးငယ် ၃ ဦး ပါဝင်ခဲ့ပြီး MSF ဥက္ကဌ မီနီ နီကိုလိုင်က ထိုတိုက်ခိုက်မှုအား ရှုတ်ချခဲ့ကာ စက်ဆုပ်ဖွယ်ရာကောင်းပြီး နိုင်ငံတကာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ဆိုးဆိုးရွားရွား ချိုးဖောက်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “မဟာမိတ်တပ်ဖွဲ့တွေဆီက လုံးဝ ပွင့်လင်းမြင်သာမှုကို ကျွန်တော်တို့ တောင်းဆိုပါတယ်။ အသက်တွေ ဒီလို ဆိုးဆိုးဝါးဝါး ဆုံးရှုံးရတာကို သာမန်ပျက်ဆီးမှုမျိုးအဖြစ် သတ်မှတ်လိုက်တာမျိုးကို ကျွန်တော်တို့ လက်ခံမှာ မဟုတ်ပါဘူး”

    အမေရိကန်သမ္မတ အိုဘားမားကလည်း ထိုတိုက်ခိုက်မှုအတွင်း သေဆုံးသွားသူ ကျန်းမာရေးဝန်ထမ်းများ၊ အရပ်သားများအတွက် အမေရိကန်ပြည်သူများကိုယ်စား ကြေကွဲဝမ်းနည်းမိသည်ဟု ပြောကြားခဲ့သည်။

    အမေရိကန်ကာကွယ်ရေးအကြီးအကဲ အက်ရှ်ကာတာရ်က ထိုအဖြစ်အပျက်မှာ ဆိုးရွားသည့်အဖြစ်အပျက်ဖြစ်ပြီး ဗုံးကြဲခံရသည့် ဆေးရုံအနီးတစ်ဝိုက်တွင် အာဖဂန်စစ်တပ်အတွက် အမေရိကန်စစ်သားများက စစ်ဆင်ရေးများ ပြုလုပ်ခဲ့သည်ဟု ၀န်ခံခဲ့သည်။

    အာဖဂန်သမ္မတရုံးမှ ထုတ်ပြန်မှုတွင် အာဖဂန်ရှိ အမေရိကန်ဦးဆောင်သည့် တပ်ဖွဲ့အကြီးအကဲ ကြည်းတပ်ဗိုလ်ချုပ် ဂျွန်ကမ်းဘဲလ်က ထိုအဖြစ်အပျက်အတွက် တောင်းပန်ခဲ့သည်ဟု ဖော်ပြထားသည်။

    Ref: Aljazeera

  • အိန္ဒိယတွင် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအား ပြန်ပေးဆွဲ သတ်ဖြတ်၍ နတ်ဘုရားမအား ပူဇော်မှု ဖြစ်ပွား

    အိန္ဒိယတွင် အသက် ၄ နှစ်အရွယ် ကလေးတစ်ဦးအား ပြန်ပေးဆွဲ သတ်ဖြတ်၍ နတ်ဘုရားမအား ပူဇော်မှု ဖြစ်ပွား

    အောက်တိုဘာ ၃၊ ၂၀၁၅
    M-Media

    india 3
    ဟိန္ဒူနတ်ဘုရားမ ကာလီ၏ ပန်းချီ

    – ဒေသတွင်း ဓလေ့ထုံးတမ်းအဖြစ် အိန္ဒိယနိုင်ငံတောင်ပိုင်းရှိ ကျေးရွာတစ်ခုတွင် အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ခေါင်းဖြတ်၍ နတ်ဘုရားအား ပူဇော်ခဲ့သည်ဟု သိရသည်။

    အန်ဒရာပရာဒက်ရှ်ပြည်နယ်မှ ဝေးလံခေါင်ဖျားသည့် ပရာကာဆမ်ခရိုင်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး မနူဆာဂါဆိုသည့် အဆိုပါသားငယ်လေးမှာ နေ့ကလေးထိန်းကျောင်းမှ အိမ်သို့ပြန်အလာအတွင် အသက် ၃၅ နှစ်အရွယ် အမျိုးသားတစ်ဦးက ပြန်ပေးဆွဲခဲ့သည်ဟု အိန္ဒိယမီဒီယာများက ဖော်ပြခဲ့သည်။

    Times of India တွင် ဖော်ပြထားမှုအရ ထိုအမျိုးသား၏ အမည်မှာ တီရူမာလာ ရာအိုဆိုသူဖြစ်ပြီး ဘုရားကဲ့သို့ စွမ်းအားများရရန် ဟိန္ဒူဘုရားမ ကာလီအား ရိုးရာပူဇော်ပသမှုအဖြစ် ကလေးငယ်ကို ခေါင်းဖြတ်သတ်ဖြတ်ခဲ့ခြင်းဟု သိရသည်။

    ရာအိုကို ကလေးငယ်၏ အလောင်းနှင့်အတူ ဖမ်းမိခဲ့ပြီး ရဲတပ်ဖွဲ့က ရာအိုမှာ ကလေးငယ်ကို လည်ပင်းညှစ်ခဲ့ပြီးနောက် ခေါင်းဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ယုံကြည်ရပြီး အခင်းဖြစ်ပွားရာနေရာတွင်လည်း ကြိုးတစ်ချောင်းကို တွေ့ရှိခဲ့ရသည်ဟု ဆိုသည်။

    ရွာသားများမှာ ရာအိုအား ၎င်းတို့ကိုယ်တိုင် စီရင်ရန် ကြိုးစားခဲ့ပြီး တိုင်တစ်ခု၌ချီကာ ရေနံဆီလောင်း၍ မီးရှို့ခဲ့ကြသည်။ သို့သော်လည်း ရွာမှ အကြီးအကဲများက လူအုပ်ကြီးလက်မှ ကယ်ထုတ်ကာ ရဲတပ်ဖွဲ့လက်သို့ အပ်ခဲ့သည်။ ရာအိုမှာ မီးလောင်ဒဏ်ရ ၄၀ ရာခိုင်နှုန်းဖြင့် ဆေးရုံ၌ ဆေးကုသမှု ခံယူနေရသည်။

    ဒေသခံရဲတပ်ဖွဲကအကြီးအကဲ ဆရီကန့်သ်က “ပရာကာဆမ် ခရိုက်မှာ ဒါမျိုးဖြစ်တာ ပထမဆုံးပါပဲ။ သူ နေပြန်ကောင်းလာရင် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာအခြေအနေကို ဆန်းစစ်ပြီး စစ်ကြောမေးမြန်းမှုကို ခံရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    ထို့ပြင် ရာအိုမှာ ထိုကဲ့သို့ ရိုးရာပူဇော်မှုများကို ဆောင်ရွက်သည့် လူများနှင့် အဆက်အသွယ်ရှိသည့် သမိုင်းကြောင်းလည်း ရှိပြီး ယခင်ကလည်း မိန်းကလေးငယ်တစ်ဦးအား မအောင်မြင်သော ပြန်ပေးဆွဲမှုတစ်ခု ပြုလုပ်ခဲ့သည်ဟု ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Independent