News @ M-Media

Blog

  • နိုက်ဂျီးယား နိုင်ငံသားတစ်ဦး ဟဂ်ျပြုရင်း နိုင်ငံ့ဂုဏ် တက်စေခဲ့

    နိုက်ဂျီးယား နိုင်ငံသားတစ်ဦး ဟဂ်ျပြုရင်း နိုင်ငံ့ဂုဏ် တက်စေခဲ့

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    hajj

    – နိုက်ဂျီးရီးယားမှ ဟဂ်ျဘုရားဖူးခရီးသည်တစ်ဦးမှာ ကအ်ဘာကျောင်းတော်တည်ရှိရာ မတ်စ်ဂျစ်ဒ် ဟရမ် ဗလီဝတ်ကျောင်းတော်အတွင်းမှ ငွေထုပ်တစ်ထုပ်ကို ပိုင်ရှင်လက်သို့ ပြန်လည်အပ်နှံကာ နိုင်ငံဂုဏ်သိက္ခာကို မြှင့်တင်ပေးနိုင်ခဲ့သည်။

    “သူ (ဆူလေမန် ဘဲလ်လို) က ကေယာမတ် ကမ္ဘာ့တရားစီရင်မယ့်နေ့မှာ အလ္လာဟ်အရှင်မြတ်ရှေ့တော်မှောက် စစ်ကြောမေးမြန်းခြင်း ခံရမယ်ဆိုတာကိုသိပြီး၊ အလ္လာဟ်အရှင်မြတ်ကို ကြောက်ရွံ့ခဲ့တာပါ။ သူဟာ နိုက်ဂျီးရီးယားကို ကောင်းမွန်တဲ့ ကိုယ်စားပြုသူတစ်ယောက် ဖြစ်ခဲ့ပါတယ်။ ဒီငွေထုပ်ကို နိုက်ဂျီးရီးယားဟဂ်ျအဖွဲ့က တာဝန်ရှိသူတွေဆီ ယူသွားခဲ့ပြီး သူတို့က ကျွန်တော်တို့ဆီ ယူလာခဲ့ပါတယ်။ ကျွန်တော်တို့ ပိုင်ရှင်ကို ပြန်အပ်နိုင်ခဲ့ပါတယ်။ ဒါက နိုက်ဂျီးရီးယားပြည်သူတွေဟာ ရိုးသားပြီး ဘုရားသခင်ကို ကြောက်ရွံ့ကြတယ်ဆိုတာကို ပြသလိုက်တာပါပဲ” ဟု နိုက်ဂျီးရီးယား အမျိုးသားဟဂ်ျကော်မရှင်၏ ဆော်ဒီအာရေဗျရုံးခန်းမှ ဥက္ကဌဖြစ်သူ အဘ်ဒူလာဟီ မိုဟာမက်က ပြောကြားခဲ့သည်။

    ဆူလေမန်ဘဲလ်လိုမှာ နိုက်ဂျီးရီးယားအလယ်ပိုင်း နာဆာရာဝါပြည်နယ်မှ ဟဂ်ျဘုရားဖူးခရီးကို လာရောက်ခြင်းဖြစ်ပြီး ကအ်ဘာကျောင်းတော်ပရ၀ုဏ်အတွင်း ခါးပတ်အိတ်တစ်လုံးကို တွေ့ရှိခဲ့ခြင်းဖြစ်သည်။ အဆိုပါအိတ်ထဲတွင် ကန်ဒေါ်လာ ၂၃၄၅ ဒေါ်လာ၊ ဆော်ဒီ ၃၀၃ ရီယဲလ်နှင့် အာဖဂန်ငွေ ၃၀၂၀ တို့ပါဝင်သည်။

    ဘဲလ်လိုကမူ မိမိမှာ ထိုအိတ်ကို အဖွဲ့ခေါင်းဆောင် ဟမ်ဇာ နိုင်ဘီကို လွှဲပြောင်းပေးအပ်ခဲ့ပြီး ၎င်းက အိတ်ထဲတွင်တွေ့ရသည့်ကဒ်မှ အမည်ကိုကြည့်ကာ ပိုင်ရှင်အား အလွယ်တကူပင် ရှာနိုင်ခဲ့သည်။

    ပိုင်ရှင်မှာ အာဖဂန်နိုင်ငံသား မူဆာ ဂေါ့စ်ဒင်ဆိုသူဖြစ်ပြီး ၎င်းကလည်း ဘဲလ်လို၏ ရိုသားမှုအတွက် ကျေးဇူးတင်ခဲ့သည်။ အာဖဂန်အဖွဲ့ကိုယ်စား နိုင်ငံ၏ ဟဂ်ျအဖွဲ့ခေါင်းဆောင် ဆယဒ် တာဟီရ် ဟာရှီမီက ဘဲလ်လိုအား လေးစားကျေးဇူးတင်ကြောင်း ပြောစရာစကားပင်မရှိဟု ဆိုသည်။

    နိုက်ဂျီးရီးယားဟဂ်ျစေလွှတ်ရေးအဖွဲ့ကလည်း ဘဲလ်လို၏ ရိုးသားမှုကို ဂုဏ်ပြုသည့်အနေဖြင့် လာမည့်နှစ်တွင် အခမဲ့ ဟဂ်ျပြုခွင့် ပေးခဲ့သည်။

    Ref: Onislam

  • ယူကရိန်းတွင် ရုရှား၏ ဒုံးကျည်စနစ် တွေ့ရှိ

    ယူကရိန်းတွင် ရုရှား၏ ဒုံးကျည်စနစ် တွေ့ရှိ

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    ရုရှား၏ ဒုံးကျည်စနစ်တစ်ခု

    – ယူကရိန်းအရှေ့ပိုင်း သူပုန်များထိန်းချုပ်ထားရာ ဒေသတွင် ရုရှား၏ ကြောက်စရာကောင်းသော ရွေ့လျား ဒုံးကျည်စနစ် TOS-1 ‘Buratino’ ကို ယခုတစ်ပတ်၌ တွေ့ရှိခဲ့ရသည်ဟု ဥရောပ လုံခြုံရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE က ပြောကြားလိုက်ပြီး ယူကရိန်းအရေးတွင် ရုရှား၏ ပါဝင်မှုကို သေချာစေခြင်းလည်း ဖြစ်သည်။

    အဆိုပါ ဒုံးကျည်စနစ်မှာ သာမိုဘဲရစ် ထိပ်ဖူးတပ် ဒုံးကျည်များ တပ်ဆင်ပစ်ခတ်ရပြီး ပစ်မှတ်ဝန်းကျင်တွင် မီးတောက်နိုင်သည့် အရည်များ ပြန့်နှံ့သွားကာ ချက်ခြင်းမီးလောင်နိုင်သည်။ ထိုဒုံးကျည်စနစ်မှာ တစ်ချက်တည်းဖြင့် ထုထည်ကြီးမားသည့် နံရံမျာကို ဖျက်ဆီးပစ်နိုင်ပြီး ဆိုးရွားသည့် အပျက်အဆီးမျာကိုလည်း ကြုံတွေ့နိုင်သည်။

    OSCE ၏ ယခုတွေ့ရှိချက်မှာ ယူကရိန်းအရှေ့ပိုင်းကိစ္စတွင် ပါဝင်ခြင်းမရှိဟု အကြိမ်ကြိမ်ငြင်းဆိုထားသည့် ရုရှားအတွက် အရှက်ရစရာဖြစ်ခဲ့သည်။ ရုရှားမှာ လက်ရှိတွင် ဆီးရီယားပြည်တွင်းစစ်၌လည်း ပါဝင်နေသည်။

    Ref: Reuters

  • မော်ရင်ဟိုနှင့် ချယ်ဆီးတွင် ပြန်လည် လက်တွဲချင်သည်ဟု လူကာကူပြော

    မော်ရင်ဟိုနှင့် ချယ်ဆီးတွင် ပြန်လည် လက်တွဲချင်သည်ဟု လူကာကူပြော

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    luka

    – အနာဂတ်တွင် မော်ရင်ဟိုနှင့် ပြန်လက်တွဲကာ ချယ်ဆီးအသင်းအတွက် ကစားချင်သည်ဟု အဲဗာတန် တိုက်စစ်မှူး ရိုမဲလူ လူကာကူက ပြောကြားလိုက်သည်။

    အသက် ၂၂ နှစ်အရွယ်ရှိ ဘယ်လ်ဂျီယံတိုက်စစ်မှူး လူကာကူမှာ မော်ရင်ဟို ချယ်ဆီးသို့ပြန်ရောက်သည့် ၂၀၁၃ ခုနှစ်တွင် ချယ်ဆီးကစားသမား ဖြစ်သော်လည်း မော်ရင်ဟိုက ၎င်းအား အဲဗာတန်အသင်းသို့ ၁၂ လတာ အငှားချကာ နောက်ပိုင်းတွင် အပြတ်ရောင်းချခဲ့သည်။

    “မော်ရင်ဟိုဟာ ကျွန်တော်အလုပ်လုပ်ချင်တဲ့ နည်းပြတစ်ယောက်ပါ။ သူပြီးရင်တော့ ပက်ဂွာဒီယိုလာနဲ့ အာဆင်ဝင်းဂါးတို့ပေါ့” ဟု လူကာကူက ပြောကြားခဲ့ပြီး ရူနီကိုလည်း လေးစားအားကျကာ ၎င်းနှင့်လည်း တွဲကစားချင်သည်ဟု ဆိုသည်။

    “၀ိန်းရူနီနဲ့ ကျွန်တော် တွဲကစားချင်ပါတယ်။ သူက တော်တော်လေးကြီးကျယ်တဲ့ ကစားသမားတစ်ဦးပါ။ ခေါင်းတိုက်ကောင်းတယ်။ ပြီးတော့ ဂိုး Luck လည်းရှိပါတယ်။ ကျွန်တော်တို့ မကြာခဏ ရင်ဆိုင်ဖူးပါတယ်။ ဖာဂူဆန်ကို ဂုဏ်ပြုပွဲမှာ သူနဲ့တွဲကစားဖို့ အခွင့်အရေးရခဲ့ပေမယ့် ဒဏ်ရာကြောင့် လွဲချော်ခဲ့ရပါတယ်။ အဲဒီအတွက် ကျွန်တော် နောင်တရနေတုန်းပါပဲ”

    Ref: Goal

  • မန်ယူဂန္တ၀င်နှစ်ဦး လာမည့်လတွင် ပြန်လက်တွဲမည်

    မန်ယူဂန္တ၀င်နှစ်ဦး လာမည့်လတွင် ပြန်လက်တွဲမည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    fgs

    – နိုင်ဝင်ဘာ ၁၄ က်နေ့တွင် အိုးထရက်ဖို့ဒ်၌ ကစားမည့် ယူနီဆက်ဖ်၏ ရန်ပုံငွေဘောလုံးပွဲတွင် မန်ယူ ဆရာတပည့်နှစ်ဦးဖြစ်သော ဖာဂူဆန်နှင့် ဒေးဗစ်ဘက်ခမ်းတို့မှာ ပြန်လည်လက်တွဲရဖွယ် ရှိနေသည်။

    ဖာဂူဆန်မှာ ဂရိဗြိတိန်နှင့် အိုင်ယာလန်မှ ကစားသမားများပါဝင်သော အသင်းကို ကိုင်တွယ်ရမည်ဖြစ်ပြီး ထိုအသင်းတွက် ဘက်ခမ်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည်ဖြစ်သည်။ ၎င်းတို့နှင့် ယှဉ်ပြိုင်မည့်အသင်းမှာ အန်ဆယ်လော့တီကိုင်တွယ်ပြီး ဇီဒိန်းက အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူမည့် ကမ္ဘာ့အကောင်းဆုံး ၁၁ ယောက်အသင်း ဖြစ်သည်။

    အဆိုပါပွဲအတွက် လက်မှတ်ရောင်းချမှုမှ ရရှိသည့် ငွေများနှင့် အလှူငွေများကို ကမ္ဘာ့အချို့တဲ့ဆုံး ကလေးငယ်များအား ကူညီရန်အတွက် ယူနီဆက်ဖ်သို့ ပေးအပ်လှူဒါန်းသွားမည်ဖြစ်သည်။

    “ကလေးတွေဟာ အကြမ်းဖက်မှု၊ ဆင်းရဲမွဲတွေမှုနဲ့ တားဆီးလို့ရတဲ့ ရောဂါတွေကနေ ကာကွယ်ပေးထားပြီး ကြီးပြင်းနိုင်တဲ့ ၀န်းကျင်တစ်ခုကို ကျွန်တော် လိုချင်ပါတယ်။ ဒီပွဲက အသိပညာပေးဖို့နဲ့ အလိုအပ်ဆုံးဖြစ်နေတဲ့ ကလေးတွေကို ကူညီရေး ရန်ပုံငွေရဖို့အတွက် ကျွန်တော့်အတွက် အပြည့်စုံဆုံး အခွင့်အလမ်းပါပဲ” ဟု ဘက်ခမ်းက ထိုပွဲအတွက် ပြောကြားခဲ့သည်။

    Ref: Goal

  • မာစီဒီးစ်အသင်း ဖော်မြူလာဝမ်းပြိုင်ဘက် Manor Marussia အသင်းကို အင်ဂျင်ထောက်ပံ့မည်

    မာစီဒီးစ်အသင်း ဖော်မြူလာဝမ်းပြိုင်ဘက် Manor Marussia အသင်းကို အင်ဂျင်ထောက်ပံ့မည်

    အောက်တိုဘာ ၂၊ ၂၀၁၅
    M-Media

    f1

    – ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲတွင် အားအနည်းဆုံးဖြစ်ပြီး အမှတ်ပေးဇယားတွင် အောက်ဆုံးရောက်နေသည့် Manor Marussia အသင်းအား ချန်ပီယံအသင်းဖြစ်သော မာစီဒီးစ်က လာမည့်နှစ်တွင် အင်ဂျင်များ ထောက်ပံ့ပေးသွားမည်ဖြစ်သည်။

    ၎င်းတို့ ပြိုင်ကားအသင်းနှစ်ခုမှာ ယမန်နေ့က သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး ထိုကဲ့သို့ အင်ဂျင်ထောက်ပံ့ပေးမှုမှာ တစ်နှစ်သက်တမ်းသာ ရှိမည်ဖြစ်သည်။ မာစီဒီးစ်၏အင်ဂျင်များမှာ အလွန်ယှဉ်ပြိုင်နိုင်စွမ်းရှိသည့် အင်ဂျင်များဖြစ်ပြီး Force India နှင့် ချန်ပီယံဟောင်း ၀ီလီယံအသင်းတို့ကလည်း ထိုအင်ဂျင်များကို အသုံးပြုနေသည်။ သို့သော်လည်း ပြိုင်ဘက် Red Bull
    အသင်းက တောင်းဆိုမှုကိုမူ မာစီဒီးစ်က လက်ခံခြင်း မရှိသေးပေ။

    Manor Marussia မှာ ပြီးခဲ့သည့် ရာသီအဆုံးပိုင်းက အုပ်ချုပ်ရေးပိုင်း ပြဿနာများနှင့် ရင်ဆိုင်ခဲ့ရပြီး နောက်ဆုံးအချိန်မှ အဆင်ပြေခဲ့ခြင်းဖြစ်သည်။ ထိုအသင်းမှာ ပြီးခဲ့သည့် ၂ နှစ်အတွင်း ဖာရာရီအင်ဂျင်များကို အသုံးပြုခဲ့သည်။

    Ref: Dailymail