News @ M-Media

Blog

  • အိန္ဒိယထုတ် စစ်သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ဖိလစ်ပိုင် ဝယ်ယူမည်

    အိန္ဒိယထုတ် စစ်သင်္ဘောဖျက်ဒုံးကျည်စနစ်ကို ဖိလစ်ပိုင် ဝယ်ယူမည်

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -ရေတပ်အင်အား ​ပိုမိုကောင်းမွန်အောင် ကြိုးပမ်းမှုအဖြစ် အိန္ဒိယနိုင်ငံက ထုတ်လုပ်တဲ့ သင်္ဘောဖျက် ဒုံးကျည်စနစ်ကို ဝယ်ယူဖို့ လက်မှတ်ရေးထိုးလိုက်ပြီလို့ ဖိလစ်ပိုင် ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

    ဖိလစ်ပိုင်ဟာ တောင်တရုတ်ပင်လယ်က ရေပိုင်နက်အတွက် တရုတ်နဲ့ တင်းမာမှုတွေရှိနေတာပါ။ တရုတ်စစ်တပ်က လေ့ကျင့်ပေးပြီး လက်နက်တပ်ဆင်ပေးထားတဲ့ ပြည်သူ့စစ် ငါးဖမ်းသင်္ဘောတွေဟာ ဖိလစ်ပိုင်ရဲ့ ရေပိုင်နက်ထဲကို မကြာခဏ ကျူးကျော်ဝင်ရောက်မှုတွေလည်း ရှိနေပါတယ်။

    ဖိလစ်ပိုင်ဟာ နိုင်ငံစစ်တပ်ကို အဆင့်မြှင့်တင်နိုင်ရေး ၅ နှစ်စီမံကိန်းနဲ့ ဆောင်ရွက်နေတာဖြစ်ပြီး ၂၀၂၂ ခုနှစ်ဟာ စီမံကိန်းနောက်ဆုံးနှစ် ဖြစ်ပါတယ်။ စီမံကိန်းအတွက် ပီဆို ဘီလီယံ ၃၀၀ (ဒေါ်လာ ၅.၈၅ ဘီလီယံ) သုံးစွဲခဲ့ပြီး ဒုတိယကမ္ဘာစစ်အတွင်း အသုံးပြုခဲ့တဲ့ တိုက်သင်္ဘောတွေ၊ ဗီယက်နမ်စစ်ပွဲမှာ အမေရိကန်က အသုံးပြုခဲ့တဲ့ ရဟတ်ယာဉ်တွေ ဝယ်ယူမှုလည်း ပါဝင်ပါတယ်။

    အခု ဝယ်ယူမယ့် BrahMos ဒုံးကျည်စနစ်ကို အိန္ဒိယနဲ့ ရုရှားတို့ ပူးပေါင်း ထုတ်လုပ်တာဖြစ်ပြီး ဒုံးကျည်ဟာ ကမ္ဘာ့အမြန်ဆုံးဖြစ်တယ်လို့ အိန္ဒိယက ပြောကြားထားပါတယ်။ ဖိလစ်ပိုင်က ဒီစနစ်ကို ပထမဆုံးဝယ်ယူတဲ့ နိုင်ငံခြားတိုင်းပြည် ဖြစ်လာမှာပါ။

    ဖိလစ်ပိုင်နဲ့ သဘောတူညီချက်အရ အိန္ဒိယဟာ ဒုံးကျည်လောင်ချာ ၃ စုံ၊ ပစ်ခတ်မှုနဲ့ ထိန်းသိမ်းမှုအတွက် လေ့ကျင့်ပေးထားသူတွေ စေလွှတ်ပေးမှာဖြစ်တယ်လို့ ဖိလစ်ပိုင် နိုင်ငံခြားရေးဝန်ကြီး ဒဲလ်ဖင် လော်ရန်ဇာနာက ပြောပါတယ်။

    အခုဝယ်ယူမှုဟာ မိမိတို့ရဲ့ ရေပိုင်နက် ကာကွယ်ရေးစီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်လို့ လော်ရန်ဇာနာက ဆိုပါတယ်။ ဖိလစ်ပိုင်ဟာ အစ္စရေးထုတ် စစ်သင်္ဘောခွင်းဒုံးကျည်စစ်နစ် Spike ER ကို ၂၀၁၈ ခုနှစ်မှာ ဝယ်ယူခဲ့ပါတယ်။

    Ref: Reuters

  • သေပြီဟုသတင်းလွှင့်၍ မုဒိမ်းမှုကိုရှောင်ခဲ့သူ ကန်နိုင်ငံသား စကော့တလန်တွင် ပြန်ဖမ်းမိ

    သေပြီဟုသတင်းလွှင့်၍ မုဒိမ်းမှုကိုရှောင်ခဲ့သူ ကန်နိုင်ငံသား စကော့တလန်တွင် ပြန်ဖမ်းမိ

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -မုဒိမ်းမှုနဲ့ အခြားအမှုတွေကို ရှောင်ရှားဖို့အတွက် သေဆုံးပြီလို့ သတင်းလွှင့် ထွက်ပြေးတဲ့ အမေရိကန်အမျိုးသားတစ်ဦးကို စကော့တလန်မှာ ပြန်လည်တွေ့ရှိခဲ့ပါတယ်။

    အသက် ၃၄ နှစ်အရွယ်ရှိတဲ့ နီကိုလက်စ် အလာဗာဒီယန်ဆိုသူဖြစ်ပြီး ကိုဗစ်ကူးစက်မှုကြောင့် မြို့တော် ဂလက်စကိုက ဆေးရုံမှာ ဆေးကုသမှု ခံယူနေတာပါ။

    အမေရိကန်ပြည်ထောင်စု ယူတာပြည်နယ်မှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးကို ၂၀၀၈ ခုနှစ်က လိင်ပိုင်းဆိုင်ရာ စော်ကားခဲ့တဲ့အတွက် နိုင်ငံတကာ ရဲတပ်ဖွဲ့က အလာဗာဒီယန်ကို အလိုရှိနေတာ ဖြစ်ပါတယ်။ ယူတာမှာ သူ့ရဲ့အမည်က နီကိုလက်စ် ရော့စီ ဖြစ်ပါတယ်။

    အဲဒီအချိန်တုန်းက DNA ကို အလာဗာဒီယန်ရဲ့ မွေးရပ်ဖြစ်တဲ့ အိုဟိုင်ယိုးက မှတ်တမ်းတွေနဲ့ ၂၀၁၇ ခုနှစ်ရောက်မှ တိုက်ဆိုင် အတည်ပြုနိုင်ခဲ့တာပါ။

    ကြာသာတေးနေ့က ထုတ်ပြန်တဲ့ တရားရုံးမှတ်တမ်းတွေမှာ အမေရိကန် ရဲတပ်ဖွဲ့နဲ့ တရားရေးအဖွဲ့တို့က သူ့ကို သေသွားပြီလို့ထင်အောင် အလာဗာဒီယန်က လှည့်ဖျားနိုင်ခဲ့ပြီး စကော့တလန်နိုင်ငံ ရိုဒီကျွန်းမှာ လာရောက် ဇာတ်မြှုပ် နေထိုင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

    မွေးစားမိဖတွေရဲ့ အကြွေးဝယ်ကတ်ကို အလွဲသုံးစားပြုမှုအတွက် အိုဟိုင်းယိုးပြည်နယ်က အလာဗာဒီယန်ကို အလိုရှိနေသလို​၊ လိင်ပိုင်းဆိုင်ရာ စော်ကားသူအဖြစ် မှတ်ပုံမတင်ခဲ့တဲ့အတွက် စကော့တလန် ရဲတပ်ဖွဲ့ကလည်း သူ့ကို အလိုရှိနေပါတယ်။

    အလာဗာဒီယန်ဟာ ရိုဒီကျွန်းက မိသားစုနဲ့ ကလေးသူများ စောင့်ရှောက်ရေးဌာနကို တစ်စိုက်မတ်မတ် ဝေဖန်သူဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ ဖေဖော်၀ါရီလ ၂၉ ရက်မှာ သူသေဆုံးသွားတယ်ဆိုတဲ့ သတင်းနဲ့ ဘုရားကျောင်းမှာ အသုဘအခမ်းအနား ကျင်းပခဲ့တယ်ဆိုတဲ့သတင်း သတင်းစာတွေမှာ ပါလာခဲ့ပါတယ်။

    ဒါပေမယ့် အမှန်တကယ် မသေဆုံးဘူးဆိုတာ ရိုဒီကျွန်းရဲတပ်ဖွဲ့က ပြီးခဲ့တဲ့နှစ်မှာ စုံစမ်းဖော်ထုတ်နိုင်ခဲ့ပါတယ်။

    လက်ရှိ ဂလက်စကိုဆေးရုံမှာ ဆေးကုသမှု ခံယူနေတဲ့ အလာဗာဒီယန်ကို အမေရိကန်ဆီလွှဲပြောင်းဖို့ စကော့တလန်အာဏာပိုင်တွေက စီစဉ်ထားပြီး ဖြစ်ပါတယ်။

    Ref: Aljazeera

  • ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ရန် ရုရှားက အကြောင်းရှာနေ

    ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ရန် ရုရှားက အကြောင်းရှာနေ

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -ယူကရိန်းကို ကျူးကျော်သိမ်းပိုက်ဖို့အတွက် ရုရှားက အကြောင်းရှာနေပြီး၊ ဒီလိုအကြောင်းပြနိုင်တဲ့ တိုက်ခိုက်မှုမျိုး စီစဉ်နေတယ်လို့ အမေရိကန်က သတိပေးလိုက်ပါတယ်။

    မော်ဒိုလ်ဗာနိုင်ငံကနေ ခွဲထွက်သွားတဲ့ ထရန်နီစထရီးယားဒေသက ရုရှားတပ်ဖွဲ့ဝင်တွေကို ယူကရိန်းတပ်ဖွဲ့တွေက တိုက်ခိုက်တဲ့ပုံစံမျိုး ဖန်တီးဖို့ ရုရှားအထူးတပ်ဖွဲ့က ပြင်ဆင်နေတယ်ဆိုပြီး ယူကရိန်း စစ်ထောက်လှမ်းက ထုတ်ပြန်ပြီးတဲ့နောက် အမေရိကန်ရဲ့ ဒီသတိပေးမှု ထွက်လာတာ ဖြစ်ပါတယ်။

    မနေ့က အမေရိကန်အစိုးရ တာဝန်ရှိသူတစ်ဦး ရိုက်တာသတင်းဌာကို ဖြေကြားရာမှာ ရုရှားက ယူကရိန်းကို ကျူးကျော်တဲ့အခါ အကြောင်းပြနိုင်အောင်နဲ့ ယူကရိန်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်အောင် ယူကရိန်းက စတင်ရန်စတဲ့ပုံစံမျိုး ရုရှားဩဇာ လွှမ်းမိုးတဲ့အဖွဲ့တွေက မြေပြင်နဲ့ ဆိုရှယ်မီဒီယာမှာ ဖန်တီးနေတယ်လို့ ဆိုပါတယ်။

    ဒါ့အပြင် မြို့ပြတိုက်ခိုက်ရေးအတွက် လေ့ကျင့်ပေးထားတဲ့သူတွေကို ရုရှားက ယူကရိန်းအရှေ့ပိုင်းမှာ တပ်ဖြန့်ချထားပြီး သမ္မတပူတင်က ယူကရိန်းကို သိမ်းပိုက်လိုတဲ့အချိန်မှာ ဒီလူတွေက ရုရှားသစ္စာခံတဲ့ တပ်ဖွဲ့တွေကို တိုက်ခိုက်ဖို့ ရှိနေတယ်လို့ အခြား တာဝန်ရှိသူတစ်ဦးက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ၂၀၁၄ ခုနှစ် ယူကရိန်းပြည်တွင်းရေး အကွဲအပြဲမှာ ရုရှားတပ်တွေဟာ ယူကရိန်းပိုင် ခရိုင်းမီးယားကျွန်းဆွယ်ကို ဝင်သိမ်းပြီး နောက်ပိုင်းမှာ ရုရှားနယ်နမိတ်ထဲ သွတ်သွင်းခဲ့တာ ဖြစ်ပါတယ်။

    အမေရိကန်ရဲ့ မနေ့က ပြောကြားမှုတွေကို ရုရှားသမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စ်ကော့ဗ်က ငြင်းဆိုခဲ့ပြီး အခြေအမြစ်မရှိတဲ့ ပြောကြားမှုတွေလို့ ဆိုပါတယ်။

    ရုရှားနဲ့ ယူကရိန်းတို့အကြား တင်းမာမှုတွေဟာ ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းကတည်းက စတင်ခဲ့တာပါ။ ရုရှားဟာ ယူကရိန်းနယ်စပ်မှာ တပ်ဖွဲ့ဝင် ၁ သိန်းလောက် ချထားပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံတွေက ဒီတင်းမာမှုကို ဖြေရှင်းနိုင်ရေး ကြားဝင်​ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

    Ref: Reuters

  • အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနိုင်ရေး ကမ္ဘောဒီးယား၏ကြိုးပမ်းမှု မအောင်မြင်

    အာဏာသိမ်းစစ်ကောင်စီကို လူရာသွင်းနိုင်ရေး ကမ္ဘောဒီးယား၏ကြိုးပမ်းမှု မအောင်မြင်

    ဇန်နဝါရီ ၁၅၊ ၂၀၂၂
    M-Media

    -ပြီးခဲ့တဲ့နှစ် ဧပြီလက ရရှိခဲ့တဲ့ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရာမှာ တိုးတက်မှု မတွေ့ရမချင်း အာဆီယံအစည်းအဝေးတွေမှာ စစ်ကောင်စီကိုစားလှယ် မဖိတ်ကြားရေးမူကို အာဆီယံက ဆက်လက် ဆုပ်ကိုင်ထားရမယ်လို့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းက ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ကို ပြောကြားလိုက်ပါတယ်။

    မနေ့က လီရှန်လွန်းနဲ့ ဖုန်းပြောဆိုမှုမှာ ဟွန်ဆန်ဟာ အခုလအစောပိုင်းက သူ့ရဲ့ မြန်မာခရီးစဉ်နဲ့ပတ်သက်ပြီး ရှင်းပြခဲ့တာ ဖြစ်ပါတယ်။

    လီရှန်လွန်းက အာဆီယံရဲ့ သဘောတူညီချက် ၅ ချက် အကောင်အထည်ဖော်ရေးမှာ တိုးတက်မှု မရှိမချင်း ဒေသတွင်း အဓိကအစည်းအဝေးတွေမှာ စစ်ကောင်စီ ကိုယ်စားလှယ်အစား နိုင်ငံရေးဖက်ကမဟုတ်တဲ့ လူပုဂ္ဂိုလ်တစ်ဦးသာ ဖိတ်ကြားရမယ်ဆိုတဲ့ အာဆီယံရဲ့ ဆုံးဖြတ်ချက်ကို ဆက်လက် ကျင့်သုံးသွားဖို့ ပြောခဲ့ကြောင်း ဒီကနေ့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ အာဆီယံခေါင်းဆောင်တွေ ၂၀၂၁ ခုနှစ် ဧပြီလ ၂၄ ရက်နေ့က ရရှိခဲ့တဲ့ သဘောတူညီချက်မှာ အကြမ်းဖက်မှု ချက်ခြင်းရပ်ဆိုင်းရေး၊ အာဆီယံ အထူးကိုယ်စားလှယ်ကို မြန်မာ့နိုင်ငံရေး နိုင်ငံရေး နယ်ပယ်က သက်ဆိုင်သူတွေနဲ့ တွေ့ဆုံခွင့်ပေးရေး စတာတွေ ပါဝင်တာပါ။

    ဒါပေမယ့် ဒီသဘောတူညီချက်တွေကို စစ်ကောင်စီက အကောင်အထည်ဖော်မှု မရှိပါဘူး။

    ၂၀၂၂ ခုနှစ် အာဆီယံဥက္ကဌအဖြစ် ဆောင်ရွက်မယ့် ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ ဇန်နဝါရီအစောပိုင်း မြန်မာနိုင်ငံခရီးစဉ်မှာ စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံခဲ့ပြီး စစ်ကောင်စီခန့် နိုင်ငံခြားရေးဝန်ကြီး ဦး၀ဏ္ဏမောင်လွင်ကို နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးတက်ဖို့ ဖိတ်ကြားခဲ့ပါတယ်။

    ဒီခရီးစဉ်နဲ့ ဖိတ်ကြားမှုကို အာဆီယံနိုင်ငံတွေက လက်မခံတဲ့အတွက် လာမယ့်တစ်ပတ် ကမ္ဘောဒီးယားမှာလုပ်မယ့် နိုင်ငံခြားရေးဝန်ကြီးများအစည်းအဝေးကို ဖျက်လိုက်ရပါတယ်။

    အာဆီယံခေါင်းဆောင်တွေရဲ့ ဆုံး​ဖြတ်ချက်ကို ပြင်ဆင်ဖို့ ဘယ်လိုဆွေးနွေးမှုမျိုးကိုမဆို ခိုင်လုံတဲ့ အချက်အလက်တွေအပေါ်မှာသာ အခြေခံရမှာဖြစ်ပြီး အာဆီယံဥက္ကဌအနေနဲ့ စစ်ကောင်စီနဲ့ရော၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် သက်ဆိုင်သူအားလုံးနဲ့ပါ တွေ့ဆုံဆွေးနွေးဖို့ လိုအပ်တယ်လို့ လီရှန်လွန်းက ဟွန်ဆန်ကို အလေးထား ပြောဆိုခဲ့ပါတယ်။

    “မြန်မာစစ်တပ်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ့သာ အပစ်ရပ်ဖို့ ပြောတယ်။ ဒါပေမယ့် အာဆီယံ သဘောတူညီချက် ၅ ချက်က တိုက်တွန်းတဲ့ အကြမ်းဖက်မှု ရပ်တန့်ရေးဆိုတာ တစ်ကယ်တော့ စစ်တပ်က နိုင်ငံရေးအတိုက်အခံတွေ၊ အရပ်သားတွေအပေါ် တိုက်ခိုက်မှုတွေကို အဓိက ဆိုလိုတာပါ”

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်က မြန်မာနိုင်ငံက အပစ်ရပ်ရေးနဲ့ လူသားချင်း စာနာထောက်ထားမှု အကူအညီတွေပေးပို့ရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်နိုင်မယ့် အနေအထားတွေကို လီရှန်လွန်းထံ တင်ပြခဲ့ပါတယ်။

    စင်ကာပူဝန်ကြီးချုပ်က အာဆီယံအထူးကိုယ်စားလှယ်ဟာ သက်ဆိုင်သူတွေအားလုံးနဲ့ တွေ့ဆုံခွင့် မရတဲ့အတွက် အပစ်ရပ်ရေးကိစ္စမှာ အာဆီယံနဲ့ အာဆီယံကိုယ်စားလှယ်တို့ ဘယ်လိုအခန်းကဏ္ဍကနေ ပါဝင်နိုင်မလဲဆိုတာ သေချာမပြောနိုင်ဘူးလို့ ဟွန်ဆန်ကို တုန့်ပြန်ခဲ့ပါတယ်။

    မြန်မာကိစ္စ ဟွန်ဆန်ရဲ့ အဆိုပြုချက်တွေကို အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ အကြီးတန်းတာဝန်ရှိသူတွေအကြား ထပ်မံဆွေးနွေးဖို့ လိုအပ်ပြီး အာဆီယံ ဥက္ကဌ ကမ္ဘောဒီးယားအနေနဲ့ အခြား အာဆီယံခေါင်းဆောင်တွေရဲ့ သဘောထားကိုပါ ထည့်သွင်းစဉ်းစားသင့်တယ်လို့ လီရှန်လွန်းက ပြောဆိုခဲ့ပါတယ်။

    စင်ကာပူကတော့ မြန်မာကိစ္စမှာ အာဆီယံသဘောတူညီချက် ၅ ချက် အပြည့်အ၀ အကောင်အထည်ဖော်နိုင်ရေး ကမ္ဘောဒီးယားအပါအဝင် အဖွဲ့ဝင်နိုင်ငံတွေနဲ့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမယ်လို့လည်း လီရှန်လွန်းက ဆိုပါတယ်။

    ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ မြန်မာခရီးစဉ်ကို မလေးရှားကလည်း လူသိရှင်ကြား ဝေဖန်ထားပြီး ဟွန်ဆန်အနေနဲ့ မိမိသဘောနဲ့မိမိ ဆောင်ရွက်တာမျိုး မလုပ်သင့်ဘူးလို့ တုန့်ပြန်ထားပါတယ်။

    Ref: CNA

  • ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ကိုဗစ်သောက်ဆေး Molnupiravir ကို ထိုင်းနှင့် အင်ဒိုနီးရှားတို့က ထုတ်လုပ်မည်

    ဇန်နဝါရီ ၁၄၊ ၂၀၂၂
    M-Media

    -ကိုဗစ်သောက်ဆေး Molnupiravir ကို ပြည်တွင်းမှာ ထုတ်လုပ်သုံးစွဲနိုင်ဖို့ ထိုင်းနဲ့ အင်ဒိုနီးရှားတို့က စီစဉ်နေပါတယ်။

    Molnupiravir သောက်ဆေးကို အမေရိကန် ဆေးဝါးကုမ္ပဏီနှစ်ခုဖြစ်တဲ့ Merck & Co Inc နဲ့ Ridgeback Biotherapeutics တို့ ပူးတွဲထုတ်လုပ်တာဖြစ်ပြီး ကိုဗစ်ကူးစက်သူတွေ ရောဂါလက္ခဏာ ဆိုးဆိုးရွားရွား ခံစားရမှုနဲ့ ဆေးရုံတက်ရမှုတို့ကို သိသိသာသာ လျှော့ချပေးနိုင်ပါတယ်။

    ထိုင်းကျန်းမာရေးဝန်ကြီး Anutin Charnvirakul က ပုံပြောင်းကိုဗစ် အိုမီခရွန်ကြောင့် ကူးစက်မှု မြင့်တက်နေတဲ့အချိန် ဒါကို တုန့်ပြန်နိုင်ဖို့အတွက် Molnupiravir သောက်ဆေးကို ပြည်တွင်းမှာ ထုတ်လုပ်ဖို့ စီစဉ်နေတယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    ထုတ်လုပ်ရာမှာ ဘင်္ဂလားဒေ့ရှ်နဲ့ အိန္ဒိယလို အခြားနိုင်ငံတွေနဲ့ ပူးပေါင်းသွားမယ်လို့လည်း ဝန်ကြီးက ဆိုပါတယ်။

    “Molnupiravir ဆေးကို အစိုးရ ဆေးဝါးအဖွဲ့အစည်းနဲ့ Chulabhorn သုတေသနဌာနတို့ ပူးပေါင်းပြီး ထုတ်လုပ်သွားမှာပါ။ နောက်ပိုင်းဖြစ်လာမယ့် အခြေအနေတွေမှာ အထောက်အပံ့ဖြစ်စေနိုင်မယ့် ဆေးဝါးတွေကို ကော်မတီက သုတေသနလုပ်ကာ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်”

    အင်ဒိုနီးရှား ကျန်းမာရေးဝန်ကြီး Budi Gunadi Sadikin ကလည်း ပုဂ္ဂလိက ဆေးကုမ္ပဏီအချို့နဲ့ အစိုးရ ပူးပေါင်းကာ လာမယ့် ဧပြီ၊ မေလလောက်ကစပြီး Molnupiravir သောက်ဆေး ထုတ်လုပ်သွားမယ်လို့ ဒီကနေ့မှာ ပြောကြားခဲ့ပါတယ်။

    အင်ဒိုနီးရှားဟာ Molnupiravir သောက်ဆေး လေးသိန်းလောက်ကို အရေးပေါ်အသုံးပြုနိုင်ဖို့ အခုတစ်ပတ်မှာ ခွင့်ပြုခဲ့ပါတယ်။

    Ref: Bangkok Post