News @ M-Media

Blog

  • သြစတေးလျနှင့် နယူးဇီလန်အခြေစိုက် ANZ ဘဏ် မြန်မာနိုင်ငံ၌ ဖွင့်တော့မည်

    သြစတေးလျနှင့် နယူးဇီလန်အခြေစိုက် ANZ ဘဏ် မြန်မာနိုင်ငံ၌ ဖွင့်တော့မည်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    1438817535207

    – သြစတေးလျနှင့် နယူးဇီလန် ဘဏ်လုပ်ငန်းအုပ်စု ANZ မှာ မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ လုပ်ငန်းလိုင်စင် ရရှိခဲ့ပြီး ရန်ကုန်မြို့၌ နိုဝင်ဘာ ၂ ရက်နေ့တွင် ဘဏ်ခွဲတစ်ခုကို ဖွင့်လှစ်တော့မည်ဟု သိရသည်။

    အဆိုပါဘဏ်ခွဲအသစ်မှာ နိုင်ငံတကာနှင့် မြန်မာနိုင်ငံမှ ကုမ္ပဏီများကို ၀န်ဆောင်မှုပေးသွားမည်ဖြစ်ပြီး ANZ ဘဏ်ခွဲများ ဖွင့်လှစ်ထားသည့် နိုင်ငံများမှ မြန်မာနိုင်ငံအတွင်းသို ၀င်ရောက်ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံတကာ ကုမ္ပဏီများကိုလည်း ၀န်ဆောင်မှု ပေးသွားမည်ဖြစ်သည်။

    “သဘာဝ သယံဇာတ၊ ပြည်သူ့ဝန်ဆောင်လုပ်ငန်း၊ အခြေခံအဆောက်အဦး၊ တယ်လီဖုန်းဆက်သွယ်ရေး၊ စားသုံးကုန်ပစ္စည်းနဲ့ မြန်မာနိုင်ငံမှာ ချဲ့ထွင်နေတဲ့ အခြားသော ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး လုပ်ငန်းတွေအတွက် ကျွန်ုပ်တို့ဟာ အထူးဘဏ်လုပ်ငန်းဝန်ဆောင်မှု ပေးသွားမှာပါ” ဟု ANZ မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။

    ANZ ၏ နိုင်ငံတကာ ဘဏ်လုပ်ငန်းမှ အမှုဆောင်အကြီးအကဲ အန်ဒရူး ဂက်စ်ဇီက ထိုကဲ့သို့ ခွင့်ပြုချက်ရခဲ့ခြင်းမှာ ထိုင်းနိုင်ငံတွင် ဘဏ်ခွဲဖွင့်နိုင်ခဲ့ပြီးနောက် မဟာမဲခေါင်ဒေသတွင် မိမိတို့ကုမ္ပဏီ တည်ရှိမှုကို ပိုမိုခိုင်မာစေရန် အစီစဉ်၏ နောက်ဆုံးအဆင့်လည်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ရဲ့ အင်အားနဲ့ မြန်မာနိုင်ငံမှာရှိနေတဲ့ သဘာဝသယံဇာတ၊ အခြေခံအဆောက်အဦး၊ စိုက်ပျိုးရေးလုပ်ငန်းတွေကို ဒီဒေသမှာ ထူးခြားတဲ့ တိုးတက်မှုအခွင့်အလမ်းတွေနဲ့အတူ ကမ္ဘာတစ်ဝှမ်းနဲ့ ချိတ်ဆက်ဖို့ ဆောင်ရွက်နိုင်ပါတယ်။ အာဆီယံဒေသအတွင်း စီးပွားရေး ပူးပေါင်းဆောင်ရွက်ခြင်းက ကုန်ထုတ်လုပ်မှု အဓိကနေရာအဖြစ် မြန်မာနိုင်ငံရဲ့ အခန်းကဏ္ဍကို တိုးတက်ဖို့ အကူအညီဖြစ်မယ်လို့
    ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ဂက်စ်ဇီက ထပ်လောင်းပြောကြားခဲ့သည်။

    Ref: Theaustralian

  • ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၄.၅ သန်းကျော် မြန်မာနိုင်ငံက မျှော်လင့်ထား

    ယခုနှစ်အတွင်း နိုင်ငံခြားသားခရီးသွား ၄.၅ သန်းကျော် မြန်မာနိုင်ငံက မျှော်လင့်ထား

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    upain
    ကမ္ဘာ့လှည့်ခရီးသွားများ စိတ်ဝင်စားရာ သမိုင်းဝင် ဦးပိန်တံတား

    – မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း နိုင်ငံခြားခရီးသွားပမာဏ ၄.၅ သန်းကျော် ၀င်ရောက်မည်ဟု မျှော်မှန်းထားကြောင်း ဟိုတယ်နှင့် ခရီးသွားလာရေး ၀န်ကြီးဌာနမှ ယနေ့တွင် ထုတ်ပြန်သည့် အစီရင်ခံစာအရ သိရသည်။

    ယခုနှစ် စက်တင်ဘာလအထိ မြန်မာနိုင်ငံသို့ လာရောက်လည်ပတ်ကြသည့် နိုင်ငံခြားသား ခရီးသွား အရေအတွက်မှာ ယမန်နှစ်တစ်နှစ်လုံး ၀င်ရောက်ခဲ့သည့် ၃.၀၈ သန်းထက် ကျော်လွန်ခဲ့ပြီဟု ၀န်ကြီး ဦးဌေးအောင်က အဆိုပါ အစီရင်ခံစာတွင် ပြောကြားခဲ့သည်။

    ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ သြဂုတ်လ ၃၁ ရက်နေ့ ကိန်းဂဏန်းများအရ မြန်မာနိုင်ငံတစ်ဝှမ်းတွင် လိုင်စင်ရဟိုတယ်ပေါင်း ၁၂၂၅ ဦးရှိပြီး အခန်းပေါင်း ၄၇၉၁၁ ခန်းရှိကာ ခရီးသွားလာရေး လုပ်ငန်းများမှာ ၁၈၄၇ ခုရှိသည်ဟု သိရသည်။

    မြန်မာနိုင်ငံမှာ ယခုနှစ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၅ သန်းခန့် လာရောက်အောင် ဆွဲဆောင်သွားမည်ဟု မျှော်မှန်းထားသည်။

    Ref: business-standard

  • ချန်ပီယံလိဂ်ရှုံးနိမ့်မှု နောက်တန်းကြောင့်ဟု မော်ရင်ဟိုဆို

    ချန်ပီယံလိဂ်ရှုံးနိမ့်မှု နောက်တန်းကြောင့်ဟု မော်ရင်ဟိုဆို

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    mor

    – ချန်ပီယံလိဂ်တွင် ပေါ်တိုအား ၂ ဂိုး ၁ ဂိုးဖြင့် ရှုံးနိမ့်ခဲ့မှုအတွက် ချယ်ဆီးနည်းပြ မော်ရင်ဟိုက အသင်းနောက်တန်းကို အပြစ်တင်ခဲ့ပြီး ရူးနှမ်းသည့် အမှားမျိုးကို ကျူးလွန်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ယခုရာသီတွင် ခြေစွမ်းဆိုးရွားနေသည့် ချယ်ဆီအတွက် ထိုပွဲအရှုံးမှာ ၅ ပွဲမြောက် ရှုံးပွဲလည်းဖြစ်သည်။ မော်ရင်ဟိုကမူ အသင်းကစားပုံ ကောင်းခဲ့သော်လည်း အမှားတစ်ချို့ကြောင့် ဂိုးပေးရခြင်းဖြစ်သည်ဟု ဆိုသည်။

    “ရှုးနှမ်းတဲ့ အမှားနှစ်ခုလောက်ရှိခဲ့ပေမယ့် ကစားပုံကတော့ ကောင်းတယ်လို့ ကျွန်တော်ထင်ပါတယ်။ အဲလိုအမှားတွေလုပ်ပေမယ့် တစ်ခါတစ်ရံမှာ မပေးဆပ်ရပါဘူး။ ကျွန်တော်တို့ကတော့ ပေးဆပ်ခဲ့ရပါတယ်။ ပေါ်တိုက ထောင့်ကန်ဘောအမြောက်အများရတာကို ကျွန်တော်တို့ တွေ့ခဲ့ရတယ်။ ဒီအတွက် လုံးဝ အဆင်သင့်ဖြစ်ခဲ့ပါတယ်။ ပွဲကို ကျွန်တော်တို့ ထိန်းချုပ်နိုင်တဲ့အခါမှ ဂိုးပေးလိုက်ရတာပါ။ ဒါဟာ စိတ်ပျက်စရာပါပဲ”

    Ref: Goal

  • မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေးဆွေးနွေးပွဲ ပျက်ပြယ်

    မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များ အပစ်ရပ်ရေးဆွေးနွေးပွဲ ပျက်ပြယ်

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    myan

    – မြန်မာအစိုးရနှင့် တိုင်းရင်းသားလက်နက်ကိုင်များအကြား အပစ်ရပ်ရေး ဆွေးနွေးမှုမှာ ပျက်ပြယ်သွားပြီဟု ဘန်ကောက်ပို့စ် သတင်းဌာနက ယနေ့တွင် ဖော်ပြခဲ့သည်။

    တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၈ ဖွဲ့နှင့် ချင်းမိုင်မြို့တွင် ပြုလုပ်နေသည့် အဆိုပါ ဆွေးနွေးမှုတွင် မြန်မာအစိုးရက ကိုးကန့်နယ်စပ်ဒေသ၌ တိုက်ခိုက်နေသည့် အဖွဲ့ ၃ ဖွဲ့နှင့် အပစ်ရပ်ရေး ထပ်မံသက်တမ်းတိုးရန် ငြင်းဆန်ခဲ့ပြီးနောက် ပျက်ပြယ်သွားခြင်းဖြစ်သည်ဟု ဆိုသည်။

    တိုင်းရင်းသား လက်နက်ကိုင် ၁၈ ဖွဲ့တွင် ၁၀ ဖွဲ့က အပစ်ရပ်ရေး သဘောတူညီချက်ကို လက်မှတ်မထိုးဘဲ ၎င်းတို့၏ နောက်ဆုံး ဆုံးဖြတ်ချက်ဟု ပြောကြားခဲ့ကြောင်း Myanmar Times သတင်းစာက ဖော်ပြခဲ့သည်။

    ထိုအပစ်ရပ်ရေး ဆွေးနွေးမှုမှာ သမ္မတဦးသိန်းစိန်အစိုးရ၏ အဓိက ဆောင်ရွက်မှုဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ်တာလုံးလုံး ကြိုးပမ်းခဲ့ခြင်းဖြစ်သည်။

    Ref: Bangkokpost

  • အိန္ဒိယတွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ကျောင်းဆရာ၏ ဒဏ်ပေးမှုကြောင့် သေဆုံး

    အိန္ဒိယတွင် ဆယ်ကျော်သက်မိန်းကလေးတစ်ဦး ကျောင်းဆရာ၏ ဒဏ်ပေးမှုကြောင့် သေဆုံး

    စက်တင်ဘာ ၃၀၊ ၂၀၁၅
    M-Media

    india

    – အိန္ဒိယနိုင်ငံမှ အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးမှာ စာသင်ကျောင်းတွင် ပြင်းထန်စွာ ဒဏ်ပေးခံရပြီးနောက် ၅ ရက်ကြာအဖျားကြီးကာ ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့ပိုင်း ဂျာ့ခ်ဟန်းပြည်နယ် လာတီဟာရ်ခရိုင်မှ ဘူရှူးရ်ရွာတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အစိုးရ စာသင်ကျောင်းမှ ကျောင်းဆရာတစ်ဦးက ၎င်း၏ မေးခွန်းအတွက် လိုချင်သည့်အဖြေ မရသောကြောင့် စက်တင်ဘာ ၁၆ ရက်နေ့က ရူပန်တီ ကူမာရီဟု အမည်ရသည့် မိန်းကလေးငယ်အား နေပူကြဲကြဲတွင် ကြက်ဖပုံစံ ၄ နာရီကြာ ထိုင်ခိုင်း၍  အပြစ်ပေးခဲ့ခြင်းဖြစ်သည်။

    ခရိုင်ပညာရေးတာဝန်ရှိသူ အက်စ်ဟော့က် ကူးမားရ်က “တော်တော် ဒေါသထွက်နေကြတဲ့ ရွာသားတွေနဲ့ ကျွန်တော် သွားတွေ့ခဲ့ပါတယ်။ ရဲတပ်ဖွဲ့နဲ့ အကြီးတန်း အစိုးရတာဝန်ရှိသူတွေကို တရားဝင်တိုင်ကြားရင်တော့ ဒီကိစ္စအတွက် ကနဦး စုံစမ်းစစ်ဆေးမှုကို ပြုလုပ်ပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။

    သို့သော်လည်း ခရိုင်ရဲမှူး အနွပ် ဘီရ်သာရီကမူ မိန်းကလေးငယ်၏ မိသားစုများမှ တိုင်ကြားမှု မပြုလုပ်သေးဟု ဆိုသည်။

    “အသတ်ခံရဖို့ မြေးလေးကို ကျွန်မတို့ ကျောင်းလွှတ်တာမဟုတ်ပါဘူး” ဟု ကူမာရီ၏ အဘွားဖြစ်သူ မာလို မာဆိုမတ်က ပြောကြားခဲ့သည်။

    လူမှုရေး တက်ကြွလှုပ်ရှားသူ ရှရာဝမ် ပက်စ်ဝမ်က မိန်းကလေးငယ်၏ မိသားစုနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ထိုပြဿနာအား တိုင်ကြားရန် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

    “နေပူပူထဲမှာ ဒီကလေးဟာ နာရီများစွာ အလှန်းခံထားရပါတယ်။ ဆရာက သူမရဲ့ ကျောကုန်းမှာ အုတ်ခဲတောင် တင်လိုက်ပါသေးတယ်။ အဲဒီနေ့ ကျောင်းကပြန်လာတဲ့အချိန်မှာ သူ တော်တော် အဖျားကြီးနေပါပြီ” ဟု ပက်စ်ဝမ်က ပြောကြားခဲ့သည်။

    မိသားစုဝင်များမှာ ထိုမိန်းကလေးကို ဗိန္နောဆရာဆီသို့ ခေါ်သွားပြီး နောက်ပိုင်းတွင် လာတီဟာရ်ရှိ သာသနာပြု ဆေးရုံ၊ ထို့နောက် အစိုးရဆေးရုံများသို့ ပို့ဆောင်ခဲ့ရသည်။ သို့သော်လည်း အစိုးရဆေးရုံက ပုဂ္ဂလိကဆေးရုံတွင် ပြသရန် လမ်းညွှန်ပေးခဲ့သည်။

    ငါးရက်တာ ထိုကဲ့သို့ ဆေးရုံပြောင်း၍ ပြသခဲ့ပြီးနောက် နောက်ဆုံးတွင် ပုဂ္ဂလိကဆေးရုံ၌ ပြသရန် မတတ်နိုင်သောကြောင့် မိသားစုမှာ ကူမာရီအား အိမ်သို့ပြန်ခေါ်လာခဲ့ပြီး ထို့နေမှာပင် သေဆုံးသွားခဲ့သည်။

    “လာတီဟာရ်နဲ့ ရန်ချိုင်ခရိုင်တွေမှာ သူမကို ကုသခဲ့ပါတယ်။ ဒါပေမယ့် အစိုးရဆေးရုံက ပုဂ္ဂလိက ဆေးရုံကို လွှဲခဲ့ပြီးနောက်ပိုင်း ကုသဖို့ ကျွန်မတို့ မဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ကလေးမလေးဟာ သေဆုံးခဲ့ရပါတယ်။ အိမ်ပြန်ခေါ်လာဖို့ကလွဲလို့ ကျွန်မတို့ ဘာမှ မတတ်နိုင်ပါဘူး” ဟု ပက်စ်ဝမ်က ထပ်လောင်းပြောကြားခဲ့သည်။

    ကူမာရီ၏ ဖခင်မှာ လွန်ခဲ့သည့် နှစ်အနည်းငယ်အတွင်းက ကွယ်လွန်သွားခဲ့ပြီး အဘွားဖြစ်သူနှင့် မိခင်တို့မှာ နေ့စား ကာယအလုပ်သမားအဖြစ် အသက်မွေးဝမ်းကြောင်း ပြုနေရသူများ ဖြစ်သည်။

    ရူပန်တီ ကူမာရီ၏ မိသားစုဝင်များနှင့် ရွာသားများက နေပူကြဲကြဲတွင် လေးနာရီကြာ အပြစ်ပေးခဲ့သည့် ကျောင်းဆရာအား အရေးယူအပြစ်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ ထိုကဲ့သို့ မဆောင်ရွက်ပါက စာသင်ကျောင်းကို ချိတ်ပိတ်မည်ဟု ခြိမ်းခြောက်ခဲ့ကြသည်။

    Ref: Hindustantimes