News @ M-Media
Blog
  • နိုင်ငံတကာသတင်းတို (စက်တင်ဘာ ၂၈၊ ၂၀၁၅)
    M-Media
    တရားရင်ဆိုင်နေရသည့် ဘလတ္တာကို ရုရှားက ထောက်ခံနေဆဲ
    ………………………………
    ဖီဖာဥက္ကဌ ဘလတ္တာအား ရာဇ၀တ်မှုဆိုင်ရာ တရားစွဲဆိုမှုများ ပြုလုပ်နေသည်ဟု ဆွစ်ဇ် တရားသူကြီးချုပ်က ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ပြောကြားခဲ့သော်လည်း မိမိတို့အနေဖြင့် ဘလတ္တာအား ဆက်လက်ထောက်ခံသွားမည်ဟု ရုရှား အားကစားဝန်ကြီး ဗီတာလီ မတ်ကိုက ပြောကြားခဲ့သည်။ ရုရှားမှာ အငြင်းပွားဖွယ် အိမ်ရှင်ရွေးချယ်မှုပြဿနာ ရှိနေသည့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲကို ကျင်းပခွင့်ရရှိထားသည့်
    နိုင်ငံဖြစ်သည်။ မက်ကိုကမူ ဘလတ္တာမှာ ၎င်း၏ ဥက္ကဌလုပ်ပိုင်ခွင့်အား ဖီဖာကွန်ဂရက်ကို လွှဲပေးခြင်းမှာ မှန်ကန်သည်ဟုလည်း ထည့်သွင်းပြောကြားခဲ့သည်။
    မော်လ်ဒိုက်သမ္မတ၏ အမြန်ရေယာဉ်ပေါ်တွင် ပေါက်ကွဲမှုဖြစ်
    …………………………………
    မော်လ်ဒိုက်နိုင်ငံမြို့တော် မာလီတွင် သမ္မတ အဘ်ဒူလာ ယာမင်းနှင့် ၎င်း၏ ဇနီးဖြစ်သူတို့အား တင်ဆောင်ထားသည့် ရေပေါ်ရှပ်ပြေး အမြန်ယာဉ်တွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ပွားသောကြောင့် သမ္မတကတော် ဖသ်မဟ် အီဗရာဟင်၊ သမ္မတ၏ အကူနှင့် အစောင့်တစ်ဦးတို့ ဒဏ်ရာရှိခဲ့သည်ဟု Reuters သတင်းဌာနက ဖော်ပြခဲ့သည်။ သမ္မတမှာ ဟဂ်ျဘုရားဖူးခရီးစဉ်မှ ပြန်လာပြီး လေဆိပ်မှ အိမ်သို့ပြန်စဉ် ထိုကဲ့သို့ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးများ၊ လွှတ်တော်အမတ်များလည်း အဆိုပါ ရှပ်ပြေးယာဉ်ပေါ်တွင် လိုက်ပါလာခဲ့ကြသည်။
    ပြိုင်ကားစံချိန်တစ်ခုကို ဟာမီလ်တန် လိုက်မီခဲ့
    ……………………………………….
    မာစီးဒီးစ် ပြိုင်ကားအသင်းမှ လူးဝစ်ဟာလ်မီတန်မှာ ဂျပန်ဂရင်းပရီပြိုင်ပွဲတွင် ယမန်နေ့က ဗိုလ်စွဲနိုင်ခဲ့ပြီးနောက် ကွယ်လွန်သူ ပြိုင်ကားသမား အေယာတန် ဆန်နာ၏ ဖော်မြူလာဝမ်း ၄၁ ကြိမ်ဗိုလ်စွဲနိုင်မှု စံချိန်ကို လိုက်မှီသွားခဲ့ပြီဖြစ်သည်။ ထိုဗိုလ်စွဲမှုမှာ ဗြိတိန်နိုင်ငံသား ဟာမီလ်တန်၏ ယခုရာသီ ၈ ကြိမ်မြောက်ဗိုလ်စွဲခြင်းလည်း ဖြစ်ပြီး ပြိုင်ပွဲ ၅ ပွဲ ကျန်နေသည့်အချိန်တွင် အသင်းဖော် နီကို ရို့စ်ဘာ့ဂ်အား ၄၈ မှတ် ဖြတ်ထားနိုင်သည်။
    Ref: News Agencies
  • မြန်မာအမျိုးသားလေကြောင်းလိုင်းတွင် ကမ္ဘာ့အဆင့် ဖျော်ဖြေရေးဝန်ဆောင်မှုများ ပေးတော့မည်
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    myan 2
    – ကမ္ဘာတစ်ဝှမ်းရှိ သယ်ယူပို့ဆောင်ရေးလုပ်ငန်းများသို့ လေကြောင်းဆက်သွယ်ရေးစနစ်များ၊ လုပ်ငန်းလည်ပတ်မှုပိုင်းဆိုင်ရာ ဖြေရှင်းပေးမှုများနှင့် မီဒီယာစနစ်များ ၀န်ဆောင်မှုပေးနေသည့် Global Eagle Entertainment Inc (GEE) ကုမ္ပဏီမှာ မြန်မာအမျိုးသားလေကြောင်းလိုင်း MNA နှင့် သဘောတူညီချက်တစ်ခုကို လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။
    ထိုသဘောတူညီချက်အရ MNA မှ လေယာဉ်ပျံသန်းနေစဉ် ပေးအပ်သွားမည့် ဖျော်ဖြေရေး ၀န်ဆောင်မှုများတွင် GEE ၏ ဗီဒီယိုများ၊ သီချင်းများ၊ ဂိမ်းများ ပါဝင်လာမည်ဖြစ်ပြီး၊ ခရီးသည်များ ဘေးအန္တရာယ်ကင်းရှင်းရေး သရုပ်ပြမှု ဗီဒီယိုများလည်း ပါဝင်မည်ဖြစ်သည်။
    GEE မီဒီယာဌာနမှ ဒုတိယဥက္ကဌဖြစ်သူ အမီရ် ဆမ်နာနီက MNA မှ လေယာဉ်များအား ၀န်ဆောင်မှုပေးနိုင်ခြင်းကြောင့် ဂုဏ်ယူမိကြောင်း ပြောကြားခဲ့သည်။ GEE မှ ဖျော်ဖြေရေး ၀န်ဆောင်မှုများမှာ MNA မှ ထပ်တိုးပြေးဆွဲသည့် ပြည်တွင်းခရီးစဉ် ၂၆ ခုတွင်လည်း ပါဝင်မည်ဖြစ်သည်။
    “မြန်မာအမျိုးသားလေကြောင်းလိုင်းက ဒေါ်လာသန်းနဲ့ချီတဲ့ အားသစ်လောင်းမှုတွေ ပြုလုပ်နေပါတယ်။ ခရီးသွားတွေကို ကမ္ဘာ့အဆင့် ဖျော်ဖြေမှုတွေပေးဖို့ ကျွန်တော်တို့ရဲ့ စွမ်းဆောင်မှုမှာ GEE ဟာ အဓိကကျတဲ့နေရာက ပါဝင်ပါလိမ့်မယ်” ဟု MNA မှ အမှုဆောင်အကြီးအကဲဖြစ်သူ ကပ္ပတိန် ဦးသန်းထွန်းက ပြောကြားခဲ့သည်။
    အမေရိကန်ပြည်ထောင်စု လော့စ်အိန်ဂျလိစ်မြို့တွင် အခြေစိုက်သည့် GEE ကုမ္ပဏီမှာ ကမ္ဘာ့တစ်ဝှမ်းမှ လေကြောင်းလိုင်းပေါင်း ၁၄၀ ကျော်ကို ၀န်ဆော်မှုများ ပေးလျက်ရှိနေသည်။
    Ref: marketwatch
  • ဗြိတိန် နံပါတ် ၁ နေရာကို လက်လွှတ်လိုက်ရတဲ့ တင်းနစ်မယ် ၀ပ်စတန်
    ဗြိတိန် နံပါတ် ၁ နေရာကို လက်လွှတ်လိုက်ရတဲ့ တင်းနစ်မယ် ၀ပ်စတန်
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    heather
    – တရုတ်နိုင်ငံတွင် ကျင်းပပြုလုပ်နေသည့် Whan Open တင်းနစ်ပြိုင်ပွဲ ပထမအဆင့်တွင် ရှုံးနိမ့်ခဲ့သည့် နာမည်ကြီး တင်းနစ်မယ် ဟီသာ ၀ပ်ဆန်မှာ ဗြိတိန် နံပါတ် ၁ နေရာကို စွန့်လွန်လိုက်ရပြီဖြစ်သည်။
    ပြီးခဲ့သည့်တစ်ပတ်က ပြုလုပ်ခဲ့သည့် ကိုရီးယားအိုးပင်း တင်းနစ်ပြိုင်ပွဲတွင်လည်း ၀ပ်စတန်မှာ ပထမအဆင့်ကပင် ထွက်ခဲ့ရသည်။
    Ref: Dailymail
  • မီနာလူအုပ်တိုးဝှေ့မှုအတွင်း ကွယ်လွန်သူများ၏ ရုပ်ကလပ်များကို လိုချင်ပါက ဆော်ဒီ ပြန်ပို့ပေးမည်
    မီနာလူအုပ်တိုးဝှေ့မှုအတွင်း ကွယ်လွန်သူများ၏ ရုပ်ကလပ်များကို လိုချင်ပါက ဆော်ဒီ ပြန်ပို့ပေးမည်
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    meccan
    – ပြီးခဲ့သည့် ကြာသာပတေးနေ့က မက္ကာမြို့အပြင်ဘက် မီနာတွင် ဟဂ်ျကျင့်စဉ်အတွင်း လူတိုးဝှေ့မှုကြောင့် ကွယ်လွန်သွားသူများကို မက္ကာမြို့ရှိ သုဿာန် ၆ ခု၌ မြှုပ်နှံသင်္ဂြိုဟ်သွားမည်ဟု ပြန်ကြားရေးအကြီးအကဲ အိုစာမာ ဇေတွန်က ပြောကြားခဲ့သည်။
    အဆိုပါ လူအုပ်တိုးဝှေ့မှုကြောင့် ကွယ်လွန်သွားသူများမှာ ၇၆၉ ဦးရှိပြီး မိသားစုများက ရုပ်ကလပ်ကို ဇာတိမြေတွင် မြှုပ်နှံချင်ပါက ဆော်ဒီအစိုးရက အလောင်းပေးပို့ကာ လိုအပ်သည်များကို ကူညီပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် ရုပ်ကလပ်များကိုမူ ကျန်ရစ်သူများ၏ ခွင့်ပြုချက်ဖြင့် မက္ကာမြို့တွင် သင်္ဂြိုဟ်ပေးမည်ဖြစ်သည်။
    Ref: Arabnews
  • ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း
    ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို မြှင့်တင်ပေးမည့် ကိုယ်စားလှယ်လောင်းများကို မဲပေးကြရန် ကာဒီနယ် ချားလ်စ်မောင်ဘို တိုက်တွန်း
    စက်တင်ဘာ ၂၈၊ ၂၀၁၅
    M-Media
    charles
    – မကြာမီအချိန်ကာလအတွင်း ကျင်းပပြုလုပ်တော့မည့် မြန်မာနိုင်ငံ၏ သမိုင်းဝင်ရွေးကောက်ပွဲတွင် နိုင်ငံသားများအနေဖြင့် ဒီမိုကရေစီယဉ်ကျေးမှု၊ လူ့အခွင့်အရေးနှင့် အမျိုးသားရင်ကြားစေ့ရေးကို မြှင့်တင်ဆောင်ရွက်ပေးမည့် ကိုယ်စားလှယ်လောင်းများ၊ ပါတီများကိုသာ ရွေးချယ်ကြရန် ပုပ်ရဟန်းမင်းကြီး၏ ကာဒီနယ် ဆရာတော် ချားလ်စ်မောင်ဘိုက တိုက်တွန်းပြောကြားလိုက်သည်။
    “မြန်မာနိုင်ငံသားများသို့” ဆိုသည့် ခေါင်းစဉ်ဖြင့် ရေးသားထားသော ဆရာတော်၏ မေတ္တာရပ်ခံ ပန်ကြားလွှာတွင် မြန်မာပြည်သူများအနေဖြင့် လာမည့် နိုဝင်ဘာ ၈ ရက်နေ့တွင် ပြုလုပ်မည့် ရွေးကောက်ပွဲအား စစ်မှန်သော ဒီမိုကရေစီကျင့်သုံးမှု ဖြစ်အောင် ဆောင်ရွက်ရန် လိုအပ်သည်ဟု ဖော်ပြထားပြီး၊ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ ခရီးမှာ ခက်ခဲရှည်ကြာမည်ဟု ဆိုသည်။
    “မဲပေးတယ်ဆိုတာ ဒီမိုကရေစီရဲ့ အခြေခံအခွင့်အရေးပါ။ ဒီတာဝန်ကို ရွေးကောက်ပွဲမှာ ဖြည့်ဆည်းပေးကြပါ။ မဲရုံတွေဆီ သွားကြပါ။ မှန်ကန်တဲ့ ကိုယ်စားလှယ်တွေကို ရွေးချယ်မဲပေးကြပါ” ဟု မြန်မာနိုင်ငံမှ ခရစ်ယာန်ကက်သလစ် ဂိုဏ်းချုပ်ဆရာတော် ချားလ်စ်မောင်ဘိုက စက်တင်ဘာ ၂၄ ရက်နေ့တွင် ထုတ်ပြန်သည့် ထိုပန်ကြားလွှာ၌ တိုက်တွန်းခဲ့သည်။
    “ဒီရွေးကောက်ပွဲဟာ နိုင်ငံအတွက် တကယ့် အခွင့်အလမ်းကြီးပါ။ ငြိမ်းချမ်းမှုနဲ့ သာယာဝပြောမှုဟာ လွပ်လပ်ပြီး၊ တရားမျှတတဲ့ ရွေးကောက်ပွဲရဲ့ အသီးအပွင့်တွေ ဖြစ်ပါတယ်”
    ထိုပန်ကြားလွှာ မထုတ်ပြန်ခင်တစ်ရက်က ဆရာတော်ချားလ်စ်မှာ UCANEWS သို့ ပြောကြားရာတွင် ယခုရွေးကောက်ပွဲမှာ ပြောင်းလဲဖို့လိုအပ်နေသည့် နိုင်ငံအတွက် အလွန်အရေးကြီးသည့်အချိန် ဖြစ်သောကြောင့် ပြည်သူများအနေဖြင့် အသိဥာဏ်ရှိရှိ မဲပေးကြရန် မိမိအနေဖြင့် တိုက်တွန်းချင်ကြောင်း ပြောကြားခဲ့သည်။
    “အာဏာရှင်ဟောင်းတွေ သတ်မှတ်ခဲ့တဲ့ စနစ်က ဘာပြောင်းလဲမှုမှ ဖြစ်မလာပါဘူး။ ဒါ့ကြောင့် ပြည်သူတွေဟာ ဘယ်သူက စစ်မှန်တဲ့အပြောင်းအလဲကို ယူဆောင်လာနိုင်လဲဆိုတာ သတိထားဖို့ လိုပါတယ်”
    ဆရာတော်ချားလ်စ်မှာ ယခင်က နိုင်ငံသားဖြစ်ခွင့်နှင့် အခြေခံလူမှုဝန်ဆောင်မှုများကို ငြင်းပယ်ခြင်းခံထားရသည့် ရိုဟင်ဂျာများ၏ ကိစ္စအပါအ၀င် မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေးဆိုင်ရာ ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ဖူးသည်။
    ယခုထုတ်ပြန်လိုက်သည့် ပန်ကြားလွှာတွင် ဆရာတော်က ကိုယ်စားလှယ်လောင်းများကို မှတ်ကျောက်တင်ရန် လမ်းညွှန်ချက် ၁၀ ခုကိုလည်း ဖော်ပြထားသည်။ ထိုလမ်းညွှန်ချက်များတွင် “မတူညီသော တိုင်းရင်းသားလူမျိုးစုများ၊ ဘာသာတရားများ” နှင့်အတူ အလုပ်လုပ်နိုင်သည့် စွမ်းရည်နှင့် နိုင်ငံ၏ သဘာဝ သယံဇာတများကို နိုင်ငံခြား အင်အားကြီးနိုင်ငံများ၏ လက်ဝါးကြီးအုပ်ခြင်းမှ ကာကွယ်ပေးနိုင်သည့် စွမ်းရည်တို့ပါဝင်သည်။
    ထိုလမ်းညွှန်ချက်များမှ အချို့ကို လက်ရှိအစိုးရအား တိုက်ခိုက်မှုအဖြစ် သမုတ်နိုင်သော်လည်း မိမိအနေဖြင့် နိုင်ငံ၏ အခြေအနေအမှန်ကိုသာ ပွင့်ပွင့်လင်းလင်း ပြောကြားရန် လိုအပ်သည်ဟု အင်တာဗျူးတွင် ဆရာတော်က ထည့်သွင်းပြောကြားခဲ့သည်။
    အသက် ၆၇ နှစ်အရွယ် ရှိပြီဖြစ်သည့် ဆရာတော်ချားလ်စ်က မိမိတို့ ကက်သလစ်အသင်းတော်မှာ ဘာသာဝင်များကို လမ်းညွှန်မှုပေးခြင်း၊ လက်ကမ်းစာဆောင်များ ဝေငှခြင်းဖြင့် နိုင်ငံအား ကူညီနိုင်မည်ဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    Ref: radiovaticana