အောက်တိုဘာ ၁၊ ၂၀၁၅
M-Media
– ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင် ၅ နိုင်ငံအနေဖြင့် အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုများနှင့် လူမျိုးတုန်းသတ်ဖြတ်မှုများတွင် ၎င်းတို့၏ ဗီတိုအာဏာကို အသုံးမပြုရေးအတွက် ပြင်သစ်နိုင်ငံ၏ အဆိုပြုချက်ကို နိုင်ငံအများအပြားက လက်မှတ်ရေးထိုးခဲ့ကြသည်။
လက်မှတ်ရေးထိုးကြသူများတွင် ဥရောပ၊ အာဖရိက၊ လက်တင်အမေရိကနှင့် အာရှတို့မှ နိုင်ငံပေါင်း ၇၅ နိုင်ငံခန့် ပါဝင်ခဲ့ပြီး ပြင်သစ်တာဝန်ရှိသူများကမူ ၎င်းတို့အနေဖြင့် အခြားနိုင်ငံများလည်း ပါဝင် လက်မှတ်ရေးထိုးရန် မျှော်လင့်နေသည်ဟု ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အဖွဲ့ဝင်နိုင်ငံများမှာ စုစုပေါင်း ၁၉၃ နိုင်ငံ ရှိနေသည်။
“ရက်စက်ကြမ်းကြုတ်မှုတွေ အလွန်အမင်းဖြစ်နေပြီး ဗီတိုကြောင့် ကုလက ဘာမှမလုပ်နိုင်တဲ့ ဆီးရီးယားမှာလို အခြေအနေမျိုးတွေ အသေအချာ ပပျောက်သွားလိုတဲ့ စိတ်ဆန္ဒတွေ ကျွန်တော်တို့မှာ ပိုပြီးရှိရမယ်လို့ မျှော်လင့်ပါတယ်” ဟု ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး လော့ရင့် ဖာဘီယက်စ်က သတင်းထောက်များအား ပြောကြားခဲ့သည်။
ထို့ပြင် မိမိတို့ပြင်သစ်နိုင်ငံမှာ ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် နိုင်ငံဖြစ်သော်လည်း အလွန်အမင်း ရက်စက်ကြမ်းကြုတ်မှုများ၊ လူမျိုးတုန်းသတ်ဖြတ်မှုအတွက် အလားအလာရှိသော အခြေအနေများတွင် ထိုအာဏာကို အသုံးမပြုဟု စိတ်ပိုင်းဖြတ်ထားကြောင်း၊ အခြားသူများလည်း ထိုကဲ့သို့လုပ်ဆောင်မည်ဟု မျှော်လင့်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
ပြင်သစ်၏အဆိုပြုချက်ကို အခြားသော ဗီတိုအာဏာအသုံးပြုခွင့်ရှိသည့် အမေရိကန်၊ တရုတ်၊ ဗြိတိန်နှင့် ရုရှားတို့က လက်မှတ်ရေးထိုးခြင်း မရှိသေးပေ။
“အစုလိုက်အပြုံလိုက် ရက်စက်ကြမ်းကြုတ်မှု လုပ်ငန်းမျိုး ပါဝင်တဲ့ အခြေအနေကို တားဆီးဖို့ ဒါမှမဟုတ် အဆုံးသတ်သွားဖို့ ရည်ရွယ်တဲ့ အရေးယူမှုမျိုးမှာ ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ ဗီတိုအာဏာသုံးပြီး တားဆီးတာမျိုး မရှိသင့်ဘူးလို့ ကျွန်တော်တို့ ယူဆပါတယ်” ဟု ပြင်သစ်၏ ဗီတိုကန့်သက်ရေး အဆိုပါ မူကြမ်းတွင် ရေးသားဖော်ပြထားသည်။
“ဗီတိုအာဏာဟာ အခွင့်ထူးမဟုတ်ဘဲ နိုင်ငံတကာက တာဝန်ဝတ္တရားလို့ ကျွန်တော်တို့ ထောက်ပြချင်ပါတယ်”
ဆီးရီးယားပြဿနာတွင် လုံခြုံရေးကောင်စီမှ အရေးယူရန် ဆောင်ရွက်မှု လေးကြိမ်ကို ရုရှားနှင့် တရုတ်နိုင်ငံတို့က ဗီတိုအာဏာသုံး၍ ပယ်ချခဲ့သည်။
ကုလသမဂ္ဂမှသံတမန်များ၏ ပြောကြားချက်အရ ဗြိတိန်မှာ ထိုအဆိုပြုချက်ကို ထောက်ခံပြီး အမေရိကန်က အပြုသဘောဆောင်သည့် ဘက်က စဉ်းစားနေသည်ဟု သိရသည်။ ရုရှားနှင့် တရုတ်နိုင်ငံတို့ကမူ ထိုအဆိုပြုချက်ကို ကြိုက်နှစ်သက်ခြင်းမရှိဟု ဆိုသည်။
လူ့အခွင့်အရေးအဖွဲ့များက ထိုကဲ့သို့ ဗီတိုအသုံးပြုမှုကန့်သတ်ရေးအတွက် အချိန်အတော်ကြာကတည်းကပင် ဆော်သြတိုက်တွန်းခဲ့ကြပြီး၊ အစိုးရများ၏ ဆိုးရွားသော ရာဇ၀တ်မှုများကို ဗီတိုပါဝါရှိသူ နိုင်ငံ ၅ ခုက ကာကွယ်ပေးနိုင်သည်ဟု ဝေဖန်ခဲ့ကြသည်။
“ဗီတိုဆိုတာ မဟာမိတ်တွေကို ကာကွယ်ဖို့ အသုံးမပြုသင့်ပါဘူး။ ဒါမျိုးကို အာဆတ်အာဏာရှင်ကိစ္စမှာ မြင်တွေ့နေရပါတယ်” ဟု နယူးယောက်အခြေစိုက် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ Human Rights Watch အဖွဲ့မှ အကြီးအကဲဖြစ်သူ ကန်နက်သ် ရို့သ်က ပြောကြားခဲ့သည်။
တရုတ်၏ထောက်ခံမှုဖြင့် ဆီးရီးယားအစိုးရအား ရုရှားက ဗီတိုသုံး၍ ကာကွယ်မှုများအတွက် ဝေဖန်မှုများ ရှိသကဲ့သို့ အစ္စရေး၏ ပါလက်စတိုင်းများအပေါ် ကျူးလွန်မှုများကိုလည်း အမေရိကန် အကြိမ်ကြိမ်အခါခါ ဗီတိုသုံး၍ ကာကွယ်ပေးမှုများအတွက် ဝေဖန်မှုများလည်း ရှိနေသည်။
Ref: reuters


Leave a Reply
You must be logged in to post a comment.